အခန်း(၂၄) အင်းရှည်ချောင်းဆုံရွာ ရွှေအစု
ရွှေကျင်၁၃ရွာ စာရင်းတွင် ကျန်သည့်ရွာများအားလုံးသည် စည်ပတုန်းချောင်း၏ တောင်ဘက်တွင် တည်ရှိကြသော်လည်း အင်းရှည်ချောင် ဆုံရွာသည် စည်ပတုန်းချောင်း၏ မြောက်ဘက်ထဲ ဖောက်ပြီး ရောက်နေသည်။မြေပုံအရဆိုသော် ရွှေကျင်၁၃ရွာသည် စည်ပတုန်းချောင်း၏ တောင်ဘက်ခြမ်းတွင် ရှိသည်။ အင်းရှည် ချောင်းဆုံရွာ နည်းတူ ကာပေါင်းကျရွာသည်လည်း ဒီပဲယင်းနယ်ရှိ သစ်စေးခွန်ဆက်အစု ဖြစ်သည့် နှောခေါင်ရောင်းရွာ စာရင်းတွင် ပါဝင်နေသည်ကို တွေ့ရသည်။ ရွှေကျင်၁၃ရွာနယ်ကား တောင်ဘက်တွင်(တောင်ဘက်ခြမ်းအနောက်စွန်း သဲထောင်း၊ခင်မင်၊ရွာငယ်၊ အင်း ကြီး၊ ပလူစ၀ဒေသ) ဒီပဲယင်းမြို့နယ် အနောက်ခြမ်း နှောခေါင်ရောင်းနယ်စပ်ထိ၊ အနောက်ဘက် သစ်စေး၆ရွာ နယ်စပ်ထိ (ကင်းစန်းရွာ)၊မြောက်ဘက်တွင် စည်ပတုန်းချောင်း၊ အရှေ့ဘက်တွင် မြို့တင်နယ် ၊အရှေ့တောင်ဘက်နှင့်တောင်ဘက်တွင်(တောင်ဘက်ခြမ်း အရှေ့စွန်းတွင်) ရွာသူကြီးနယ်တည်ရှိသည်။ သို့ပါလျက် စည်ပတုန်းချောင်း၏ မြောက်ဘက်ထဲတွင် တည်ရှိသည့် အင်းရှည်ချောင်းဆုံကို ရွှေကျင်၁၃ရွာစာရင်းတွင် တွေ့နေရချေရာ ချွင်းချက်ဟုသာ ဆိုရတော့မည်။ သို့သော် ပုရပိုက်ထဲရှိ ရွှေအလယ်ကြောင်းစာရင်းတွင်
အင်းရှည်ချောင်းဆုံရွာ ရွှေမှူး ၁ ပြင်ရွှေခွန်ဆက်။ ဒီပယင်းမြို့နယ်ရှိ ရွှေအစုကို ကောက်ခံ၍ ရွှေအလယ် ကြောင်းရေးစုကို ပါဝင်ထမ်းရွက်မြဲ ဖြစ်ပါသည်။ ဟူ၍ ဖော်ပြထားပြန်ချေရာ မြေဒူးနယ်အတွင်းတွင် ပါဝင်သည့် အင်းရှည်ချောင်းဆုံရွာမှ ရွှေမှူးသည် ဒီပဲယင်းနယ်ရှိ ရွှေအစုကို ကောက်ခံ၍ ရွှေခွန်ဆက်သရကြောင်း သိရှိရပေသည်။ သို့သော်ငြားလည်း ဒီပဲယင်းနယ်၏ မည်သည့်အပိုင်းတွင် အဆိုပါ ရွှေခွန်ဆက်အစုက တည်ရှိကြောင်း ဖော်ပြမထားသဖြင့် ရှာဖွေရ ခက်လှသည်။ ရွှေအလယ်ကြောင်း သစ်စေးခွန်ဆက်သရသည့် ပုရပိုက်မှတ်တမ်းကြီးတွင် အင်းရှည်ချောင်းဆုံရွှေနယ်၏ သစ်စေးတောများ အမည်စာရင်းကို ဖောပြထားသည်။ သို့နှင့် အင်းရှည်ချောင်းဆုံ ဒေသရှိ အသိမိတ်ဆွေများထံ ပုရပိုက်ပါ အဆိုပါ သစ်စေးတောအမည် (၂၁) ခုကို အင်းရှည်ချောင်းဆုံ ပတ်ဝန်းကျင်ဒေသတွင် ရှိမရှိ မေးမြန်းစုံစမ်းရာ တစ်ခုမှ မရှိပါ ဆိုသဖြင့် ရှာရခက်သွားပြန်တော့သည်။ သို့နှင့် ပုရပိုက်စာရင်းပါ အင်းရှည်ချောင်းဆုံ သစ်စေးတော အမည်များကို အသေးစိတ် ထပ်မံ ဖတ်ရှု ကြည့်မိပြန်ရာ သဲလွန်စတစ်ခုကို သွားတွေ့ရသည်။ ပုရပိုက်ထဲတွင် မောင်ပန်းကုန်းတော ဟူ၍ ပါရှိသဖြင့် မောင်ပန်းရွာဘက်ကိုများ ညွှန်းလေသလော ဟု စဉ်းစားမိကာ အဆိုပါ ရွှေကျင်မော်ရွာ၊ မောင်ပန်းရွာဘက်ရှိ အသိမိတ်ဆွေများထံ မေးမြန်းစုံစမ်းရာ ဆပ်ပြာအိုင်ရွာမှ သစ်စေးသမား ကိုဝင်းကိုမှ အဆိုပါ တောများ အားလုံး ရွှေကျင်မော် မောင်ပန်း ခင်မင် ရေရှင် ဒေသတွင် တည်ရှိကြောင်း အသေးစိပ် ပြောပြပေးသည်။ အဆိုပါ သစ်စေးတောများအားလုံး၏ တည်နေရာကိုပါ အသေးစိပ် သိရှိရသဖြင့် ဒီပဲယင်းစီရင်စု အတွင်းရှိ အင်းရှည်ချောင်းဆုံ ရွှေခွန်ဆက် အစုကို ရှာဖွေတွေ့ရှိလာရသည့်အပြင် အဆိုပါ ရွှေကျင်မော် မောင်ပန်းရွာတို့သည် ရှေးယခင်က ဒီပဲယင်း စီရင်စုအောင်တွင် တည်ရှိကြောင်းကိုပါ သိရှိလာရသည့်အတွင် သမိုင်းအတွက် အင်မတန်မှ တန်ဖိုးကြီးလှပေသည်။ ဤသို့ဆိုလျင် သဲထောင်းရွာ၊ခင်မင်ရွာတို့သည် မြေဒူးနယ်အဆုံးရှိ ရွာများဖြစ်ပြီး သူတို့တောင်ဘက်ရှိ ရွှေကျင်မော်ရွာနှင့် မောင်ပန်းရွာတို့သည် ဒီပဲယင်းနယ်အ၀င် ရွာများပင် ဖြစ်သည်။ ရွှေကျင်မော်ရွာသည် စောမဲချောင်း၏ မြောက်ဘက်ကမ်းတွင် ရှိသော်လည်း ယေဘူယျအားဖြင့် သတ်မှတ်ရလျင် စောမဲချောင်းသည် မြေဒူးနယ်နှင့် ဒီပဲယင်းနယ်ခြား ဟုသာ ဆိုရပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ရွှေကျင်၁၃ရွာ နယ်အ၀င် ရေရှင်ရွာ သဲထောင်းရွာ (ကြောင်ဆင်းအိုင်ရွာ)နှင့် ခင်မင်ရွာတို့၏ တောင်ဘက်တွင် တည်ရှိပြီး ရှေးက ဒီပဲယင်းနယ်အ၀င် ယခု ရေဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ ရွှေကျင်မော်ရွာနှင့် မောင်ပန်းရွာ နှစ်ရွာအကြား၊ အဆိုပါရွာနှစ်ရွာ၏ ရှေ့နောက်တောင်မြောက် ၀ဲယာဒေသတို့သည် အင်းရှည်ချောင်းဆုံ ရွှေနယ်ပင် ဖြစ်သည်ကို ရှာဖွေ ဖော်ထုတ်နိုင်သည်ကပင်လျင် သမိုင်းအတွက် တန်ဖိုးကြီးလှပေသည်။ ထိုမျှသာမက ရွှေကျင်မော်၏ အနောက်ဘက် မောင်ပန်းရွာ၏ တောက်ဘက်တွင်ရှိ ကျနုပ်တို့ တွေရှိခဲ့ကြသော သံချက်ဖိုကြီးများ တည်ရှိရာသည် အင်းရှည်ချောင်းဆုံရွှေနယ်နှင့် တစ်ဆက်တည်း တည်ရှိသည်ကိုပါ လေ့လာတွေ့ရှိရလေသည်။သို့ဖြစ်၍ အဆိုပါ သံချက်ဖိုကြီးများမှာ ရွှေအလယ်ကြောင်းစာရင်းပါ ဒီပဲယင်းမြို့နယ် သံခွန်ဆက်အစုတွင်ပါဝင်သည့် သံချက်လုပ်သားတို့၏ သံချက်ဖိုများပင် ဖြစ်လိမ့်မည်ဟု ယူဆရပေသည်။
အင်းရှည်ရွာ ဆောက်စာရင်း
ရေကျည်အိုင်တော
မောင်ဘန်ကုန်းတော
နွားချံကုန်းတော
မိလုံးတော
တောင်ပို့လှတော
၎င်းတောတပိုင်း
၎င်းတောတပိုင်း
မိုးကြိုးပြစ်တော
စည်ကုန်တော
တောချောရှည်တော
ပိထောံချောံတော
အင်းရှောင်တော
၎င်းတောတပိုင်း
တပိုးထူတော
ရွာရင်းတော
ကူပြောင်ပိုင်တော
ချေဘိုတော
ရေကျည်အိုင်တော
မောင်ဘန်းကုန်းတော
ပိထောံချောံတောတပိုင်း
ကြိမ်တောအိုင်တော
ပေါင်း ၂၁
၁။ ရွာရင်းတော မောင်ပန်းရွာ အနောက်ဘက်ကပ်လျက်။
၂။ ကူပြောင်ပိုင်တော (ကူပြောင်ပိုင်ချောင်းသွယ်)ရွာရင်းတော၏ အနောက်ဘက်။
၃။တပိုးထူတော မောင်ပန်းရွာ၏ အနောက်ဘက် ကူပြောင်ပိုင်တော၏ အနောက်ဘက်။
၎။ ရေကြည်အိုင်တော ခင်မင်ရွာ၏ အရှေ့ဘက်။
၅။ မောင်ပန်းကုန်းတော မောင်ပန်းရွာ၏ အနောက်တောင်ဘက် ။
၆။ တောင်ပို့လှတော ရေရှင်ရွာ၏ အနောက်တည့်တည့် (ဘုရားပျက်များ၏ အနောက်ခပ်လှမ်းလှမ်း) ။
၇။ မိုးကြိုးပစ်တော မောင်ပန်းရွာ၏ အရှေ့ဘက်တည့်တည့် ရွှေကျင်မော်ရွာ၏ အနောက်မြောက်တည့်တည့်။
၈။ဆီကုန်တော ရွှေကျင်မော်ရွာ၏ တောင်ဘက် ။
၉။တောကြောရှည်တော တောလျားရှည်တော။ ခင်မင်ရွာ၏ မြောက်ဘက် ။
၁၀။ အင်းရှောင်တော ခင်မင်ရွာ၏ အရှေ့တောင်ဘက် မောင်ပန်းရွာ၏ အနောက်မြောက်ဘက်(နှစ်ရွာကြား) ။
၁၁။ ချေဘိုတော ချေကြီးတော။ ရေရှင်ရွာ၏ တောင်ဘက် ။ ၁၂။ပိတောက်ချောက်တော မောင်ပန်းရွာ၏ အနောက်ဘက်၊တပိုးထူတော၏ အနောက်ဘက် ကပ်လျက်။ ၁၃။ ကြိမ်တောအိုင်တော ရွှေကျင်မော်ရွာ၏ တောင်ဘက်၊ စောမဲချောင်း၏ မြောက်ဘက်ကပ်လျက်။ အင်းရှည်ချောင်းဆုံရွှေမှူးသည် အဆိုပါ ဒေသအတွက်သာမကပဲ ဒီပဲယင်းနယ်ရှိ ရွှေအစုကိုပါ ပူးတွဲ ကောက်ခံချေသလော သို့မဟုတ် ဒီပဲယင်းရွှေအစုကိုသာလျင် တာဝန်ခံ ကောက်ခံရသလော စဉ်စားစားစရာပင်။ သူ့အနီးအနား ကပ်လျက်ရှိသည့် သဲထောင်း ၊ကြောင်ဆင်းအိုင်၊ ရေရှင်တို့က မကောက်ခံပါပဲ အဝေးကြီးတွင် တည်ရှိ သည့် အင်းရှည်ချောင်းဆုံ ရွှေမှူးက လာရောက် ကောက်ခံသည်ဆိုသည်မှာ ထူးခြားနေသည်။ ရှေးယခင်က အင်းရှည် ချောင်းဆုံရွာ အဆက်အနွယ်တို့သည် အဆိုပါနေရာတွင် အချေချလာခဲ့ပြီးမှ အင်းရှည်ချောင်းဆုံဒေသသို့ ပြောင်းရွှေ့လာခဲ့ကြချေသလော။ သို့မဟုတ် ကျနုပ်တို့ ငယ်စဉ်က ရွှေကျင်တောများတွင် နယ်ပေါင်းစုံက လာရောက် ရွှေကျင်ကြသကဲ့သို့ အင်းရှည်ချောင်းဆုံဒေသမှ လူများသည် အဆိုပါဒေသသို့ လာရောက်လာ ရွှေကျင်ကြသဖြင့် အင်းရှည်ချောင်းဆုံနာမည် တွင်နေရစ်သလော သို့မဟုတ် အဆိုပါ ပတ်ဝန်းကျင်ဒေသတွင် အင်းရှည်ချောင်းဆုံ နာမည်ရှိ ရွာဟောင်းများ ရှိခဲ့ချေသလော။ တစ်ခြားဖြစ်နိုင်ချေတစ်ခုမှာ ရွှေကျင်မော်နှင့် မောင်ပန်းရွာကြားတွင် အင်းရေ ဟူသော နတ်ကြီးစင်တစ်ခု ရှိပြီး အင်းရေအက် ဟုလည်း ခေါ်ကြသည်။ ရွှေကျင်မော်မှ မောင်ပန်းရွာသို့ သွားလျင် အဆိုပါ အင်းရေအက်နားမှ စောမဲချာင်းကို ကူးရသဖြင့် အဆိုပါ နေရာကို အင်းရေချောင်းကူး ဟု ခေါ်ကြသေးသည်ဟု ဆိုသည်။ အဆိုပါ အင်းရေနေရာကိုများ အစွဲပြုပြီး အင်းရေ မှ အင်းရှေ ဖြစ်လာချေသလော ။ ကျနုပ်၏ အထင်တွင် အဆိုပါ အင်းရေကို အစွဲပြု၍ အင်းရေ မှ အင်းရှေ (အင်းရှည်) ဟု ဖြစ်လာသည်ဟုသာ ကောက်ချက်ချမိပါသည်။ မြန်မာစာ ပါမောက ဆရာကြီး ဒေါက်တာအောင်နေမျိုးကလည်း ရှေးတုန်းက ရှေ ကို ရေ ဟုလည်း ရေးကြသေးကြောင်း၊ အ်းရှေနှင့် အင်းရေ မှာ အတူတူပင်ဖြစ်ကြောင်း၊ အဆိုပါ အင်းရေ မှာ အင်းရှေ(အင်းရှည်) ဖြစ်နိုင်ကြောင်း ထောက်ပြသည်။ ကျနုပ်တို့ ဆက်လက် ရှာဖွေဖော်ထုတ် ကြရပေဦးမည်။
No comments:
Post a Comment