ကံထူးမပတ်ဝန်းကျင်မှပျောက်ကွယ်သွားသော
ကျေးရွာများ
၁၀။အင်းပက်လက်ရွာ
ဤရွာသည်ကား ရွှေကျင် ၁၃ ရွာ စာရင်းဝင်ရွာ ဖြစ်သည်။၁၂၃၀/၃၁ခုနှစ် အိမ်ခြေစာရင်းအရ ကံထူးမ၊ဇီးပေါက်၊
ကန်ကလေးကုန်းရွာတိုနှင့် အိမ်ခြေ အတူတူနီးနီးပင်။
ဤရွာ၌ ၁၂၃၁ခုတန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင် အိမ်ခြေ ၃၉ အိမ်ရှိခဲ့သည်။ သို့သော် ၁၂၃၃ခုနှစ်တွင် ရွာသစ်ကုန်းရွာ စတင်တည်ထောင်ရာသို့ ၁၂အိမ် ပြောင်းရွေ့သွားပြီး အင်းပက်လက်၌ ၁၀အိမ်သာကျန်ရှိတော့သည်။(ယခင်တပတ်က ၁၂ ကို ၂၂ ဟု ခလုပ်မှား နှိပ်မိထားပါသဖြင့် ၁၂ အိမ်ဟု မှတ်ပါရန်)။
ကျန် ၁၇ အိမ်ကား မည်သည့်အရပ်သို့ ပြောင်းရွှေ့သွားသည် မသိရပါ။
အင်းပက်လက်၌ ကျန်ခဲ့သည့်စာရင်းမှာ
ငကွတ် မယား မိအိမ်သူ
ငရွှေဇ မယား မိသေး
ငသာမှန် မယား မိသက်
ငသံတိုင် မယား မိဆွဲ
ငပြောင်း မယား မိကွမ်း
မိမျဲ သမီး မိမှို
ငထွန်းအောင် မယား မိနှင်း
ငအယ်နီ မယား မိနက်
ငဘူး မယား မိအို
မိရှန်း တို့ ဖြစ်သည်။
ရွာသစ်ကုန်းသို့ ပြောင်းရွှေ့သွားသည့် စာရင်းမှာ
ငတော မယား မိကျော်***
ငရွှေ မယား မိကော်
ငရွှေဆုသား ငကျယ်***
ငတရုပ် မယား မိဆိုး***
ငနီ မယား မိညံသာ
ငပျား မယား မိခို***
ငရွှေရာဇ် မယား မိချန်
ငဘု သား ငမှတ်
ငဖီ မယား မိကွယ်
ငရွှေပြား မယား မိကလေး
မိသိန်းမိ သမီး မိစန်း
ငပေ မယား မိကလေး ဟူ၍ ဖြစ်သည်။
လွန်ခဲ့သောလေးငါးနှစ်က ရွာသစ်ကုန်းရွာမှ ဖိတ်စာတစ်ခုတွင် ၄င်းတို့ရွာမှာ သီပေါမင်းပါပြီးနောက်
အင်းပက်လက်ရွာမှ လက်ရှိနေရာသို့ ပြောင်းရွှေ့လာခဲ့သည်ဟု ရေးသားထားသည်။ အမှန်တကယ်တွင် သီပေါမင်းမပါမီ ၁၄နှစ် ကပင် စတင်ပြောင်း ရွှေ့ခဲ့ကြခြင်း ဖြစ်သည်။

အင်းပက်လက်ရွာသည်
၁၂၄၆/၁၂၄၇ ခုနှစ်ထိ ရွှေကျင် ၁၃ရွာ
စာရင်းတွင် ပါရှိနေတုန်းပင်။ ၁၂၄၇ခု သီပေါမင်းပါပြီးမှ လက်ကျန် ၁၀အိမ်သည်လည်း
ရွာသစ်ကုန်းသို့ အားလုံးပြောင်းရွေ့သွားခြင်း ဖြစ်ပေမည်။အင်းပက်လက်ရွာသည်
လက်ရှိမောင်းဦးကုန်းရွာ၏ တောင်ဘက် မိုင်ဝက်ကျော်ကျော်တွင်
တည်ရှိခဲ့သည်။ မောင်းဦးကုန်း၊အင်းပင်လက်နှင့်
သုံးထောင့်ရွာဟောင်းတို့သည်
ထောင့်မှန်တြိဂံကဲ့သို့ပင်။ ယခု လက်ရှိတွင် ဘုရားတစ်ဆူသာ ကျန်ရှိတော့သည်။
ဤဘုရားမှာလည်း ကုက္ကိုပင်ကြီးတစ်ပင်က ဝါးမျိုထားသည်။ ပြုပြင်မည့်သူ ကင်းမဲ့၍
သမိုင်း၏နောက်ဆုံး အထောက်အထားမှာလည်း မကြာမီ
ပျောက်ကွယ်သွားတော့မည်။နယ်သူနယ်သားများ ပြုပြင်သင့်လှသည်။
ကျွန်ုပ် ဓာတ်ပုံလှည့်ရိုက်၍ မှတ်တမ်းတင်စဉ်က ရွာသစ်ကုန်းရွာမှ ဦးချစ်ညွန့်နှင့် ရွာဟောင်းနေရာတွင်
ကျွန်ုပ် ဓာတ်ပုံလှည့်ရိုက်၍ မှတ်တမ်းတင်စဉ်က ရွာသစ်ကုန်းရွာမှ ဦးချစ်ညွန့်နှင့် ရွာဟောင်းနေရာတွင်
တွေ့ရသဖြင့်
မေးမြန်းကြည့်ရာ ၄င်းတို့ငယ်စဉ်က သရက်ပင်ကြီးများ၊မန်ကျည်းပင်ကြီးများ၊မောင်းဆုံများပင်
တွေ့ရသေးကြောင်း
ပြောပြသည်။ဤကားရွှေကျင်၁၃ရွာစာရင်းဝင် အင်းပက်လက်ရွာအကြောင်းပင်။
ဤသို့ဆိုသော် ကျွန်ုပ်တို့ ကံထူးမပတ်ဝန်းကျင်၌ တချိန်က အကျဉ်းအားဖြင့်
၁။ရာဇဂြိုဟ်
၂။ကျွဲခိုး
၃။မြို့ထင်
၎။ငွေပေါင်
၅။အုန်းပင်ကျယ်
၆။ဘော်က
၇။နွားကောင်တင်
၈။သုံးထောင့်
၉။အုန်းကုန်း
၁၀။အင်းပက်လက်ရွာတို့ ရှိခဲ့ပါကြောင်း ပုရပိုက်ပုံကြီးကို မွှေနှောက်ဖတ်ရှုခဲ့သမျှ ကိုယ့်နယ်သူနယ်သားများ ဗဟုသုတအလို့ငှာ မျှဝေရေးသားလိုက်ရပါကြောင်း။
အားလုံးဝိုင်းဝန်း ဖတ်ရှုပေးကြသဖြင့် အထူးကျေးဇူးတင်ပါကြောင်း။။။

No comments:
Post a Comment