Thursday, October 10, 2013

ပြုံးတော်မူ(၁၂)

ငါငယ်တုန်းကပေါ့။ငါလည်း ဖိုးကောင်းငြိမ်း နီးနီးပါပဲ။ ဒုတိယတန်းစာမေးပွဲဖြေပြီးတော့ နွေရာသီမှာ အိမ်ကနွားတွေ လိုက်ကျောင်းရတာပေါ့။နွေရာသီ နေ့ခင်းဘက်ပူလို့ မနက်ခင်း စောစောထ၊ ထမင်းကြမ်းခဲလေးနဲ့ ထန်းလျက်ခဲလေး အင်ဖက်နဲ့ထုတ်ရေပုလင်းလေး လောက်လေးခွလွယ်အိတ်ထဲ ထည့်ပြီး မနက်၁၁နာရီလောက်ထိ  ရိုးပြတ်ထဲ
ကျောင်းရတာပေါ့။ငါရယ်၊ငါ့အမဝမ်းကွဲအေးဝေရယ်၊ညီဝမ်းကွဲသန်းဝင်းရယ် အတူကျောင်းကြတာပေါ့။
နွားကျောင်းတဲ့နေရာရောက်တော့ နွားတွေကို အမနဲ့ထားခဲ့ပြီး ငါတို့နှစ်ယောက်က လေးခွနဲ့ ငှက်လိုက်ပစ်
နေတာပေါ့။ နွေရာသီဆိုတော့ သစ်ပင်တွေက အရွက်မရှိတော့အပင်ခြောက်တွေလိုပေါ့။ဒါနဲ့ ခဏနေတော့ နဘဲပင်ကြီးပေါ်မှာ ပန်းကန်းပြားလောက်ရှိတဲ့ ပျားအုံကြီး တွေ့ရောဗျိုး။ငါလည်း ထန်းလက်ခြောက်ကြီးထမ်းပြီး
အပင်ပေါ်တက် ပါလာတဲ့မီးခြစ်နဲ့ ထန်းလက်ကြီး မီးရှို့ပြီး ပျားအုံကြီး ဖွတ်တာကိုး။ အပေါ်သာမဲပြီး ရှို့နေတာ အောက်ကိုတော့ ငုံ့မကြည့်ဘူးဗျို့။ ခဏနေတော့ အောက်ကပူလာလို့ ကြည့်မိတော့ သောက်ကျိုးနဲ။ မီးတောက်ကြီး
နည်းတာမဟုတ်ဘူး။ထန်းလက်စတွေက မီးလောင်ပြီး အောက်က သစ်ရွက်ခြောက်တွေပေါ်ကျ မီးစွဲပြီးလောင်
တော့တာပေါ့။ တစ်နွေလုံးကျွေထားတဲ့ သစ်ရွက်တွေ လောင်ကောင်းကောင်းနဲ့ လောင်လိုက်တာ။ကျုပ်လည်း
အပေါ်ကနေ အောက်ကညီကို မီးသတ်ပါဟ ပြောတော့ ဒီခုနစ်နှစ်လောက်ကလေးက ဒီမီးကြီး ဘယ်သတ်နိုင်မလဲလေ။ မီးသတ်မရတော့ သူက အောက်ကနေ လူးလှိမ့်ပြီးငို ငါကလည်း အပေါ်ကနေငို။ကြာလာရင် မဖြစ်ချေဘူးဆိုပြီး
ကြံရာမရတဲ့အဆုံးအပင်ခြေရင်း ဝိုင်းပတ်လောင်နေတဲ့ မီးတောက်ထဲကနေ ခုန်ချပြီး ထွက်ပြေးရတယ်။
တော်သေးလို့ ဒါဏ်ရာ မရတယ်။ကလေးတုန်းက ဖတ်ခဲ့ရတဲ့ ဂျော်ဒန်နိုဘရူနိုလို မီးလောင်တိုက်
သွင်းခံရတော့မလို့။ကံကောင်းလို့။နို့မို့ဆို မဟာဘွဲ့လေးတောင် ရလိုက်မှာ မဟုတ်ဘူး။ကျန်းမာချမ်းသာကြပါစေ။


No comments:

Post a Comment