အခန်း(၂၀) အင်ရေအိုး၅ရွာ
အင်ရေအိုး၅ရွာ ဟူသောအမည်ပါရှိသည့် ပုရပိုက်မှာ ပိုးကိုက်နေသဖြင့် မည်သည့်အကြောင်းအရာကို ရေးထားမှန်း ကောင်းကောင်းမွန်မွန် မသိရပေ။ ဖတ်ရသလောက်သောစာလုံးများက အခွန်ဆောင်သည့် ကိစ္စ နှင့်သာ ဆပ်စပ်နေသည်ကို တွေ့ရသည်။ ။ အင်ရေအိုးရွာ ပတ်ဝန်းကျင်ကို ရှေးက အင်ရေအိုး၅ရွာ ဟု ခေါ်ဆိုခဲ့ကြဟန်ရှိသည်။ အဆိုပါ ပုရပိုက်ထဲတွင် အင်ရေအိုး၅ရွာ အမှုထမ်းတို့က ဟု တွေ့ရသည်။ ပုရပိုက်တစ်ခုထဲတွင် အင်ရေအိုး စီရင်စု မျက်ဆွဲလဲရွာ ဟု တွေ့ရသည်။ ဦးကုဏ္ဍလ၏ ပုရပိုက်များအရ ၁၂၄၅ခုတွင် ဘုန်းတော်ကြိးများ ဂိုဏ်ချုပ်ဆရာတော်ထံ အမိန့်တော်ဥပဒေတော်အတိုင်း နာခံပါမည် ဟု ခံဝန်ချက် ပေးရသော ပုရပိုက်ထဲတွင် ဘုန်းကြီးကျောင်းများမှာ သူ့အစုနှင်သူ အချင်းချင်း ခံဝန်ချက် ပေးကြရသည်ကို တွေ့ရသည်။
(၁)
ကန်များကျောင်း
ဇီးပေါက်တောရကျောင်း
အင်းပက်လက်ကျောင်း
ရွာသစ်ကုန်းကျောင်း
ဝါးရုံသာကျောင်း
(၂)
ပကာ
ရွာမုန်တောင်
တောကျင်
ဝိုင်းဂြို
မောက်တက်
တောင်ဦး
(၃)
စိန်းနန်း
အင်လှ
မြနှစ်
အင်း
ခေါင်တုန်း
ကောက်ကြီးကျောင်း
မုံပင်ကျောင်း
(၄)
အင်ပင်အိုင်ကျောင်း
အင်ရေအိုးကျောင်း
ရကဲကျောင်း
ရှေရင်ရေလယ်ကျောင်း
ရေရှင်ပြသဒ်ကျောင်း
(၅)
မြေခုမြောက်ကျောင်း
မြေခုတောင်ကျောင်း
ရသာကျောင်း
ကျေးကန်ကျောင်း
သစ္စေးပင်လှအရှေ့ကျောင်း
သစ္စေးပင်လှအနောက်ကျောင်း
(၆)
အင်းကြီးကျောင်း
ပလူးစ၀ကျောင်း
အင်တိုင်းယင်းကျောင်း
ရင်းကျောင်း
တောင်ပြင်ငယ်ကျောင်း
ပေါကျောင်း
စသဖြင့် သူ့အစုနှင့်သူ အတူတကွ ခံဝန်ချက် ပေးကြရသည်ကို တွေ့ရသည်။ ဤပုရပိုက်အရဆိုသော် အင်ပင်အိုင်သည် အင်ရေအိုးစီရင်စု အောက်တွင် တည်ရှိသည်။ အဆိုပါ ပုရပိုက်အရဆိုလျင် အင်ရေအိုး၅ရွာမှာ
၁။အင်ရေအိုး ၂။အင်ပင်အိုင် ၃၊ ရေရှင် ၄။ရကဲ ၅။ မျက်ဆည်းလဲ ရွာတို့ကို ခေါ်ဆိုဖွယ်ရာ ရှိနိုင်ပေသည်။ သို့သော် ရေရှင်ရွာမှာ ရွှေကျင်၁၃ရွာ စာရင်းတွင်ပါသဖြင့် အင်ရေအိုး၅ရွာထဲ ထည့်သွင်းရေတွက်၍ မရပြန်ချေ။ ရေရှင်ရွာသည် အိမ်ခြေ(၁၀၀)ကျော်ရှိပြီး အင်ရေအိုးမှာ (၄ဂ)အိမ်ခန့်မျှသာ ရှိသည်။ ရေရှင်ရွာ ပတ်ဝန်းကျင်၌ပင်လျင် ရှေးက ရွာပေါင်း(၉)ရွာ ရှိသည်ဟု ဆိုသည်။ အကယ်၍ ရေရှင်သည် အင်ရေအိုး ရွာအောက်ရှိသည် ဆိုလျင် ရွှေကျင်၁၃ရွာ စာရင်းတွင် စီရင်စုရွာဖြစ်သည့် အင်ရေအိုးရွာသာလျင် အမည်ပါဝင်ဖွယ်ရာ ရှိသည်။ သို့သော် ရွှေကျင်၁၃ရွာတွင် ရေရှင်ရွာကိုသာ ခေါင်တပ်ထားသဖြင့် အင်ရေအိုးသည်သာလျင် ရေရှင်ရွာအောက်တွင် ရှိရပေလိမ့်မည်။ သို့နှင့် အင်ရေအိုး၅ရွာ သမိုင်းကို လိုက်လံစုံစမ်းရှာဖွေလေရာ မြောက်တောရွာဇာတိ ပင်ပင်အိုင်ရွာတွင် အိမ်ထောင်ကျ သော ဘကြီး ဦးဘလူကို ဖုန်းဆက်မေးမြန်းကြည့်ရာ အင်ရေအိုး (၅)မှာ
အင်ရေအိုး
အင်ပင်အိုင်
မျက်ဆွဲလဲ
ပန်းတိမ်ကုန်း
မြောက်တော တို့ကို ခေါ် ခြင်း ဖြစ်ကြောင်း သိရှိရသည်။
၁၃၀၃ခုနှစ် ဘုန်းကြီးပျံ ကျောင်းစာရင်းတွင်ပင် ပန်းတိမ်ကုန်းကျောင်းမပါပဲ အင်ရေအိုးအရှေကျောင်း နှင့် အင်ရေအိုးကျောင်းကြီးတိုက်ဟုသာ ပါရှိသည်။ အဆိုပါကျောင်းကြီ်းတိုက်မှာ ယနေ့ ပန်းတိမ်ကုန်း ကျောင်း ဖြစ်သည်။ ပန်းတိမ်ကုန်းရွာမှာ အင်းပက်လက်ရွာမှ လူများ ပြောင်းရွှေ့ရာမှ ရွာဖြစ်လာသည်ဟုလည်း လူကြီးသူမတို့ ပြောသည်ကို မှတ်သားခဲ့ရဖူးသည်။ မောင်ဦးကုန်းရွာငယ်ကလေးသည် အင်းပက်လက်သားများ မိမိတို့နေရာဟောင်းကို ပန်းတိမ်ကုန်းရွာမှနေ ပြန်၍ တည်ကြသောကြောင့် မောင်းဦးကုန်း ဖြစ်လာသည်ဟု ဆိုသည်၊။ ပန်းတိမ်းကုန်းရွာအမည်ကို ၁၂၅၅ခုနှစ် ကန်ကလေးကုန်းရွာ ဦးပေါ်သစ်၏ အမျိုးသမီး ဒေါ်နန်းခိုင် အသုဘအခန်းစာရင်းကြမှသာ တွေ့ရတော့သည်။မြောက်တောရွာ အမည်ကို ၁၂၆၈ ခု ကန်များကျောင်းဆရာတော် ဦးဥက္ကံသ ၏ ဘုန်းကြီးပျံစာရင်းတွင် တွေရသည်။ အဆိုပါ ပန်းတိမ်ကုန်းနှင့် မြောက်တော ရွာနှစ်ရွာသည် မည်သူက ရှေးကျသည်ကို ဝေဖန်ရခက်လှသည်။ မြောက်တောရွာသည် မျက်ဆွဲလဲရွာ၏ အနောက်ဘက် မိုင်ဝက်ခန့်သာသာတွင် တည်ရှိသည်။
အင်ရေအိုးရွာနှင့် ပတ်သက်သည့် အခြားပုရပိုက်တစ်ခုတွင် ငပေါ်သစ်က အင်ရေအိုးရွာသား ငစံမင်း နှောင့်ယှက်သဖြင့် ကန်းကလေးကုန်းရွာသားများ ဒုက္ခရောက်ကြရပုံကို တိုင်တန်းထားသည့် ပုရပိုက်တစ်ခုကို တွေ့ရ လေရာ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။
ဘုရားကျွန်တော် လွှတ်စည် အမှုထန်း ငပေါ်သစ် ငရံကျော် ငမြူးးတို့ ရှိခိုးအစီရင်ခံပါသည်ဘုရား။ ရွှေကျင်၁၃ရွာအ၀င် မြေခုရွာ နယ်မြေအစွန်အဖျားတွင် ဘိုးဘက ကျွန်တော်တိုင် ရေတွင်း ရေကံ ဘုရားကျောင်းကံတည်ထား၍ အကျိုးတော်ဖြစ် ကြေးရွာအိုးအိမ်၄၀ကျော် ပြုစု၍ ကြရောံသည့် အခွန်တော်မင်းမှုရင်းများကို ...လည်ဆောင်၍ ထည်းဘုရားအဆက်ဆက် (ထီးဘုရား) ဘုရားရွှေလက်ထက်တိုင် နေထိုင်သည့်အတွင်း အင်ရေအိုးရွာ..ငစံမင်းက ကြေးထန်းကြီးဆို၍ အစုအမှုထန်းလူတို့ မလုပ်မဆောင်နိုင်မနေနိုင် ကြေးရွာပျက်ပြား.. ၎င်းမြေကို နှောင့်ယှက်၍ ကိုဏ်းထောံဆရာတော်တို့ထံ ထန်းရွံစာ(ထန်းရွက်စာ) ၂ဘက်ချွန်ကို ရေးသား၍ ..... ပြုလုပ်သောကြောင့် ကြေးငွေအများ ကြကုန်ရပါသည် ငစံမင်းကဲ့သို တောခြေရွာများမှာ .....လုပ်လျင် ဆင်းရဲသား ကျွန်တော်မျိုးတို့မှာ အမှုတော်မျာ ထန်းဆောင်နိုင်တော့မည် မဟုပ်ပါ ...အရှင်သာဖြစ်ပါ၍ ရှိခိုးအစီရင်တော့ခံပါသည်ဘုရား။
ဝါးရုံသာကျောင်း နှင့် သင်္ဂဇာဆရာတော်
ဝါးရုံသာကျောင်းသည် မျက်ဆည်းရွာ၏ အနောက်ဘက် ရေကန်ကြီး၏ အနောက်တောင်နား၊ ယုကြောင်မြောင်းခဲ့၏ အရှေ့ဘက်၊ မြောက်တောရွာ၏ အရှေ့ဘက် တည့်တည့်လောက်တွင် တည်ရှိသည်။ ကျောင်းနာမည်ကို မေးမြန်းမရသော်လည်း ပုရပိုက်ထဲတွင် ပါရှိသည့် ဘုန်းကြီးကျောင်းများစာရင်းတည်ရှိရာအရပ်တွင် တည်ရှိနေသဖြင့် ၀ါးရုံသာကျောင်းဟုသာ တစ်ထစ်ချ မှတ်ယူရပေသည်။ (မြေပုံတွင် ကြည့်ပါရန်)
၁၂၄၅ခုနှစ် သာသနာပိုင်ဆရာတောဘုရားကြီး၏ အမိန့်တော် ဥပဒေတော်များကို လိုက်နာကြပါမည်ဟု ဘုန်းတော်ကြီးများ အချင်းချင်း ခံဝန်ကတိပြုကြရသည်။ အဆိုပါ ခံဝန်ကတိ ပေးကြရာတွင် ဘုန်းတော်ကြီးများသည် မိမိတို့ ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများရှိ ဘုန်းတော်ကြီးများနှင့် အချင်းချင်း ကတိခံဝန်ပြုကြရသည်ကို တွေ့ရသည်။
၁၂၄၅ခု ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်နေ့ ကန်များကျောင်းဆရာ ရှင်ဥဂ္ဂံသ ခံဝန်ချက်။ အမိန့်တော် ဥပဒေတော်အရ မသွေမလှန်စောင့်ရှောက် ထိန်းသိမ်းပါမည်။ စည်းပေါက်တောရကျောင်းဆရာ။ အင်းပက်လက်ကျောင်းဆရာ။ ရွာသစ်ကုံးကျောင်းဆရာ။ ၀ါးရုံသာကျောင်းဆရာမှစ၍ ၎င်းဆရာတို့နှင့်ပေါင်းဘက် နေထိုင်သူ ရဟန်းသာမဏေ တို့ကိုလည်း အမိန်တော်ဥပဒေတော်အရ အုပ်ကျောင်းတိုက်အုပ်ဆရာတော် ဆင့်ဆိုဆုမ္မ သြ၀ါဒပေးတော်မူသည်ကို တင်းတင်းကြပ်ကြပ် တင်ပတ်ပြသဆုမ္မ၍ စောင့်ရှောက်ထိန်း သိမ်းကျင့်သုံးပါစေမည်။ နောင်အမိန့်တော် ဥပဒေတော်များကို မကြားမသိ မဆုမ္မကြောင်း များကို ၎င်းဆရာတို့က ပြောဆိုလျှောက်ကြားသိရှိလျင် ဆရာတော်တို့ပေးရာ အပစ်ဒါဏ်ကို ခံပါမည်။
အဆိုပါ ပုရပိုက်မှတ်တမ်းတွင် ကံများကျောင်းဆရာတော် ဦးဥက္ကံသ ၊ ဇီးပေါက်တောရကျောင်း ဆရာတော် ဦးတေဇ၀န္တ၊ အင်းပက်လက်ကျောင်းဆရာတော် ဦးကလျာဏ၊ ရွာသစ်ကုန်းကျောင်းဆရာတော် ဦးဇာဂရ နှင့် ၀ါးရုံသာကျောင်း ဆရာတော်တို့ အတူတကွ ခံဝန်ကတိပြုကြသည်ကို တွေ့ရသည်။ အဆိုပါ ပုရပိုက်တွင် ပါရှိသည့် ၀ါးရုံသာကျောင်းမှာ ဘယ်လိုမှ မေးမြန်းစုံစမ်း မရချေ။ ဖော်ပြပါ ဘုန်းတော်ကြီးကျောင်းများ တည်ရှိသည့် ဒေသတွင်းတွင်လည်း ၀ါးရုံသာ တောက မရှိပြန်ချေ။ သည်နေ့မှ မလေးရှားတွင် နေသော အင်ပင်အိုင်သားကြီးကို ရါာကို မေးမြန်းစုံစမ်းကြည့်ပေးစမ်းပါ ဟု ပြောရာ မျက်ဆဲလဲရွာ အနောက်ဘက်တွင် သူတို့ ငယ်စဉ်က ဘုရားအိုတစ်ဆူ တွေ့မြင်ခဲ့ဖူးကြောင်း ပြောပြသဖြင့် ဖုန်းအတန်အတန် ဆက်၍ မေးမြန်းရတော့သည်။ နောက်ဆုံးတွင် မြောက်တာဇာတိ ဦးဘလူကို မေးကြည့်လျင် သိနိုင်ကောင်းသည်ဟု ဆိုကြသဖြင့် အင်ပင်အိုင်ရွာနေ ဘကြီး ဦးဘလူထံ မေးမြန်းကြည့်ရာ သူတို့ ငယ်စဉ် (၁၀)နှစ်သားလောက်ထိ အဆိုပါနေရာတွင် ဘုန်းကြီးကျောင်းတိုင်ကြီးများ ရှိသေးငြောင်း၊ ကျောင်းတိုင် အလုံး၂၅လုံးခန့်ထိ ရှိသေးကြောင်း သိရှိရသည်။ ရှေးယခင်က အင်ရေအိုး၊ အင်ပင်အိုင်၊ ပန်းတိမ်ကုန်း၊ မြောက်တော၊ မျက်ဆွဲလဲ စသည့် ၅ရွာကို အင်ရေအိုး၅ရွာ ဟု ခေါ်ဆိုကြောင်း၊ အဆိုပါ ဘုန်းကြီးကျောင်းနေရာမှ ဘုရားကြီးကို ဖြိုချပြီး ဘုရားပျက်ထဲရှိ ဓာတ်တော်မွေတော်များကို ပန်းတိမ်ကုန်းရွာကျောင်း (ယခင် အင်ရေအိုးကျောင်းကြီးတိုက်)ထဲတွင် ဓာတ်ပေါင်းစု စေတီအဖြစ် တည်ထားကိုးကွယ်ခဲ့ကြကြောင်း၊ ယခုလက်ရှိ ကျိုက်ထီးရိုးပုံစံတူဘုရားမှာ အဆိုပါ ဓာတ်ပေါင်းစု ဘုရားပျက်ထဲမှ ဓာတ်တော်တော်မွေတော်များကို ထည့်သွင်းကာ အသစ်တည်ထားသော ဘုရားဖြစ်ကြောင်းလည်း သိရှိရသည်။ ဘကြီးဦးဘလူတို့ မှတ်သားမိသမျှတွင် ရှေးက နာမည်ကြီး ဆရာတော်ကြီး ဖြစ်သော သင်္ဂဇာဆရာတော် ဘုရာကြီးပင်လျင် အဆိုပါ ကျောင်းသို့ လာရောက် တစ်ဝါ ဆိုဖူးကြောင်း သိရှိရသည်။ (မေးမြန်းစုံစမ်းရပေဦးမည်၊) ဘုရားပျက်ထဲမှ ဓာတ်တော်မွေတော်များကို အင်ရေအိုးကျောင်းကြီးတိုက်ထဲသို့ ပင့်ဆောင်ကိုးကွယ် ကြသော်ငြားလည်း အဆိုပါ ဘုရားပျက်ထဲမှ ရောင်ခြည်တော်များ ကွန့်မြူးနေသေးသည်ကို ဖူးတွေ့ကြရကြောင်းလည်း သိရှိရလေသည်။ လက်ရှိအချိန်တွင် ဘုရားပျက်နေရာသည် တောင်ဖို့သဖွယ် အနည်းငယ်မြင့်နေသည်ကိုသာ တွေ့ရှိရတော့ကြောင်း သိရှိရသည်။ ရောင်ခြည်တော်များ ဆက်လက်ကွန့်မြူးနေခဲ့သည်ကို ထောက်ရှုသော် အဆိုပါ ဘုရားပျက်နေရာတွင် ဓာတ်တော်မွေတော်များ ကျန်ရှိနေဦးမည် ဖြစ်သဖြင့် ကျနုပ်တို့ ထိန်းသိမ်းသင့်လှပေသည်။
No comments:
Post a Comment