Thursday, October 10, 2013

ပြုံးတော်မူ(၃)

ဒုတိယနှစ် ဂုဏ်ထူးတန်းစာမေးပွဲပြီးတော့ ရွာကို ခဏရောက်သွားတယ်။ ကျုပ်ဦးလေးဦးဖိုးပြားရယ် ဦးခင်အောင်ရယ် ကျုပ်ဆီကိုလာပြီး ငါ့တူ ကြံ့ဖွတ်ထဲ ဝင်စမ်းပါတဲ့ လာစည်းရုံးကြတယ်။ဒါနဲ့ကျုပ်လည်း ခင်များတို့
အခုလိုလာ စည်းရုံးတော့ ကျုပ်က ဟိုပုံပြင်လေး ပေါ်လာသဗျ ဆိုတော့ မင်းပုံပြင်က ပြောစမ်းပါဦးတဲ့။
ဟိုတုန်းက ဦးနုရယ် သခင်သန်းထွန်းရယ် ဦးနေဝင်းရယ် သုံးယောက်သား တောထဲ လမ်းလျှောက်ထွက်ခဲ့ကြတယ်။ တောထဲလည်းရောက်ရော သူတို့ ရှေတည့်တည့်မှာ ဧရာမဘီလူးကြီး ထွက်လာရောတဲ့ဗျို့။ ဒါနဲ့ သုံးယောက်သား ကြောက်လွန်းလို့ တုန်နေတာပေါ့။ သခင်သန်းထွန်းနဲ့ ဦးနေဝင်းက ကိုနု ခင်ဗျားက တရားသမား ဘီလူးတို့ သရဲတို့ဆိုတာ တရားသံကြားရင် ပြေးတယ်တဲ့။ ခင်များ ရတာတွေ ရွတ်ဗျာ လို့ဆိုတယ်။ ဦးနုလည်း ရသမျှဘုရားစာ ရွတ်ချတာ ဘီလူးက တုတ်တုတ်တောင် မလှုပ်ဘူးတဲ့။ ဒါနဲ့ ဦးနုက ငါတော့ မတတ်နိုင်တော့ဘူး။ သန်းထွန်းရေ မင်းအလှည့်ဆိုတော့ သခင်သန်းထွန်းက ကွန်မြူနစ်ကိုး။ တခါထဲ စက်သေနတ်နဲ့ မွှေ့ထည့်တာ ဘီလူးကလည်း နေရာတောင် မရွှေ့ဘူး။ နောက်ဆုံးတော့ အကြီးနှစ်ယောက်က အငယ်ဆုံး ဦးနေဝင်းကို ငါတို့တော့ မတတ်နိုင်တော့ဘူးဟေ့။ မောင်နေဝင်း မင်းအလှည့်ဆိုတော့ မောင်နေဝင်းက ဘီလူးနားကပ်ပြီး တိုးတိုးလေး ကပ်မေးလိုက်တာ ဘီလူးကြီးနောက်ကို လှည့်မကြည့်တော့ဘူး ။ထွက်ပြေးသွားတာ။ လူကြီးနှစ်ယောက်လည်း အံ့အားသင့်လို့ပေါ့။ ဟ နေဝင်းရ ကိုနု ဘုရားစာရွတ်တာလည်း မပြေး။ငါသေနတ်နဲ့ ပစ်တာလည်း မပြေး။မင်း ဘာပြောလိုက်လို့
ဘီလူးက ထွက်ပြေးရတာလဲ လို့မေးတော့ မောင်နေဝင်းက သူ့ကို ကျွန်တော့် မဆလပါတီထဲ ဝင်မလားလို့ မေးလိုက်တာတဲ့။ကျုပ်ပုံပြင်လည်းဆုံးရော ကျုပ်ဦးလေးတို့လည်း ထွက်ပြေးကြတော့တာပဲဗျို့။ပြုံးတော်မူ။

No comments:

Post a Comment