မူးကွေ့ငါးရွာ အင်ထောက်သာ
သစ္စာအကျင့်မှန် ကုသလံ သစ္စံ တမံအစောင့်ထား မုဆိုးတစ်ဆယ့်ငါး ဆိုသည့် သိုက်စာတဘောင်အတိုင်း ကုန်းဘောင်မင်းဆက် ဆယ့်တစ်ပါးမြောက်သည် တ၀မ်းပူ တွင် ကျရောက်သည့်အတွက် စနေသားသည် မင်းဖြစ်ရမည် ။ အဆိုပါ တဘောင်အတိုင်းပင် စနေသား သီပေါမင်းသည် (၁၁) ဆက်မြောက် မင်းဖြစ်လာလေသည်။ ရှေးမင်းအဆက်ဆက်တို့သည် ၎င်းတို့ဘုရင်ဖြစ်လျင် နေ့သင့်နံကိုက် ဘုရားများကို တည်ထားကိုးကွယ်လေ့ရှိကြသည် ။ ရှင်ဘုရင်တို့၏ မွေးနံ မွေးနေ့ကို သိလိုသော် အဆိုပါ ရှင်ဘုရင်တို့ တည်ထားကိုးကွယ်သည့် ဘုရားဘွဲ့တော်သည် အဆိုပါ ရှင်ဘုရင်တို့၏ မွေးနေ့မွေးနံကို ပြောပြပေလိမ့်မည်။ ဘုရားဘွဲ့တော်၏ နောက်ဆုံး စာလုံးသည် ဘုရားတည်သူ ရှင်ဘုရင်တို့၏ မွေးနေ့ကို ပြောပြနေသည်။
ဥပမာ။
သာလွန်မင်း---ဗုဒ္ဓဟူးသား---ရာဇမဏိစူဠာ (ကောင်းမှုတော် )၊စစ်ကိုင်း ဟံသာဝတီပါမင်း(မဟာဓမရာဇာဓိပတိ)-- ကြာသပတေးသား-- လောကသရဖူ-- အင်းဝ သာယာဝတီမင်း--ဗုဒ္ဓဟူးသား --လောကမေဏိစူဠာ --ဇောင်းကလောကန်--ကျီကုန်း မန္တလေး ပုဂံမင်း--သောကြာသား--မဟာလောကရံသီ(အိမ်တော်ရာ) မန္တလေး မင်းတုန်းမင်း--အင်္ဂါသား--လောကမာရဇိန်(ကုသိုလ်တော်)- မန္တလေး သီပေါမင်း--စနေသား--မာရ်အောင်ရတနာ--၀ါးခင်းကုန်းဘုရား--မန္တလေး သီပေါမင်းသည် ၁၂၄၃ခုနှစ်တွင် နိုင်ငံအနှံအပြား၌ မိတ်နံတော်ဘုရား ၆၉ ဆူကို တစ်ပြိုက်နက်ထဲ တည်လုပ်စေသည်။ စနေသား ဖြစ်သည့်အတွက် အဆိုပါ မိတ်နံတော်ဘုရားကို ရာဇမုနိ ဟူ၍ သမုတ်တော်မူသည်။ မန္တလေး မြို့ ၇၃/၇၄လမ်းကြား မနော်ဟရီလမ်း တောင်ဘက် ကပ်လျက် အုံအင်းကျောင်းတိုက်အတွင်းရှိ ဘုရားများထဲမှ တောင်စွန်ဆုံးဘုရားမှာ အဆိုပါ ရာဇမုနိဘွဲ့မည်ခံ ၆၉ ဆူထဲမှ တစ်ဆူပင် ဖြစ်သည်။
မြေဒူးမြို့ဝန် နေမျိုးမင်းလှကျော်ခေါင် အစစ်ခံချက်ဘုရား
သက္ကရာဇ်၁၂၄၃ခုနှစ်နတ်တော်လပြည့်ကျော်၇ရက်နေ့။မြေဒူးမြို့ဝန် နေမျိုးမင်းလှကျော်ခေါင်ကို မေးသော။ချက်။
ဝန်စုမြေဒူးမြို့မှာ မိတ်နံတော်ဘုရား ဆူရေ ၁ ။ ရွှေအလယ်ကြောင်း အင်ထောံ၅မြို့မှာ။ မိတ်နံတော်ဘုရား ဆူရေ ၁ များကို သင့်ရာငွေတော်နှင့်ကုသိုလ်တော်ပွားတည်လုပ်ရမည် ရွှေလွှတ်တော်က အမိန့်မှာစာ ပေးအပ် ဆင့်ဆိုရာ နာခံရပါသည်အတိုင်း။ ရွှေအလယ်ကြောင်း အင်ထောံသာ ၅မြို့မှာ။ တည်လုပ်ရန် စေတီတော်ကို။ မိုးလအခါဖြစ်၍ အုတ်မဘုတ် မလုပ်နိုင်သောကြောင့် ။ ဘုပ်လုပ်ပြီး ရှိသည့်အုတ်ကို နှုန်းတော်အတိုင်း ၀ယ်ယူ၍ ရွှေအလယ်ကြောင်း အင်ထောံသာ ၅မြို့များက အများဝန်စုပါ မြို့ရွာများနည်း။ ခွဲစုဝေပုံ ထားပြီးလျင် ရွှေကြင်၁၃ရွာက ခွဲစုကျ အုတ်ချပ်ရေ ၁၀၀၀၀ကျော်ကို လုပ်ရပ်ရောံ သယ်ယူပို့ချ စေရမည်။ သယ်ယူခ ငွေမှာ ဘုရားကြီးကြပ်တည်လုပ်သူ အင်ထောံသာ မြို့သူကြီးက သယ်ယူပို့ချသူတို့သို့ ပြေကြေအောင် ပေးရမည် ဆင့်ဆိုသယ်ယူ တည်လုပ်ပါစေသည်။ ကြေးငွေခွဲတောင်းရမည် ရွှေမှူးငဘုန်းကို ကျွန်တော်က မဆင့်မဆို။ ငွေခွဲမခွဲကိုလည်း။ကျွန်တော်မသိပါ။
သီပေါမင်းလက်ထက်တွင် ရွှေအလယ်ကြောင်းစာရင်းဝင် ရွှေကျင်၁၃ရွာ ဒေသ၌ မြေခုရွာသူကြီး ငကြွက်ဖြူနှင့် ရွှေမှူး ငဘုန်းတို့က သသာမေဒငွေတော်များ နှင့် အခြားငွေတော်များကို ပိုမိုခွဲတောင်းစားသည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ငွေပိုမိုခွဲတောင်းစားသုံးသည်ကို မခံမရပ်နိုင်ကြသော ကျေးရွာ လူကြီးများ စုပေါင်း၍ ဘုရင့်ရုံးတော်သို တိုင်ကြားရာမှ အမှုနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များအားလုံး ရုံးတော်မှာ အစစ်ခံကြရသည်။ မြေဒူးမြို့ဝန် နေမျိုးမင်းလှကျော်ခေါင်လည်း အစစ်ခံရချေရာမြို့ဝန်မင်းမှ အထက်ပါအတိုင်း အစစ်ခံခဲ့သည်ကို တွေ့ရသည်။ အဆိုပါ ပုရပိုက်မှတ်တမ်းအရဆိုသော် ရွှေအလယ်ကြောင်းတွင် မြေတူးမြို့နှင့် အင်ထောက်သာမြို့တို့တွင် ရာဇမုနိ ဘုရား တစ်ဆူဆီ တည်ခဲ့သည်ဟု ဆိုသည်။ အင်ထောက်သာမြို့ကို ရွှေအလယ်ကြောင်းစာရင်တွင် အင်ထောက်သာ၅မြို့ဟု ခေါ်သည်ကို တွေ့ရသည်။ တွေ့ရသည်။ ရွှေကျင်၁၃ရွာ စာအုပ်ကို ပြုစုနေစဉ်က အင်ထောက်သာ၅မြို့၏ အမည်များကို လိုက်လံရှာဖွေရာ ဘယ်လိုမှ ရှာမရချေ။ နောက်ဆုံးတွင် လူမှုစာမျက်နှာပေါ်မှ မေးမြန်းကြည့်ရာ ဇမ္ဗူလင်းဆရာတော်မှ အင်ထောက်သာ၅မြို့ အမည်စာရင်းကို ပေးပို့လာသဖြင့် ကျနုပ်၏ ရွှေကျင်၁၃ရွာ စာအုပ်တွင် အဆိုပါ ဆရာတော်၏ အမည်စာရင်းအတိုင်းသာ ဖော်ပြခဲ့သည်။ ဇမ္ဗူလင်းဆရာတော်၏ အဆိုအတိုင်းဆိုလျင် အင်ထောက်သာ၅မြို့မှာ
၁။ ရွာရှည် ၂။ မြတ်သာ ၃။ ဘတ်အင်း
၎။ ခြင်္သေ့အင်း ၅။ ဆီဆုံကုန်း တို့ဖြစ်သည်။ အဆိုပါ ဇမ္ဗူလင်းဆရာတော်က မူးကွေ့ငါးရွာ အင်ထောက်သာ ဟု ခေါ်ဆိုကြောင်းလည်း ရှင်းပြထားသေးသည်။ သို့သော် ဆရာတော်ကား ဘယ်ရပ်ဒေသကမှန်း မမေးမြန်းလိုက်ရချေ။ ဆရာတော်ပြောသည့် မူးကွေ့ငါးရွာ အင်ထောက်သာ ဆိုသည့် စကားသည် တစ်ခုခုကို ရည်ညွှန်းနေခြင်းပင်။ ရွှေဘူးမြေဆရာတော် အရှင် နန္ဒာဘာသ၏ အဆိုအရဆိုလျင် အင်ထောက်သာ၅မြို့မှာ ၁။အင်ထောက်မြို့ ၂။ပင်းသာမြို့ ၃။မော်တုန်မြို့
၎။မော်ကယ်မြို့ ၅။ပင်းချိုင်းမြိုတို့ ဖြစ်သည်ဟု ဆိုသည်။ သည်စာရင်းအတိုင်းဆိုလျင် ရွှေအလယ်ကြောင်းစာရင်း ပုရပိုက်တွင် ပါရှိသည့် နံပတ်၂၂မှ ဖတ်မရသည့်မြို့မှာ ပင်းသာမြို့ပင် ဖြစ်ပေလိမ့်မည်။ အထက်အောက်စာရင်းတွင် အင်ထောက်သာ၊ ......၊ပင်းချိုင်း၊မော်တုန်၊မော်ကယ် ဟု ရေထားလေရာ အဆိုပါ ပျက်နေသည့် နေရာသည် ပင်းသာ ဟု ယူဆရပေသည်။ အင်ထောက်သာနယ်ကား မြို့မကို ဗဟိုပြုလျက် အရှေ့ မူးဖြစ်ထိ၊ တောင်ကိုလားသော် ဖက်ဆွတ်ချောင်းထိ၊ အနောက်သို့ ပျဉ်းပင်ညီနောင်၊အနောက်မြောက်နွားပေးချောင်း၊အမြောက် င်းသာမြေနှင့်ကျောခိုင်း ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။ ဖက်ဆွတ်ချောင်းသည် ကျွန်းလှမြို့ဟောင်း၏ အထက်နားစတွင် တည်ရှိသည်။ နွားဘေးချောင်းကား ပင်လယ်ဘူးနယ် အရှေ့ဖျား ၊ ကျွန်းလှမြို့ဟောင်း၏ အရှေ့မြောက်တည့်တည့် ကောလင် ပင်လယ်ဘူး ကားလမ်း၏ အောက်ဘက်တွင် တည်ရှိသည်။ ကောလင်းဘက်မှ လာသော် အရှေ့အနောက်လမ်း ဆုံးကာနီး မြောက်ဘက်သို့ မကွေ့မီ လမ်းမကြီး၏ တောင်ဘက်တွင် တည်ရှိသည်။ ခြုံငုံပြောရလျင် ရှေးက အင်ထောက်သာနယ်သည် ကျွန်းလှမြို့ဟောင် အထက်နားမှ စတင်ကာ ပင်လယ်ဘူးနယ်တစ်ခုလုံးသည် အင်ထောက်သာနယ် ပင်ဖြစ်သည်။ ရွှေကျင်၁၃ရွာ စာအုပ်ထုတ်ဝေနိုင်ရန်အတွက် အကောင်းအတိုင်းကျန်ရှိပြီး ဖတ်ရလွယ်ကူသော ပုရပိုက်များကို ခွဲထုတ်ဖတ်ရှုကာ စာအုပ်ထုတ်ဝေနိုင်ရေးအတွက် လုံးပန်းနေရသည်။ ပုရပိုက်အစုပ်များ မှုန်မွှားနေသော ပုရပိုက်များ ၊ပိုးကိုက်ထားသော ပုရပိုက်များ၊ တစ်ချပ်ထဲကွဲနေသော ပုရပိုက်အပျက်များကို အချိန်ရမှ ပြန်ဖတ်မည် ဟု ဆုံးဖြတ်ကာ သပ်သပ်ခွဲချန်ထားသည်။ ရွှေကျင်၁၃ရွာ စာအုပ်ထုတ်ပြီးမှ ပုရပိုပိုက်အစုပ်များကို တစ်ခုချင်းဆီ ပြန်ဖတ်လာခဲ့သည်။ ပုရပိုက်ကလေးတစ်ချပ်မှာ မှုန်မွှားမွှားဖြင့် ဖတ်ရခက်လှသဖြင့် မဖတ်ပဲ ချန်ချန်ထားခဲ့သည်။ ပြီးခဲ့သည့်အပတ်က အဆိုပါ ပုပိုက်ကလေးကို စိတ်ရှည်လက်ရှည် ဖတ်ကြည့်ရာ အင်မတန် တန်ဖိုးရှိလှသည်ကို တွေ့ရသည်။
၁၂၄၃ခု ပြာသိုလပြည့်ကျော်၁၁ရက်နေ့ ကျေးကံခေါင်း ငနှင် မေးသောချက်။။ ..သူကြီးစီ …က နံတော်သင့်ဘုရာတီလုပ်ရန် ဆင့်လျင် ဘုပ်ခ၄ကျတ် အကျ၁၀ ရွာရှိ အုပ်ဖိုက အင်ထောံသာမြို့ ဆိုက်ရောံ သယ်ယူပို့ရမည်။ ဆက်စာအရ ကျွန်တော်က တောင်ဒါဝယ်အမှုထန်း ငဆို ငမာတို့ကို ..အိံခြေ၃၂ အိံ အကျ ငဆို ငပတ်ဖြူ တို့ကို ဆင့်ဆိုရာ လွှတ်တော်စာချွန်ပြု ရုံးမှာ တင်ပြပါရစေ ငမာတို့ … ၃ရက်ခန့်ရှိလျင် ငနီတာ အထက် ဘုရားတည်လုပ်မည့် အင်ထောံသာ စီရင်စု လွှတ်တိုက်ရွာသို့ လာရောံ မြေဒူးမြို့ရုံးတွင် စာချွန်တော် တင်ပြရာ ခုနှိမ်ကြောင်းကိုပြောလာ တောင်ဒါးဝယ်အမှု ငနီတာ ငရွှေစပ်တို့က ၁၃ရွာနည်း ၁အိံလျင် ၁ိကျ ကျွန်တော် အမှုထန်း ၃၀၂အိံ(၃၂အိမ်) …တို့က ရွှေကျင်၁၃ရွာနည်း ငှားရန်းရစ်ပါ ကျွန်တော့်ကို ငွေဒင်္ဂါး ၃၂၀ ငှားရန်းရစ်ပါ ပြောသည်အတိုင်း ကျွန်တော်က အင်ထောံသာမြို့ ဘုရားတီအုပ်ကို ငှားရန်းလုပ်။
သီပေါမင်း၏ အမိန့်အရ မိတ်နံတော်ဘုရားများ ရွှေအလယ်ကြောင်းဒေသ မြေတူးမြို့တွင် တစ်ဆူ ၊ အင်ထောက်သာမြို့တွင် တစ်ဆူ တည်လုပ်ရမည်ဟု ဆင့်ဆိုသဖြင့် ရွှေကျင်၁၃ရွာဒေသမှလည်း ဘုရားတည်လုပ်ရန်အတွက် အုပ်များ ပို့ဆောင်ပေးကြရသည်ကို တွေ့ရသည်။ ရွှေကျင်၁၃ရွာ မြေခုစီရင်စု ကျေးကန် ရွာသားများလည်း အုတ်ပို့ပေးရမည့်အထဲတွင် ပါဝင်လေရာ တောင်ထားဝယ်အမှုထမ်း ငဆိုနှင့် ငမာတို့က ဘုရားတည်လုပ်မည့် အင်ထောက်သာ စီရင်စု လွှတ်တိုက်ရွာသို့ သွားရောက်ကာ အခြားရွာများ နည်းတူ လွှတ်တိုက်ရွာတွင် အုတ်များ ကို ငှားရမ်း ဖုတ်လုပ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ပုရပိုက် အတိုင်းဆိုသော် လွှတ်တိုက်ရွာသည် အင်ထောက်သာ၅မြို့တွင် အပါအ၀င်ဖြစ်သည်ကို တွေ့ရပြီး ရာဇမုနိဘုရားတစ်ဆူ လွှတ်တိုက်ရွာတွင် တည်ရှိရမည် ဖြစ်သည်။ လွှတ်တိုက်ရွာတွင် သီပေါမင်း တည်ခဲ့သည် ရာဇမုနိဘုရား ရှိမရှိ ကို စုံစမ်းရမည်ဆိုသောအခါ ရွာဟောင်းက သဖန်းဆိပ် ဆည်အောက်ရောက်သွားပြီ ဖြစ်သဖြင့် မလွယ်ကူလှတော့ချေ။ ရွှေအလယ်ကြောင်းရှိ အခြားမြို့ရွာများတွင် ဘုရားမတည်ပဲ မြေတူးနှင့် လွှတ်တိုက်ရွာကို တည်ခဲ့ လေသနည်းဟု စဉ်းစားမိရာ သီပေါမင်းသည် စနေသားဖြစ်သည့်အတွက် စနေနံ မြေတူးနှင့် လွှတ်တိုက်ကို ရွေးချယ်ခဲ့ဟန် တူပေသည်။ မန္တလေးမြို့ မြို့သစ်ကြီးထဲရှိ အုံးအင်းဘုရားဝင်းထဲမှ ရာဇမုနိ ဘုရားကို လေ့လာကြည့်သောအခါ ထိုခေတ်အခါ မန္တလေးမြို့၏ နယ်နိမိတ်အပြင်ရှိ ဆူးဖြူတန်းရွာ၏ အဂ်ါထောင့်တွင် တည်ရှိသည်ကို တွေ့ရသည်။ ဆူဖြူတန်းရွာမှ ယခုလက်ရှိ တရုတ်သံရုံးနှင့် အိုးရှင်း ပတ်ဝန်းကျင်တွင်ရှိသည်။ ဆူးဖြူတန်းရွာ၏ အရှေ့ဘက်တည့်တည့်တွင် ကြပ်ရှာတောရွာ တည်ရှိသည်။ အုံးအင်းဘုရားဟု ခေါ်သော်ငြားလည်း အမှန်စင်စစ်မှာ ရှင်ပင်အင်းဦး (သို့မဟတ်) အင်းဦးဘုရား ဖြစ်သည်။ ဇောင်းကလောကန်ဦးတွင် တည်ခဲ့သဖြင့် အင်းဦး ဘုရားဟု ခေါ်ရာမှ ကာလရွေ့လျောလာသဖြင့် အုံးအင်း ဘုရား ဟူ၍ခေါ်နေကြခြင်းပင်။ အုံးအင်းဘုရားဝင်းထဲရှိ ရာဇမုနိစေတီမှာ လိုဏ်ခေါင်းများ ပါရှိပြီး အထဲတွင် ရုပ် ပွ့ားတော် လေးဆူကို တစ်မျက်နှာလျင် တစ်ဆူကျဆီ ပူဇော်ထားသည်ကို တွေ့ရသည်။ သို့နှင့် အခြားအရပ်များသည် တ၀မ်းပူနှင့် ဆုံးမဆုံး ၊ အင်္ဂါထောင့်တွင် ရှိမရှိ စုံစမ်းကြည့်မိရာ ၀မ်းတွင်းမြို့နှင့် ဓမ္မ၀တီ(ရွာသစ်ကြီး) ရာဇမုနိ တစ်ဆူဆီရှိကြပြီး အဆိုပါ မြို့များ၏ အင်္ဂါထောင့်တွင် တည်ရှိသည်ကို တွေ့ရသည်။ ရေစကြိုနယ် ဇီးတောရွာတွင် တစ်ဆူရှိသည်ဟု သိရသော်လည်း မင်းတုန်းမင်းတည်သည် ဟု ဆိုကြသည်။ ကျနုပ်၏ အယူအဆကား သီပေါမင်းတည်သည့် ရာဇမုနိဘုရားပင် ဖြစ်မည်ဟု ယူဆပါသည်။ လွှတ်တိုက်ရွာဟောင်းဘက်မှ မိတ်ဆွေများကို မေးမြန်းကြည့်ရာ လွှတ်တိုက်ရွာ၏ အင်္ဂါထောင့်တွင် ဘုရားပျက်များ များစွာ ရှိခဲ့ကြောင်း၊ ဆည်ရေကျချိန်က အဆိုပါ ဘုရာများထဲမှ တောင်စွန်ဆုံး တစ်ဆူသာလျင် ပြန်လည်ဖူးမြင်ရကြောင်း သိရသည်။ လွှတ်တိုက်ရွာသားများကိုကား ရာဇမုနိဘုရား အကြောင်း မေးမြန်း မရတော့ချေ။ မြေဒူးမြို့၏ အင်္ဂါထောင့်တွင် သိပေါမင်း၏ ရာဇမုနိ ဘုရား ရှိမရှိကို စုံစမ်းကြည့်ကြရပေဦးသည်။ မည်သို့ဆိုစေ ပုရပိုက်အစုပ်ကလေးတစ်ချပ်သည် သမိုင်းကွက်လပ်တစ်ခုကို ဖြည့်ပေး နေသေး သည်ကို တွေ့ရသဖြင့် ကျနုပ်တို့ ၀မ်းမြောက်ကြရပေမည်။ အဆိုပါ ပုရပိုက်ကလေး၏ ကျေးဇူးကြောင့် လွှတ်တိုက်ရွာသည် အင်ထောက်သာ၅မြို့စာရင်းဝင် ရွာတစ်ရွာ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ဤသို့ဆိုလျင် ကျနုပ်တို့သည် အထက်က ဇမ္ဗူလင်းဆရာတော် ပြောပြသည့် မူးကွေ့ငါးရွာ အင်ထောက်သာ ဟူသည် မည်သည့်ကျေးရွာများကို ရည်ညွှန်းချေသနည်း။ ရှာဖွေကြရပေဦးမည်။ ရှေးက ပုဂ္ဂိုလ်များသည် အကြောင်းမဲ့ စာချိုးထားခဲ့ဟန်မတူချေ။ ပုရပိုက်ထဲတွင် တွေ့ရသည့် အင်ထောက်သာ စီရင်စုအ၀င် လွှတ်တိုက်ရွာသည် ကျွန်းလှမြို့ဟောင်း၏ အထက်ဘက် မူးမြစ်၏ အနောက်ဘက်ကမ်း မူးကွေ့ထဲတွင် တည်ရှိသည်ကို တွေ့ရသည်။ လွှတ်တိုက်ရွာ၏ အောက်ဘက်နားစ မူးအရှေ့ဘက်ကမ်းရှိ တင်းတိန်ရန်ရွာသည်ကား မြေဒူးမြို့ ၀န်စုနယ်မြေထဲတွင် ပါဝင်သည်။ တင်းတိန်ရန်နှင့်အတူ မူးအရှေ့ဘက်ကမ်းရှိ အရင်းကောင်း၊ ပလူသာ ၊ ပန်းမရဲ၊ မတောင် စသည်ရွာများသည်လည်း မြေဒူးမြို့ ၀န်စုပါနယ်မြေများပင် ဖြစ်သည်။ ပန်းမရဲထိသည် မြေဒူးမြေဖြစ်လျင် အဆိုပါ ပန်းမရဲ အောက်ဘက်ရှိ ဘတ်အင်းရွာသည်လည်း မြေဒူးအောက်မှာပင် ရှိရမည် ဖြစ်သည်။ ဇမ္ဗူလင်းဆရာတော်က မူးကွေ့ငါးရွာ အင်ထောက်သာ စာရင်းတွင် ဘတ်အင်းရွာကို အင်ထောက်သာ စာရင်းဝင် ဟု ဆိုထားပြန်ချေရာ ကျနုပ်တို့ ထပ်မံ လေ့လာကြရပေဦးမည်။ ပြန်လည် မေးမြန်း ကြည့်ရန်ကလည်း ဇမ္ဗူလင်းဆရာတော်သည် ဘယ်ကမှန်းမသိရချေ။ ပြန်ရှာလို့ကလည်း မလွယ်ပြန်ချေ။သူ့တွင် အထောက်အထား တစ်ခုခုရှိခဲ့၍သာလျင် ရေးပို့ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မူးကွေ့ငါးရွာ အင်ထောက်သာဆိုသည်က မူးမြစ်၏ အနောက်ဘက်ခြမ်း မြစ်ကွေ့ထဲရှိ လွှတ်တိုက် စသည့် ရွာများမှ စပြီး အင်ထောက်သာ စာရင်းထဲ စ၀င်ပြီး သူ့အောက်ဘက်က ရွာများက ကျွန်းလှရွှေနယ်ထဲတွင် ပါဝင်သည့် အကြောင်း အလွယ်တကူ မှတ်သားနိုင်စေရန် အလို့ငှာ မူးကွေ့ငါးရွာ အင်ထောက်သာ ဟူ၍များ စာချိုး ထားခဲ့ကြသလော။သုတေသန ဆက်လက် ပြုကြရပေဦးမည်။
No comments:
Post a Comment