၁၉၈၇ဖေဖေါ်ဝါရီမှာ ၉တန်းစာမေးပွဲဖြေပြီးတော့ ကျုပ်မှာ အကိုကြီးနဲ့
ထန်းဝိုင်းတက်ရသဗျ။ တရက်အပင်၂၀ကျော် တက်ခဲ့ရရဲ့။ထန်းယိုင်သွားတော့ တစ်ရက်မှာ တောထဲသွားတာ
အင်ကြင်းပင် ပေ၂၀လောက်က ပြုတ်ကျတာ ကံကောင်းလို့ မသေခဲ့ဘူး။ဘယ်ဘက်လက်တော့ အတော်နှိပ်ယူခဲ့ရတယ်။
လက်ကလေး ပြန်ကောင်းလာတော့
၁၀တန်းမှာ ကျောင်းလခ ပေးရတာမို့ ပကာရွာဘက်ကို အကိုအမတွေနဲ့ ရွှေကျင် လိုက်သွားခဲ့တယ်။၂လလောက်ရွှေကျင်တာ
ကျောင်းစရိတ်တော့ ရပါရဲ့ ငှက်ဖျားနှိပ်စက်လို့ တန့်ဆည်ဆေးရုံမှာ ၂ခါပြန်တက်ရတာ ရတာလည်း
ကုန်ရောပဲ။ ဒီတုန်းက အကြောင်းလေးတွေကို ကိုကြီး ဒုတိယနှစ်ဂုဏ်ထူးတန်းတုန်းက ကဗျာရှည်တစ်ပုဒ်
ရေးဖွဲ့ပြီး စာအုပ်ကလေး အမှတ်တရ ဝေငှခဲ့ဖူးတယ်။ အဲဒီကဗျာလေးကို အခုပြန်ရေးပေးမယ်လို့။
ကိုကြီးရဲ့ ညီငယ် ညီမငယ် တန့်ဆည်သူ၊တန့်ဆည်သားများ သီးခံပြီး ဖတ်ရှုပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။
ကိုးတန်းကဇက် အောင်ကာထွက်သော်
ဆယ်တန်းတက်ရန် စိတ်ရည်သန်လျက်
တောစွန်တောင်ကြား လျှိုမြောင်များသို့
ငါသွားရောက်ကာ ကျောင်းစရိတ်ရှာ၏။။
ငါ့ပေါက်ဖေါ်ဖွား အကိုများနှင့်
အားစိုက်ကြိုးပမ်း အင်ကိုထမ်းကာ
ဝမ်းသာအားရ ရွှေရှာကြနဲ့
ဘဝခရီးကြမ်း ခရောင်းလမ်းဝယ်
ဖြတ်သန်းခဲ့ ရငါ့ဘဝ။။
ဆယ့်လေးငါးနှစ် ပျိုမြစ်နုချိန်
သေးသိမ်အားအင် လုပ်ငန်းခွင်နှင့်
အံမဝင်ခွင်မကျ မမျှတလည်း
မိုးထဲရေထဲ ရွှံ့ဗွက်ထဲတွင်
ဇွဲအင်လုံ့လ ရှိသမျှနှင့်
ဘဝခရီးကြမ်း ခရောင်းလမ်းဝယ်
ဖြတ်သန်းခဲ့ရ ငါ့ဘဝ။။
တစ်ရက်နှစ်ရက် သုံးရက်မှသည်
ရာသီးကူးပြောင်း ရွက်ကြွေညောင်း၍
ရက်ပေါင်းများစွာ ကြာသောခါဝယ်
ခန္ဓာနုနယ်သေးသွယ် သွယ်လည်း
ငယ်သည့်စွမ်းပကား ကိုယ်ခံအားကြောင့်
ငှက်ဖျားဝင်ရောက် မွှေကာနှောက်သော်
ကြောက်လန်တုန်လှုပ် ဝတ်စာထုပ်၍
တက်သုတ်နှင်ကာ အိမ်ပြန်လာ၏။။
အိမ်သို့ရောက်ခါ ဘာမကြာပင်
အသားဝါဖျား ထိုငနွားလည်း
ငှက်ဖျားအကူ တိုက်စစ်ယူလျက်
ဆူပူနှိပ်စက် ရက်စက်ပြန်ရာ
ငါ့ခန္ဓာလည်း နနွင်းခဲသို့။။
ရင်တွင်းကပူ ဘလောင်ဆူ၍
ထူထောင်နိုင်စွမ်း ငါကုန်ခမ်းသော်
ငန်းဖျားတိုက်ဖွိုက် ထိုငမ်ုက်က
နောက်လိုက်ဗိုလ်ပါ မြောက်မြားစွာနှင့်
အသားဝါငှက်ဖျား ငနဲများကို
အားသွန်ခွန်စိုက် စစ်ကူလိုက်၏။။
အသားဝါတိုက်ဖွိုက် ငှက်ဖျားမိုက်တို့
တိုက်ခိုက်ညှင်းဆဲ ထင်တိုင်ကြဲ၍
ကဲကဲတက်မျှ နှိပ်စက်ကြဖြင့်
မရဏမင်း သူ့လက်တွင်းသို့
ဆင်းအံ့ဆဲဆဲ ထိုအချိန်။
ငါ၏ဦးလေး ကူညီဖေး၍
အားပေးပြောရှာ ငါလူနာကို
မကြာယခု လျင်စွာကုဖို့
ပြည်သူ့ဆေးရုံ တန့်ဆည်ဇုံသို့
လှည်းကြုံခေါ်ငင် ပွေ့ကာတင်သော်
မရွှင်မျက်နှာ ညှိုးငယ်စွာဖြင့်
ငါ၏မောင်ဘွား ညီအမများလည်း
မတားဆီနိုင် မျက်ရည်ဖြိုင်၍
သဲဆိုင်ကြေမွ ငိုခဲ့ကြ၏။။
ဖမိနှစ်ပါး အဒေါ်များလည်း
မွန်းလွဲနေမင်း ပူရှိန်ပြင်း၍
မငြင်းဆန်သာ ငါလူနာကို
မရဏမင်း သူ့လက်တွင်းမှ
ကွေကွင်းနိုင်ရန် စိတ်သန်ရည်ရွယ်
လျင်စွာကယ်ဖို့ ဆယ်မိုင်နီးနီး
ထိုခရီးကို လှည်းကြီးပေါ်တင်
အပြင်းနှင်ရာ ငါလူနာလည်း
ငါးနာရီအတွင်း တန့်ဆည်ချင်း၍
နေမင်းကွယ်ပျောက် ဆေးရုံရောက်၏။။
ဆေးရုံရောက်သော် အရေးပေါ်ခန်းသို့
ငါ့အားထမ်းကာ တင်သောခါဝယ်
ဆရာဝန်တသင်း မရဏမင်းနှင့်
စစ်ခင်းယှဉ်ပြိုင် ခုနစ်ရက်တိုင်မျှ
ရင်ဆိုင်ကြိုးစား လုံ့လအားနှင့်
မနားစတမ်း ကြိုးပမ်းကြရာ
မရဏမင်း ထိုသေမင်းလည်း
သက်ပြင်းသက်မ အလီလီချလျက်
ဆရာဝန်တသင်း ခြေတော်ရင်းတွင်
ဝပ်ဆင်းတုပ်ကွ ဦးညွှတ်ရ၏။။
ခုနစ်ရက်ခန့် ခွေကာဆန့်လျက်
နေ့ရောညပါ မြောမေ့ရာမှ
သတိပြန်ရသော် ဖမိနှစ်ပါး
ဝမ်းသာအားရ မျက်ရည်ကျ၏။။
ဖမိမေတ္တာ စေတနာနှင့်
ဆရာဝန်ကျေးဇူး အထူးထူးကြောင့်
လူးလှိမ့်ခံစား ထိုငှက်ဖျားလည်း
ရှောင်ရှားဆုပ်ခွါ ထွက်ပြေးပါသော်
အသားဝါငန်းဖျား ငနဲများလည်း
ငှက်ဖျားနဲ့အတူ ပြေးသောဟူ၏၊။။
ဆေးရုံပေါ်မှ ဆင်းခွင့်ရသော်
ဖမိနှစ်ပါး အပြုံးများဆင်
စိတ်လမ်းရွှင်လျက် သားချစ်အသက်
ဆက်ပေးရှာသူ ဖြူစင်စိတ်ထား
စေတနာများနှင့် မနားစတမ်း
ကြိုးပမ်းကုသ ပေးခဲ့ကြသည့်
ဆရာ့ကျေးဇူး အထူးထူးကို
ကျေးဇူးစကား ပြောချင်ငြားလည်း
တောသားစင်စစ် ဧကန်ဖြစ်သည့်
ဖမိနှစ်ပါး လူရိုးများမှာ
စကားချိုသာ မပြောတတ်ရှာပဲ
ပုဆစ်တုပ်ကာ ကန်တော့ရှာ၏။
ငါလည်းတခါ ပြုံးရွှင်စွာဖြင့်
ဆရာဝန်အား ဝပ်တွားရိုကျိုး
လက်စုံမိုး၍ ရှိခိုးဦးနှိမ်
သုံးကြိမ်သုံးလီ ကန်တော့ပန်းချီလျက်
ပြည်သူ့ဆေးရုံ တန့်ဆည်ဇုံမှ
ဝမ်းသာအားရ ဆင်းခဲ့ကြ၏။။
မိုးသားကင်းရှင်း တိမ်စင်ကင်းသည့်
လမင်းထွန်းပ ကြယ်ရွှန်းမြလျက်
အေးမြလန်းဆန်း ထိုညချမ်းဝယ်
အောင်ပန်းစိုက်ထူ အောင်လံထူလျက်
အောင်စည်အောင်မောင်း ခြိမ့်ခြိမ့်ညောင်းလျက်
အောင်ကြောင်းချီကာ ရွာပြန်လာသော်
ငါ့ပေါက်ဖေါ်ဘွား မောင်နှမများလည်း
ဝမ်းသာအားရ ငိုခဲ့ကြ၏။။
ဖမိမေတ္တာ စမ်းသီတာကို
ကဗျာတစ်ပုဒ် စာတစ်ပုဒ်ဖြင့်
လင်္ကာထုတ်ကာ ကန်တော့ပါ၏
ချမ်းသာသုခ ရစေကြောင်း၊။။
No comments:
Post a Comment