မက္ခရာမင်းသားကြီးဟာ မင်းတုန်းမင်းရဲ့  သားတော်
တစ်ပါးပေါ့။သူဟာ မြင်ကွန်း၊သုံးဆယ်၊ညောင်ရမ်းမင်းသား တို့လို
ထက်မြက်တာပါပဲ၊မြင်ကွန်းမြင်ခုန်တိုင်တို့ ပုန်ကန်တော့ သူ ရွတ်ရွတ်ချွန်ချွန် ခုခံတိုက်ခိုက်လို့
မြင်ကွန်းမင်းသားတို့ အရေးနိမ့်ပြီး ရန်ကုန်ဘက်ကို ထွက်ပြေးရတယ်။အဲဒီ ၁၂၂၈(သြဂုတ်၁၈၆၆)ခုနှစ်
မြင်ကွန်း အရေးအခင်းကြောင့် ကနောင်မင်းသားကြီးလည်း
ရေတိမ်နစ်ခဲ့ရတယ်။မြင်ကွန်းအရေးအခင်းမှာ ကနောင်မင်းသားကြီး အလုပ်ကြံခံရတာရယ်
၁၉၄၇မှာ ဗိုလ်ချုပ် အလုပ်ကြံခံရတာရယ်ဟာ တိုင်းပြည်အတွက် အင်မတန် နစ်နာခဲ့ရတယ်။
ကနောင်မင်းသားကြီး အလုပ်ကြံခံရပြီးနောက်
သားတော်တွေဖြစ်တဲ့ ပတိမ်းမင်းသား ၊ထန်းတပင်မင်းသား၊ကြေးမြင့်မင်းသားတို့ဟာ ရွှေဘိုဘက်ကို
ထွက်လာခဲ့ပြီး မင်းတုန်းမင်းကြီးကို ပုန်ကန်ကြပြန်တယ်။ကိုကြီးတို့ နယ်ဘက်ကို
ဝင်ရောက်ခိုလှုံပြီး ပုန်ကန်တာဟာ ဒီမင်းသားတွေပဲ ဖြစ်မယ်လို့ ထင်တာပဲ။ ဒီ အရေးကိုလည်း
မက္ခရာမင်းသားကြီးက အောင်အောင်မြင်မြင် တွန်းလှန်တိုက်ခိုက်လို့
မင်းတုန်းမင်းကြီးဟာ နောက်ပိုင်းမှာ မက္ခရာမင်းသားကြီးကို အိမ်ရှေ့အရာပေးဖို့
ကြံစည်ခဲ့တယ်။ဒါပေမယ့် ဆင်ဖြူမရှင် မိဘုရားကြီးရဲ့ ကုန်းချောမှူကြောင့်
မင်းတုန်းမင်းဟာ မင်းသားအပေါ် အယုံအကြည် ကင်းမဲ့သွားပြီး အဲဒီအကြံဟာ ပျက်စီးသွားတယ်။ဆင်ဖြူမရှင်က မင်းသားနာမည်ရလာတဲ့ အချိန်မှာ သူ့သမီး
စုဖုရားကြီးနဲ့ ပေးစားဖို့ စကားကန်းလှမ်းတော့ မင်းသားရဲ့ မယ်တော်က ဒီနှာခေါင်းတန်မနဲ့
မပေးစားနိုင်ဘူးလို့ ပြောတယ်။အဲဒါကို ဆင်ဖြူမရှင် မိဖုရားကြီးက အညိုးထားတာပြီး ဘုရင်ကို
ကုန်းချောတာပေါ့။ဒါနဲ့ပဲ မက္ခရာမင်းသားကြီးလည်း ရာထူးလျှောပြီး နာမည်ကျခဲ့ရတယ်။
မင်းတုန်းမင်းကြီး နာမကျန်းဖြစ်နေတော့ ဆင်ဖြူမရှင်နဲ့
ကင်းဝန်တို့က သူတို့ ကြိုဆွဲရာ ကနိုင်မယ့် သီပေါမင်းသားကို အိမ်ရှေ့ ရွေးခဲ့ကြပြီး
ကျန်မင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတယ်။အဲဒါကို မင်းသားတွေရဲ့ မယ်တော်တွေက
ဘုရင့်ဆီ အတင်းဝင်ပြီး လျောက်တင်လို့ မင်းတုန်းမင်းကြီးက သားတော်ကြီး
သုံးပါးဖြစ်တဲ့ မက္ခရာမင်းသား၊ သုံးဆယ်မင်းသား၊ညောင်ရမ်းမင်းသားတို့ကို နယ်မြေတွေပိုင်းခြားပေးပြီး
ကိုယ်ရတဲ့နယ်မှာ ဘုရင်လုပ်ဖို့ အမိန့်ပေးလိုက်တယ်။ဒါပေမယ့် ဒီအမိန်ု့ဟာ အရာမရောက်တော့ပါဘူး။မင်းတုန်းမင်းကြီးဟာ
အိပ်ယာထဲက မထနိုင်တော့ဘူးလေ။မင်းသားသုံးပါးလည်း အပြင်ရောက်ရော
ဆင်ဖြူမရှင်အမိန့်နဲ့ အဖမ်းခံကြရပြန်တယ်။ညောင်ရမ်းနဲ့ ညောင်အုပ်ကတော့ အင်္ဂလိပ်
သံရုံးထဲ ၀င်ပြေးလို့ လွတ်သွားတယ်လို့ ဆိုတယ်။သုံးဆယ်မင်းသားကတော့ သစ်တပ်ထဲမှာ
မင်းညီမင်းသားတွေကို ဖမ်းထားတော့ သစ်တပ်ကို ခုန်ထွက်တယ်။ညီတွေက ငိုကြတော့
ငါ့ညီတွေကို ငါ ရအောင်ကယ်မယ် ဆိုပြီး သစ်တပ်ထဲကို ပြန်ခုန်ဝင်တယ်။ပြီးတော့
သူ့ညီအရင်းကို အရင် ကျော်ပိုးပြီး ခုန်ထွက်တယ်။ဒါပေမယ့် လွတ်အောင်မခုန်နိုင်ပဲ
သစ်တပ်အချွန်နဲ့ ညိပြီး ခြေထောက် ကျိုးသွားလို့ အဖမ်းခံရပြီး မင်းသား ၆၀ ကျော်
အသတ်ခံရတဲ့အထဲ ပါသွားတယ်။
ဒီနေရာမှာ ကိုကြီးပြောချင်တာက မက္ခရာမင်းသားကြီးလည်း
အသတ်ခံရတဲ့အထဲ ပါသွားတယ်လို့ သမိုင်းက ဆိုတယ်။ကိုကြီးတို့ နယ်ဘက်က အဆိုအရဆို
မက္ခရာမင်းသားဟာ ကိုကြီးတို့ ငယ်ငယ်က ရွှေကျင်ခဲ့တဲ့ စံနန်းတော်တို့ မြတောင်တို့
ဘက်မှာ ပုန်ကန်နေတယ်လို့ ပြောကြတယ်။မက္ခရာမင်းသားကြီး ခေါင်းလျှော်နေတုန်း
ခေါင်ရာသူကြီးက လေးနှင့် ပစ်သတ်လို့ မင်းသားကြီးလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ခေါင်ရာသူကြီးလည်း
ဘုရင်က ဆုတော်လာဘ်တော်တွေ ပေးသနားခံရသေးတယ်လို့ ဆိုတယ်။မြတောင်ကတော့ ပကာရွာရဲ့
မြောက်နားမှာ ရှိတယ်လို့ဆိုတယ်။ ခေါင်ရာက မရောက်ဖူးဘူး။ဘယ်နားရှိမှန်းကို မသိဘူး။သမိုင်းစိတ်ဝင်စားတဲ့
ရှေးမီနောက်မီ အဖိုးကြီးတွေများ ရှိနေသေးရင် သွားပြီ့း မေးမြန်းချင်ပါသေးတယ်။
တခုပြောချင်တာကတော့ အဲဒီသူပုန်မင်းသားဟာ မက္ခရာမင်းသားကြီး
မဟုတ်ဘူးဆိုရင် ကနောင်မင်းသားကြီးရဲ့ သားတော်တစ်ပါးပါးများ ဖြစ်လေမလားလို့ပဲ။
ဒါကတော့ တို့ငယ်တုန်းက ရွှေကျင်ခဲ့ရတဲ့
စံနန်းတော်တို့နဲ့ ပါတ်သက်ပြီး ကြားဖူးနားဝကလေး ပြန်ပြောပြရတာပါ။
No comments:
Post a Comment