ဥယျာဉ်တောတန်း တံတားလမ်းနှင့်
ရေချမ်းစဉ်တည် ရေကန်ဆည်လျက်
မှီတွယ်ခိုနား ကျောင်းအိမ်များသည်
ခြောက်ပါးခိုင်မာ ကောင်းမှုတည်း။ ။
ဘုန်းတော်ကြီးဦးဥက္ကံသ ခေါ် ဦးဖိုးသိန်းသည် ရွာသစ်ကြီးနယ် သရက်ခါးရွာ၌ ၁၂၁၃ ခုနှစ်တွင် ဖွားမြင်သည်။ရှေးယခင်က သရက်ခါး မရမ်းမ ကျက်ဆူကန် စည်းကြီး ဆံဆွဲ ဒေသကို ရွာသစ်ကြီးနယ် ဟုခေါ်ခဲ့ကြသည်။
ဆရာတော်သည် အသက် ၂၀တွင် ရဟန်းပြုပြီးနောက်
ဇီးပေါက်ရွာဟောင်းကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့သည်။အဆိုပါရွာဟောင်းကျောင်းမှာ ယခု ဇီးပေါက်ရွာ၏ အနောက်မြောက်ဘက် ၄မိုင်ခန့်အကွာ စည်တုံးလုံးချောင်းတောင်ဘက် မိုင်ဝက်ခန့်အကွာ မန်ကျည်းကုန်းတော၌ တည်ရှိသည်။ယခု လက်ရှိတွင်
ဘုရား ၃ ဆူနှင့် ရေကန်တစ်ခု ကျန်ရှိသည်။ရေကန်၏အနောက်ဘက်တွက်ဆရာတော်စိုက်ပျိုးခဲ့သော ဘောလုံးကွင်းနှစ်ကွင်းစာခန့် ကျယ်ဝန်းသော မန်ကျည်းတောအုပ် တစ်ခု တည်ရှိလေသည်။
ဆရာတော် အဆိုပါကျောင်း၌ သီတင်းသုံးနေထိုင်စဉ် မြင်ကွန်းမင်းသားအရေး ထန်းတပင်မင်းသား အရေး စသည်တို့ကြောင့် တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်နေချိန်ပင်။ဆရာတော်၏ကျောင်းသို့ သူပုန်မင်းသားညီနောင် လာရောက် တည်းခိုသွားသေးသည်ဟု အဆိုရှိသည်။ထိုမင်းသားနှစ်ပါးမှာ ကနောင်မင်းသား၏သားတော် နှစ်ပါး ဖြစ်ဖွယ်ရာရှိသည်။မြင်ကွန်းမြင်ခုံတိုင်တို့မှာ ရန်ကုန်ဘက်သို့ ထွက်ပြေးခြင်းဖြစ်သည်။ထန်းတပင် မင်းသားနှင့် ပတိမ်းမင်းသားတို့မှာ ဖခင်ကနောင်မင်းကြီး၏ ရွှေဘိုမြောက်ဘက်သို့ ခိုလှုံပြီး မင်းတုန်းမင်းအား ပုန်ကန်ကြခြင်းဖြစ်သည်။ဤကဲ့သို့ တိုင်းရေပြည်ရာ ရှုပ်ထွေးလာမှု ဆိုင်ရာအစိုးရက ပတိမ်းမင်းသားဘက်ပါသူ များကို လိုက်လံဖမ်းဆီးမှုများကြောင့် ဇီးပေါက်ရွာမှာလည်း ရွာပျက်သကဲ့သို့ ဖြစ်လာသည်။ရွာသားများလည်း အခြေအနေ မငြိမ်သက်၍ ယခုလက်ရှိရွာ၏ အနောက်တောင်ထောင့်၌ရှိသော တောင်တဲစု အရပ်သို့ စတင်ပြောင်းရွှေ့ခဲ့ကြသည်။ထိုတောင်တဲစုမှာ လယ်ပုတ်ကြီးရွာအနီးရှိ အင်းရှည်အင်းနားရွာများမှ လယ်ယာလုပ်ကိုင်ကြပြီး တဲစုကလေးအဖြစ်နေထိုင်ကြရာ တောင်အရပ်မှ လာရောက်နေထိုင်ကြသောကြောင့် တောင်တဲစု ဟု အမည်တွင်ခဲ့သည်။
ရွာသူရွာသားအတော်များများ ပြောင်းရွှေ့သွားကြသဖြင့် ဘုန်းတော်ကြီး ဦးဖိုးသိန်းမှာ မိမိသီတင်းသုံးရာ ရွာဟောင်း၌ ဆွမ်းကွမ်းကိစ္စ ခက်ခဲလာသဖြင့် မိမိ၏ဇာတိ ရွာသစ်ကြီးနယ်သို့ ပြန်လည်ကြွလှမ်းခဲ့သည်။
ယင်းသို့ပြန်ကြွလာရာ ယခုဇီးပေါက်ရွာတောင်ဘက် ကံများကျောင်းတည်ရှိရာ အရပ်၌ ကန်ကလေးကုန်းရွာမှ ဦးဘိုးပိုက်နှင့် တွေ့ဆုံ၍ မေးမြန်းလျောက်ထားရာ ဆွမ်းကိစ္စ အဆင်မပြေ၍ မိမိဇာတိသို့ ပြန်ကြွမည့်အကြောင်း သိရှိရသဖြင့် ဦးဘိုးပိုက်လည်း တပည့်တော် ကျောင်းဆောက်လှူဒါန်းပါမည်။ဆွမ်းကွမ်းကိစ္စလည်း ပြည့်စုံအောင် ဆောင်ရွက်ပါမည်။မည်သည့်အရပ်မှ မကြွပဲ ဤနေရာ၌ သီတင်းသုံးတော်မူပါဟု လျောက်ထားသဖြင့် ဆရာတော်လည်း သာသနာအရေးကို ထောက်ရှု၍ ဒါယကာဒါယိကာမတို့အား သနားညှာတာသောအားဖြင့် ပင့်လျောက်ချက်ကို လက်ခံကာ ထိုနေရာတွင် သီတင်းသုံးတော် မူခဲ့သည်။
ဦးဘိုးပိုက်သည် မိမိပိုင်လက်ထုပ်ပင်ကုန်းနေရာကို ပြုပြင်ရှင်းလင်းပြီး ကျောင်ဆောက်လှူဒါန်းခဲ့သဖြင့် ကံများကျောင်းဟူ၍ ပေါ်ပေါက်လာခဲ့သည်။ထိုစဉ်က ကန်ကလေးကုန်းရွာ ဇီးပေါက်ရွာတို့၌ ဘုန်းကြီးကျောင်းမရှိသေးသဖြင့် ကံများကျောင်းကိုသာ ကိုးကွယ်ခဲ့ကြရသည်။
ဇီးပေါက်ရွာဟောင်း၌ ကျန်ရစ်ခဲ့ကြသော ရွာသားများလည်း မိမိတို့ ဘုန်းကြီးလည်း ဘုန်းကြီးကျောင်း၌ မရှိတော့ချေပြီ။ယခု ကံများကျောင်း၌ ကျောင်းထိုင်နေငည်ဟု သိကြလေလျင် ဆရာတော်၏ သံယောဇဉ်ဖြင့် အားလုံးလည်း ယခင်ပြောင်းရွှေ့ ကြသူများနောက်သို့ လိုက်လံပြောင်းရွှေ့လာခဲ့ကြရာမှ ရွာလည်း ပြန်လည် စုစည်းမိလာပြီး တောင်တဲစုဟူ၍ မတွင်တော့ပဲ ဇီးပေါက်ဟူ၍ ပြန်လည်ခေါ်ဆိုခဲ့ကြတော့သည်။
ဆရာတော်ဦးဖိုးသိန်းသည် ကံများကျောင်း၌ ခုနစ်နှစ်ခန့် သီတင်းသုံးနေထိုင်ခဲ့ပြီး သိမ်ဘုရားတစ်ဆူကိုလည်း တည်ထား ကိုးကွယ်တော် မူခဲ့သည်။နောက်ပိုင်းတွင် ဆရာတော်သည် လူသူများနှင့် နီးရာတွင် မနေလိုတော့သဖြင့် တပည့်ဖြစ်သူ

ဦးကောသလ္လအား ကျောင်းလွှဲအပ်ကာ ဇီးပေါက်ရွာ၏ အနောက်မြောက်ဘက်ရှိ တောရကျောင်းသို့ တရားဘာဝနာ ပွါးများနိုင်ရန်
ပြောင်းရွှေ့ သီတင်းသုံးတော်မူခဲ့သည်။ ဆရာတော်သည် ကံများကျောင်းမှ တောရကျောင်းသို့ သွားရာ
ဆွမ်းခံကြွရာ လမ်းတလျောက်၌ အရိပ်ရ၍ လူအများ နားခိုနိုင်ရန်အလို့ငှာ မန်ကျည်းပင်၊ အင်ပင်ကြို့ပင်များ
စိုက်ပျိုးခဲ့သည်။ ဇီးပေါက်ရွာ၏ မြောက်ဘက် မန်ကျည်တန်းသည်လည်းကောင်း ၊တောရကျောင်းအဝင်
မန်ကျည်းတန်းသည်လည်းကောင်း၊လယ်ကြီးကြို့ပင်၊ဂွထိုးမန်ကျည်းပင်၊မြောင်းဦးကြို့ပင်တို့သည်
ဆရာတော် စိုက်ပျိုးခဲ့သော သစ်ပင်ကြီးများပင်
ဖြစ်သည်။
ဆရာတော်သည် တောရကျောင်း၌ သီတင်းသုံးနေစဉ် အတွင်း တောရကျောင်း ကန်နှစ်ကန်နှင့် တောရကျောင်းဆည် ခေါ်သော ရေကန်ငယ်တစ်ခု စုစုပေါင်း ရေကန်သုံးကန်ကို မိမိ၏နဝကမ္မ အလှူငွေများနှင့် ဆွမ်းဆန်အစရှိသည်တို့ကို ပေးကမ်း၍ တူးဖော်ခဲ့သည်။ ဆရာတော်ဦးဖိုးသိန်းသည် ရေကန်သုံးကန်ကို တူးဖော်ခဲ့သည်သာမက ကျောင်းစည်းရိုးပတ်လည်တွင် ရေအိုးကလေးများ ချကာ နေ့စဉ်နေ့တိုင်း ရေကန်မှ ရေများကို ခပ်၍ တောတိရိစ္ဆာန်များ သောက်သုံးနိုင်ရန် မနက်တိုင်း ဖြည့်ပေးတော်မူခဲ့သည်။
ဆရာတော်သည် ဘာဝနာကမ္မဌာန်း စီးဖြန်းသဖြင့် သီလသမာဓိနှင့်လည်း ပြည့်စုံတော်မူသည်။ မိမိ တူးဖော်ထားသည့် ကန်ထဲရှိ ငါးများကိုလည်း နေ့စဉ်ခေါ်ယူ၍ အစားကျွေးမွေးထားရာ ငါးများမှာလည်း ဆရာတော်နှင့် ယဉ်ပါး၍နေ၏။ ဆရာတော်သည် ဘေးမဲ့ပေးသည့် အနေဖြင့် ငါးရံ့ကြီး တစ်ကောင်၏ ဦးခေါင်းကို ရွှေချပေးထားသည်။ ရွှေရောင်တဝင်းဝင်းနှင့် အဆိုပါ ငါးရံ့ကြီးမှာ ဆရာတော် ပျံတော်မူပြီးနောက် ပျောက်ကွယ်သွားသည်။ အဆိုပါ ငါးကြီးကို ရွှေဘိုဘက်တွင် သွားတွေ့ရသည် ဟုလည်း မှတ်သားခဲ့ဖူးသည်။
ဆရာတော်ကြီးသည် ဆေးဝါးလည်း ကုသပေးသေးသည် ဆို၏။ နက္ခတ်ဗေဒင် အထူးကျွမ်းကျင်သည် ဆို၏။သီပေါမင်း ပါတော်မူခါနီးတွင် ကောင်းကင်ကို မော့ကြည့်ပြီး မင်းတို့ ဘုရင် ပလ္လင်ပေါ် မရှိတော့ဘူး။ နန်းကျသွားပြီဟု အမိန့် ရှိတော်မူသည်။မကြာမီပင် သီပေါမင်းအား ကုလားခိုးသွားကြောင်း၊ဒါယကာ၊ဒါယိကာမများကြားသိကြရသည်ဟုဆို၏။
ဆရာတော်ဦးဖိုးသိန်းသည် ၁၂၆၈ခု ဝါဆိုလပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့ မနက်အာရုဏ်တက်တွင် ပျံတော်မူသည်။ ပျံတော်မူချိန်၌ သက်တော် ၅၅ နှစ်၊ဝါတော် ၃၅ ဝါသာရှိသေးသည်။ပြာသိုလတွင် ဘုန်းကြီးပျံပွဲ ကျင်းပသည်။ ဘုန်းကြီးပျံပွဲကို ယခုဇီးပေါက်ရွာ မူလတန်းကျောင်း၏ အရှေ့ဘက် ကန်ကလေးကုန်းရွာ တောင်ဘက်ရှိ ကန်ကြီး၏အနောက်ဘက်၌ ကျင်းပကြသည်။ယနေ့အချိန်ထိ အဆိုပါလယ်ခြင်းကို လောင်တိုက်လယ်ခြင်းဟု ခေါ်ကြသည်။
ဆရာတော်ကြီးသည် တရား ဘာဝနာပွားများခြင်း၊သီလသမာဓိ ပြည်စုံခြင်း၊ရေကန်များ တူးဖော်ခဲ့ခြင်း၊ ကြက်၊ငှက်၊တိရိစ္ဆာန်များ သောက်သုံးရန် ရေအိုးများတွင် ရေခပ်ဖြည့်တော်မူခြင်း၊ သစ်ပင်များ စိုက်ပျိုးတော်မူခဲ့ခြင်း စသည့်ကောင်းမှု ကုသိုလ် အစုစုကြောင့် ဘုန်းကြီးပျံ ကျင်းပရန် လောင်တိုက်ကျင်းများ တူးကြရာ ကျင်းတူးလိုက်တိုင်း ရေများ ထွက်လာသည်ဆို၏။ သိုနှင့် အဆိုပါ ရေများကို ရေတွင်းငယ်ကလေး တူး၍ ထားရာ ဘုန်းကြီးပျံပွဲ ပြီးဆုံးသည်အထိ ဖောဖောသီသီ သုံးစွဲကြရသည်ဆို၏။ ဘုန်းကြီးပျံပွဲလာ ပရိသတ်များလည်း လောင်တိုက်တွင်းမှ ရေများကို ရောဂါပျောက်သည်၊ မျက်စိနာပျောက်သည် ဟူ၍ ပုလင်းများဖြင့် ခပ်ယူသွားကြလေသည်။ ဘုန်းကြီးပျံပွဲ ပြီးသောအခါ အဆိုပါရေတွင်းမှ ရေများလည်း ခန်းခြောက်သွားချေတော့၏။
ဤကား ဆရာတော်ဦးဥက္ကံသခေါ် ဘုန်းတော်ကြီး ဦးဖိုသိန်း အကြောင်း ညီတော်၊နောင်တော်များ ကြည်ညိုပူဇော်နိုင်ရန် ရေးသားလိုက်ရခြင်းသာ။အဆိုပါ ဘုန်းတော်ကြီးပျံပွဲ ပုရပိုဒ်မှာ တယောက်ယောက် ယူသွားသဖြင့် ကျွန်ုပ် မှတ်ထားသမျှနှင့် ကန်ကလေးကုန်းရွာ ဦးသက်ရှည်၏ ပြောပြသည့် ခုနှစ်၊သက္ကရာဇ်များကိုသာ ဖော်ပြလိုက်ရပါကြောင်း။ ကံထူးမရွာရှိ ဦးသန်းရွှေ ၊ဦးမြင့်လွင်တို့၏ အဘွား ဒေါ်ပွဲမှီမှာ ယင်းဘုန်းကြီးပျံပွဲ အမှီ မွေးသဖြင့် ပွဲမှီဟု အမည် ပေးခဲ့ကြောင်း သိရှိမှတ်သားမိသမျှ ဝေမျှလိုက်ရပါသည်။

No comments:
Post a Comment