အလောင်းမင်းတရားကြီး နတ်ရွာစံခါနီးမှာ သူ့သားတော်တွေကို
သူသေပြီးရင် ထီးနန်းကို လက်ညှိုးတိုရှည်အတိုင်း ကြီးစဉ်ငယ်လိုက် ဆက်ခံရစ်ဖို့ မှာကြားခဲ့တယ်။ဆင်ဖြူရှင်က
ယိုးဒယားက အပြန်မှာ အလောင်းမင်းတရားရဲ့ လက်ရုံးတော် စစ်ဗိုလ်ချုပ်ကြီးတွေကို သူ့ကို
ထောက်ခံဖို့ စည်းရုံးတယ်။ဒါပေမယ့် မင်းခေါင်နော်ရထာ စတဲ့ စစ်သေနာပတိတွေက လက်မခံဘူး။သူတို့
အရှင် မိန့်တော်မူတဲ့ အတိုင်းသာ လိုက်နာနိုင်မယ်လို့ ပြောလို့ ဆင်ဖြူရှင်ရဲ့ အကြံဟာ
ပျက်သွားတယ်။ဒါကို နောင်တော်ကြီးမင်း သိတော့ အဆုံးစီရင်ဖို့ လုပ်တယ်။ဒါပေမယ့် မယ်တော်
မိဘုရားကြီးက ငိုယိုတောင်းပန်လို့ အပြစ်က ခွင့်လွှတ်ပြီး ခမည်းတော်ရဲ့ အမိန့်တော်မြတ်အတိုင်း
ညီတော်ကို အိမ်ရှေ့ မင်း အဖြစ် ခန့်တော်မူတယ်။စာအုပ်တစ်အုပ်ထဲမှာတော့ နောင်တော်ကြီးမင်းကို
ဆင်ဖြူရှင်က သေနတ်နဲ့ ပစ်သတ်ပြီး ဘုရင်လုပ်တယ်လို့ ရေးထားတယ်။သမိုင်းတော့ မဟုတ်ဘူး။ဇာတ်လမ်းဖွဲ့ရေးထားတာပေါ့။နောင်တော်ကြီးမင်း
နတ်ရွာစံတော့ ညီတော် ဆင်ဖြူရှင် နန်းတက်တယ်။အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ခမည်းတော်အလောင်းမင်းတရားကြီးရဲ့
အမိန့်အတိုင်းဆိုရင် ညီတော်အမြင့်မင်းသားကို အိမ်ရှေ့ မင်းရာထူးပေးရမယ်။ဒါပေမယ့် ခမည်းတော်စကား
နားမထောင်ပဲ သူ့သား စဥ့်ကူးမင်းသားကို အိမ်ရှေ့ ပေးတယ်။နောက်ပိုင်း စဉ့်ကူးမင်းလက်ထက် ညီတော်တွေက ပုန်ကန်တော့
အမြင့်မင်းသားကြီးကို ဖမ်းမိသွားတယ်။မင်းသားကြီးဟာ ကျန်တဲ့ ညီတော်တွေရဲ့  နောင်ရေးအတွက်
အခု ပုန်ကန်တာဟာ သူတစ်ယောက်ထဲပါ။ကျန်တဲ့ ညီတော်တွေ မပါဘူးလို့ ငြင်းဆိုတယ်။ဒါကြောင့်
ဘိုးတော်ဦးဝိုင်းတို့ ပင်းတလည်းတို့ စည်သာမင်းသားသားတို့ ဟာ အသတ်မခံရပဲ အမြင့်မင်းသားကြီးသာ
ရေတိမ်နစ်သွားရရှာတယ်။
ဆင်ဖြူရှင် နတ်ရွာလားတော့ သားတော်စဥ့်ကူမင်း နန်းတက်တယ်။နန်းတက်ပြီးတော့ ဘထွေးတော်မင်းသားကြီးတွေကို ရာထူးရုပ်သိမ်းပြီး နေပြည်တော်နဲ့ဝေးရာကို ပို့တယ်။နောင်တော်ကြီးမင်းရဲ့  သားမောင်မောင်ကို ဖောင်းကားဘက်။ဘိုးတော်ဦးဝိုင်းကို စစ်ကိုင်းဘက် စသဖြင့် ပို့ပစ်လိုက်တယ်။အလောင်မင်းတရားကြီး ရဲ့ သားတော်တွေလည်း ချို့ချို့တဲ့တဲ့ နေကြရတာပေါ့။ဒီ စဥ့်ကူးမင်းဟာ အရက်သေစာ သောက်စားမူးယစ်ပြီး နန်းတော်ထဲကို နေ့မှန်းညမှန်း မသိ ၀င်ထွက်တော်မူတယ်။ဘိုးတော်ဥိးဝိုင်းတို့ ညီနောင်တွေကလည်း ထီးနန်းရဖို့ အကွက်ကောင်းချောင်းနေတာပေါ့။တစ်ရက်မှာ စဥ့်ကူးမင်း အညာသီဟတောကို ဘုရားဖူးအသွား ဖောင်းကားစားမောင်မောင်က အကြံကောင်းသွားပြီး လူယုံတော် ဂါမဏိတို့နဲ့ ၁၇၈၂ ဖေဖေါ်ဝါရီလ ၅ရက် ညသန်းချောင်လောက်မှာ ဝေါစင်ပေါ်တက်ပြီး ဘုရင်ယောင်ဆောင်ကာ အင်းဝမြို့တံခါးကို ရောက်လာပြီး တံခါးဖွင့်ခိုင်းတယ်။တံခါးမှူးတွေက ဘုရင်က ဘုရားဖူးသွားတာ ဘယ်နှယ်ဖြစ်နိုင်ပါ့မလဲဆိုတော့ ဟ ငါတို့ ဘုရင်နေ့မှန်းညမှန်းမသိ မူးနေတာ။အခုပြန်မယ်ဆိုလို့ပြန်ခဲ့ရတယ်။တံခါးသာ မြန်မြန်ဖွင့်စမ်းဆိုလို့ ဖွင့်ပေးလိုက်ရော ဖောင်းကားစား မောင်မောင်ဟာ အကြံကောင်းတော့ နန်းတော်ပေါ်ရောက်သွားပြီး ဘုရင်ဖြစ်သွားတယ်။
ဖောင်းကားစားဘုရင်ဖြစ်တော့ ဘထွေးတော်တွေဖြစ်တဲ့ ဦးဝိုင်းတို့ ၊စည်သာမင်းသားတို့ကို အင်းဝကို ပြန်ခေါ်ပြီး ရာထူးပြန်ပေးတယ်။အမှန်ကတော့ နောက်ပိုင်းမှာ ဖြောင်ပစ်ဖို့ ချော့ခေါ်လိုက်တာပဲ။သူ ဘုရင်ဖြစ်ဖြစ်ချင်း သူကိုးကွယ်တဲ့ ဘုန်းကြီးက နန်းတော်ရောက်လာပြီး ဘုရင် ကြာကြာ လုပ်ချင်ရင် မြို့ အနောက်ဘက်က ကုက္ကိုလ်ပင်ကြီးကို မြန်မြန် သတ်လို့ ပြောတယ်။ဘုန်းကြီးဆိုတော့ ၀ိနည်းလွတ်ပြောရတာကိုး။အဲဒီမှာ ဖောင်းကားစားမောင်မောင်က အင်းဝမြို့ အနောက်ဘက်ရှိတဲ့ ကုက္ကိုလ်ပင်တွေကို အကုန်တူးပစ်တယ်တဲ့။ဘုန်းကြီးပြောချင်တာက ကုက္ကိုလ်ပင် တနင်္လာနံ စစ်ကိုင်းက ဘိုးတော်ဦးဝိုင်းကို မြန်မြန်သတ်လို့ ပြောတာ။သူက ကုက္ကိုလ်ပင်တွေ တူးပစ်တော့ ဘိုးတော်ဦးဝိုင်းက ယတယာကျေသွားတာပေါ့။
အဲဒီလို ဖောင်းကားစားက ဘထွေးတော်တွေကို ချော့ခေါ်ပြီး သတ်ဖို့ စီစဉ်နေတာကိုသိတော့ စည်သာမင်းသားက နောင်တော် ဘိုးတော်ဦးဝိုင်းကို ဒီအတိုင်းပဲ နေတော့မှာလား။မကြံစည်တော့ဘူးလားမေးတော့။ညီတော် ၀ိုင်းကြံနိုင်မှာလားမေးတယ်။အဲဒီတော့ စည်သာမင်းသားက နောင်တော် ဘုရင်ဖြစ်ရင် ညီတော်ကို ဘာပေးမှာလဲဆိုတော့ အကိုနန်းစံရင် ညီတော် နန်းရံပေါ့ လို့ သဘောတူကြပြီး ဖောင်းကားစား နန်းသက်ခုနစ်ရက်အရ၁၇၈၂ဖေဖေါ်ဝါရီ၁၁ရက်မှာ နန်းတွင်းအတင်းဝင်းပြီး လုပ်ကြံလိုက်ကြတာ ဖောင်းကားစားလည်း ပြေးပေါက်မရှိပဲ အဖမ်းခံလိုက်ရတယ်။သူ့ရဲ့ ကျွန်ယူံတော် ဂါမဏိကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ဖောင်းးကားစားမောင်မောင်လည်း နန်းစံသက် ခုနစ်ရက်အရမှာ နန်းကျပြီး အသတ်ခံလိုက်ရတယ်။
အညာသီဟတော ဘုရားဖူးသွားတဲ့ စဥ့်ကူးမင်းလည်း နောက်ပိုင်းမှာ ဖောင်ဆွဲမယ့်လူတောင် မရှိတော့ပဲ နေပြည်တော် ဘက်ပြန်အလာမှာ အဖမ်းခံရပြီး အသတ်ခံရတယ်။ဂါမဏိကလည်း နောက်ပိုင်းမှာ ပုန်ကန်နေရာက အဖမ်းခံရပြီး အသတ်ခံရတယ်။ဘိုးတော်ဦးဝိုင်းကလည်း ကတိ မတည်ပြန်ဘူး။ညီတော် စည်သာမင်းသားကို အိမ်ရှေ့ ပေးမယ်လို့ ပြောခဲ့ပြီး သားတော် ရွှေတောင်မင်းသားကို အိမ်ရှေ့ အရာပေးလို့ညီတော် စည်သာမင်းသားက တရုတ်စစ်ပွဲမှာ ဦးဆောင်ခဲ့တဲ့ ၀န်ကြီး မဟာသီဟသူရနဲ့ ပေါင်းပြီး ၁၇၈၂ခု ဖေဖေါ်ဝါရီလ ၂၃ရက်မှာ ပုန်ကန်တော့ မအောင်မြင်ပဲ နှစ်ယောက်စလုံး အဖမ်းခံရပြီး အသတ်ခံကြ ရပြန်တယ်။နှမြောစရာကောင်းတာက စစ်သူကြီး မဟာသီဟသူရပဲပေါ့။ယိုးဒယားကိုနိုင်အောင်တိုက်၊တရုတ်နဲ့ စစ်လေးကြိမ်လုံးနိုင်အောင် တိုက်ခိုက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး နောက်ဆုံး အကြိမ်မှာ တရုတ်တွေက စစ်ရှုံးလွန်းလို့ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာတာကို ဘုရင့်ဆီ မတင်ပြတော့ပဲ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ အမြော်အမြင်ကြီးစွာနဲ့ တိုင်းပြည်လည်း စစ်ပန်းနေပြီ တရုတ်တွေလည်း နောက် ရန်စရဲမှာ မဟုတ်တော့ဘူး အနိုင်နဲ့ပဲ ပိုင်းထားတော့မယ်ဆိုပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ် ၊တရုတ်ပေးတဲ့ လက်ဆောင်တွေ ယူပြီး ပြန်လာခဲ့တာ နေပြည်တော်လည်း ရောက်ရော ဆင်ဖြူရှင်မင်းက အမျက်ရှလို့ တရုတ်ဆီက ရလာတဲ့ လက်ဆောင်တွေ မိသားစုဝင်တွေ အားလုံး ခေါင်းပေါ်ရွက်ပြီး သုံးရက်တိတိ နေပူ အလှမ်းခံခဲ့ရတယ်။တရုတ်တွေ အင်မတန် ကြောက်ခဲ့ကြရတဲ့ တိမ်ကြားမင်းခေါင် ဗလမင်းထင်တို့ရဲ့ ဆရာ စစ်ဗိုလ်ချုပ်ကြီးလည်း စည်သာမင်းသားအရေးမှာ အသက်ပေးလိုက်ရတာပဲ။
အဲဒီတော့ မျိုးမင်းသန့်ရေ မင်းပြောတဲ့ ဖောင်းကားစားမောင်မောင်ဟာ တကယ်တော့ နန်းစံရက် ခုနစ်ရက်မှာ ဘိုးတော်ဦးဝိုင်း သတ်လို့ သေသွားတယ်။ငတောဆိုတာ သူ့ရဲ့ သားတော်တစ်ပါးပေါ့။
ပြီးတော့ မက္ခရာမင်းသားကြီးကလည်း မင်းသားခြောက်ဆယ်ကျော် အသတ်ခံရတဲ့ အထဲကို အမှန်တကယ် ပါသွားတာ ဖြစ်တယ်။ရွာမုံတောင်သူကြီး လေးနဲ့ပစ်သတ်ခံရတာ မက္ခရာမဟုတ်ဘူး၊တခြားတစ်ယောက်ဖြစ်တယ်။မက္ခရာရဲ့ သားတွေများလာတော့ မဆိုနိုင်ဘူး။ဟိုနေ့က ဆရာကြီး ဦးခင်မောင်ကြည်ဆီ သွားပြီး မေးမြန်းကြည်တော့လည်း အသတ်ခ့ရတဲ့အထဲ ပါသွားတာ မှန်တယ်တဲ့။ဟိုနေ့က ကိုကြီး ဖတ်ခဲ့တဲ့ စာအုပ်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင်ဟာ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် မက္ခရာမင်းသားကြီး အသတ်ခံရလို့ အလွန်အမင်း စိတ်ဓာတ်ကျတော်မူတယ်လို့ ရေးထားတယ်။သူပုန်မင်းသားတွေနေတဲ့နေရာကို စံနန်းတော်လို့ ခေါ်တယ်တဲ့။ဆရာကြီး ဦးခင်မောင်ကြည်က ပြောပြတယ်။
အဲဒီ သူပုန်မင်းသားဟာ ဘယ်သူလဲဆိုတာတော့ တို့တတွေ လိုက်ရှာပုံတော် ဖွင့်ကြရဦးမှာပေါ့။မင်းပြောတဲ့ ငတောငယ်များ ဖြစ်နေရောမလားပဲ။ဒါပေမယ့် အဲဒါက ဝေးလွန်းနေတယ်။ငါတို့ရွာ တောရကျောင်းမှာတောင် လာရောက် ခိုလှုံသွားသေးတယ်ဆိုတော့ ဒီဘက်နည်းနည်း ရောက်မယ် ထင်ပါရဲ့ ။ကိုကြီး ဆက်လက် ရှာဖွေပါဦးမည်။

No comments:
Post a Comment