Thursday, October 10, 2013

ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော ကျေးရွာများ(၄)

ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော
ကျေးရွာများ

၎။ငွေပေါင်ရွာ

အထက်မြို့တင်ရွာ စာရင်းပါ ပုရပိုက်မှတ်တမ်းအရ ၁၁၃၅ခုနှစ်တွင် ငကောင်းညွန့်သည် ငွေပေါင်ရွာ အရှေ့တော။
မိလှဦးသည် ငွေပေါင်ရွာ အနောက်တောကို ပိုင်ဆိုင်ကြသူများဖြစ်ကြောင်း ပါရှိသဖြင့် တချိန်က ငွေပေါင်ရွာရှိခဲ့ကြောင်း
သိရှရသည်။သို့သော်ငြားလည်း ငွေပေါင်ရွာသည် မည်သည့်နေရာ၌ရှိသည်ကိုစုံစမ်း၍ မရပါ။ ရွာရှိခဲ့မှန်း
မသိကြသော်လည်း တောအမည်သည် ငွေပေါင်တောဟုကျန်ရစ်မည်။မိမိတို့ရွာပတ်ဝန်းကျင်၌ ငွေပေါင်တောဟု
ရှိကြလျင် ပြောပြကြပါရန်။(မှတ်ချက်။ငွေပေါင်ရွာသည် သစ္စေးပင်လှရွာ၏အရှေ့ဘက်တွင် ရှိခဲ့သည်)

၅။အုန်းပင်ကျယ်ရွာ
သက္ကရာဇ်၁၁၆၈ခု ကဆုန်လဆန်း၁၀ရက်နေ့ နေ့စွဲပါ ပုရပိုက်တွင် အုံးပင်ကျယ်ရွာ ဘုရားတကာကြီး ဦးကောင်းကျယ်။ အုန်းကုန်းရွာနေ ဆြာကြီးဦးမြတ်ပုံ ဟူ၍ပါရှိသည်။ အုန်းကုန်းရွာကားဇီးပေါက်ရွာ၏ အနောက်မြောက်နားတွင်
ရှိသည်ကို သိရသော်လည်း အုန်းပင်ကျယ်ရွာကား မည်သည့်အရပ်၌ ရှိမှန်းမသိရပါ။ ခွင့်လွှတ်ကြပါကုန်။

၆။ဘော်ကရွာ
ဘော်ကရွာသည် ကံထူးမမှ အင်ပင်အိုင်သို့ သွားရာလမ်း ဘေး၌တည်ရှိသည်။ ကံထူးမမှ တစ်မိုင်ခန့် အကွာရှိ
ထန်းတောနေရာ ဖြစ်သည်။ ကျွန်ုပ်တို့ငယ်စဉ်က အုန်းပင်များ ရှိနေသေးသည်။ ယခုမရှိတော့ပါ။ လမ်းအရှေ့ဘက် သရက်ပင်အုပ်စုနှင့် တဲကလေးရှိသော
နေရာဖြစ်သည်။ ဘော်ကတောနှင့် ပတ်သက်သည့် ခုနှစ်သက္ကရာဇ်များ အသိမ်းအဆည်း လွန်သွား၍ ရှာမတွေ့ပါသဖြင့် ထိုနေရာ၌ တချန်က ဘော်ကရွာရှိခဲ့သည်ဟုသာ မှတ်ကြပါကုန်။

၇။နွားကောင်တင်ရွာ

၁၂၃၃ခုသီတင်းကျွတ်လဆန်း၁၃ရက်နေ့ ကန်ကလေးကုန်းရွာ အမယ်အိ အသုဘကူငွေစာရင်း၌
ဤနွားဂေါင်တင်ရွာကို တွေရသည်။ နွားကောင်တင် သူကြီးနှင့် သူ့သမီးမိဖြူတို့၏ အလှူမှတ်တမ်းကိုလည်း ဖတ်ခဲ့ရသော်လည်း မှတ်ထားသောစာအုပ် ခေါင်းနောက်အောင် ရှာသော်လည်း မတွေ့နိုင်ပါ၍ ဤရွာသည် တချိန်က ရှိခဲ့သည်ဟု သိရှိနိုင်စေရန်မျှသာ။
ဤရွာသည် မြကန်သာ အိုင်လျား သွားရာလမ်း၏ အနောက်ဘက် စည်ပတုန်းချောင်းကွေ့၌ ရှိခဲ့သည်။
နွားကောင်တင်ကွေ့ ဟုခေါ်ကြသည်။ယခုဇီးပေါက်ရွာ ဒေါ်လှရှိန်တို့၏ ယာတောနေရာဖြစ်သည်။


No comments:

Post a Comment