Tuesday, October 15, 2013

မက္ခရာမင်းသားကြီး ရှာပုံတော်(၂)

အလောင်းမင်းတရားကြီး နတ်ရွာစံခါနီးမှာ သူ့သားတော်တွေကို သူသေပြီးရင် ထီးနန်းကို လက်ညှိုးတိုရှည်အတိုင်း ကြီးစဉ်ငယ်လိုက် ဆက်ခံရစ်ဖို့ မှာကြားခဲ့တယ်။ဆင်ဖြူရှင်က ယိုးဒယားက အပြန်မှာ အလောင်းမင်းတရားရဲ့ လက်ရုံးတော် စစ်ဗိုလ်ချုပ်ကြီးတွေကို သူ့ကို ထောက်ခံဖို့ စည်းရုံးတယ်။ဒါပေမယ့် မင်းခေါင်နော်ရထာ စတဲ့ စစ်သေနာပတိတွေက လက်မခံဘူး။သူတို့ အရှင် မိန့်တော်မူတဲ့ အတိုင်းသာ လိုက်နာနိုင်မယ်လို့ ပြောလို့ ဆင်ဖြူရှင်ရဲ့ အကြံဟာ ပျက်သွားတယ်။ဒါကို နောင်တော်ကြီးမင်း သိတော့ အဆုံးစီရင်ဖို့ လုပ်တယ်။ဒါပေမယ့် မယ်တော် မိဘုရားကြီးက ငိုယိုတောင်းပန်လို့ အပြစ်က ခွင့်လွှတ်ပြီး ခမည်းတော်ရဲ့ အမိန့်တော်မြတ်အတိုင်း ညီတော်ကို အိမ်ရှေ့ မင်း အဖြစ် ခန့်တော်မူတယ်။စာအုပ်တစ်အုပ်ထဲမှာတော့ နောင်တော်ကြီးမင်းကို ဆင်ဖြူရှင်က သေနတ်နဲ့ ပစ်သတ်ပြီး ဘုရင်လုပ်တယ်လို့ ရေးထားတယ်။သမိုင်းတော့ မဟုတ်ဘူး။ဇာတ်လမ်းဖွဲ့ရေးထားတာပေါ့။နောင်တော်ကြီးမင်း နတ်ရွာစံတော့ ညီတော် ဆင်ဖြူရှင် နန်းတက်တယ်။အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ခမည်းတော်အလောင်းမင်းတရားကြီးရဲ့ အမိန့်အတိုင်းဆိုရင် ညီတော်အမြင့်မင်းသားကို အိမ်ရှေ့ မင်းရာထူးပေးရမယ်။ဒါပေမယ့် ခမည်းတော်စကား နားမထောင်ပဲ သူ့သား စဥ့်ကူးမင်းသားကို အိမ်ရှေ့ ပေးတယ်။နောက်ပိုင်း စဉ့်ကူးမင်းလက်ထက်  ညီတော်တွေက ပုန်ကန်တော့ အမြင့်မင်းသားကြီးကို ဖမ်းမိသွားတယ်။မင်းသားကြီးဟာ ကျန်တဲ့ ညီတော်တွေရဲ့  နောင်ရေးအတွက် အခု ပုန်ကန်တာဟာ သူတစ်ယောက်ထဲပါ။ကျန်တဲ့ ညီတော်တွေ မပါဘူးလို့ ငြင်းဆိုတယ်။ဒါကြောင့် ဘိုးတော်ဦးဝိုင်းတို့ ပင်းတလည်းတို့ စည်သာမင်းသားသားတို့ ဟာ အသတ်မခံရပဲ အမြင့်မင်းသားကြီးသာ ရေတိမ်နစ်သွားရရှာတယ်။
ဆင်ဖြူရှင် နတ်ရွာလားတော့ သားတော်စဥ့်ကူမင်း နန်းတက်တယ်။နန်းတက်ပြီးတော့ ဘထွေးတော်မင်းသားကြီးတွေကို ရာထူးရုပ်သိမ်းပြီး နေပြည်တော်နဲ့ဝေးရာကို ပို့တယ်။နောင်တော်ကြီးမင်းရဲ့  သားမောင်မောင်ကို ဖောင်းကားဘက်။ဘိုးတော်ဦးဝိုင်းကို စစ်ကိုင်းဘက် စသဖြင့် ပို့ပစ်လိုက်တယ်။အလောင်မင်းတရားကြီး ရဲ့ သားတော်တွေလည်း ချို့ချို့တဲ့တဲ့ နေကြရတာပေါ့။ဒီ စဥ့်ကူးမင်းဟာ အရက်သေစာ သောက်စားမူးယစ်ပြီး နန်းတော်ထဲကို နေ့မှန်းညမှန်း မသိ ၀င်ထွက်တော်မူတယ်။ဘိုးတော်ဥိးဝိုင်းတို့ ညီနောင်တွေကလည်း ထီးနန်းရဖို့ အကွက်ကောင်းချောင်းနေတာပေါ့။တစ်ရက်မှာ စဥ့်ကူးမင်း အညာသီဟတောကို ဘုရားဖူးအသွား ဖောင်းကားစားမောင်မောင်က အကြံကောင်းသွားပြီး လူယုံတော် ဂါမဏိတို့နဲ့ ၁၇၈၂ ဖေဖေါ်ဝါရီလ ၅ရက် ညသန်းချောင်လောက်မှာ ဝေါစင်ပေါ်တက်ပြီး ဘုရင်ယောင်ဆောင်ကာ အင်းဝမြို့တံခါးကို ရောက်လာပြီး တံခါးဖွင့်ခိုင်းတယ်။တံခါးမှူးတွေက ဘုရင်က ဘုရားဖူးသွားတာ ဘယ်နှယ်ဖြစ်နိုင်ပါ့မလဲဆိုတော့ ဟ ငါတို့ ဘုရင်နေ့မှန်းညမှန်းမသိ မူးနေတာ။အခုပြန်မယ်ဆိုလို့ပြန်ခဲ့ရတယ်။တံခါးသာ မြန်မြန်ဖွင့်စမ်းဆိုလို့ ဖွင့်ပေးလိုက်ရော ဖောင်းကားစား မောင်မောင်ဟာ အကြံကောင်းတော့ နန်းတော်ပေါ်ရောက်သွားပြီး ဘုရင်ဖြစ်သွားတယ်။
ဖောင်းကားစားဘုရင်ဖြစ်တော့ ဘထွေးတော်တွေဖြစ်တဲ့ ဦးဝိုင်းတို့ ၊စည်သာမင်းသားတို့ကို အင်းဝကို ပြန်ခေါ်ပြီး ရာထူးပြန်ပေးတယ်။အမှန်ကတော့ နောက်ပိုင်းမှာ ဖြောင်ပစ်ဖို့ ချော့ခေါ်လိုက်တာပဲ။သူ ဘုရင်ဖြစ်ဖြစ်ချင်း သူကိုးကွယ်တဲ့ ဘုန်းကြီးက နန်းတော်ရောက်လာပြီး ဘုရင် ကြာကြာ လုပ်ချင်ရင် မြို့ အနောက်ဘက်က ကုက္ကိုလ်ပင်ကြီးကို မြန်မြန် သတ်လို့ ပြောတယ်။ဘုန်းကြီးဆိုတော့ ၀ိနည်းလွတ်ပြောရတာကိုး။အဲဒီမှာ ဖောင်းကားစားမောင်မောင်က အင်းဝမြို့ အနောက်ဘက်ရှိတဲ့ ကုက္ကိုလ်ပင်တွေကို အကုန်တူးပစ်တယ်တဲ့။ဘုန်းကြီးပြောချင်တာက ကုက္ကိုလ်ပင် တနင်္လာနံ စစ်ကိုင်းက ဘိုးတော်ဦးဝိုင်းကို မြန်မြန်သတ်လို့ ပြောတာ။သူက ကုက္ကိုလ်ပင်တွေ တူးပစ်တော့ ဘိုးတော်ဦးဝိုင်းက ယတယာကျေသွားတာပေါ့။
အဲဒီလို ဖောင်းကားစားက ဘထွေးတော်တွေကို ချော့ခေါ်ပြီး သတ်ဖို့ စီစဉ်နေတာကိုသိတော့ စည်သာမင်းသားက နောင်တော် ဘိုးတော်ဦးဝိုင်းကို ဒီအတိုင်းပဲ နေတော့မှာလား။မကြံစည်တော့ဘူးလားမေးတော့။ညီတော် ၀ိုင်းကြံနိုင်မှာလားမေးတယ်။အဲဒီတော့ စည်သာမင်းသားက နောင်တော် ဘုရင်ဖြစ်ရင် ညီတော်ကို ဘာပေးမှာလဲဆိုတော့ အကိုနန်းစံရင် ညီတော် နန်းရံပေါ့ လို့ သဘောတူကြပြီး ဖောင်းကားစား နန်းသက်ခုနစ်ရက်အရ၁၇၈၂ဖေဖေါ်ဝါရီ၁၁ရက်မှာ နန်းတွင်းအတင်းဝင်းပြီး လုပ်ကြံလိုက်ကြတာ ဖောင်းကားစားလည်း ပြေးပေါက်မရှိပဲ အဖမ်းခံလိုက်ရတယ်။သူ့ရဲ့ ကျွန်ယူံတော် ဂါမဏိကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ဖောင်းးကားစားမောင်မောင်လည်း နန်းစံသက် ခုနစ်ရက်အရမှာ နန်းကျပြီး အသတ်ခံလိုက်ရတယ်။
အညာသီဟတော ဘုရားဖူးသွားတဲ့ စဥ့်ကူးမင်းလည်း နောက်ပိုင်းမှာ ဖောင်ဆွဲမယ့်လူတောင် မရှိတော့ပဲ နေပြည်တော် ဘက်ပြန်အလာမှာ အဖမ်းခံရပြီး အသတ်ခံရတယ်။ဂါမဏိကလည်း နောက်ပိုင်းမှာ ပုန်ကန်နေရာက အဖမ်းခံရပြီး အသတ်ခံရတယ်။ဘိုးတော်ဦးဝိုင်းကလည်း ကတိ မတည်ပြန်ဘူး။ညီတော် စည်သာမင်းသားကို အိမ်ရှေ့ ပေးမယ်လို့ ပြောခဲ့ပြီး သားတော် ရွှေတောင်မင်းသားကို အိမ်ရှေ့ အရာပေးလို့ညီတော် စည်သာမင်းသားက တရုတ်စစ်ပွဲမှာ ဦးဆောင်ခဲ့တဲ့ ၀န်ကြီး မဟာသီဟသူရနဲ့ ပေါင်းပြီး ၁၇၈၂ခု ဖေဖေါ်ဝါရီလ ၂၃ရက်မှာ ပုန်ကန်တော့ မအောင်မြင်ပဲ နှစ်ယောက်စလုံး အဖမ်းခံရပြီး အသတ်ခံကြ ရပြန်တယ်။နှမြောစရာကောင်းတာက စစ်သူကြီး မဟာသီဟသူရပဲပေါ့။ယိုးဒယားကိုနိုင်အောင်တိုက်၊တရုတ်နဲ့ စစ်လေးကြိမ်လုံးနိုင်အောင် တိုက်ခိုက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး နောက်ဆုံး အကြိမ်မှာ တရုတ်တွေက စစ်ရှုံးလွန်းလို့ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာတာကို ဘုရင့်ဆီ မတင်ပြတော့ပဲ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ အမြော်အမြင်ကြီးစွာနဲ့ တိုင်းပြည်လည်း စစ်ပန်းနေပြီ တရုတ်တွေလည်း နောက် ရန်စရဲမှာ မဟုတ်တော့ဘူး အနိုင်နဲ့ပဲ ပိုင်းထားတော့မယ်ဆိုပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ် ၊တရုတ်ပေးတဲ့ လက်ဆောင်တွေ ယူပြီး ပြန်လာခဲ့တာ နေပြည်တော်လည်း ရောက်ရော ဆင်ဖြူရှင်မင်းက အမျက်ရှလို့ တရုတ်ဆီက ရလာတဲ့ လက်ဆောင်တွေ မိသားစုဝင်တွေ အားလုံး ခေါင်းပေါ်ရွက်ပြီး သုံးရက်တိတိ နေပူ အလှမ်းခံခဲ့ရတယ်။တရုတ်တွေ အင်မတန် ကြောက်ခဲ့ကြရတဲ့ တိမ်ကြားမင်းခေါင် ဗလမင်းထင်တို့ရဲ့ ဆရာ စစ်ဗိုလ်ချုပ်ကြီးလည်း စည်သာမင်းသားအရေးမှာ အသက်ပေးလိုက်ရတာပဲ။
အဲဒီတော့ မျိုးမင်းသန့်ရေ မင်းပြောတဲ့ ဖောင်းကားစားမောင်မောင်ဟာ တကယ်တော့ နန်းစံရက် ခုနစ်ရက်မှာ ဘိုးတော်ဦးဝိုင်း သတ်လို့ သေသွားတယ်။ငတောဆိုတာ သူ့ရဲ့ သားတော်တစ်ပါးပေါ့။
ပြီးတော့ မက္ခရာမင်းသားကြီးကလည်း မင်းသားခြောက်ဆယ်ကျော် အသတ်ခံရတဲ့ အထဲကို အမှန်တကယ် ပါသွားတာ ဖြစ်တယ်။ရွာမုံတောင်သူကြီး လေးနဲ့ပစ်သတ်ခံရတာ မက္ခရာမဟုတ်ဘူး၊တခြားတစ်ယောက်ဖြစ်တယ်။မက္ခရာရဲ့ သားတွေများလာတော့ မဆိုနိုင်ဘူး။ဟိုနေ့က ဆရာကြီး ဦးခင်မောင်ကြည်ဆီ သွားပြီး မေးမြန်းကြည်တော့လည်း အသတ်ခ့ရတဲ့အထဲ ပါသွားတာ မှန်တယ်တဲ့။ဟိုနေ့က ကိုကြီး ဖတ်ခဲ့တဲ့ စာအုပ်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင်ဟာ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် မက္ခရာမင်းသားကြီး အသတ်ခံရလို့ အလွန်အမင်း စိတ်ဓာတ်ကျတော်မူတယ်လို့ ရေးထားတယ်။သူပုန်မင်းသားတွေနေတဲ့နေရာကို စံနန်းတော်လို့ ခေါ်တယ်တဲ့။ဆရာကြီး ဦးခင်မောင်ကြည်က ပြောပြတယ်။
အဲဒီ သူပုန်မင်းသားဟာ ဘယ်သူလဲဆိုတာတော့ တို့တတွေ လိုက်ရှာပုံတော် ဖွင့်ကြရဦးမှာပေါ့။မင်းပြောတဲ့ ငတောငယ်များ ဖြစ်နေရောမလားပဲ။ဒါပေမယ့် အဲဒါက ဝေးလွန်းနေတယ်။ငါတို့ရွာ တောရကျောင်းမှာတောင် လာရောက် ခိုလှုံသွားသေးတယ်ဆိုတော့ ဒီဘက်နည်းနည်း ရောက်မယ် ထင်ပါရဲ့ ။ကိုကြီး ဆက်လက် ရှာဖွေပါဦးမည်။

Saturday, October 12, 2013

ဓာတ်ပုံများ





မက္ခရာမင်းသားကြီးရှာပုံတော်

မက္ခရာမင်းသားကြီးဟာ မင်းတုန်းမင်းရဲ့  သားတော် တစ်ပါးပေါ့။သူဟာ မြင်ကွန်း၊သုံးဆယ်၊ညောင်ရမ်းမင်းသား တို့လို ထက်မြက်တာပါပဲ၊မြင်ကွန်းမြင်ခုန်တိုင်တို့ ပုန်ကန်တော့ သူ ရွတ်ရွတ်ချွန်ချွန် ခုခံတိုက်ခိုက်လို့ မြင်ကွန်းမင်းသားတို့ အရေးနိမ့်ပြီး ရန်ကုန်ဘက်ကို ထွက်ပြေးရတယ်။အဲဒီ ၁၂၂၈(သြဂုတ်၁၈၆၆)ခုနှစ် မြင်ကွန်း အရေးအခင်းကြောင့် ကနောင်မင်းသားကြီးလည်း ရေတိမ်နစ်ခဲ့ရတယ်။မြင်ကွန်းအရေးအခင်းမှာ ကနောင်မင်းသားကြီး အလုပ်ကြံခံရတာရယ် ၁၉၄၇မှာ ဗိုလ်ချုပ် အလုပ်ကြံခံရတာရယ်ဟာ တိုင်းပြည်အတွက် အင်မတန် နစ်နာခဲ့ရတယ်။
ကနောင်မင်းသားကြီး အလုပ်ကြံခံရပြီးနောက် သားတော်တွေဖြစ်တဲ့ ပတိမ်းမင်းသား ၊ထန်းတပင်မင်းသား၊ကြေးမြင့်မင်းသားတို့ဟာ ရွှေဘိုဘက်ကို ထွက်လာခဲ့ပြီး မင်းတုန်းမင်းကြီးကို ပုန်ကန်ကြပြန်တယ်။ကိုကြီးတို့ နယ်ဘက်ကို ၀င်ရောက်ခိုလှုံပြီး ပုန်ကန်တာဟာ ဒီမင်းသားတွေပဲ ဖြစ်မယ်လို့ ထင်တာပဲ။ ဒီ အရေးကိုလည်း မက္ခရာမင်းသားကြီးက အောင်အောင်မြင်မြင် တွန်းလှန်တိုက်ခိုက်လို့ မင်းတုန်းမင်းကြီးဟာ နောက်ပိုင်းမှာ မက္ခရာမင်းသားကြီးကို အိမ်ရှေ့အရာပေးဖို့ ကြံစည်ခဲ့တယ်။ဒါပေမယ့် ဆင်ဖြူမရှင် မိဘုရားကြီးရဲ့ ကုန်းချောမှူကြောင့် မင်းတုန်းမင်းဟာ မင်းသားအပေါ် အယုံအကြည် ကင်းမဲ့သွားပြီး  အဲဒီအကြံဟာ ပျက်စီးသွားတယ်။ဆင်ဖြူမရှင်က  မင်းသားနာမည်ရလာတဲ့ အချိန်မှာ သူ့သမီး စုဖုရားကြီးနဲ့ ပေးစားဖို့ စကားကန်းလှမ်းတော့ မင်းသားရဲ့  မယ်တော်က ဒီနှာခေါင်းတန်မနဲ့ မပေးစားနိုင်ဘူးလို့ ပြောတယ်။အဲဒါကို ဆင်ဖြူမရှင် မိဖုရားကြီးက အညိုးထားတာပြီး ဘုရင်ကို ကုန်းချောတာပေါ့။ဒါနဲ့ပဲ မက္ခရာမင်းသားကြီးလည်း ရာထူးလျှောပြီး နာမည်ကျခဲ့ရတယ်။
မင်းတုန်းမင်းကြီး နာမကျန်းဖြစ်နေတော့ ဆင်ဖြူမရှင်နဲ့ ကင်းဝန်တို့က သူတို့ ကြိုဆွဲရာ ကနိုင်မယ့် သီပေါမင်းသားကို အိမ်ရှေ့ ရွေးခဲ့ကြပြီး ကျန်မင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတယ်။အဲဒါကို မင်းသားတွေရဲ့ မယ်တော်တွေက ဘုရင့်ဆီ အတင်းဝင်ပြီး လျောက်တင်လို့ မင်းတုန်းမင်းကြီးက သားတော်ကြီး သုံးပါးဖြစ်တဲ့ မက္ခရာမင်းသား၊ သုံးဆယ်မင်းသား၊ညောင်ရမ်းမင်းသားတို့ကို နယ်မြေတွေပိုင်းခြားပေးပြီး ကိုယ်ရတဲ့နယ်မှာ ဘုရင်လုပ်ဖို့ အမိန့်ပေးလိုက်တယ်။ဒါပေမယ့် ဒီအမိန်ု့ဟာ အရာမရောက်တော့ပါဘူး။မင်းတုန်းမင်းကြီးဟာ အိပ်ယာထဲက မထနိုင်တော့ဘူးလေ။မင်းသားသုံးပါးလည်း အပြင်ရောက်ရော ဆင်ဖြူမရှင်အမိန့်နဲ့ အဖမ်းခံကြရပြန်တယ်။ညောင်ရမ်းနဲ့ ညောင်အုပ်ကတော့ အင်္ဂလိပ် သံရုံးထဲ ၀င်ပြေးလို့ လွတ်သွားတယ်လို့ ဆိုတယ်။သုံးဆယ်မင်းသားကတော့ သစ်တပ်ထဲမှာ မင်းညီမင်းသားတွေကို ဖမ်းထားတော့ သစ်တပ်ကို ခုန်ထွက်တယ်။ညီတွေက ငိုကြတော့ ငါ့ညီတွေကို ငါ ရအောင်ကယ်မယ် ဆိုပြီး သစ်တပ်ထဲကို ပြန်ခုန်ဝင်တယ်။ပြီးတော့ သူ့ညီအရင်းကို အရင် ကျော်ပိုးပြီး ခုန်ထွက်တယ်။ဒါပေမယ့် လွတ်အောင်မခုန်နိုင်ပဲ သစ်တပ်အချွန်နဲ့ ညိပြီး ခြေထောက် ကျိုးသွားလို့ အဖမ်းခံရပြီး မင်းသား ၆၀ ကျော် အသတ်ခံရတဲ့အထဲ ပါသွားတယ်။
ဒီနေရာမှာ ကိုကြီးပြောချင်တာက မက္ခရာမင်းသားကြီးလည်း အသတ်ခံရတဲ့အထဲ ပါသွားတယ်လို့ သမိုင်းက ဆိုတယ်။ကိုကြီးတို့ နယ်ဘက်က အဆိုအရဆို မက္ခရာမင်းသားဟာ ကိုကြီးတို့ ငယ်ငယ်က ရွှေကျင်ခဲ့တဲ့ စံနန်းတော်တို့ မြတောင်တို့ ဘက်မှာ ပုန်ကန်နေတယ်လို့ ပြောကြတယ်။မက္ခရာမင်းသားကြီး ခေါင်းလျှော်နေတုန်း ခေါင်ရာသူကြီးက လေးနှင့် ပစ်သတ်လို့ မင်းသားကြီးလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ခေါင်ရာသူကြီးလည်း ဘုရင်က ဆုတော်လာဘ်တော်တွေ ပေးသနားခံရသေးတယ်လို့ ဆိုတယ်။မြတောင်ကတော့ ပကာရွာရဲ့ မြောက်နားမှာ ရှိတယ်လို့ဆိုတယ်။ ခေါင်ရာက မရောက်ဖူးဘူး။ဘယ်နားရှိမှန်းကို မသိဘူး။သမိုင်းစိတ်ဝင်စားတဲ့ ရှေးမီနောက်မီ အဖိုးကြီးတွေများ ရှိနေသေးရင် သွားပြီ့း မေးမြန်းချင်ပါသေးတယ်။
တခုပြောချင်တာကတော့ အဲဒီသူပုန်မင်းသားဟာ မက္ခရာမင်းသားကြီး မဟုတ်ဘူးဆိုရင် ကနောင်မင်းသားကြီးရဲ့ သားတော်တစ်ပါးပါးများ ဖြစ်လေမလားလို့ပဲ။
ဒါကတော့ တို့ငယ်တုန်းက ရွှေကျင်ခဲ့ရတဲ့ စံနန်းတော်တို့နဲ့ ပါတ်သက်ပြီး ကြားဖူးနားဝကလေး ပြန်ပြောပြရတာပါ။


ပြုံးတော်မူ(၁၇)

ငါတို့ရွာရဲ့ အရှေ့နားကရွာက ကောက်စိုက်သူမလေးတွေက တစ်နေ့ခင်းမှာထမင်းစားနားတော့ ပါလာတဲ့
အသံချဲ့စက်နဲ့ မိုက်ကရိုဖုန်းကိုသုံးပြီး သီချင်းဆိုကြတာပေါ့လေ။ သူတို့ အဲဒီလိုသီချင်းဆိုတာကို ရွာကျောင်းဘုန်းကြီး ကြားတော့ သူ့ကျောင်းက အုန်းမောင်းကြီး ထခေါက်သတဲ့။ အုန်းမောင်းဆိုတာ သူ့အချိန်နဲ့သူ ခေါက်ရတာကိုး။ ကျန်တဲ့အချိန်ခေါက်ရင် ဘုန်းကြီးတစ်ခုခုဖြစ်လို့ဟု မှတ်ကြတာကိုး။ အုန်းမောင်းသံကြားရော ကျောင်းနားက ဒကာကြီး
ကျောင်းကို အတင်းပြေးလာတာပေါ့။ ဘုန်းကြီးများ ပျံတော်မူပြီလားပေါ့။ ကျောင်းရောက်တော့ ဘုန်းဘုန်း ဘာပြုလို့လဲ ဘုရားဆိုတော့ မင်းမကြားဘူးလားကွ။ကောက်စိုက်မတွေ ငါ သင်ပေးထားတဲ့ ဓမ္မစင်္ကြာတော့ မရွတ်ပဲ သီချင်းပဲ ဆိုနေကြတာ။ သူတို့လည်း သူတို့ဆိုချင်ရာဆိုကွာ။ ငါလည်းငါထိုးချင်ရာ ထိုးသကွာတဲ့။ ဒကာကြီးကလည်း ဒါဆို ကိုယ်တော်လည်း ကိုယ်တော်ထိုးချင်ရာထိုး ဘုရား။ တပည့်တော်လည်း အိမ်ပြန်ပြီးထိုးစရာရှိတာ ပြန်ထိုးလိုက်ဦးမယ် ဘုရားတဲ့။

ဘဝအမောပြေနိုင်ကြပါစေ။။

ဘ၀ဇာတ်ခုံ(၂)

၁၉၉၀ဒီဇင်္ဘာလလောက်မှာ ကိုကြီး ဖားကန့်ကြီးမှော်ထဲ ခေါက်စားထမ်းနေတုန်းကပေါ့။ ကေအိုင်အေတွေ စပေါ့ချောင်းဖျားမှာ ဖိုးရှူတဲ့သူ၊ရောင်းတဲ့သူတွေ အကုန်သတ်ပြီးစ အချိန်ဆိုတော့ ပိုက်ဆံက အတော်ရှားနေတဲ့ အချိန်ပေါ့။ကျောက်တွင်းအနစ်ကြီးထဲက မြေစာတွေသယ်ပြီး နှစ်ပြလောက်ထမ်းပို့မှ ငွေလေး တစ်ကျပ်ပဲရတယ်။ ကျောက်ခဲကြီးတွေ ထမ်းရင် လုံကဘာ လို့ အော်ပြောခဲ့ နှစ်ကျပ်ရတယ်။ ထမ်းရတာခြင်းအတူတူမို့ ကိုကြီးက ကျောက်တုန်းတွေ ထမ်းတာများတယ်။ တက္ကသိုလ်ကျောင်းစရိတ်ရှာရပုံများ ပြောပါတယ်။ တစ်ရက်မှ ၁၅၀ကျပ်လောက်ပဲ ရတယ်။
နေရတော့ လေးတိုင်စင်တဲကလေးထဲ ပလပ်စတစ်၊ဂုံနီအိတ်တွေကာထားရတယ်။ အိပ်ရတာက သိကြားမင်းရဲ့ ဗန္ဓုကမ္ဗလာမြကျောက်ဖြာပေါ် မြက်တွေခင်းပြီးအိပ်ရရဲ့။ စားရတော့ ငါးစင်ရိုင်းခြောက်ကျော်နဲ့ စွန်ထန်ဟင်းရေ။ သောက်ရတဲ့ရေ ကလူသေကောင်၊ခွေးသေကောင်၊ အမှိုက်ပေါင်းစုံ မြောလာတဲ့ဥရုချောင်းရေ။ ကလေးဘဝ မူလတန်းကျောင်းနားရင် အနားက ရေကန်ထဲသွားပြီး ရေသောက်ရတာတောင် အမှတ်ရသေးရဲ့။ ကန်ထဲဆင်း ကိုယ်သောက်မယ့်နားကရေကို အမှော်ကင်းအောင်ေ ချးရေ သေးရေ ဟိုသွား ရွှေရေ ငွေရေ ဒီလာ လို့ဆိုပြီး သောက်ခဲ့ရတယ်။ အခုလည်း ဥရုချေုင်းထဲက ရေကို အဲဒီလို အော်ပြီး ခပ်သောက်ရတဲ့ကိန်းပဲ။ ချိုးတော့လည်း ဒီရေသောက်တော့လည်း ဒီရေဆိုတော့ တရက်မှာ ကျုပ် သွေးဝမ်းကိုက်ပါရောဗျ။ ဝမ်းသွားရင် သွေးတွေပါတာ။ အခုအိမ်သာထဲကထွက် အခုပြန်တက်ပြေးရနဲ့။ ဒီရောဂါကအတော်ဆိုးဗျို့။ အာဟာရကချို့တဲ့  သွေးဝမ်းက သွားဆိုတော့ လူလည်းပဲ မြော့မြော့ပဲ ကျန်တော့တယ်။
အဲဒီလို အိမ်သာထဲဝင်လိုက်ထွက်လိုက် တစ်နေကုန် လုပ်နေတာကို မောင်အိုက်ဆိုတဲ့ ကျင်းသားက မြင်တော့ သူက သိတယ်လေ။ ကျော်ငွေ ငါ့ကို ပိုက်ဆံ ၂၀၀ ပေးတဲ့။ အဲဒါ ပိုက်ဆံလေးယူပြီး သွားတယ်။ ခဏနေတော့ ပြန်လာပြီး ကြက်သွန်ဖြူ အတက်ကလေးထဲကို
သူဝယ်လာတဲ့ မီးခြစ်ဆံခေါင်းလောက် အရာလေးထည့်ပြီး မီးကင်တယ်။ ပြီးတော့ ရော့ကွ ဒါလေးမျိုလိုက်တဲ့။ သူမျိုဆိုတော့ မျိုချလိုက်တာပေါ့။ ပါးစပ်ကို ခါးကျန်ရစ်တာပဲ။ အဲဒါလည်း မျိုပြီးရော သွေးဝမ်းသွားတာလည်း ယူပစ်လိုက်သလိုပဲ ပျောက်သွားတာဗျား။ မောင်အိုက် ဘာတွေပါလို့တုန်းဟ ဆိုတော့ ဘိန်းမဲတဲ့။ ကောင်းလိုက်တဲ့ဆေးပဲ။ လူသားတွေ ဆေးဝါးအတွက်သာ သုံးရင် ကောင်းတယ်ဗျို့။ မူးယစ်ဆေးအဖြစ် သုံးနေကြလို့သာ နာမည်ပျက်နေတာ။
ညပိုင်းရောက်တော့ ဗိုက်ကလည်း ဆာလာတာနဲ့ ဈေးတန်းဘက်သွားပြီး မုန့်စားတယ်။ အပြန်လမ်းမှာ မူးလာတာ။ ဟ ငါ ဘာတွေဖြစ်ကုန်ပြီလဲ။ အားပြတ်လို့ မူးလာတာလား။ ချက်ချင်းကြီးပေါ့။ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ကျောက်ကျင်းနှစ်ကျင်းကြားက ဖြတ်လာတာဆိုတော့ ကျင်းထဲပြုတ်ကြမှာစိုးလို့ လေးဘက်ထောက်သွားခဲ့ရရဲ့။ ငါ ဘာလို့များ မူးပါလိမ့်ဆိုတော့ ညနေခင်းက မျိုထားတဲ့ဘိန်းက အစွမ်းပြတာကိုး။ ညရောက်တော့လည်း အိပ်လို့ ကမရဘူး။ မျက်စိတွေကြောင်နေတယ်။မနက်လင်းတော့ လမ်းလျှောက်လို့ လျှောက်မှန်းတောင်မသိဘူး။ လူကို ပေါ့ပါးဖြတ်လတ်လို့ပေါ့။ ဒါကြောင့် လူတွေ ဖိုးဘိန်းစွဲကြတာကိုး။ နည်းနည်းလေး မျိုတာတောင် ပေါ့ပါးပြီး နေလို့ ကောင်းသေးတာကိုး။
တော်သေးတာပေါ့။ကျုပ်က စိတ်ထိန်းနိုင်တော့ အဲဒီဘက်ရိုင်မသွားခဲ့ဘူး။ ဒါမှ မဟုတ်ရင် ဖိုးသမားဖြစ်ပြီး ဒေါ်ကြည်မြင့်ဝက်ခြံက ဝက်စာ ဖြစ်သွားရော့မယ်။ ကံကောင်းလို့။ နို့မို့ရင် မဟာဘွဲ့လေးတောင် ရမှာမဟုတ်ဘူး။ အခုလို ငါ့ညီလေးတွေဖတ်ဖို့ ပေါက်ကရလေးဆယ်လည်း ရေးနိုင်မှာမဟုတ်တော့ဘူး။ ကျုပ်အကို ဝမ်းကွဲ စိုးတင့်နဲ့ေ အာင်မြင့်တော့ ဖိုးစွဲပြီး သေပါရောလား။ မူးယစ်ဆေးဝါးဆို ဘာမှမကောင်းဘူးနော်။ ငါ့ညီတွေသွား မမြီးစမ်းကြနဲ့နော်။

Friday, October 11, 2013

ပြုံးတော်မူ(၁၆)

ကိုကြီးတို့ ဇီးပေါက်ရွာကလည်း ဘုန်းကြီးက သိပ်မမြဲဘူးကွ။ အခုလက်ရှိ ကျောင်းတိုင်နေတဲ့ ဦးကဝိထိဆိုရင် ၈ပါးပဲရှိသေးတယ်။၁၂၇၄ ခုနှစ်ကနေ လက်ရှိအချိန်ထိပေါ။ ဒီ ၈ပါးထဲမှာလည်း ပထမဆုံး ဘုန်းကြီး ဖိုးနန္ဒိယနဲ့ ပဉ္စမမြောက် ဦးပညောဘာသ နှစ်ပါးပဲ ပျံတော်မူတဲ့ထိ ကျောင်းထိုင်လို့ ဒီနှစ်ပါးပဲ ဘုန်းကြီးပျံ လုပ်ခဲ့ရတယ်။ ကျန်တဲ့ဘုန်းကြီးတွေကတော့ လူထွက်တာက တစ်ပါး၊ကျောင်းပြောင်းတာက တစ်ပါး၊ မိန်းမရတာက သုံးပါးရှိတယ်။
ဒီဘုန်းကြီး၈ပါးထဲမှာ ဦးပညောဘာသရဲ့ ငယ်မည်က မောင်သက်ပြန်တဲ့။ ကလေးတုန်းက သေပြီဆိုပြီး အသုချတာ မြေမြှုတ်ခါနီးမှ ခေါင်းဖွင့်ကြည့်တော့ မျက်စိတွေဖွင့်နေလို့ မသေသေးမှန်း သိရတော့ ပြန်ခေါ်လာပြီး သက်ပြန်လို့
နာမည်ပေးပြီး ကိုရင်ဝတ်ပေးကြတယ်။ဖိုးပြင်ချောက စာသိပ်မတတ်ရှာဘူးတဲ့။ ဖိုးပညောကို အရပ်ခေါ် ဖိုးပြင်ချောပေါ့။ တန်းရည်ခါးကလည်း အတော်ကြိုက်တယ် ဆိုပဲ။ ညနေတိုင်ကြရင် ရွာထဲက ဦးတင်မောင်က ကိုယ်တော် လန်ကျက်ဆိုရင် သူက အေး အေး ဖရောက်အား လို့ဆိုသတဲ့။ လက်ကျန်ချမယ်ပေါ့၊ ဘုရားအောက်မှာပေါ့။ဒါပေမယ့် ဒီဘုန်းကြီးက
ရွာကိုတော့ ဒုက္ခမပေးဘူးတဲ့။ ကျောင်းမိုးက မိုးယိုတာတောင် မပြင်ခိုင်းဘူ။ ဒီနားက ယိုရင် ဟိုနား ရွှေ့အိပ်တယ်တဲ့။
ရွာထဲမှာ ဟင်းပေါ်တယ် ဆိုရင် ကျောင်းသားတွေရောစားရအောင်ဝယ်ချက်ပေးသတဲ့။
သူပျံတော်မူလို့ ဘုန်းကြီးပျံလုပ်ဖို့ ရင်ခွဲ မီးကင် ကြတော့ ဖိုးကျောက်တင်တို့ မီးကင်တာလွန်သွားလို့ မီးလောင်သွားတာ မနည်းပြန်သတ်ရတယ် ဆိုပဲ။ တို့ဆီက ဓလေ့ကလည်း မကောင်းဘူးကွ။ ပြင်သင့်ကြပြီ။ သေပြီးမှတော့ တခါထဲ သင်္ဂြိုလ်တာပဲ ကောင်းတယ်။လေး ငါး ခြောက်လကြာမှ ဘုန်းကြီးပျံ ဆိုပြီး လျောက်လုပ်ကြတာ။ ထားပါတော့လေ။
ဒီဘုန်းကြီး ဦးပျင်ချောက ကျုပ်ဦးလေး ဘသီတို့၊သန်းမောင်တို့ကို စာသင်ပေးသတဲ့။ တရက်မှာတော့ ဦးပျင်ချောက ဟဲ့ သန်းမောင် ၇ နဲ့ ၂ ပေါင်းရင် ဘယ်လောက်တုန်းတဲ့။သန်းမောင်က ၉ ဘုရားဆိုတော့ လာစမ်း လာစမ်း ဒီလောက် အ ရသလားဆိုပြီး ခေါင်းခေါက်သတဲ့။ အဲဒါကို ဘေးနားက အာဂန္တုဘုန်းကြီးက ကြားတော့ ဟုတ်တယ် ကိုယ်တော်ရဲ့ ၉ ရတာ မှန်တယ်ဆိုတော့ ဟေ ဟုတ်သလား ငါမှားတယ်ကွ ငါ့ခေါင်းပြန်ခေါက်လို့ ဆိုသတဲ့လေ။
ပြုံးတော်မူ။


ပြုံးတော်မူ(၁၅)

သာယာဝတီမင်းခေါ် ရွှေဘိုမင်းကြီးကတိုင်းခန်းလှည့်တုန်း လွှစဉ်ပေါ်မှာ လွှသမားတွေ လွှဆွဲနေတာ
မြင်တော့ ဖိုးသူတော်ဦးမင်းကို ကဲ မောင်မင်း လွှသမားများ လွှဆွဲပုံကို ရုပ်လုံးပေါ်အောင် စာဆိုစမ်းဟု မိန့်တော်မူရာ ဖိုးသူတော်ဦးမင်းက

တဲ့စေတဲ့ တဲ့စေ
အလွဲချော်မဆောင့်ပါနှင့်
လမ်းဖြောင့်ပါစေ။

လုပ်လေလေ
ချွေးတွေကယိုစီး
အလွဲချော်မကျစေနှင့်
အိုကွာ
မင်းလွှသူကြီး။

ဟုစပ်ဆိုပြလိုက်ရာ မင်းတရားကြီးလည်း ပြုံးရွှင်ရယ်မောလျက် မောင်မင်းစာက ပြောင်လည်း
ပြောင်မြောက်ပါပေတယ်။ ဒါပေမယ့် လွှ မပါလျှင်တော့
ခပ်ခက်ခက်ပဲဟု မိန့်တော်မူလေ၏။

ဘဝအမောပြေနိုင်ကြပါစေ။

Thursday, October 10, 2013

ဗဟုသုတ

ဇမ္ဗူဒီပါတောင်ကျွန်းသြဘာနိမိတ်ထွန်း
ဇမ္ဗူဒိတ်နိမိတ်ထွန်းတဲ့။
တခြားတိုင်းပြည်တွေတော့ မသိဘူး။ ကိုကြီးတို့နိုင်ငံကတော့ အတိတ်၊နိမိတ်၊တဘောင်တွေနဲ့ ကင်းလို့ကို မရဘူး။
အလောင်းမင်းတရားကြီး နန်းတက်တော့ အဌမင်္ဂလံဆိုတဲ့ ဂါထာကို ထပ်ခါတလဲလဲ ရွတ်ပြီး နန်းတက်တော့ ပညာရှိအမတ်ကြီးက ဘုရင်ကြီးနန်းသက် ၈နှစ်ပဲကြာမယ်လို့ နိမိတ်ဖတ်တယ်။ အလောင်းမင်းတရားကြီးဟာ တကယ်ပဲ ၈နှစ်ထဲ နန်းစံရတယ်။ဘိုးတော်ဦးဝိုင်းနန်းတက်တော့ ဆေးတံဆိုတဲ့ တဘောင်ပေါ်တယ်။ ဆေးတံဆိုတော့ ၃၇။
ဒါကြောင့် ဒီဘုရင်ကြီးဟာ ၃၇ နှစ် နန်းစံရနယ်။သီပေါမင်းကြတော့ ဆင်ဖြူတော် ဂွေးစိခြောက်လုံးဆိုတဲ့
တဘောင်အတိုင်း ၆နှစ်ကျော်ရုံပဲ နန်းစံခဲ့ရတယ်။ ကနောင်မင်းသားကြီး အသတ်ခံရတဲ့နှစ်မှာ ဆင်ပြောင်ကြီး
ဖြုတ်ကိုက်လို့ သေဆိုတဲ့ တဘောင်ပေါ်တယ်။ တို့ကလေးတုန်းက ၂ တန်းလောက်မှာ တယောက်က နာမည်ခေါ်လိုက်ရင် ဗျို ဗျာ မထူးကြဘူး။ ဂေါင်းနီရေ ဆိုရင် အနံ့ ဂွက်ထော်ရေ ခေါ်ရင် အသက် စသဖြင့် ထူးကြတယ်။ လူကြီးတွေက ဆဲကြတယ်။ ဒီကလေးတွေ နိမိတ်မရှိ နမာမရှိတဲ့။ အဲဒီတုန်းက မိုးတွေ ၃ နှစ်လောက် ခေါင်လို့ ရွာသားတွေ စားစရာမရှိလို့ ဆန်ပြုတ် သောက်ကြရတယ်။ဆန်ပြုတ်မှာ ဆန်က ပါတယ်ဆိုရုံလေး အနံ့အသက်လောက်ပဲ။ ၈၈ အရေးအခင်း နားကြတော့ အတုံးအတစ်တဲ့။ အသတ်ခံကြရတာ အတုံးအတစ်လိုက်ပေါ့။ နိမိတ်တွေက ရှိနေတာပဲ။ ကျုပ်တို့တတွေ နားမလည်နိုင်ကြလို့သာပေါ့။၂၀၀၇ ဘုန်းကြီးအရေးအခင်းမတိုင်ခင် ၆လလောက်ကတဲက အရပ်ထဲမှာ
ကျုပ်ကလေးနှစ်ယောက်နဲ့ တခြားကလေးတွေ ဆိုလိုက်ကြတာ။
ရဲဘော်တွေတန်းစီဗိုလ်ကြီးအီးပေါက်သည်
ရှေ့ဆုံးကရဲဘော် ခါချဉ်ကိုက်လို့အော်
နောက်ဆုံးကရဲဘော် အီးပေါက်လို့အော်တဲ့။
စစ်သားတွေလည်း မြို့ထဲတန်းစီလို့ ဘုန်းကြီးတွေလည်း တန်းစီလို့ ရှေ့ဆုံးက ဘုန်းကြီးတွေ အဖမ်းခံရ။ ကျောင်းရှိတဲ့ သံဃာတွေလည်း ဝါကျိုးလို့။ ရွာကို အတင်းအကြပ် ပြန်ပို့ခံရပေါ့။တဘောင်တွေ ပြောပါတယ်။
ကျုပ်ဦးလေးကံမြင့်က မဲဇာဘက်ကကောင်မနဲ့ မင်္ဂလာဆောင်ဖို့ မိဘတွေလာခေါ်တော့ မိဘတွေ၊သားချင်းတွေက

ပိုက်ဆံရှာကြ ခရီးသွားဖို့ ပြင်ကြနဲ့ပေါ့ ။ပိုက်ဆံရှာကြတော့ ငွေသုံးထောင်ရတယ်။ အဲဒါ သားအငယ်ဖိုးစန်းက အမေ မင်္ဂလာဆောင်သွားမှာ ပိုက်ဆံ ဘယ်လောက်ပါတုန်း မေးတော့ အမေလုပ်တဲ့လူက သုံးထောင်တဲ့။ အဲဒီဖိုးစန်းက အမေရယ် သုံးထောင်ထဲနှင့်တော့ လက်ပြတ်ပဲ ရတော့မှာပေါ့တဲ့။ အင်္ကျီဆိုရင် ၂ ကိုက်မှ လက်ရှည် ချုပ်လို့ ရတာကိုး။သုံးတောင်ဆိုတော့ လက်တိုလက်ပြတ်ပေါ့။သူကတော့ ရွှတ်နောက်နောက်မို့ ပြောတာပေါ့။ မဲဇာရောက်တော့ သတို့သမီးက လက်မခံလို့ ပြန်ခဲ့ကြတော့ ရထားအတက်မှာ ရထားပေါ်က ပြုတ်ကြလို့ မိခင်ဖြစ်တဲ့ ဒေါ်အေးမှာ ရထားက ကျိတ်သွားလို့ လက်တဖက် ပြတ်သွားပါရောလား။ သုံးတောင်နဲ့တော့ လက်ပြတ်ပဲ ရတော့မှာပေါ့ဆိုတဲ့ သားလုပ်သူရဲ့ နိမိတ်အတိုင်း အဘွားဒေါ်အေးလည်း သေသည်အထိ လက်တဖက်ပြတ်နဲ့ နေသွားရရှာတယ်။
မင်္ဂလာရှိသော စကားများများ ပြောကြပါစို့။

ဘုန်းတော်ကြီး ဦးဖိုးသိန်း

ဥယျာဉ်တောတန်း တံတားလမ်းနှင့်
ရေချမ်းစဉ်တည် ရေကန်ဆည်လျက်
မှီတွယ်ခိုနား ကျောင်းအိမ်များသည်
ခြောက်ပါးခိုင်မာ ကောင်းမှုတည်း။ ။

ဘုန်းတော်ကြီးဦးဥက္ကံသ ခေါ် ဦးဖိုးသိန်းသည် ရွာသစ်ကြီးနယ် သရက်ခါးရွာ၌ ၁၂၁၃ ခုနှစ်တွင် ဖွားမြင်သည်။ရှေးယခင်က သရက်ခါး မရမ်းမ ကျက်ဆူကန် စည်းကြီး ဆံဆွဲ ဒေသကို ရွာသစ်ကြီးနယ် ဟုခေါ်ခဲ့ကြသည်။
ဆရာတော်သည် အသက် ၂၀တွင် ရဟန်းပြုပြီးနောက်
ဇီးပေါက်ရွာဟောင်းကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့သည်။အဆိုပါရွာဟောင်းကျောင်းမှာ ယခု ဇီးပေါက်ရွာ၏ အနောက်မြောက်ဘက် ၄မိုင်ခန့်အကွာ စည်တုံးလုံးချောင်းတောင်ဘက် မိုင်ဝက်ခန့်အကွာ မန်ကျည်းကုန်းတော၌ တည်ရှိသည်။ယခု လက်ရှိတွင်
ဘုရား ၃ ဆူနှင့် ရေကန်တစ်ခု ကျန်ရှိသည်။ရေကန်၏အနောက်ဘက်တွက်ဆရာတော်စိုက်ပျိုးခဲ့သော ဘောလုံးကွင်းနှစ်ကွင်းစာခန့် ကျယ်ဝန်းသော မန်ကျည်းတောအုပ် တစ်ခု တည်ရှိလေသည်။
ဆရာတော် အဆိုပါကျောင်း၌ သီတင်းသုံးနေထိုင်စဉ် မြင်ကွန်းမင်းသားအရေး ထန်းတပင်မင်းသား အရေး စသည်တို့ကြောင့် တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်နေချိန်ပင်။ဆရာတော်၏ကျောင်းသို့ သူပုန်မင်းသားညီနောင် လာရောက် တည်းခိုသွားသေးသည်ဟု အဆိုရှိသည်။ထိုမင်းသားနှစ်ပါးမှာ ကနောင်မင်းသား၏သားတော် နှစ်ပါး ဖြစ်ဖွယ်ရာရှိသည်။မြင်ကွန်းမြင်ခုံတိုင်တို့မှာ ရန်ကုန်ဘက်သို့ ထွက်ပြေးခြင်းဖြစ်သည်။ထန်းတပင် မင်းသားနှင့် ပတိမ်းမင်းသားတို့မှာ ဖခင်ကနောင်မင်းကြီး၏ ရွှေဘိုမြောက်ဘက်သို့ ခိုလှုံပြီး မင်းတုန်းမင်းအား ပုန်ကန်ကြခြင်းဖြစ်သည်။ဤကဲ့သို့ တိုင်းရေပြည်ရာ ရှုပ်ထွေးလာမှု ဆိုင်ရာအစိုးရက ပတိမ်းမင်းသားဘက်ပါသူ များကို လိုက်လံဖမ်းဆီးမှုများကြောင့် ဇီးပေါက်ရွာမှာလည်း ရွာပျက်သကဲ့သို့ ဖြစ်လာသည်။ရွာသားများလည်း အခြေအနေ မငြိမ်သက်၍ ယခုလက်ရှိရွာ၏ အနောက်တောင်ထောင့်၌ရှိသော တောင်တဲစု အရပ်သို့ စတင်ပြောင်းရွှေ့ခဲ့ကြသည်။ထိုတောင်တဲစုမှာ လယ်ပုတ်ကြီးရွာအနီးရှိ  အင်းရှည်အင်းနားရွာများမှ လယ်ယာလုပ်ကိုင်ကြပြီး တဲစုကလေးအဖြစ်နေထိုင်ကြရာ တောင်အရပ်မှ လာရောက်နေထိုင်ကြသောကြောင့် တောင်တဲစု ဟု အမည်တွင်ခဲ့သည်။
ရွာသူရွာသားအတော်များများ ပြောင်းရွှေ့သွားကြသဖြင့် ဘုန်းတော်ကြီး ဦးဖိုးသိန်းမှာ မိမိသီတင်းသုံးရာ ရွာဟောင်း၌ ဆွမ်းကွမ်းကိစ္စ ခက်ခဲလာသဖြင့် မိမိ၏ဇာတိ ရွာသစ်ကြီးနယ်သို့ ပြန်လည်ကြွလှမ်းခဲ့သည်။
ယင်းသို့ပြန်ကြွလာရာ ယခုဇီးပေါက်ရွာတောင်ဘက် ကံများကျောင်းတည်ရှိရာ အရပ်၌ ကန်ကလေးကုန်းရွာမှ ဦးဘိုးပိုက်နှင့် တွေ့ဆုံ၍ မေးမြန်းလျောက်ထားရာ ဆွမ်းကိစ္စ အဆင်မပြေ၍ မိမိဇာတိသို့ ပြန်ကြွမည့်အကြောင်း သိရှိရသဖြင့် ဦးဘိုးပိုက်လည်း တပည့်တော် ကျောင်းဆောက်လှူဒါန်းပါမည်။ဆွမ်းကွမ်းကိစ္စလည်း ပြည့်စုံအောင် ဆောင်ရွက်ပါမည်။မည်သည့်အရပ်မှ မကြွပဲ ဤနေရာ၌ သီတင်းသုံးတော်မူပါဟု လျောက်ထားသဖြင့် ဆရာတော်လည်း သာသနာအရေးကို ထောက်ရှု၍ ဒါယကာဒါယိကာမတို့အား သနားညှာတာသောအားဖြင့် ပင့်လျောက်ချက်ကို လက်ခံကာ ထိုနေရာတွင် သီတင်းသုံးတော် မူခဲ့သည်။
ဦးဘိုးပိုက်သည် မိမိပိုင်လက်ထုပ်ပင်ကုန်းနေရာကို ပြုပြင်ရှင်းလင်းပြီး ကျောင်ဆောက်လှူဒါန်းခဲ့သဖြင့် ကံများကျောင်းဟူ၍ ပေါ်ပေါက်လာခဲ့သည်။ထိုစဉ်က ကန်ကလေးကုန်းရွာ ဇီးပေါက်ရွာတို့၌ ဘုန်းကြီးကျောင်းမရှိသေးသဖြင့် ကံများကျောင်းကိုသာ ကိုးကွယ်ခဲ့ကြရသည်။
ဇီးပေါက်ရွာဟောင်း၌ ကျန်ရစ်ခဲ့ကြသော ရွာသားများလည်း မိမိတို့ ဘုန်းကြီးလည်း ဘုန်းကြီးကျောင်း၌ မရှိတော့ချေပြီ။ယခု ကံများကျောင်း၌ ကျောင်းထိုင်နေငည်ဟု သိကြလေလျင် ဆရာတော်၏ သံယောဇဉ်ဖြင့် အားလုံးလည်း ယခင်ပြောင်းရွှေ့ ကြသူများနောက်သို့ လိုက်လံပြောင်းရွှေ့လာခဲ့ကြရာမှ ရွာလည်း ပြန်လည် စုစည်းမိလာပြီး တောင်တဲစုဟူ၍ မတွင်တော့ပဲ ဇီးပေါက်ဟူ၍ ပြန်လည်ခေါ်ဆိုခဲ့ကြတော့သည်။
ဆရာတော်ဦးဖိုးသိန်းသည် ကံများကျောင်း၌ ခုနစ်နှစ်ခန့် သီတင်းသုံးနေထိုင်ခဲ့ပြီး သိမ်ဘုရားတစ်ဆူကိုလည်း တည်ထား ကိုးကွယ်တော် မူခဲ့သည်။
နောက်ပိုင်းတွင် ဆရာတော်သည် လူသူများနှင့် နီးရာတွင် မနေလိုတော့သဖြင့် တပည့်ဖြစ်သူ
ဦးကောသလ္လအား ကျောင်းလွှဲအပ်ကာ ဇီးပေါက်ရွာ၏ အနောက်မြောက်ဘက်ရှိ တောရကျောင်းသို့ တရားဘာဝနာ ပွါးများနိုင်ရန် ပြောင်းရွှေ့ သီတင်းသုံးတော်မူခဲ့သည်။ ဆရာတော်သည် ကံများကျောင်းမှ တောရကျောင်းသို့ သွားရာ ဆွမ်းခံကြွရာ လမ်းတလျောက်၌ အရိပ်ရ၍ လူအများ နားခိုနိုင်ရန်အလို့ငှာ မန်ကျည်းပင်၊ အင်ပင်ကြို့ပင်များ စိုက်ပျိုးခဲ့သည်။ ဇီးပေါက်ရွာ၏ မြောက်ဘက် မန်ကျည်တန်းသည်လည်းကောင်း ၊တောရကျောင်းအဝင်

မန်ကျည်းတန်းသည်လည်းကောင်း၊လယ်ကြီးကြို့ပင်၊ဂွထိုးမန်ကျည်းပင်၊မြောင်းဦးကြို့ပင်တို့သည် ဆရာတော်  စိုက်ပျိုးခဲ့သော သစ်ပင်ကြီးများပင် ဖြစ်သည်။
ဆရာတော်သည် တောရကျောင်း၌ သီတင်းသုံးနေစဉ် အတွင်း တောရကျောင်း ကန်နှစ်ကန်နှင့် တောရကျောင်းဆည် ခေါ်သော ရေကန်ငယ်တစ်ခု စုစုပေါင်း ရေကန်သုံးကန်ကို မိမိ၏နဝကမ္မ အလှူငွေများနှင့် ဆွမ်းဆန်အစရှိသည်တို့ကို ပေးကမ်း၍ တူးဖော်ခဲ့သည်။ ဆရာတော်ဦးဖိုးသိန်းသည် ရေကန်သုံးကန်ကို တူးဖော်ခဲ့သည်သာမက ကျောင်းစည်းရိုးပတ်လည်တွင် ရေအိုးကလေးများ ချကာ နေ့စဉ်နေ့တိုင်း ရေကန်မှ ရေများကို ခပ်၍ တောတိရိစ္ဆာန်များ သောက်သုံးနိုင်ရန် မနက်တိုင်း ဖြည့်ပေးတော်မူခဲ့သည်။
ဆရာတော်သည် ဘာဝနာကမ္မဌာန်း စီးဖြန်းသဖြင့် သီလသမာဓိနှင့်လည်း ပြည့်စုံတော်မူသည်။ မိမိ တူးဖော်ထားသည့် ကန်ထဲရှိ ငါးများကိုလည်း နေ့စဉ်ခေါ်ယူ၍ အစားကျွေးမွေးထားရာ ငါးများမှာလည်း ဆရာတော်နှင့် ယဉ်ပါး၍နေ၏။ ဆရာတော်သည် ဘေးမဲ့ပေးသည့်  အနေဖြင့် ငါးရံ့ကြီး တစ်ကောင်၏ ဦးခေါင်းကို ရွှေချပေးထားသည်။ ရွှေရောင်တဝင်းဝင်းနှင့် အဆိုပါ ငါးရံ့ကြီးမှာ ဆရာတော် ပျံတော်မူပြီးနောက် ပျောက်ကွယ်သွားသည်။ အဆိုပါ ငါးကြီးကို ရွှေဘိုဘက်တွင် သွားတွေ့ရသည် ဟုလည်း မှတ်သားခဲ့ဖူးသည်။
ဆရာတော်ကြီးသည် ဆေးဝါးလည်း ကုသပေးသေးသည် ဆို၏။ နက္ခတ်ဗေဒင် အထူးကျွမ်းကျင်သည် ဆို၏။သီပေါမင်း ပါတော်မူခါနီးတွင် ကောင်းကင်ကို မော့ကြည့်ပြီး မင်းတို့ ဘုရင် ပလ္လင်ပေါ် မရှိတော့ဘူး။ နန်းကျသွားပြီဟု အမိန့် ရှိတော်မူသည်။မကြာမီပင် သီပေါမင်းအား ကုလားခိုးသွားကြောင်း၊ဒါယကာ၊ဒါယိကာမများကြားသိကြရသည်ဟုဆို၏။

ဆရာတော်ဦးဖိုးသိန်းသည် ၁၂၆၈ခု ဝါဆိုလပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့ မနက်အာရုဏ်တက်တွင် ပျံတော်မူသည်။ ပျံတော်မူချိန်၌ သက်တော် ၅၅ နှစ်၊ဝါတော် ၃၅ ဝါသာရှိသေးသည်။ပြာသိုလတွင် ဘုန်းကြီးပျံပွဲ ကျင်းပသည်။ ဘုန်းကြီးပျံပွဲကို ယခုဇီးပေါက်ရွာ မူလတန်းကျောင်း၏ အရှေ့ဘက် ကန်ကလေးကုန်းရွာ တောင်ဘက်ရှိ ကန်ကြီး၏အနောက်ဘက်၌ ကျင်းပကြသည်။ယနေ့အချိန်ထိ အဆိုပါလယ်ခြင်းကို လောင်တိုက်လယ်ခြင်းဟု ခေါ်ကြသည်။
ဆရာတော်ကြီးသည် တရား ဘာဝနာပွားများခြင်း၊သီလသမာဓိ ပြည်စုံခြင်း၊ရေကန်များ တူးဖော်ခဲ့ခြင်း၊ ကြက်၊ငှက်၊တိရိစ္ဆာန်များ သောက်သုံးရန် ရေအိုးများတွင် ရေခပ်ဖြည့်တော်မူခြင်း၊ သစ်ပင်များ စိုက်ပျိုးတော်မူခဲ့ခြင်း စသည့်ကောင်းမှု ကုသိုလ် အစုစုကြောင့် ဘုန်းကြီးပျံ ကျင်းပရန် လောင်တိုက်ကျင်းများ တူးကြရာ ကျင်းတူးလိုက်တိုင်း ရေများ ထွက်လာသည်ဆို၏။ သိုနှင့် အဆိုပါ ရေများကို ရေတွင်းငယ်ကလေး တူး၍ ထားရာ ဘုန်းကြီးပျံပွဲ ပြီးဆုံးသည်အထိ ဖောဖောသီသီ သုံးစွဲကြရသည်ဆို၏။ ဘုန်းကြီးပျံပွဲလာ ပရိသတ်များလည်း လောင်တိုက်တွင်းမှ ရေများကို ရောဂါပျောက်သည်၊ မျက်စိနာပျောက်သည် ဟူ၍ ပုလင်းများဖြင့် ခပ်ယူသွားကြလေသည်။ ဘုန်းကြီးပျံပွဲ ပြီးသောအခါ အဆိုပါရေတွင်းမှ ရေများလည်း ခန်းခြောက်သွားချေတော့၏။
ဤကား ဆရာတော်ဦးဥက္ကံသခေါ် ဘုန်းတော်ကြီး ဦးဖိုသိန်း အကြောင်း ညီတော်၊နောင်တော်များ ကြည်ညိုပူဇော်နိုင်ရန် ရေးသားလိုက်ရခြင်းသာ။အဆိုပါ ဘုန်းတော်ကြီးပျံပွဲ ပုရပိုဒ်မှာ တယောက်ယောက် ယူသွားသဖြင့် ကျွန်ုပ် မှတ်ထားသမျှနှင့် ကန်ကလေးကုန်းရွာ ဦးသက်ရှည်၏ ပြောပြသည့် ခုနှစ်၊သက္ကရာဇ်များကိုသာ ဖော်ပြလိုက်ရပါကြောင်း။ ကံထူးမရွာရှိ ဦးသန်းရွှေ ၊ဦးမြင့်လွင်တို့၏ အဘွား ဒေါ်ပွဲမှီမှာ ယင်းဘုန်းကြီးပျံပွဲ အမှီ မွေးသဖြင့် ပွဲမှီဟု အမည် ပေးခဲ့ကြောင်း သိရှိမှတ်သားမိသမျှ ဝေမျှလိုက်ရပါသည်။

ပြုံးတော်မူ(၁၄)

မင်းတုန်းမင်းကြီးက တစ်နေ့မှာ သူ့ရဲ့မိဘုရားတွေကို မိမိတို့လုပ်တတ်တဲ့ မုန့်တစ်မျိုးဆီလုပ်ပြီး သူ့ကို ဆက်သဖို့ ပြောလိုက်တယ်။ဒါနဲ့ မိဘုရားတွေလည်း ကိုယ်လုပ်တတ်တဲ့ မုန့်ကလေးတွေ လုပ်ပြီး ဘုရင်ကြီးဆီ ဆက်သကြတာပေါ့။အဲဒီလို အမိန့်ပေးတာကို မြင်ကွန်းမင်းသားကြီး ကြားတဲ့အခါကြတော့ စားစရာတွေ ဒီလောက်ပေါတာ ပေါက်တတ်ကရ ခိုင်းရပါ့မလားဆိုပြီး ဆင်ထီးအသေကောင်က ဟိုဒင်းကြီးဖြတ်ပြီး အပိန်းလိုက်လှီး ကြော်တယ်။ပြီးတော့ သူ့မယ်တော်မိဘုရားဆီကနေ မင်းတုန်းမင်းဆီပို့တဲ့ မုန့်ကို ကြားဖြတ်ယူထားပြီး သူကြော်ထားတဲ့ ဆင့်ဟိုဒင်းကြီးနဲ့ လဲပေးလိုက်တယ်။မင်းတုန်းမင်းကြီးလည်း ဒီမုန့်က ထူးဆန်းတယ်ဆိုပြီး စားကြည့်တယ်။ဆွဲဖဲ့လို့မရ ကိုက်ဖဲ့လို့မရနဲ့ မင်းတုန်းမင်းလည်း စိတ်ညစ်ပြီး အဲဒီ မုန့်ဆန်းကြီးကို နန်းတော်အောက်က ခွေးကို ပစ်ပေးလိုက်တယ်။ခွေးကလည်း ကိုက်မရ ဝါးမရ ဆွဲဖဲ့လို့မရ နဲ့ စိတ်ညစ်ပြီး ထားခဲ့တယ်။ခွေးက စားမရလို့ ပစ်ထားခဲ့တော့ ကျီးတစ်ကောင်က လာချီသွားလို့ မင်းတုန်းမင်းရဲ့ မုန့်ဆန်းကြီးလည်း အစပြတ်သွားတော့တယ်။

တီးလိုက်ပါတဲ့ဗုံကြီးသံ

တီးလိုက်ပါတဲ့ဗုံကြီးသံ

ဗုံတို ဗုံတို ဗုံ ဗုံတို ဘိုးတော့်ဗုံတို
ဗုံရှည် ဗုံရှည် ဗုံဗုံရှည် ဘိုးတော့်ဗုံရှည်
ဝေဇယန္တာနန်းဗုံ
မြမန်းလေး မြမန်းဇေယျဗုံ
ရဂုံဗွေဝယ်လေ သာသနာထွန်း ထွန်း
ထွန်းပါ ထွန်းပါစေ ထွန်းပါ ထွန်းပါ့စေ။
အထက်ပါတေးသံကား စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွှေကျင် ၁၃ ရွာနယ်အဝင် ဇီးပေါက်ကျေးရွာမှ ကောက်စိုက်သူမတို့၏
ကောက်စိုက်တေးသံ အစပင်။တာဝတိံသာရှိ ဝေဇယန္တာနတ်နန်းမှ ဘိုးတော်သိကြားမင်း၏ဗုံကြီးကို ရည်ညွှန်း၍ သီချင်းဖွဲဆိုပြီး သာသနာတော်ကြီးလည်း ဤမိုးအောက်မြေပြင်တလွှားသို့ 
ထွန်းလင်းပါစေ ဟုဆုတောင်ဖြင့် ကောက်စိုက်တေးသံကို အစပြု သီဆိုထားကြသည်။
၎င်းတို့ တေးသံအစတွင် ပါရှိသည့် ဗုံရှည်ခေါ် ဗုံကြီးကား တစ်ခေတ်တချိန်က ရွှေဘိုခရိုင်
ကျွန်ုပ်တို့ တန့်ဆည်နယ်အနှံ့အပြား၌ ထွန်းကားခဲ့လေ၏။
ဗုံကြီးသည် အလောင်းမင်းရားကြီးလက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟုဆိုကြသည်။ ရွှေဘိုဗုံကြီးကို သက္ကရာဇ်၁၁၁၅ ခုနှစ်တွင် စတင် တီထွင်ခဲ့သည်။မင်္ဂလာယူသော အခါသမယတွင် တီးကြသည်။ရှေးအခါက ဘုရင်များ လယ်ထွန်မင်္ဂလာ ကျင်းပရာတွင်လည်းကောင်း၊တောင်သူလယ်သမားများ လယ်ထွန်ရာ ၊ကောက်စိုက်ရာတွင် လည်းကောင်း၊
ယင်းဗုံကြီများကို မြေပေါ်တွင်ချíတီးလေ့ရှိသည်။ (ရွှေဘိုနိဒါန်း စာ၂၄၆ )
ကျွန်ုပ်တို့ငယ်စဉ်က ဗုံကြီးသံကို ကောက်စိုက်ရာတွင်လည်းကောင်းဘုရားပွဲဆွမ်လောင်းပွဲများတွင် 
လည်းကောင်း နှစ်စဉ်နားထောင်ခဲ့ရသည်။ နှစ်စဉ်ကျင်းပလေ့ရှိသောကန်များကျောင်း
ဆွမ်းလောင်းပွဲတွင် မရမ္မိရွာမှ ဦးအောင်စိန်၏ဗုံကြီးအဖွဲ့။ အင်ပင်အိုင်ရွာမှ ဦးသိန်း၊ ဖိုးစံကြွယ်တို့ဧ။်
ဗုံကြီးအဖွဲ့၊ကန်ကလေးကုန်ရွာမှ ဦးတိုက်စိုး၊ဦးထွန်းသင့်၊ဦးထွန်းပွင့်၊
ဦးထန်းမောင် တို့ ဗုံကြီးအဖွဲ့ ၏ ဗုံကြီးသံများကိုနှစ်စဉ် ကြားခဲ့ရသည်။
သို့သော်၁၉၈၈အရေးအခင်းပြီးနောက် အသက်အရွယ် ရလာသောဗုံမင်းသားကြီးများတစ်ယောက်ပြီးတစ်ယောက် လူ့လောကကြီးမှ စွန်ခွါသွားကြရာထိုနောက်ပိုင်းမှစ၍ ဦးအောင်ဇေယျ၏ ပြည်ထောင်ဘက် ဗုံကြီးသံလည်းပျောက်ကွယ်သွားချေတော့၏။
သို့ဆိုသော် ယနေ့ခေတ် အသက်၂၅/၃၀ အရွယ်အောက်ရှိလူငယ်မောင်မယ်၊ ကလေးသူငယ်တို့မှာ
ဗုံကြီးသံမှာဘာကိုခေါ်မှန်းမသိကြတော့ချေ။ ဗုံကြီးကိုမည်ကဲ့သို့တီးခတ်မှန်းလည်းမသိကြတော့ချေ။
ကျေးရွာအသီးသီး၌ ရှိခဲ့ဘူးသောဗုံကြီးများမှာလည်းသားရေမရှိတော့ပဲဗုံခေါင်းသာကျန်ရှိတော့သဖြင့် ဗုံကြီးကိုပင် မမြင်ဘူးကြတော့ချေ။ သို့ဖြစ်၍ ကျွန်ုပ်ငယ်စဉ် အသက်၂၀ခန်ထိ ကြားခဲ့ ကြည့်ခဲ့ နားသောတဆင်ခဲ့ဖူးသည့် ဗုံကြီးသံအကြောင်း နှောင်းလူတို့ သိကြစေရန် ဤနေရာမှ ရေးသားပါဦးမည်။
ဗုံကြီးတီးဝိုင်းတွင် အခြားတီးဝိုင်းများကဲ့သို့ တူရိယာများများမပါချေ။ လင်းကွင်းတစ်စုံနှင့်ဗုံကြီး(၂)လုံးသာ
ပါရှိ၏။ထို့ကြောင့် ဗုံကြီးဝိုင်းတစ်ခုတွင် လူအနည်းဆုံးသုံးယောက်ရှိလျင် ဗုံကြီးတီး၍ရပေပြီ။ သို့သော် ဗုံကြီးများမှာလည်ပင်း၌ လွယ်၍ တီးရသဖြင့် လေးလံလှသောကြောင့် လူစားလဲ၍ တီးရလေ၏။
ဗုံကြီးဝိုင်းတစ်ခု၏ အဓိကပုဂ္ဂိုလ်မှာလင်ကွင်းတီးသည့်သူပင်ဖြစ်သည်။ သူ့ကိုဗုံမင်းသားဟုခေါ်သည်။ ဗုံမင်းသားမှာဗုံကြီးသီချင်းများကိုသီဆိုယင်းလင်ကွင်းနှစ်ချပ်ကိုစည်းချက်ကျကျ တီးခတ်ပေးရသည်။ သူ၏လင်ကွင်းသံဆုံးမှ ဗုံကြီးတီးသူနှစ်ဦးကဗုံကြီးကို ပြိုင်တူတီးခတ် ကြရသည်။ထိုသို့ ပြိုင်တူတီးကြသောအခါ
လက်ကျညီရပြီးဗုံသံမှာလည်းတစ်သံတည်းသာထွက်ရသည်။
ဗုံကြီးကိုယမနေသားဖြင့် ပြုလုပ်ကြသည်။ယမနေသားမှာခိုင်ခန့်ပေါ့ပါးသဖြင့် လည်ပင်းတွင်
အချိန်အတော်ကြာလွယ်ပြီးတီခတ်နိုင်သည်။ ယမနေသားကိုသာအသုံးပြုကြကြောင်းကို ၄င်းတို့ ၏ ဗုံကြီးသံများတွင် ထည့်သွင်း၍ သီဆိုထားသည်ကိုတွေ့နိုင်သည်။
ယမနေပင်ရွှေနှစ်ရယ်နဲ့ ထိုးလေးသစ် ကျုပ်တို့ ဗုံ
ကျုပ်တို့ဗုံတည်ကတည်းရယ်က
နတ်ခြောက်ရွာဝတိံထဲမိုးသံနဲ့တွဲ။
ဗုံကြီးတစ်လုံးဆီတွင် အဖိုဘက် အမဘက်ဟူ၍ ရှိသည်။ ထိပ်ဝအနည်းငယ်ပို၍ ကျယ်သည့်ဘက်မှာအမဘက်ဖြစ်သည်။အဖိုဘက်မှာအဝအနည်းငယ်ကျဉ်းပြီးအတွင်းဘက်၌ အင်းကွက်များရေးထိုးထားသည်ကိုတွေ့ရသည်။ဗုံသားရေပြုလုပ်ရန်အတွက် နွားမတန်း နွားပျိုသားရေမှာအကောင်းဆုံးဟုဆိုသည်။ ထိုသားရေဖြင့် ထိပ်ဝကို ပိတ်ပြီးသားရေကြိုးများဖြင့် ဟိုဘက်ထိပ် သည်ဘက်ထိပ် ဆွဲ၍ချည်ရသည်။ ထိုသားရေကြိုးကိုဒရယ်ကြိုးဟုခေါ်သည်။ဗုံမင်းသား၏ လင်းကွင်းသံအဆုံး၌ ဗုံကြီးတီးသူနှစ်ယောက်သည် တစ်ဦးကိုတစ်ဦးအချက်ပေးသည့်အနေဖြင့် အဆိုပါဒရယ်ကြိုးကိုလက်ဖြင့်ဆွဲပြီးလွှတ်လိုက်ရသည်။ ထိုအခါ ဒရယ်ကြိုးမှာယမနေသားကိုရိုက်မိပြီး ဖြတ်ဟူ၍ အသံထွက်လာသည်။ 
ပြီးမှ ဗုံကြီးကို ပြိုင်တူတီးကြရသည်။ ဗုံကြီးတစ်လုံးတွင် ဒရယ်ကြိုးကိုးဆယ်ထိပါရှိကြောင်းကိုလည်း 
ဗုံမင်းသားကသူ၏ဗုံကြီးသီချင်းထဲတွင် ထည့်၍ ဆိုပြထားသေးသည်။
ကိုးဆယ်ကျော်ဗျာဒရယ်ကြိုးတွေနဲ့
မိုးထိအောင် မြည်ပါလှတယ်ဗျာနန်းမြေထိမွှေး။

ဗုံကြီး၏ အရွယ်အစားမှာအဖိုဘက်တွင် ထိပ်ဝလုံးပါတ် ၄၄လက်မရှိပြီး အချင်း ၁၄လက်မ၊ အရှည်၄၅လက်မ ရှိသည်။ အမဘက်တွင် လုံးပါတ် ၄၇လက်မ၊အချင်း၁၅လက်မ၊ အရှည်၄၅လက်မ အသီးသီးရှိသည်။ (ဇီးပေါက်ရွာမှ ဗုံကြီး၏အတိုင်းအတာဖြစ်သည်)။အထူမှာလက်မဝက်ခန့်ထူသည်။
ဗုံကြီးကိုတီးလိုလျင် အိုးစည်ပတ်မများကဲ့သို့ ဗုံစာကပ် ရသည်။ ဗုံကြီးနှစ်လုံးစာအတွက် ဆန် ၂ ပြည် တစ်ခွက်ချက် ကုန်သည်ဟုဆိုသည်။ ထမင်းကျက်လျင် ဖျာပေါ်၌ ပုံ၍ ဖုန်သဲမပါသော ပြာတစ်စိတ်နှင့် ထည့်၍ နယ်ရသည်။ညက်နေအောင် နယ်ပြီးပါကဗုံကြီး၏ အမဘက်ကိုအပြည့်ကပ်ရသည်။ ဗုံစာ၏ အထူမှာထိုအမမျက်နှာပြင်တွင် သုံးလေးလက်မကျော် ထူအောင်ကပ်ရသည်။ တုန်ခါမှု အားကောင်းပြီးဗုံသံကိုအဝေးသို့ ဟိန်းသွားစေရန် ဖြစ်သည်။
ကျွန်ုပ်တို့ န၀မတန်း မြန်မာကဗျာစာအုပ်တွင် ပါရှိသည့်
မောင့်ဗုံသံအစာကောင်းလို့ မောင်းသံလိုဟီဟူသောကဗျာမှာဤဗုံစာကိုရည်ညွှန်းခြင်းပင်။ ဤကဲ့သို့ အစာကောင်းပါကဗုံကြီးသံမှာလေးငါးမိုင်အကွာမှ တီးသံကိုမည်သည့်အသံချဲ့စက်၊မိုက်ခရိုဖုန်းမပါပဲ ကြည်လင်ပြတ်သားစွာ ကြားနိုင်ပေသည်။
အဖိုဘက်ကားဗုံကြီးတီးသည့်ဘက်ဖြစ်သည်။ အဆိုပါ အဖိုဘက်တွင်ကားအိုးစည်ပတ်မများကဲ့သို့ ဗုံစာကိုအလယ်ခေါင်တွင်သာကပ်ရသည်။ ဗုံနှစ်လုံးအသံမတူစေရန် တစ်လုံးကိုဗုံစာမန်ကျည်းစေ့ခန့်  လျှော့၍ ကပ်ရသည်။အဖိုသံနှင့်အမသံထွက်စေရန်ဖြစ်သည်။ များသောအားဖြင့် ဗုံစာကပ်သူမှာဗုံကြီးတစ်လုံးကိုတစ်ဦးထဲသာကပ်လေ့ရှိသည်။ အမဘက်တွင် ကပ်ထားသောဗုံစာအထူအပါးပေါ် မူတည်၍ အဖိုဘက်ကဗုံစာကိုညှိရသည်ဟုဆိုသည်။ ဗုံစာကပ်၍ပြီးလျင်ကားဗုံကြီးတီးရန် အသင့်ဖြစ်ပေသည်။ ဗုံကြီးတီးသူသည် ဗုံကြီးကိုလည်ဂုတ်ပေါ်တွင် ချိတ်ဆွဲပြီးဗုံကြီးကိုရင်ပတ်
ရှေ၌ ဒိုးပတ်ကဲ့သို့ ထားရသည်။ ဒိုးပတ်မှာ နှစ်ဖက်စလုံးတီးရသော်လည်းဗုံကြီးမှာအဖိုဘက်တစ်ဖက် ထဲကိုသာတီးရသည်။ ဤကဲ့သို့ ဗုံကြီးကိုလွယ်၍ တီးရကြောင်ကိုလည်းဗုံမင်းသားကဤသို့ ဆိုပြန်သေးသည်။
ဗုံရှည်ကိုကွယ် လွယ်ကာတီးပါလို့
ချွေယိုစီးပေါ့ မင်းတို့မောင်
မမောခင်ကွယ် ရေကြည်ကိုသာဆက်လှည့်ပါကွယ့်
မပန်းခင်ကွယ် ရေကြည်ကိုသာဆက်လှည့်ပါကွယ့်
ကညာပျို သူဇာအလှရယ် မင်းရှက်သလားဟု
ချစ်သူရည်းစားကိုရေကြည်တိုက်ဖို့ ရှက်နေသယောင် ရေးဖွဲ့သီကုံးထားသေးသည်။
ဗုံကြီးတီး၍ အချိန်ကြာလျှင် ဗုံစာခြောက်သွား၍ အသံပြောင်းသွားတတ်သည်။ ထိုအခါ ရေဖလားထဲသို့
လက်နှိုက်၍ ဗုံစာပေါ်ကိုရေစွတ်လိုက်လျင် အသံမှာမူရင်းအသံသို့ ပြန်ရောက်လာသည်။ ဤသည်ကိုပတ်စာရေစာလိုက်သည်ဟုခေါ်ကြသည်။
ဗုံမင်းသားမှာဗုံကြီးသီချင်းကိုသာမကဇာတ်ထုတ်ဇာတ်လမ်းများကိုလည်းခင်းကြသေးသည်။ ဗုံမင်းသားမှ တစ်ယောက်တည်းစာဟောဆရာကဲ့သို့ ပြောနေခြင်းသာ။ဗုံတီးသူများကရံဖန်ရံခါ လိုက်ထောက်ပေးရုံသာ။
မင်္ဂလာရွှေဗုံကြီးကိုတဲ့တီးရရယ်တဲ့ချေတော့မယ်
လက်ဆယ်ဖြာပဏာသဦးချလျက်ပါ
တီးလေတော့မယ်ဗျ အိမ်ကြီးရှင်ရယ် နားဆင်ပါ့လေး
နားဆင်ရင် ဘဝင်ခိုက်အောင် တီးလိုက်မယ်လေး။
မင်္ဂလာအိမ်တော်တွင်းရယ်ကတီးရင်းရယ်နဲ့ဗုံကြီးသံ ကြားပြန်ရသေး။
မင်္ဂလာမြို့တော်တရိုးအုပ်စိုးပါတဲ့ဘိုးတော်အရှင် 
နတ်နန်းရယ်စင်တော်က ကျုပ်တို့ဗုံ သည်တနေ့ကိုဗျာ ဝိုင်းစောင်မပါ။

ဤကားဗုံကြီးစတီးလျင် သီဆိုလေ့ရှိသောဗုံသီချင်းများပင်။ ဗုံကြီးတီးနေချိန်တွင် ဗုံမင်းသားရောဗုံတီးသူတို့ပါ တစ်နေရာထဲတွင် ရပ်၍ မနေကြပေ။ တီးနေယင်းလှည့်ပတ်နေကြသည်။ ဗုံတီးသူနှစ်ယောက်မှာလည်းမင်းသားများကဲ့သို့ ခြေထိုး၍ ဗုံကြီးကိုဘယ်ညာရမ်းကာတီးယင်းကနေကြသည်မှာ 
ကြည့်၍ကောင်းလှပေသည်။ ကျွန်ုပ်တို့ရွာမှ ဦးဖိုးကျားနှင့်ဦးမြရင်တို့ မှာဗုံကြီးအကအင်မတန်ကောင်းသည်ုဟု 
ဆိုကြသည်။
ရှေးယခင်ကဗုံကြီးပြိုင်ပွဲများကျင်းပလေ့ရှိသည်။ ကျွန်ုပ်တို့ရွာမှ ဗုံကြီးမှာမှန်တောနတ်ကြီးပိုင်ခဲ့သောဗုံဟုဆိုသည်။ထို့ကြောင့် ဗုံပြိုင်ပွဲများတွင် ထိုဗုံကြီးကိုအရင်ဆုံးတီးရသည်။ သို့မဟုတ်ပါကလမိုင်းမကပ်တော့ပဲ
ဗုံပြိုင်ပွဲလည်း ပြဿနာကြုံရလေ့ရှိသည်ဟုဆိုသည်။ ထိုဗုံကြီးမှာ ပြိုင်တိုင်းနိုင်လေ့ရှိသည်ဟုဆိုသည်။ သို့သော် ရွာသစ်ကုန်းရွာဗုံပြိုင်ပွဲတွင်လူတစ်ယောက်ကအရက်မူးပြီးဓားနှင့် ထိုးဖောက်လိုက်သောကြောင့် ထိုမှန်တောဗုံတော်ကြီးလည်းပျက်စီးသွားတော့သည်။
ဗုံကြီးနှင့်ကောက်စိုက်သူမတို့မှာလည်းခွဲခြး၍မဖြစ်နိုင်ပေ။ ကောက်စိုက်သူမတို့ကလယ်ထဲကောက်စိုက်နေလျင် ဗုံကြီးအဖွဲ့ကကန်စင်ရိုး
သို့မဟုတ် အရိပ်ကောင်းရာမှ ဗုံကြီးတီး၍ ဖျော်ဖြေရသည်။ ကောက်စိုက်သူမတို့မှာလည်းကောက်စိုက်တေးကိုသံပြိုင်သီဆိုကြသည်။ တစ်ခါတစ်ရံ
တစ်ဖက်လယ်တောမှ ဗုံအဖွဲ့နှင့် အပြိုင် တီးကြရသည်။
ယနေ့အချိန်ထိ မြကန်သာရွာ၏ အနောက်မြောက်နားတွင် ဗုံသာတော၊ ဗုံရှုံးတောဟူ၍ အမည်တွင်၍ ကျန်နေသည့်တောများမှာအဆိုပါ ဗုံကြီးအပြိုင်တီးရာမှ နိုင်သည့်တောကိုဗုံသာတော ၊ 
ရှုံးသည့်တောကို ဗုံရှုံးတောဟူ၍ ဘိုးစဉ်ဘောင်ဆက် ခေါ်လာခဲ့ကြခြင်းပင်။
ညနေကောက်စိုက်ရာမှ အပြန်တွင် ဗုံကြီးအဖွဲ့မှာရွာအဝင်ဝ၌ ဗုံစမ်းယင်းစောင့်နေခဲ့ရသည်။ ကောက်စိုက်သူမတို့မှာအိမ်ပြန် ရေချိုးထမင်းစားပြီးလျင် ဗုံအဖွဲ့စောင့်နေရာသို့ ပြန်လာပြီးကောက်စိုက်သူမတို့ကကောက်စိုက်သီးချင်းကိုဆိုပြီးဗုံအဖွဲ့ကဗုံကြီးသီချင်းကိုဆိုတီးယင်းလယ်ကြီးရှင်၏ အိမ်သို့ သွားကာအိမ်တက်ပွဲကျင်းပကြသည်။ ထိုအခါ လယ်ကြီးရှင်မှ ကွမ်း ၊ဆေးလိပ် ၊လက်ဘက် ၊မီးခြစ်ဘူးစသဖြင့် လက်ဆောင်များပေးသည်။ ပြီးလျင် ဗုံကြီးအဖွဲ့ ထမင်းစားနားသည်။ပြီးလျင် ည၁၁နာရီခန့်ထိလယ်ကြီးရှင်အိမ်၌ ဗုံကြီးကိုဆက်လက်သီဆိုတီးခတ်ကြသည်။
ဗုံကြီသီချင်းများတွင် မိမိတို့၏ ရွာအမည်များကိုထည့်သွင်း၍ သီဆိုကြသေးသည်။
ဗုံကြီးသည်ရယ်ဗျာဘယ်မြို့သားရယ်လို့
အကိုများရယ်ကမေးကြတယ် ကုက္ကားပင်ကွယ်
ဝေစီစီနဲ့ ရွှေမြို့တင် အမှီပြုတယ်ကွယ် မန်းရွှေမိသား။
ဤကားမရမ္မိဗုံကြီးသံပင်။
သိုဆိုသော် တချိန်ကဆွမ်းလောင်းပွဲ ၊ ကောက်စိုက်ပွဲတို့တွင် မပါမဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့သော
ဤဗုံကြီးသံသည်လည်းပျောက်ကွယ်သွားချေပြီ။ ယနေ့ လူငယ်တိုမှာလည်းခေတ်ရေစီးဝယ် မျောပါကုန်သဖြင့် ဗုံကြီးသံကိုစိတ်မဝင်စားကြတော့ချေ။ ခေတ်ပေါ်ဂီတသံစဉ်များကြားဝယ် ဗုံကြီးသံသည်လည်းတိုးနိုင်ဖွယ်မရှိတော့ချေ။ မန္တလေးတွင်ကားဒေါ်မမနိုင် အစရှိသောသူများကြောင့် တိမ်မြုတ်နေသော
ရုပ်သေးကို ပြန်လည် အသက်သွင်းနိုင်ခဲ့ကြပြီ။ ကျွန်ုပ်တို့လည်းမိမိတို့ဒေသ၏ အမှတ်သညာတစ်ခုဖြစ်သောဗုံကြီးသံကိုရှေးဘိုးဘတို့၏ အမွေအနှစ်ကိုထိန်းသိမ်းသည့်အနေဖြင့် 
ပြန်လည်ရှင်သန်လာအောင် ကြိုးစာသင့်ပါကြောင်း။

ဗုံညိုကိုကွယ် လွယ်ကာတီးမင်းမောင်ကြီးရယ်တဲ့မောလှပြီ 
ကျောလယ်မှာကွယ် ချွေးတွေလည်းကျပါပေါ့ 
ဗုံညိုကိုအသာချတယ်ကွယ် နားကြစို့လေး။

ပြုံးတော်မူ(၁၃)

ငါတို့ရွာက ဖိုးကောင်းငြိမ်းလေ။ တစ်ရက်မှာယာတော
ဘေးက ညောင်ပင်ကြီး တက်ချိုင်တယ်။ သူချိုင်မယ့် ညောင်ကိုင်းကလည်း ပင်မကြီးဘက်ကနေ ထိုင်ပြီး ချိုင်ဖို့ရာက ဘယ်လိုမှ လက်အလှည့်ကလည်း မသင့်ဘူး။ ထိုင်စရာ နေရာကလည်း မရှိဘူးတဲ့။ ဒါနဲ့ပဲ ဖိုးကောင်းငြိမ်းက ကျိုးကာနီးမှပဲ ဟိုဘက် ပြန်ကူးမယ်ဆိုပြီး ကျိုးကျမယ့် ဘက်ကနေ ထိုင်ပြီး ညောင်ကိုင်းကြီးကို ပြောင်းပြန် ပြန် ခုတ်သတဲ့လေ။ ညောင်ကိုင်းကလည်း နှစ်ချက်လောက် ခုတ်ကာရှိသေး လူထိုင်ထားတဲ့ ဝိတ်နဲ့ဆိုတော့ ကျိုးကျပါရော။ ဖိုးကောင်းငြိမ်းလည်း ဟိုဘက်တောင် ပြန်ကူးချိန် မရလိုက်ဘူး။ ညောင်ကိုင်းနဲ့အတူ အောက်ပြုတ်ကျ ပါလေရော။ ခါးရိုးနာသွားလို့ သေထိအောင် ခါးကိုင်းကြီးနဲ့ နေသွားရတယ်။ငါ့သူငယ်ချင်းတွေလည်းဖိုးကောင်းငြိမ်းလိုမလုပ်ကြနဲ့နော်။
ဘဝအမောပြေနိုင်ကြပါစေ။

ပြုံးတော်မူ(၁၂)

ငါငယ်တုန်းကပေါ့။ငါလည်း ဖိုးကောင်းငြိမ်း နီးနီးပါပဲ။ ဒုတိယတန်းစာမေးပွဲဖြေပြီးတော့ နွေရာသီမှာ အိမ်ကနွားတွေ လိုက်ကျောင်းရတာပေါ့။နွေရာသီ နေ့ခင်းဘက်ပူလို့ မနက်ခင်း စောစောထ၊ ထမင်းကြမ်းခဲလေးနဲ့ ထန်းလျက်ခဲလေး အင်ဖက်နဲ့ထုတ်ရေပုလင်းလေး လောက်လေးခွလွယ်အိတ်ထဲ ထည့်ပြီး မနက်၁၁နာရီလောက်ထိ  ရိုးပြတ်ထဲ
ကျောင်းရတာပေါ့။ငါရယ်၊ငါ့အမဝမ်းကွဲအေးဝေရယ်၊ညီဝမ်းကွဲသန်းဝင်းရယ် အတူကျောင်းကြတာပေါ့။
နွားကျောင်းတဲ့နေရာရောက်တော့ နွားတွေကို အမနဲ့ထားခဲ့ပြီး ငါတို့နှစ်ယောက်က လေးခွနဲ့ ငှက်လိုက်ပစ်
နေတာပေါ့။ နွေရာသီဆိုတော့ သစ်ပင်တွေက အရွက်မရှိတော့အပင်ခြောက်တွေလိုပေါ့။ဒါနဲ့ ခဏနေတော့ နဘဲပင်ကြီးပေါ်မှာ ပန်းကန်းပြားလောက်ရှိတဲ့ ပျားအုံကြီး တွေ့ရောဗျိုး။ငါလည်း ထန်းလက်ခြောက်ကြီးထမ်းပြီး
အပင်ပေါ်တက် ပါလာတဲ့မီးခြစ်နဲ့ ထန်းလက်ကြီး မီးရှို့ပြီး ပျားအုံကြီး ဖွတ်တာကိုး။ အပေါ်သာမဲပြီး ရှို့နေတာ အောက်ကိုတော့ ငုံ့မကြည့်ဘူးဗျို့။ ခဏနေတော့ အောက်ကပူလာလို့ ကြည့်မိတော့ သောက်ကျိုးနဲ။ မီးတောက်ကြီး
နည်းတာမဟုတ်ဘူး။ထန်းလက်စတွေက မီးလောင်ပြီး အောက်က သစ်ရွက်ခြောက်တွေပေါ်ကျ မီးစွဲပြီးလောင်
တော့တာပေါ့။ တစ်နွေလုံးကျွေထားတဲ့ သစ်ရွက်တွေ လောင်ကောင်းကောင်းနဲ့ လောင်လိုက်တာ။ကျုပ်လည်း
အပေါ်ကနေ အောက်ကညီကို မီးသတ်ပါဟ ပြောတော့ ဒီခုနစ်နှစ်လောက်ကလေးက ဒီမီးကြီး ဘယ်သတ်နိုင်မလဲလေ။ မီးသတ်မရတော့ သူက အောက်ကနေ လူးလှိမ့်ပြီးငို ငါကလည်း အပေါ်ကနေငို။ကြာလာရင် မဖြစ်ချေဘူးဆိုပြီး
ကြံရာမရတဲ့အဆုံးအပင်ခြေရင်း ဝိုင်းပတ်လောင်နေတဲ့ မီးတောက်ထဲကနေ ခုန်ချပြီး ထွက်ပြေးရတယ်။
တော်သေးလို့ ဒါဏ်ရာ မရတယ်။ကလေးတုန်းက ဖတ်ခဲ့ရတဲ့ ဂျော်ဒန်နိုဘရူနိုလို မီးလောင်တိုက်
သွင်းခံရတော့မလို့။ကံကောင်းလို့။နို့မို့ဆို မဟာဘွဲ့လေးတောင် ရလိုက်မှာ မဟုတ်ဘူး။ကျန်းမာချမ်းသာကြပါစေ။


ပြုံးတော်မူ(၁၁)

ဈေးထဲမှာ အင်ဥတွေ မြင်တော့ ငယ်တုန်းက အဖြစ်အပျက်ကလေး သွားပြီး သတိယမိတယ်။ ငါ ငါးတန်း လောက်တုန်းကပေါ့။ ဒီအင်ဥတွေပေါက်တဲ့ မိုးဦးကျမှာ ငါရယ်၊ ငါ့ညီဝမ်းကွဲသန်ရွန်းရယ် ငါတို့ အကိုတွေ၊အမတွေ ရွှေကျင်နေတဲ့ နေရာဆီ ဆန်နဲ့ချက်စရာ သွားပို့ရတယ်။ ဆန်လွယ်အိတ်နှစ်လုံးကိုဘယ်ညာလွယ်ပြီး ရွာကနေ
ခုနစ်မိုင်လောက်ခရီးကို ခြေလျင်သွားရတာပေါ့။လမ်းတလျောက်လုံးကလည်း အင်ပြန်တောကြီးပဲပေါ့။ညီအကို
နှစ်ယောက်လည်း သွားရင်းနဲ့ လမ်းဘေးမှာ အင်ဥတွေမြေကြီးထဲကနေ အာထွက်နေတာမြင်တော့ အင်ဥရှာကြတာပေါ့။ အင်ဥဆိုတာ အင်ပင်တွေအောက်က အင်ရွက်ဆွေးတွေအောက်မှာ ပေါက်တာကိုး။ ပဲပင်ပေါက်၊သစ်ပင်ပေါက်တွေ
မြေကြီးထဲကထွက်ရင် မြေကြီးက အာလာသလိုပေါ့။ ဒါနဲ့ အင်ဥတွေရှာ၊ရတဲ့အင်ဥကို ဆန်လွယ်အိတ်ထဲ ထည့်ပေါ့လေ။ ဟိုရောက်တော့ အမတွေကလည်း အင်ဥတွေရလာတော့ ပျော်လို့ပေါ့။နေ့လည်ထမင်းစားတော့ ဇာတ်လမ်းက
စတော့တာပဲ။တစ်ယောက်က ထမင်းထဲ သဲပါလို့ဆဲ။နောက်တစ်ယောက်က ကျောက်ခဲသေးသေး ကိုက်မိလို့ ထဆဲနဲ့ဗျိုး။

ကျုပ်တို့ အင်ဥတွေ ဆန်ထဲထည့်လာတော့ အင်ဥက သဲတွေ ဆန်ထဲ ရောက်ကုန်တာပေါ့။ငါတို့ညီအကိုလည်း ယူလာတဲ့ဆန်မကုန်မချင်း မေတ္တာပို့ခံနေရတော့တာပေါ့။။ဘဝအမောပြေနိုင်ကြပါစေ။

ဘဝဇာတ်ခုံ(၁)

သန်းဇော်ဦးက သူ့ဘဝ ကြမ်းလွန်းလို့တဲ့။ ဝမ်းလည်းနဲပါတယ်။ ကိုယ့်တိုင်းပြည် အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ကောင်တွေ
သောက်သုံးမကျခဲ့တော့ ငါ့ညီတို့တတွေလည်း ရပ်ဝေးမြေခြားမှာ မိသားစုနဲ့ဝေးကွာပြီး ရုန်းကန်လှုပ်ရှားနေကြရတာ။ ဘဝဆိုတာ ဒီလိုပါပဲ။ ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့။ စိတ်မညစ်ပါနဲ့။ လူတိုင်း ကိုယ်လိုပဲ ရုန်းကန်နေကြရတယ်လို့ မှတ်ပါလေ။ကိုကြီး ငါးတန်းတက်တော့ တို့ရွာက စုစုပေါင်း ၁၃ ယောက်တက်တယ်။ အားလုံးခြေလျင်ပေါ့။ မင်းတို့ အင်ပင်အိုင်ရွာထဲက ဖြတ်ပြီး သွားကြရတာ။အဲဒီ ၁၃ ယောက်မှာ ၁၀ ယောက်အောင်တယ်။ နှစ်ကျတစ်ယေက်နဲ့ဆို ၆တန်းမှာ ၁၁ ယောက်။ ဒီထဲက ၆ ယောက်အောင်တော့ ၇ တန်းမှာ ၆ ယောက်ပေါ့။ ကျောင်းဖွင့်ပြီး တစ်လလောက်နေတော့ ကျန်တဲ့ငါးယောက်က စက်ဘီးကိုယ်ဆီနဲ့ သွားကြရော။ ကိုကြီးတစ်ယောက်ထဲပဲ ခြေလျင်ပေါ့။ ကျန်တဲ့လူငါးယောက် စက်ဘီးစီးလာတာမြင်တော့ ကိုကြီးမှာ သူတို့ကို ရင်မဆိုင်ရဲလို့ ဘော်ကတောရဲ့ တောင်နားက လယ်ခြင်းလမ်းကနေ ဖြတ်ပြီး ကျောင်းကို သွားခဲ့ရတာ။ လမ်းမှာ ကိုယ့်ဘကို ဝမ်းနည်းပြီး မျက်ရည်ကျခဲ့ရတာ အခုထိကိုကြီးမေ့လို့ မရသေးပါဘူး။ ကိုကြီး အဲဒီတုန်းကတဲက ဘဝကို အရှုံးပေးခဲ့ရင် မဟာဘွဲ့တောင် ရမှာမဟုတ်ပါဘူးကွယ်။
ငါးတန်းကနေ ၁၀တန်းထိ ခြေလျင်လျောက် အသွားအပြန် ၈ မိုင်ကျော်ခရီး ခြေလျင်လျောက် ကျောင်းတက်ခဲ့ရတဲ့ဘဝတွေ ကိုကြီး ခုထိ မေ့လို့မရပါဘူး။ အဲဒီတော့ ငါ့ညီ ဘဝကိုစိတ်မညစ်ပါနဲ့။ ကိုယ့်ထက်ဆိုးတဲ့ လူကြီးပဲလို့ပဲ စိတ်ထဲမှာ ထားပြီး ကြိုးစားပစ်လိုက်ပါ။ဘဝဆိုတာ တိုက်ပွဲပဲပေါ့။
ကိုကြီးဆို ရင်စက်ဘီးမပြောနဲ့ ဖိနပ်တောင် ကောင်းကောင်းမစီးခဲ့ရဘူး။ မှတ်မိသေးတယ်။ ရှစ်တန်းတုန်းက ဖိနပ်က သဲကြိုးပြတ်တော့ ဝယ်စရာမရှိလို့ တွယ်အပ်နဲ့ ထိုးတွယ်ပြီးစီးတော့ အဲဒီသူကောင့်သား တွယ်ချိတ်က ခရမ်းခြံက ကောင်မလေးတွေရှေ့ ပြုတ်ထွက်လာလို့ သောက်ရှက်ကွဲခဲ့ရတာ။ ၉တန်းစာမေးပွဲဖြေပြီး ပကာရွာဘက် ရွှေကျင် လိုက်သွားတယ်။ကျောင်းလခရအောင်လို့ပေါ့။ပိုက်ဆံရရချင်း စင်ကြယ်ဖိနပ် ပြေးဝယ်ပြီးစီးခဲ့ရတာ။ နောက်ထပ် အရှက်မကွဲအောင်လို့။ခုနစ်တန်းတုန်းက စက်ဘီးနဲ့သွားတဲ့ ကောင်မလေးတစ်ယောက်က သူ့ကို ခဏခဏကွင်းရလွန်းလို့ စိတ်တိုပြီး ကျောင်းကအပြန် တစ်ညနေလုံး နင်တို့ချီးပဲ ကွင်းပေးနေရတယ် ပြောတော့ ငါတို့ရှိလို့ စီးရတာတဲ့။ ကိုကြီး ဘဝကို တော်တော်နာသွားတယ်။စိတ်ထဲကနေ ပြောလိုက်ပါတယ်။ ငါ ကားစီးနိုင်တဲ့ အချိန်ကြရင် နင့်ကို ငါ ကားနဲ့ တိုက်သတ်မယ်လို့။ ကိုကြီး ရုန်းကန်ခဲ့ရတာတွေ ငါ့ညီတွေ သိစေချင်လို့ပါ။ ပထမနှစ်ကနေ မဟာဘွဲ့ရတဲ့ထိ ဖားကန့်မှာ ခေါက်စားထမ်းရ၊ ရေထမ်းရောင်းရ၊မှော်ရှန်နဲ့ဖားကန့်ဆန်ပိုးရောင်းခဲ့ရ၊
လုံးခင်းနဲ့ဖားကန့်ပြေးတဲ့စက်လှေမှာ စပယ်ယာလုပ်ခဲ့ရ၊ လက်သမားလုပ်ခဲ့ရ၊ နန့်မဖြစ်နဲ့ဖားကန့် ကုန်စိမ်း အငှားထမ်းခဲ့ရနဲ့။ ငါ့ညီတို့မှာ ကိုကြီးလောက် ဘဝတွေ မဖြတ်သန်းခဲ့ရသေးပါဘူးကွယ်။ဇွဲမလျော့ပါနဲ့။
စိတ်ဓာတ်မကျပါနဲ့။ငါတို့အကိုကြီးတောင် အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီး အင်္ဂလိပ်စာနဲ့ မဟာဘွဲ့ရအောင်
ယူခဲ့သေးတာပါလားလို့
စိတ်ညစ်တဲ့အချိန် စိတ်မွန်းကြပ်တဲ့အခိန်မှာ ကိုကြီးကို သတိရပြီး ဘဝမှာ ခွန်အားတွေ တိုးတက်နိုင်ပါစေလို့ ဆန္ဒမွန်ဖြင့် အင်ပင်အိုင်သားကြီး သန်းဇော်ဦးနဲ့ အဝေးရောက် ညီငယ်၊ညီမငယ်များနှင့်တန့်ဆည်သူ၊တန့်ဆည်သား အားလုံးသို့

အမှတ်တရ။
ဦးကျော်ရင်မြင့်၏ ဘဝဇာတ်ခုံ စာအုပ်စာမျက်နှာ ၁၂၉၌ ကိုကြီးအကြောင်း ဖတ်ရှုနိုင်ပါကြောင်း။။

ပြုံးတော်မူ(၁၀)

ညီဘွားတို့ရေဒီပို့စ်လေးမဖတ်ခင်ငါတို့မြန်မာအက္ခရာ၃၃လုံးထဲကညနှင့်ဍ္ဎရေမှုတ်ကြားကအက္ခရာလေး၃လုံးကိုအရင်ချရေးလိုက်ပါဦး။အပျင်းပြေပေါ့။စိတ်တော့မရှိကြနဲ့နော်။ကိုကြီးတက္ကသိုလ်ရောက်တော့သူငယ်ချင်းတွေရေးခိုင်းကြည့်တယ်။အလယ်တန်းအထက်တန်း
ကျောင်းသားတွေရေးခိုင်းကြည့်တယ်။တစ်ယောက်မှမှန်အောင်မရေးနိုင်ကြဘူး။ငါတို့မှာတော့ဆရာဦးငွေက
ပုံပြင်ကလေးနဲ့ပြောပြထားတော့တစ်သက်လုံး
ခေါင်းထဲမှာစွဲကျန်ခဲ့တာပေါ့။

သူငယ်ချင်း၃ယောက်ခရီးသွားနေကြတယ်။ရှေ့နောက်
တန်းစီပြီးတော့ပေါ့။အဲဒီလိုသွားနေယင်းနောက်ဆုံးကလူကအလယ်ကလူကိုခြေထောက်နဲ့
လှမ်းကန်လိုက်တယ်။()
ဒါနဲ့အလယ်ကလူကမင်းကငါ့ကိုဘာပြုလို့ကန်တာလဲဟဆိုပြီးခြေထောက်နဲ့နောက်ပြန်ကန်လိုက်တယ်။()
အဲဒီလိုနောက်ဆုံးနှစ်ယောက်ကစကားများနေတာကို
ကြားတော့ရှေ့ဆုံးကလူကမင်းတို့ဘာတွေဖြစ်နေကြတာလဲဆိုပြီးခေါင်းကိုနောက်ပြန်လှည့်ကြည့်တယ်တဲ့။()
ဆရာငွေရဲ့ဒီပုံပြင်လေးနဲ့ပဲငါတို့လည်း
ဋဋ္ဌဍဒီအက္ခရာ၃လုံးကိုစွဲစွဲမြဲမြဲမှတ်မိသွားတော့တယ်။
ဆရာဦးငွေကျန်းမာချမ်းသာပါစေ။ဒေါ်မြင့်ရီရောပေါ့။

သစ္စေး၆ရွာ

သစ္စေး၆ရွာ
သက္ကရာဇ်၁၁၆၄ခု နယုန်လပြည့်ကျော် ၁၂ ရက်နေ့ သစ္စေးခြောက်ရွာ အစီအရင် ငထွေးကြွယ်၏ အရာခံ
သား ငရွှေပင်၏ အစီရင်ခံချက်

ကျွန်တော်တို့ သစ္စေးခြောက်ရွာသည် ရှေးပေါက္ကံကောင်းစားစဉ်ကာလ အလောင်းစည်သူမင်းကြီး တိုင်ခွင်ကိုလှည့်လည်တော်မူစဉ် ချင်းကတူးတို့ သစ္စေးထိုးလုပ်သည်ကို မြင်တော်မူ၍ မေးတော်မူလျင်
သစ္စေးထိုးလုပ်၍ အသက်မွေးသူ ဖြစ်ကြောင်း သံတော်ဦးတင်လျင် သစ္စေးထိုးလုပ်သည့် ချင်းကတူးတို့အား အခြားအခွန်အခများ မရှိစေနှင့်။ သစ္စေးအခွန်ကိုသာ နှစ်စဉ် ဆက်သွင်းစေ အမိန့်တော်ကို ဦးထိပ်တင်လျက် နှစ်စဉ်ဆက်သွင်းရပါကြောင်းဖော်ပြထားသည်။သို့ဆိုသော် ဤဒေသ၌ ချင်းလူမျိုးတို့ အခြေချနေထိုင်ခဲ့
ကြသည်ကို ထင်ရှားစွာ သိနိုင်ပေသည်။ ဇီးပေါက်ရွာ အနောက်မြောက်ဘက်၌ မန်ကျည်းကုန်း။ အုန်းကုန်း။ ဝါးလက်ခုပ်ကုန်း ဟုခေါ်သော ချင်းရွာသုံးရွာ ရှိခဲ့ကြောင်း ရှေးလူကြီးသူမတို့ထံမှ မှတ်သားခဲ့ရသည်။
ဤဒေသမှ လူများသည် ရှေးယခင် ပုဂံမင်းများ လက်ထက်တော်မှစ၍ သစ္စေးထိုးပြီး အသက်မွေးဝမ်းကြောင်းပြုကြောင်နှင့် ဘုရင်ထံသို့သစ္စေးများ ဆက်သလာခဲ့ကြကြောင်း သိရှိရပေသည်။
အဆိုပါ သစ္စေး ၆ ရွာများမှာ ၁၁၄၅ ဗဒုံမင်း စစ်တမ်းအရ
၁။တောင်ဦး
၂။ပကာ
၃။စည်သင်
၎။ခေါင်ညာ
၅။တောင်ဟုန်
၆။လိပ်ခြံတို့ဖြစ်ပြီး ကျွန်ုပ်ဖတ်ခဲ့သော ပုရပိုက်တွင်မူ ၁၂၄၆/၁၂၄၇ခုနှစ် သစ္စေးခြောက်ရွာ စာရင်းမှာ
၁။ရမုံတောင်
၂။မောက်တက်
၃။တောင်ဦး
၎။ပကာ
၅။စည်းသင်
၆။လိပ်ခြံ ဟူ၍ဖြစ်သည်။
မည်သို့ဆိုစေ အဆိုပါနယ်တကြောရှိ ရွာများကို သစ္စေးခြောက်ရွာဟူ၍ ခေါ်ရန်သာ။