Monday, December 15, 2014

ကံထူးမ ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားသော ကျေးရွာများ(၁၂)

၁၂၊သဲထောင်းရွာ

ကျွန်ုပ်ဖတ်ရှုခဲ့ရသော ပုရပိုက်တွင် ၁၂၃၈ခု၊၁၂၄၆/၁၂၄၇ခုနှစ် ရွှေကျင်၁၃ရွာစာရင်း၌ သဲထောင်းရွာကို တွေ့ရသည်။
ထိုပုရပိုက်များအရဆိုသော်  ရွှေကျင် ၁၃ ရွာမှာ
၁။အင်းကြီး
၂။ခင်မင်
၃။ရွာငယ်
၎။သဲထောင်း
၅။အင်းပက်လက်
၆။ဇီးပေါက်
၇။ကန်သစ်
၈။အင်းရှည်
၉။မြေခု
၁၀။ရေရှင်
၁၁။နွားကူးတောင်ကြောင်း
၁၂။ကင်းဇန်း(တဆန်း)
၁၃။ကြောင်ဆင်းအိုင် တို့ဖြစ်သည်။
၁၂၄၁ခု ပုရပိုက်စာရင်းတွင်လည်း သဲထောင်းရွာ အိမ်ထောင်စုစာရင်းနှင့် ဆောက်စာရင်းကိုလည်း တွေ့ရှိရသည်။
၁၂၄၁ခုနှစ် ပုရပိုက်တွင် သဲထောင်းရွာ၌ အိမ်ခြေ ၁၂ အိမ်ရှိသည်ကို တွေ့ရ၏။
အဆိုပါ ပုရပိုက် စာရင်းအရဆိုသော်

ငစိန်ဘေ မယား မိလှိုင်
ငတောံ မယား မိမှို
ငကျော် မယား မိလယ်
ငချိန် မယား မိဖြူ
ငအုပ် မယား မိကုံ
ငအောင်ကြီး မယား မိမိ
ငရွှေကြီး မယား မိဆီ
မိခို သား ငထွန်းသာ
ငချိုင် မယား မိနွဲ့
မိထိုက် သား ငငယ်
ငချိန် မယား မိတပ်
ငသက်ရှည်  မယား မိမိ ဟူ၍ တွေ့ရ၏။
အခြား ပုရပိုက်တစ်ခုတွင် သဲထောင်းရွာ ဆောက်စာရင်းကိုလည်း တွေ့ရပြန်သေးသည်။အဆိုပါ ပုရပိုက်အရဆိုသော်

သဲထောင်းရွာ ဆောက်စာရင်း

ကြိုးကျာအက်တော
ရေပြာချောက်တော
မချည်းအိုက်တော
ရွာရင်းတော
ပကားတော
ဝါခင်းအိုင်တော ဟူ၍ တွေ့ရသည်။

သဲထောင်းရွာကို ၁၂၄၆/၁၂၄၇ ရွှေကျင် ၁၃ရွာ စာရင်းတွင် တွေ့နေရသေးသဖြင့် ဤရွာသည် သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရ လက်ထက်ကျမှ ပျောက်ကွယ်သွားဟန်တူသည်။အင်္ဂလိပ်အစိုးရသည် ရွာများကို အုပ်ချုပ်မှု လွယ်ကူစေရန် ရွာတစ်ရွာလျင် အိမ်ခြေ ၂၀ရှိရမည်ဟု အမိန့်ထုတ်ခဲ့သည် ဟု ဆို၏။အဆိုပါ အမိန့်ကြောင့် ဤရွာငယ်ကလေးသည်လည်း အခြားနီးစပ်ရာ ရွာတစ်ခုသို့ ပေါင်းသွားသည်ဟု ယူဆရပေသည်။
သဲထောင်းရွာကား ကြောင်ဆင်းအိုင်ရွာမှ ခင်မင်၊ရွာငယ်သို့ သွားရာလမ်းဘေး၌ တည်ရှိခဲ့သည်။ကြောင်ဆင်းအိုင်ရွာ၏
အနောက်တောင်ဘက် သုံးလေးမိုင်ခန့်အကွာ ကျီးစားချောင်း၏ တောင်ဘက်ကမ်းတွင် တည်ရှိသည်။လက်ရှိအချိန်တွင် ရွာဟောင်းကုန်းနေရာ၌ ထန်းပင်ကြီး သုံးပင်သာ ကျန်ရှိတော့သည်။ယခင်က ဘုရားတစ်ဆူရှိခဲ့ရာ ကျီးစားချောင်း တိုက်စား သွားသဖြင့် ယခုအခါ ဘာမှ မကျန်ရှိတော့ပေ။အဆိုပါ ဘုရားဌာပနာမှ ရရှိသည်ဆိုသော လက်ကောက်တစ်ကွင်းကို ကြောင်းဆင်းအိုင်ကျေးရွာ ဘုရားတွင် ဌာပနာခဲ့သည်ဟု ဆိုကြသည်။လမ်းတစ်လျှောက်တွင် ဒေသခံတို့၏ အသက်မွေးဝမ်းကြောင်းမှု တစ်ခုဖြစ်သော သစ္စေထိုးခြင်း လုပ်ငန်းကို လေ့လာနိုင်ပါကြောင်း၊

(သဲထောင်းရွာဟောင်းနေရာအား လိုက်လံ ပြသပေးသော ကြောင်ဆင်းအိုင်ရွာမှ ကိုမြတ်ရှိန်း အား ကျေးဇုး အထူးတင်ပါကြောင်း)

ဤသို့ဆိုသော် ကျွန်ုပ်တို့ ကံထူးမ ပတ်ဝန်းကျင်၌ တချိန်က အကျဉ်းအားဖြင့်
၁။ရာဇဂြိုဟ်
၂။ကျွဲခိုး
၃။မြို့ထင်
၎။ငွေပေါင်
၅။အုန်းပင်ကျယ်
၆။ဘော်က
၇။နွားကောင်တင်
၈။သုံးထောင့်
၉။အုန်းကုန်း
၁၀။အင်းပက်လက်ရွာ
၁၁။ရကဲရွာ
၁၂။သဲထောင်းရွာ

တို့ ရှိခဲ့ပါကြောင်း ပုရပိုက်ပုံကြီးကို မွှေနှောက်ဖတ်ရှုခဲ့သမျှ ကိုယ့်နယ်သူနယ်သားများ ဗဟုသုတ အလို့ငှာ မျှဝေရေးသားလိုက်ရပါကြောင်း။ အားလုံးဝိုင်းဝန်း ဖတ်ရှုပေးကြသဖြင့် အထူးကျေးဇူးတင်ပါကြောင်း။။။


Sunday, November 23, 2014

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၀)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၀)
ကိုရင်ကြီးဖိုးပုရဲ့ အမေ ဒေါ်ရှပ်တော်က ရွာဆော်ဗျ။ရွာဆော်ဆိုတာ ရွာထဲက သာမှုနာမှု ပတ်ဝန်းကျင်ရွာ သာမှုနာမှု 
ရပ်ရွာရဲ့ လုပ်ငန်းကိစ္စ အဝဝကို ရွာရိုးကိုးပေါက် လှည့်အော်ရတာ။တစ်ချို့ဒေသကတော့ ဗျိုးဟစ်တယ် ခေါ်ကြတယ်ဆိုပဲ။
ကျုပ်တို့ဆီကတော ဗျုးမဟစ်ဘူးဗျ။တောဟစ်တယ်လို့ပဲ ပြောရမလားပဲ။ဥပမာဆိုရရင် မနက်ဖန် စည်ပတုံးချောင်းကို
 ပိတ်ပြီး ဆည်တက်ဖို့ဆိုရင် ဒေါ်ရှပ်တော်က အော်တယ်။မနက်ဖန်မနက် ဆည်ညောင်ပင်က ကောက်ရိုးတစ်ထုံး
ဆီနဲ့ ခရိုင်ဆုံပါတဲ့ တော။အဲဒီလို အော်တာပေါ့လေ။သူ့ ကို ရွာကနေ တစ်အိမ်ထောင် စပါး သုံးပြည်နှုန်း တစ်နှစ်စာ ပေးရတယ်။ုတစ်နှစ်ဆို စပါး တင်း ၃၀လောက်ရတာပေါ့။


ဒေါ်ရှပ်တော်က ဆင်းရဲပေမယ့် စေတနာကတော့ ကောင်းသဗျ။သူ့သား သုံးယောက်ပဲ ကျောင်းမှာ ကိုရင်ကြီး ကြာကြာ ဝတ်ဖူးကြတာ။သားအကြီးဆုံး ဖိုးချို ရှင်လိင်ပျံတော့ ဒုတိယသား ဖိုးပုက ကိုရင်ကြီး ဖြစ်လာပြန်တယ်။သားအငယ်ဆုံး
ကြည်မောင်ကသျှောင်ပေစူးလေးနဲ့။အဲဒီကောင်ဟာ ကျုပ်တို့ရွာရဲ့ နောက်ဆုံး သျောင်ပေစူးပဲ။အဲဒီနောက်
 သျောင်ပေစူး
တစ်ယောက်မှ မရှိတော့ဘူး။သျောင်ထုံးရှိတဲ့ အဖိုးကြီးကလည်း ၂ယောက်ပဲ မှီတယ်။ဦးဖိုးဥာဏ်နဲ့ ဦးထွန်းစေပေါ့။
ဒေါ်ရှပ်တော်က မှိုရှာလည်း အရမ်းတော်တယ်။ကျုပ်ကလေးတုန်းက သူနဲ့ အင်ဥရှာ လိုက်သွားပြီး ကျုပ် မျက်စိလည်

တာတောင် သတိယမိသေးရဲ့။မျက်စိလည်တယ်ဆိုတော့ ဘာမှမမှတ်မိဘူးဗျ။မယုံမရှိနဲ့။သူတို့ရွာပြန်တယ်ဆိုလို့သာ
 ရောလိုက်လာရတယ်။ဘာမှမသိဘူး။လမ်းမှာ ရွာကလူကြီး ဦးဖုန်းချို တဲထဲဝင် ရေသောက်တာတောင် အဲဒီလူကြီးတွေကို မမှတ်မိဘူးဗျ။မျက်စိလည်ပုံများပြောပါတယ်။

သူ့သားဖြစ်တဲ့ ကိုရင်ကြီး ဖိုးပုကလည်း သူ့အမေဗီဇပါဟန်တူရဲ့။
အားနေရင် ကျောင်းစည်ရိုးကြားထဲ ဟိုဟာရှာဒီဟာရှာနဲ့။
တစ်ညနေမှာ ကိုရင်ကြီးဖိုးပုက ကျုပ်တို့ကို လှမ်းအော်ခေါ်တယ်။ဟေ့ကောင်တွေ လာကြဟေ့ ငှက်စွတ်မှိုတွေ အများကြီး တဲ့။ကျုပ်တို့လည်းပြေးသွားကြတာပေါ့။ကျုပ်တို့လည်းရောက်ရော ကိုရင်ကြီးက သူ့ဧကသီ သင်္ကန်းနဲ့ အပြည့်ထုပ်ထားတဲ့ မှိုထုပ်ကြီး ထမ်းပြီးအိမ်ပြန်သွားပါလေရော။မှိုတွေကို သူနှုတ်ပြီး အားရမှ ကျုပ်တို့ကို ခေါ်တာပေါ့။ကျုပ်တိုလိုက်ရှာတော့ 
မှိုကလေး လေးငါးပွင့်ပဲ ရတော့တယ်။သည်ငှက်စွတ်မှိုက အုံနဲ့ကျင်းနဲ့ ပေါက်တဲ့အမျိုးကို။တစ်နေရာပေါက်ရင် 
ဖျာလေးငါးခြောက်ချပ်စာလောက်ပေါက်တာကိုး။သည်လောက်များတဲ့မှိုကို ကျုပ်တို့အတွက် လေးငါးပွင့်လောက်ပဲ ချန်ထားခဲ့ပြီး သူကတော့ သင်္ကန်းနဲ့ တစ်ထုပ်ရသွားလေရဲ့။
လောဘကြီးပါဘိ ကိုရင်ကြီးဖိုးပုရယ်။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၉)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၉)
မိုးရာသီ တစ်မနက်မှာပေါ့လေ။ကျုပ်တို့တစ်တွေ ကျောင်းတလင်းထဲ သန့်ရှင်းရေး လုပ်နေတုန်း တိုင်ကပ်နာရီကမြည်လာ
ပါလေရော။ဒါနဲ့ ကိုရင်ကြီးဖိုးပုက တစ်ယောက်တက်ပြီး နာရီခေါက် လိုက်ကြဦး တဲ့။ဒါနဲ့ သန်းရွန်းက တက်ပြီး နာရီ
ခါက်တယ်။နာရ်ီခေါက်ရင် နှစ်ချက်တစ်တွဲ ခေါက်ရတာကိုး။ဂျပန်ခေတ်က ကားပျက်က ရတဲ့ ဘီးခွေကြီးကို ဝရန်တာမှာ
 ချိတ်ပြီး သံတုတ်နဲံ ထုရတာပေါ့။သန်းရွန်းက နာရီခေါက်တော့ ၈နာရီထိုးတာကို ကိုးနာရီ ထိုးတယ်ထင်ပြီး ၉ ချက် ခေါက်ပါလေရော။ ကိုရင်ကြီးက ဟကောင် ၈နာရီဟ တစ်ချက်ပိုသွားပြီ လို့ အော်တော့ သန်းရွန်းက နောက်ထပ် တစ်ချက် ထပ်ခေါက်ပါလေရော။ဟကောင် ဘာလို့ထပ်ခေါက်တာတုန်းဟ ဆိုတော့ ပိုသွားတဲ့ တစ်ချက် ပြန်နှုတ်တာတဲ့။၁၀ချက်ဖြစ်သွားရော။ရွာထဲက လူတွေလည်း မျက်စိလည်ကုန်ရော။အခုပဲ ကောက်စိုက်ထွက်ရတော့မလို ပျိုးနှုတ်ပဲ ထွက်ရတော့မလို ထမင်းပို့ပဲ သွားရ တော့မလိုပေါ့။ကျောင်းနားက အဒေါ်ကြီးတွေက ထအော်တယ်။ဟ သေနာကောင်လေးတွေရဲ့ ၉နာရီလား ၁၀နာရီလားဟဲ့ တဲ့။ဒါနဲ့ နောက်ထပ်တစ်ခါ ၈နာရီပြန်တီး ပေးရလေရဲ့။
ဘဝအမော ပြေနိုင်ကြပါစေ။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရမျာ(၈)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရမျာ(၈)

ကိုရင်ကြီးဖိုးပုရဲ့ အမမကြည်လှိုင်ကရွှေတုံးရွာသားနဲ့ အိမ်ထောင်ကျပြီး ကျုပ်နှစ်တန်းကျောင်းသားဘဝမှာ အလှူလုပ်တော့ ကျုပ်တို့ဘုန်းကြီးကိုလာပင့်တယ်။ဒါနဲ့ ကျုပ်လည်းဘုန်းကြီးနောက်က အာဂန္တု ကျောင်းသား အဖြစ် လိုက်ရတာပေါ့။ရွာထဲက
ကိုငြိမ်းလွင်က လှည်းမောင်း။ကျုပ်နဲ့သန်းလွင်က ဘုန်းကြီးနောက်ကထိုင်ပြီးလိုက်ကြရတယ်။ရွှေတုံးရွာ ရောက်တော့ ညနေစောင်းပြီ။ဒါနဲ့ ဘုန်းကြီးက ကျောင်းမှာ သတင်းသုံးနေခဲ့ပြီး ကျုပ်ရယ် သန်းလွင်ရယ် ကိုငြိမ်းလွင်ရယ် ရွာထဲက မကြည်လှိုင်တို့အိမ် ညစာစားထွက်လာခဲ့ကြတယ်။ကျုပ်ကလည်း ပစ်တောင်းကြီး စလွယ်သိုင်းလွယ်လို့ပေါ့။ရွာထဲ ဝင်လာခါရှိသေး အင်မတန်ကြီးတဲ့ ခွေးနက်ကြီးက ကျုပ်ဆီတည့်တည့် ပြေးလားပြီး ကျုပ်လွယ်ထားတဲ့ ပစ်တောင်းကြိုးကို ကိုက်ဆွဲရမ်းပါလေရော။ကျုပ်တို့မှာဘာလက်နက်မှမပါဘူး။အဲဒီလို ခွေးကြီးက ကိုက်ဆွဲနေတုန်း ရွာထဲက လူတွေကလည်း ဒါးတွေ လှံတွေနဲ့ လိုက်လာကြတာ။ပါးစပ်ကလည်းခွေးရူး ခွေးရူးဟေ့။ပြေကြ ပြေးကြ တဲ့။ဘုရား ဘုရား ကျုပ်ဆီတည့်တည့်
လာပြီး ကိုက်လိုက်တာ ခွေးရူးဖြစ်နေပါရောလား။ကံကောင်းလို့ လူကိုမကိုက်မိဘူး။ပစ်တောင်းကြီး ခံ နေလို့သာပေါ့။ပစ်တောင်းကြီးသာမကယ်ရင် ကျုပ်ဒီလို ပေါက်ကရလေးဆယ်တောင် ရေးရမှာ မဟုတ်ဘူး။အဲဒီခေတ်က ခွေးရူး ဆေးက ရှားကရှားပါဘိသနဲ့။ခွေရူးကြီးလည်း ရွာပြင်ရောက်တော့ အသတ်ခံ လိုက်ရရှာပါလေရော။

Friday, November 21, 2014

ပြုံးတော်မူ(၂၅)

ကျုပ်တို့ရွာ မူလတန်းကျောင်း ဘက
ကနေ အစိုးရကျောင်း ပွင့်တာက ၁၉၇၅ နိုဝင်္ဘလ ၁၉ ရက်နေ့ဗျ။
ကလေးတုန်းက ကျောင်းရှေ့မှာ ကစားရင်း ဖတ်ခဲ့မိတဲ့ နေ့စွဲပဲ။
ကလေးဘဝ မှတ်ဥာဏ်အရပေါ့။
ဟုတ်မဟုတ်တော့ ရွာရောက်မှ ပြန်ကြည့်ရဦးမယ်။
ကျောင်းပွင့်ပွင့်ချင်း ပထမဆုံး ကျောင်းအုပ်ကြီးက အင်တောရိုးရွာက ဆရာကြီဦးမောင်ကိုပဲဗျ။ဆရာကြီးက တော်လည်းတော် ကောင်းလည်း
ကောင်း ရိုက်လည်းရိုက်သပေါ့လေ။
ဆရာကြီးက ကျောင်းသားတွေကို ပန်းချီအနုပညာ အဆိုအက စသဖြင့်သူကိုယ်တိုင် သီချင်းစပ်ပေး သူကိုယ်တိုင် သံချပ် ခွန်းထောက်
ရေးပြီး ကလေးတွေကို သီတင်းကျွတ် ကျောင်းကပွဲ လုပ်ပြီး ဖျော်ဖျေစေတယ်။စကားရည်လုပွဲတွေတက်ပြီး ပြောစေတယ်။ကျုပ်တောင် ၂တန်းကတဲက စကားရည်လုပွဲ တက်တက် ပြောခဲ့ရရဲ့။သည်လို
ဆရာတွေလည်း ရှားမှရှားပေါ့။
အခုခေတ် ဆရာတွေနဲ့ယှဉ်လိုက်
တော့ အဆမတန် ကွာသွား
တာကို တွေ့ရရဲ့။ကျုပ်တို့တစ်တွေက ကျုပ်တို့ရဲ့ ကလေးဘဝက ဆရာကို တမ်းတမ်းတတ ဖြစ်နေရတဲ့ အချိန်မှာ
ကျုပ်သားသမီးတွေဖြင့် သူတို့ဆရာ
တွေကို တမ်းတဖို့ဝေးစွ။သည်နှစ်
သည်ဆရာမနဲ့ မြန်မြန်ကုန်ပါစေတော့ ဆုတောင်းနေကြပါရောလား။
အခုလည်း သူ့ဆရာမတွေက ကျူရှင်မတက်တဲ့ ကလေးနဲ့ ကျူရှင်တက်တဲ့ကလေး အတန်းထဲမှာ ခွဲခြားလိုခွဲခြား လဝကက မှတ်ပုံတင် လာလုပ်ပေးတော့ အသက်အကြီးအငယ်တိုင်း ဦးစားပေးမ ခေါ်ပဲ သူ့ကျူရှင်တက်တဲ့ ကလေး ရွေးခေါ် သွားလို့ အသက်အကြီးဆုံး ကျုပ်သမီး မှတ်ပုံတင် လုပ်ပေးမှန်းတောင် မသိလိုက်ရဘူး။လဝကကလည်း လုပ်ပေးမယ်ဆို အကုန် လုပ်ပေးဖို့ ကောင်းရဲ့။လူ၂၀လောက် ရွေးလုပ်သွားတော့ မလုပ်လိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ထဲ စိတ်ဒါဏ်ရာ ရတာပဲ ကျန်ရစ်တော့တယ်။
ကျုပ် ပိုက်ဆံနှမြောလို့ ကျူရှင် ထားမပေးတာ မဟုတ်ပါဘူး။
စနစ်ကြီးကို ရွံလွန်းလို့။ဘယ်နှယ် သူငယ်တန်းကနေ တက္ကသိုလ်ထိ ကျူရှင်နဲ့ကို မကင်းနိုင်တော့ဘူး။
ကျုပ်တို့ သူငယ်တန်းကနေ မဟာဘွဲ့ရတဲ့ထိ ဘာကျူရှင်မှ မတက်ခဲ့ရပါဘူး။သူတို့ခေတ်ကြမှ တက်လိုက်ရတဲ့ ကျူရှင် စာတွေတတ်လာသလားဆိုတော့ စိတ်ညစ်ဖို့ ကောင်းပါဘိတော့။
ကလေးတွေမှာ ကစားချိန်ဆိုတာ လုံးဝ မရှိတော့ဘူး။မနက်လင်း ကျူရှင် ကျောင်းဆင်းတော့လည်း ကျူရှင်နဲ့ ဒီကျူရှင် သံသရာကနေ ဘယ်တော့များ ထွက်နိုင်မှာလည်း မသိတော့ဘူး။သည်အကြောင်းတွေ ရေးနေရတာနဲ့ ကျုပ်ဆရာကြီး ဦးမောင်ကို ဇာတ်လမ်းတောင် ဘယ်ရောက် သွားပြန်မှန်း မသိတော့ဘူး။
ကျုပ်အထက်က ပြောခဲ့သလိုပဲ ကျုပ်တို့ဆရာကြီးက ကျုပ်တို့ကလေးတွေကို လူတောတိုးအောင် ငယ်ကတဲက လေ့ကျင့်ပေးခဲ့တာဗျ။ကျုပ်တို့ ကျောင်းများ အဲဒီတုန်းက တောင်သူလယ်သမားနေ့ ပြိုင်ပွဲတွေဆိုရင် ဆုမရတဲ့ ပြိုင်ပွဲကို မရှိဘူး။သုံးဖွဲ့ ဝင်ပြိုင် သုံးဖွဲ့လုံး ဆုရတာပဲ။
ကျုပ်တို့ သူငယ်တန်းစတက်တော့ ညနေပိုင်းကြရင် ဆရာကြီးက ကျုပ်တို့ အားလုံးကို ခေါ်ပြီး ဗဟုသုတ ဘယ်လောက်ရှိလဲ သတင်းထူး ဘာတွေ ရှိလဲ ခေါ်ခေါ်မေးတယ်ဗျ။
တစ်ညနေမှာ ကျုပ်တို့ကို ခေါ်ပြီး ဆရာကြီးက မင်းတို့ ဥသြတွန်သံ ကြားဖူးကြသလားတဲ့။ဆန်းလွင်က ထဖြေတယ်။ကြားဖူးပါတယ် ဆရာကြီးတဲ့။ဘယ်လို တွန်သာလဲကွ ဆိုတော့ ဆန်းလွင်က အောက်အီးအီးအွတ် လို့ တွန်တာပါ ဆရာကြီးတဲ့။ဆရာကြီးမှာ မျက်ရည်ကို ထွက်လို့ဗျာ။ရီလိုက်တာ။
ပြီးတော့ ထပ်မေးတယ်။လေကို မြင်ဖူးကြသလား တဲ့။ကျုပ်အကို ဝမ်းကွဲ စိုးတင့်က မြင်ဖူးပါတယ် ဆရာကြီ။မနေ့က ကျနော်တို့ အိမ်ပေါက်ဝမှာ ပြေးနေတာ တဲ့။
ကဲကဲ ဒါတွေထားပါတော့ မင်းတို့ ဘာသတင်းထူးတွေ ကြားမိလဲ ဆရာကြီးကို ပြောပြကြစမ်းပါ တဲ့။ ခက်ချေပြီ။ကျုပ်တို့မှာ ရေဒီယိုမရှိ သတင်းစာဆိုတာ မြင်တောင်မမြင်ဖူး ဘယ့်နှယ်လုပ် သတင်းထူး ပြောစရာ ရှိပါ့မတုန်း။မပြောမနေရဆိုတော့ ကျုပ်တို့လည်း ရွာထဲက ရန်ဖြစ်တဲ့ အကြောင်းတွေ လျောက်ပြေရသပေါ့။
ကျုပ်အလှည့်ကျလို့ ကျုပ်ပြောခဲ့ရတာုကတော့ကျုပ်ဦးလေးနှစ်ယောက် 
ရန်ဖြစတာကို ပြောပြခဲ့ရဲ့။
်ဦးဘသီနဲ့ ဦးတင်ညွန့်တို့ ရွာကလူတွေ အလှူလုပ်ဖို့
ွစကားပြောနေကြတဲ့ဝိုင်းမှာ
ှရန်ဖြစ်လို့ ကျန်တဲ့လူတွေက ဖျန်ဖျေပြီး ချော့လွှတ်လိုက်လို့ ဦးဘသီလည်း ပြန်သွားပြီး အိမ်ကနေ လှည်ထမ်းပိုးကျည်းယူလာပြီး ဦးတင်ညွန့်ကို နောက်ကနေ ချောင်းရိုက်ပြီး ဘသီတဲ့ကွ လို့ ဆိုသတဲ့။ချောင်းရိုက်တဲ့လူက ဘသီတဲ့ကွ လို့ အော်သတဲ့လေ။
သောင်းပိုကတော့ ဘုန်းကြီးကျောင်း
ဘေးက ဒေါ်သိန်းကြွယ်တို့ လင်မယာ ရန်ဖြစ်တာကို ပြောပြသတဲ့။
ဒေါ်သိန်းကြွယ်နဲ့ ဦးခင်ညို ရန်ဖြစ်တော့ ဒေါ်သိန်းကြွယ်က အိမ်းဘေးက သူ့မောင်ကြီးကို မောင်ကြီးရေ ကယ်ပါဦးဆိုတော့ သူ့မောင်ကြီးက ပြေးလာတော့်သူတို့လင်မယား အခန်းထဲ ရန်ဖြစ်ရာက ဖြစ်ပုံကြောင့် 
သူ့မောင်ကြီးဦးထွန်းပိုင်လည်း ဟင် ဆိုပြီး ပြန်လှည့်ခဲ့ရတယ်တဲ့။ဟီး ဟီး။
ဆရာကြီးလည်း ကျုပ်တို့ရွာကျောင်း
မှာ ၈နှစ်လောက် နေပြီး သူတို့ရွာကို ပြောင်းသွာတယ်။ဒါနဲ့ ဆရာကြီးနဲ့ အဆက်ပြတ်သွားသပေါ့။၈တန်း
ရောက်တော့ သူတို့ရွာက ကျောင်းသားတစ်ယောက်နဲ့ တွေ့ရလို့
ဆရာကြီးက ကလေးတွေ သတင်းထူး မပြောခိုင်းလား မေးကြည့်တော အရင်တုန်းက ပြောခိုင်းတယ်ကွ။အခုတော့ မပြောခိုင်းတော့ဘူးတဲ့။ဘာလို့တုန်းလို့မေးတော့ တစ်ညနေမှာ သူငယ်တန်းကလေးကို သတင်းထူး ပြောခိုင်းတော့ ကောင်လေးက ဆရာကြီး ခင်များ ဆရာကြီးသမီး အကြီးမ မနေ့တုန်းက ရွာထိပ်က လက်ပံပင်အောက်မှာ သူ့ရီးစားနဲ့ ချိန်းတွေ့တာ မြင်ခဲ့ရသဗျ လို့လည်း ပြောလိုက်ရော
ဆရာကြီးလည်း ဟေ ဆိုပြီး အဲဒီကတဲကစ သတင်းထူး မမေးတော့ဘူးတဲ့ဗျ။့
ဆရာကြီး ကျန်းမာပါစေသော်။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၅)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၅)
ဘုန်းတော်ကြီး ဦးကေသရ ဒီနေ့မနက် အိပ်ယာထကတဲက ဒေါသထွက်စရာကြုံတော့သည်။ဒေါသမထွက် နေနိုင်ပါရိုးလား။
သူ့ဘုန်းကြီးကျောင်းသား။ကိုရင်တွေကို မှာထားသည်။ညရေးညတာ အပေါ့အပါး သွားချင်ရင် တစ်ယောက်ယောက်ကို နှိုးပီး သွားကြလို့ ပြောထားသည်။ကျောင်းဝင်းကလည်း အကျယ်ကြီး။ကလေးသူငယ်တွေဆိုတော့ တစ္ဆေသူရဲကလည်း အတော်ကြောက်တတ်ကြသည်။ကျောင်းသားကြီးတွေကလည်း ညစ်ပတ်ချင်သည်။တစ်ခါတစ်လေ နှိုးရချင်မှ ရတတ်သည်။
သည်မနက် ဘုန်းကြီး အိပ်ယာက ထတော့ ကျောင်းပေါ်မှာ ချီးပါထားသည်။ဒါနဲ့ကျောင်းသားအားလုံးကို ခေါ်စစ်သည်။အဖြေက မပေါ်။ဘယ်သူမှ မပြော။ဘူးတစ်လုံးဆောင် အိုအောင်မဆင်းရဲ ဆိုသလိုများ မှတ်နေကြရောသလား မသိ။
ဘုန်းတော်ကြီးလည်း စစ်မရလေလေ ဒေါသကထွက်လာလေလေ။သည်လိုနဲ့ ညနေပိုင်း ရောက်လာသည်။ဘုန်းကြီးက ကျောင်းသားတွေ အားလုံး ဘုရားခန်းရှေ့စုထိုင်စေသည်။ကျောင်းသားများ အားလုံးစုံလျင် ဘုန်းကြီးလည်း စကားတစ်ခွန်းမှ

မပြောပဲ ကျောင်းသားတစ်ယောက်ချင်းဆီကို သွားပြီ မျက်နှာကို စေ့စေ့စိုက်ကြည့်သည်။ကျောင်းသားတွေလည်း 
အသက်ပင် မရှူရဲ။ဘုန်းကြီးကိုလည်း ပြန်မကြည့်ရဲ။ကျောင်းသားအားလုံးကို တစ်ယောက်ချင်းလိုက်ကြည့်ပြီးသော်
အေး ရပြီ သွားကြတော့ တဲ့။ကျောင်းသားတွေလည်း အားလုံး ထ အသွား ဘုန်းကြီးက ဟို ချီးပါတဲ့ အကောင်က ဘယ် ထလိုက်သွားမလို့တုန်း ဆိုတော့ မသိစိတ်လို့ ပြောရမလား ကြောက်စိတ်ကြောင့် ပြောရမလား။မြင့်ခင်ဆိုတဲ့အကောင်က ပြန်ထိုင်ပါလေရော။ ဘုန်းကြီးလည်း မင်း လာခဲ့ဒီနားကို။မင်း ပါတာ မဟုတ်လား ဆိုတော့ တင်ပါ့ဘုရား တဲ့။

ဦးကေသရလည်း မောင်မြင့်ခင်အား ရိုက်လိုက်သည်မှာ ကြိမ်ချောင်းပင် ကျိုးသွား၏။မည်သူမျှလည်း တော်ပါတော့ဘုရား ဟု
ဝင်မတားရဲ။သြော် ဤသည်ပင်လျင် ဘုန်းကြီးကျောင်းသားဘဝ ဖြစ်ချေတော့သည်။မောင်မြင့်ခင်လည်း နောက်ရက်မှစ၍ ဘုန်းကြီးကျောင်း မလာရဲတော့ချေ။မည်သို့လျင် လာရဲပါတော့မည်နည်း။ကျောတစ်ပြင်လုံး ကြိမ်နဲ့ အရိုက်ခံရတဲ့ အရှိုးရာတွေ နည်းတာမှ မဟုတ်ပဲကိုး။့

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၄

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၄)
ကျုပ်မှာသစ်ပင်ပေါ်က ပြုတ်ကျတာ ၅ခါတောင်ဗျ။ဂင်းနစ်မှတ်တမ်းတောင် ဝင်ချင်ဝင်နိုင်ဦးမယ်ဗျ။သစ်ပင်ပေါ်မှ ပြုတ်အကျဆုံးလူဆိုပြီးတော့။အဲဒီလောက်တောင် ဆော့ခဲ့တာကိုး။သူငယ်တန်း၊၂တန်း၊၅တန်း၊၉တန်း၊ဆယ်တန်း
အောင်ပြီးတော တစ်ခါ ငါးခါပြုတ်ကျတာ။ကံတော့ အတော်ကောင်းတယ်ဗျ။တစ်ခါမှ ကျိုးတယ်ကန်းတယ် မရှိခဲ့ဘူး။ဘယ်ဘက်လက်ပြင်အုံပဲ အကြောလွဲလွဲ သွားတယ်။
၂တန်းတုန်းကပေါ့။မိုးရာသီ တမနက်မှာ မိုးရွာပြီးစ ကျုပ်တို့လည်း ဆွမ်းစားပြီးစ အလုပ်အားနေတဲ့ အချိန်ပေါ့။ကျုပ်လည်း စောင်းလျားပင်ပေါ်တက်ပြီး စောင်လျားသီး တက်ခူးတာပေါ့။ကိုရင်ကြီးဖိုးပုက အပင်အောက်က။
ကျုပ်လည်း ကိုရင် ဒီအလုံးလေး ကောက်ထားပေးစမ်းပါ ဆိုပြီး စောင်လျားသီးမှည့်လေး လှမ်းအခူး ခြေထောက်နင်းထားတဲ့
အကိုင်းခြောက်က ကျိုးပြီး ကျုပ်လည်း အောက်ပြုတ်ကျပါရော။အုန်းမောင်းကြီးချိတ်ထားတဲ့နေရာဘေးက
 ပြုတ်ကျတာ။
ကျုပ် ဘယ်ဘက်ပါးတစ်ခြမ်းနဲ့ အုန်းမောင်းအောက်က ကကျောက်တုံးကြီးနဲ့ ပွတ်တိုက် ကျလိုက်တာ ကျုပ်ပါးတစ်ဖက်
စုပ်ပြဲသွားတာပေါ့။ကျုပ်လည်း ပြုတ်ကျရော ကိုရင်ကြီးဖိုးပုက ကျုပ်ကို မထူပဲ တစ်ခြားကျောင်းသားတွေရှိတဲ့ ဇရပ်ပေါ်ကို 
ငယ်သံပါအောင်အော်ပြီး တက်ပြေးသွားတယ်။
ဘုန်းကြီးက ပြတင်းပေါက်က ကြည့်နေတဲ့အချိန်နဲ့ ကြုံတော့ ဘုန်းတော်ကြီးလည်း ဆင်းပြေးလာပြီး ကျုပ်ကို ပွေ့ထူ ပြီး ဆေးသိပ်ပေးတယ်။ပြီးတော့ ကိုရင်ကြီးဖိုးပုကို သစ်ပင်ပေါ်က ကျတဲ့သူကို မထူပဲ ထွက်ပြေးရမလားဆိုပြီး ရိုက်လိုက်
တာလေ။ကျုပ်သစ်ပင်ပေါ်က ပြုတ်ကျတာ ကိုရင်ကြီးပါ နေရင်းထိုင်ရင်း အရိုက်ခံလိုက်ရဲ့။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၃)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၃)
ကျုပ်တို့ ကလေးတုန်းက ဗွီဒီယိုဆိုတာ ရှိကိုမရှိဘူးဗျ။ကျုပ်တို့စသိတာကတော့ လက်နဲ့ လှည့်လှည့်ပေးရတဲ့ဓာတ်စက်
ဆိုတာကြီးပဲ။လည်နေတဲ့ဓာတ်ပြားပေါ်ကို အပ်ကလေးနဲ့ ထောက်ထားတော့ အသံထွက်လာတယ်ဆိုလားပဲ။နောက်ကြမှ ကက်ဆက်ဆိုပြီး ပေါ်လာတာ။ဘုန်းကြီးကျောင်းဘေးက ကိုကျော်အောင်ရဲ့ ကက်ဆက်အစုပ်ကလေးနဲ့ နေ့တိုင်းနီးနီး
ဖွင့်ဖွင့်နေတဲ့ ဦးရှင်ကြီး ဇာတ်ထုပ်ကို သွားသွားနားထောင် ကံဆိုးသူ မောင်ရှင်ဆိုတိုင်း မျက်ရည်ဝိုင်းခဲ့ရတာတောင်
မှတ်မိသေးရဲ့။

ရုပ်ရှင်ဆိုတာ ဝေလာဝေး။နောက်ကြမှ ကျုပ်တို့ သုံးတန်းလောက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက လာပြတဲ့ ပြန်ကြားရေး ရုပ်ရှင်ဆိုပြီး ပထမဆုံးရောက်လာတာ။ဒါတောင်မှ ရွာကိုလာတာ မဟုတ်ဘူး။ရွာနဲ့ လေးမိုင်ဝေးတဲ့ ကံထူးမကို လာပြတာ။ 

ကျုပ်တို့ဘုန်းကြီးကျောင်းသားတစ်တွေလည်း ရုပ်ရှင်ကြည့်ဖူးအောင်ဆိုပြီး သွားကြည့်ကြတယ်။ရုပ်ရှင်ဇာတ်လမ်းလည်း မဟုတ်ပါဘူး။ကျုပ်မှတ်မိတာကတော ဝက်ဝံကြီး စက်ဘီးစီးပြတာရယ် ပန်ချာပီကုလားကြီး အုတ်နံရံကို ခြေကန်ပြီး 
တက်ပြတာရယ်။နာဂလူမျိုးတွေဆီကို အစိုးရစစ်တပ်က ရဟတ်ယာဉ်ကြီး ဆင်းလာတော့ ရွာလူကြီးက အိမ်ဘေးက အုန်းမောင်းကြီးကို တုတ်ရှည်နှစ်ချောင်းနဲ့ ထုလိုက်တော့ အဝတ်အစားမပါတဲ့ နာဂတွေ ထွက်ပြေးလာကြတာရယ် အစိုးရလူကြီးတွေက လက်ဆောင်တွေ ပေးလိုက်တာရယ် ဒါတွေပဲ မှတ်မိတော့တယ်။လွန်ခဲ့တဲ့ အနှစ် ၃၅နှစ်လောက်ကကိုး။

ဒီလိုနဲ့ ည တစ်နာရီလောက်ကြတော့ ရုပ်ရှင်က ပြီးသွားရော။ဒါနဲ့ ကျုပ်တို့ တစ်တွေ ကံထူးမစာသင်ကျောင်း
ထဲက ညောင်ပင်ကြီးအောက်က ကွပ်ပစ်ကြီးပေါ် သွားအိပ်ကြတယ်။မနက် လေးနာရီလောက်ကြတော့ အကုန်လိုက်နှိုးပြီး ရွာကိုပြန်ခဲ့ကြတယ်။မနက်လင်းတော့ ကျောင်လည်းရောက်ရောလေးမောင်ဆိုတဲ့ကောင်က 
ပါမလာဘူး။ကျုပ်တို့လည်း 
ဘာလုပ်ရမှန်း မသိတော့ဘူး။မနက်လင်းရင်တော့ ပြန်လာတတ်တန်ကောင်းပါရဲ့ပေါ့။ဆွမ်းခံကလည်း ထွက်ချိန်ရောက်
လာတာနဲ့ ကျုပ်တို့လည်း ဆွမ်းခံသာ ထွက်လာခဲ့ကြရတယ်။လေးမောင်ဆီ စိတ်ကရောက်နေကြတော့ စိတ်ကလည်း
မကောင်းကြဘူး။မနက်၈နာရီလောက်ကြတော့ အနှီ မောင်လေးမောင် မျက်ရည်လေးဝိုင်းလို့ ရောက်လာတော့တယ်။
မရမ္မိရွာက ကျုပ်နှမ ဝမ်းကွဲ မိဒါနဲ့ စန္ဒာဝင်းတို့ ညီအမက လိုက်ပို့လာတယ်။သူက မနက်အိပ်ယာကနိုးတော့ သူ့ဘေးမှာ ကျန်တဲ့ လူက တစ်ယောက်မှ မရှိတော့ဘူး။ဒါနဲ့ ကြောက်ကြောက်နဲ့ ကားလမ်းမကြီးပေါ် ထွက်လာတော့ ကားကြီး
တစ်စီးလာတာနဲ့ တက်လိုက်စီးသွားတယ်တဲ့။ကားကလည်းချက်ပက်လက်ကားအိုကြီးတွေဆိုတော့ ဖြေးဖြေး 

မောင်းနေတာကိုး။ဘုမသိဘမသိ အိမ်ကို ဘယ်ဘက်ပြန်ရမှန်းမသိပဲ ကားပေါ်တက်လိုက်သွားတာ။ကားက ရေဦး သွားမယ့်ကား။အရှေ့ထဲ သွားနေတာ။သူပြန်ရမှာက အနောက်ဘက်တစ်မိုင်လောက် သွားပြီးမှ မြောက်ဘက်ပြန်ချိုးရမှာ။မရမ္မရောက်တော့ ကားက ခရီးသည်တင်မလို့ ခဏရပ်တော့မှ ကားဆရာက မင်းက ဘယ်သွားမှာတုန်း လမ်းဆုံလား ရေဦးလားဆိုတော့ ကျုပ်က ဇီးပေါက်သွားမှာ မပြန်တတ်လို့တဲ့။ကဲ အေးကြရော။အဲဒါနဲ့ကားဆရာတွေက မရမ္မိက 
လူတွေ မေးကြည့်တော့ ဇီးပေါက်ရွာက မခင်တုတ် ဒီရွာမှာ အိမ်ထောင်ကြတာရှိတယ်ဆိုပြီး ကျုပ်အမဝမ်းကွဲ မခင်တုတ် အိမ်ကို လိုက်ပို့ကြတယ်။မနက်လင်းတော့ မခင်တုတ်ရဲ့ သမီးနှစ်ယောက်က လိုက်ပို့ပေးရှာလို့ မောင်လေးမောင် အိမ်ပြန် ရောက်လာတော့တယ်။လူကုန်ကူးတဲ့ခေတ်မဟုတ်လို့သာ မောင်လေးမောင် အိမ်ပြန်ရောက်လာတယ်။သည်ခေတ်လိုသာ
ဆိုရင်တော့ တရုတ်ပြည်များ ရောက်ရော့မလား မသိပါဘူး။အခုတော့ အနှီမောင်လေးမောင်လည်းမရှိရှာတော့ပါဘူး။၁၆နှစ်
သားလောက်က ဆုံးသွားရှာတယ်။
ဒါကတော့ ကျုပ်တို့ကလေးတုန်းက ပြန်ကြားရေး ရုပ်ရှင်ကြည့်ရတဲ့ အကြောင်းလေးပေါ့လေ။

ဗဟုသုတ

ဝန်ဇင်းရွာသား ငညိုကား မည်သည့်အလုပ်မှ လက်ကြောတင်းအောင် မလုပ်ပဲ အားအားရှိလျင် စာတိုပေစများကိုသာ ဖတ်ရှုခြင်းဖြင့် အချိန်ကုန်၏။
ထို့ကြောင့် သူ့အား စာတိုငညို ဟုသာ ခေါ်ကြကုနါ၏။အရွယ်ရောက်သော် ဝန်ဇင်းရွာသူကြီး၏ သမီးနှင့် အိမ်ထောင်ကျ၏။သူကြီးမင်းလည်း သမီးကို ချစ်၍သာ ပေးစားလိုက်ရငြားလည်း ဘာလုပ်မှ မလုပ်ပဲနေသော ငညိုကို မျက်စိစပါးမွှေးစူနေ၏။ သို့နှင့် သမီးနှင့်သမက်အား နွားတစ်ရှင်းနှင့် လယ်တစ်ခွက်ပေးကာ အိမ်မှ နှင်ချလိုက်၏။ငညိုလည်း မယားဖြစ်သူကို ခေါ်ကာ ယာထဲတွင် ထွန်ယက်စားသောက်ကာ နေ၏။
တစ်နေ့သော် အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် မိတ္ထီလာကန် ကျိုး၍ လာရောက်ဆည်ရာမှ ကန်ပေါင်ရိုးပေါ်မှ နတ်ရုပ်ကို မြင်၍ မေးလျင် မည်သူမျှ မဖြေနိုင်သည်နှင့် ဖြေနိုင်မည့်သူကို စုံစမ်းစေရာ ဝန်ဇင်းရွာသူကြီးသားမက် ငညိုကား စာအလွန်ဖတ်သည်။စာတိုပေစ နှံ့စပ်သည်။သူ့ကို ခေါ်မေးလျင် သိနိုင်ရာသည်ဟု လျောက်တင်ကြသဖြင့် ငညိုအား ရှေ့တော်သို့ ခေါ်စေ၏။ဝန်ဇင်းသူကြီးလည်း အမိန့်တော်ကိုကြားသော် သမီးဖြစ်သူအား နင့်ယောက်ျားသည် စာပေကို ဖတ်ရှုပြီး ရာဇဝတ်ကြောင်းတစ်ခု ကျူးလွန်ရန် ကြံစည်သဖြင့် ဘုရင့်နားတော်သို့ ပေါက်၍ သတ်ရန် ခေါ်သည်ဖြစ်မည်ု ဆို၏။သမီးဖြစ်သူလည်း ငိုယို၍ သူ့လင် ငညိုရှိရာ ပြေးလာပြီး
ပြောသော် ငညိုလည်း ရှင်မ မပူနှင့်တော့။ငါတို့ ကောင်းစားရန် အကြောင်းဖန်လာသည် ဟုဆိုပြီး အနီးရှိ သပြေပင်မှ သပြေပန်းတို့ကို ချိုးယူ၍ နွားနှစ်ကောင်၏ ဦးချို၌ ချည်နှောင်ပြီးလျင် ငါ့သားတို့ကို အဘ မခိုင်းတော့ပြီ လွတ်ရာကျွတ်ရာသို့ သွားကြပေတော့ဟု ဆိုလျက် ဘုရင်ရှေ့တော်သို့ အခစားဝင်၏။
ဘုရင်ကြီးလည်း ကန်ပေါင်ရိုးပေါ်မှ အရုပ်ကို မေးမြန်းရာ နတ်ရုပ် မဟုတ်ကြောင်း မိဘုရားတစ်ပါး သေလွန်သဖြင့် မိဘုရား၏ ပုံကို ရွှေစင်ရုပ်သွန်းလောင်းပြီး ရုပ်ကလပ်နှင့်အတူ မြှုပ်နှံလျက် အပေါ်မှ နတ်ကွန်းသဏ္ဌာန်ပြုလုပ်၍ သစ်သားပန်းပုရုပ်ကို တင်ထားခြင်း ဖြစ်ကြောင်း လျောက်ထား၏။
ဘုရင်ကြီးလည်း နတ်ကွန်းအောက်သို့ တူးစေရာွှေရွှစင်ရုပ်ကို တွေ့ရသဖြင့် သဘောကျတော်မူသဖြင့် ငညိုအား နန်းတော်သို့ ခေါ်ကာ စည်းတပစ်
ဟူသော ဘွဲ့ကို ပေးလျက် ပညာရှိ မင်းတိုင်ပင် အမတ်ကြီးအဖြစ် ခစားစေ၏။သူမွေးဖွားရာ ဝန်ဇင်းရွာကို အစွဲပြု၍ ဝန်ဇင်းမင်းရာဇာဟု နာမည်ကြီး၏။အမတ်ကြီးဖြစ်လာလျင် မိမိမွေးဖွားရာ အိမ်နေရာ၌ ဘုရားတည်ထား၏။ရွှေစည်းခုံဘုရားဟု ခေါ်ကြကုန်၏။သပြေဝမှ သာစည်သို့ သွားရာ လမ်း၏ ညာဘက်၌ ရှိ၏။
သမိုင်းစိတ်ဝင်စားသူများ သွားရောက် ဖူးမျှော်နိုင်ရန်။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၂)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၂)
ကျုပ်အကိုဝမ်းကွဲ ချစ်မဲရဲ့အမျိုးသမီး မခင်သောင်းက ကျုပ်တို့ဘုန်းကြီးကျောင်းသားတွေကို တစ်ရက်မှာ မကြားဝံ့
မနာသာ ဆဲပါလေရော။ဒါနဲ့ ကိုရင်ကြီးဖိုးပုက ဒီလောက်ဆဲလှတာ ပညာပြရအောင်ကွတဲ့။သူကလည်း
ဘယ်သူပြောတာကြားဖူးတာလည်း မသိပါဘူး။လူရိုးနဲ့ မြေသပိတ်ကွဲကို သင်္ကန်းနဲ့ ထုတ်ပြီး သူ့အိမ်ထဲ 
သွားပစ်ရင် သူ့အိမ်ကို ညကြရင် သရဲ လာခြောက်လိမ့်မယ်တဲ့။ဒါနဲ့ ကိုရင်ကြီးက ကျုပ်နဲ့သန်းရွန်းကို ခေါ်ပြီး 
ကန်ကလေးကုန်းရွာ သင်္ချိုင်းကုန်းထဲ လူရိုးရှာထွက်ခဲ့ကြတယ်။သင်္ချိုင်းထဲ ဝင်ခါရှိသေး အပုပ်နံ့တွေ ထွက်လာလို့ လူရိုးမရပဲထွက်ပြေးလာခဲ့ရတယ်။ဒါနဲ့ ကံများကျောင်း အနောက်ဘက်မှာ ဦးဖိုးဟန် မီးသဂြိုဟ်ထားတဲ့ နေရာက မီးသွေးခဲတွေကြားထဲက အရိုးစတွေကို သွားကောက်ကြတယ်။မှတ်မိသေးတယ်။ကျုပ်ဒူးခေါင်းတည့်တည့် လူရိုးဆူးလို့ အနာတောင်ဖြစ်လိုက်သေးရဲ့။ဒါနဲ့ အဲဒီ ဦးဖိုးဟန်ရဲ့အရိုးတွေရယ် မြေသပိတ်ကွဲ တွေရယ်ကို သင်္ကန်းနဲ့ ထုတ်ပြီး 
ကိုရင်ကြီးက မခင်သောင်းအိမ်ထဲက ကြံပင်ကြားထဲ သွားပစ်ထားတယ်။ ဒီမိန်းမကြီးအိမ်တော့ သရဲခြောက်ပြီပေါ့လေ။
ဘယ်က သရဲ ခြောက်နေပါလိမ့်မတုန်း။ခဏနေတော့ ဒေါ်ခင်သောင်းက အထုတ်ကလေးကိုင်ပြီး ကျောင်းပေါက်ဝကနေ
မိုးမွှန် နေအောင်ဆဲလိုက်တာလေ။ဘုန်းကြီး မန္တလေးကြွသွားလို့ မရှိလို့သာ တော်တော့တယ်။ဒါမ မဟုတ်ရင်တော့ကျုပ်တို့တော့ အဆဲလည်းခံရ အရိုက်လည်းခံရ နေမှာ။
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေ အတတ်ကျူးတာ နှစ်ခါပြန် ဆဲ့ခံရဲ့။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၁

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၁)

ကျုပ်သုံးတန်းကျောင်းသားဘဝတုန်းကပေါ့။တစ်ရက်မှာ ဘုန်းကြီးက တစ်ခြားရွာကို အာဂန္တုကြွသွားတယ်။ဒါနဲ့ ရွာထဲက 
သူ့ရဟန်းတကာ ဦးလှဖုန်းနဲ့ ကျုပ်ဦးလေး ဦးကံမြင့်တို့ ကျောင်းစောင့် အလှည့်ကြလို့ကျောင်းလာအိပ်စောင့်ကြတယ။် ကျောင်းလာစောင့်တဲ့ ဦးလှဖုန်းကလည်း ဆေးလိပ်က အင်မတန် သောက်ကိုး။မနက် အိပ်ယာကတဲက ပြောင်ဖူးဖက်
ဆေးလိပ်ကြီး ဖွာနေတော့တာပဲ။ကျောင်းပေါ် သူတို့အိပ်တဲ့ နေရာနားမှာ ကန့်လန့်ကာတွေ ခေါင်းအုံးတွေ ထားတဲ့ ရှေးသေတ္တာကြီးရှိတယ်။ဦးလှဖုန်းက ဆေးလိပ်သောက်ပြီး ဆေးလိပ်ခွက်ရှာမတွေ့တော့ သူ့ဆေးလိပ်ကို သေတ္တာ အဖုံးပေါ် တင်ဟန်တူပါရဲ့။သေတ္တာအဖုံးက အဆက်နေရာမှာ လက်ညှိုးလောက် ဟနေတော့ ဆေးလိပ်လိမ့်မကျအောင် အဲဒီပေါ် တင်မိခဲ့ဟန် တူပါရဲ့။မနက် ၇နာရီလောက်ကြတော့ ဦးလှဖုန်းတို့က နေ့လည်ပိုင်း ဘုန်းကြီးပြန် ရောက်မှာ 
ဆိုတော ရွာထဲပြန်သွားကြတယ်။ကျုပ်တို့လည်း ဆွမ်းခံထွက်ပြီး ပြန်ရောက်တော့ စာသင်ကျောင်း သွားကြတယ်။နေ့လည် ၁၁နာရီ ထိုးတော့ ဆွမ်းစားပြန်ခဲ့ကြတယ်။ကျုပ်တို့ ဆွမ်းစားနေတုန်း ကျုပ်ညီနဲ့ ညီမတို့ ကလေးတွေဘုန်းကြီးကျောင်း
ထဲ ဘာလာကောက်ကြမှန်း မသိပါဘူး။ကိုလေးတို့ရေ ကျောင်းပေါ်က မီခိုးတွေ ထွက်နေတယ်။မြန်မြန်လာကြ တဲ့။ 
ဒါနဲ့ ကျုပ်တို့လည်း ထမင်းတောင် လည်ချောင်းထဲက မကျသေးဘူး။ထပြေးရတာပေါ့။မီးခိုးတွေက ကန့်လန့်ကာ သေတ္တာထဲက ထွက်နေတာ။ဒါနဲ့ သေတ္တာကြီးလည်း မဖွင့်လိုက်ရော။အထဲမှာ မီးတောက်ကြီးကို နည်းတာမဟုတ်ဘူး။သေတ္တာထဲက ခေါင်းအုံးတွေ ကန့်လန့်ကာတွေ ကို လှိုက်စားပြီးလောင်နေလိုက်တာ။ကျွန်းသေတ္တာကြီးဆိုတော့ လောင်လို့လည်း ကောင်းနေတာပေါ့။ဒါနဲ့ ကျုပ်တို့လည်း ဘုန်းကြီးသောက်ရေအိုးထဲက ရေရယ် မျက်နှာသစ်တဲ့အိုးထဲက ရေတွေ ယူပြီး မီးသတ်ကြရတယ်။ကိုရင်ကြီးဖိုးပုရယ် ကျုပ်အကို ကျော်ဆွေရယ် ကျုပ်တို့ ဘုန်းကြီးကျောင်းသား ဆယ်ယောက်လောက် မနည်းသတ်လိုက်ရတယ်။မီးလည်းငြိမ်းရော ကန့်လန့်ကာတွေ ခေါင်းအုံးတွေ ခင်းနှီးတွေလည်း လေးငါးဆယ်ခုပဲ အကောင်းကျန်ရစ်တယ်။လေးပုံသုံးပုံလောက် မီးထဲ ပါသွားလေရဲ့။ဒါနဲ့ ကျုပ်တို့လည်း ဘုန်းကြီးသိရင် ရိုက်လိမ့်မယ်ဆိုပြီး မီးလောင်ထားတဲ့ အရာတွေ အကုန်လုံး ခြင်းတောင်းထဲ ထည့်ပြီး ကျောင်းမြောက်ဘက်တစ်မိုင်
လောက်ဝေးတဲ့ ခြောက်တင်းကြေး သစ့်စိမ့်ပင်ကြီးနား သွားပစ်ကြတယ်။ဘုန်းကြီး မသိလောက်တော့ဘူးပေါ့
တစ်ပတ်လောက် ကြာတော့ ရွာထဲက့ ဦးစစ်လှိုင်က ထန်းတက်ရာက အပြန် သူ့ခွေးတွေ ဘာတွေများ ဆော့နေ
ပါလိမ့်ဆိုပြီး သွားကြည့်တော့ မီးလောင်ထားတဲ့ ကန့်လန့်ကာတွေ။သေချာကြည့်လိုက်တော့ ဇီးပေါက်ရွာ ဦး----- ကောင်းမှုတဲ့။စာတမ်းကြီး သွားတွေ့ပါရော။ဟာ ဒါတွေက ငါတို့ဘုန်းကြီးကျောင်းက ဟာတွေပါလားဆိုပြီ ဘုန်းကြီးဆီ
လာလျှောက်လို့ ကျုပ်တို့ဖုံးထားသမျှ ပေါ်ပါလေရော။အဲဒီကြမှ ဘုန်းကြီးက ခေါ်မေးတယ်။ကျုပ်တို့လည်း အကြောင်းစုံ ပြန်
လျှောက်ရသပေါ့။ဒီတစ်ခါတော့ကျုပ်တို့ အရိုက်မခံရဘူးဗျ။ဘယ်ရိုက်မလဲဗျ။ကျုပ်တို့သာမီးမငြိမ်းနိုင်ရင် သူပြန်လာရင်
ကျိန်းစရာတောင် ရှိမှာမဟုတ်ဘူး။ကျုပ်တို့အားကြိုးမာန်တက် ငြိမ်းလိုက်နိုင်လို့သာပေါ့။ဒါမမဟုတ်ရင်တော့ သူ ကိုရင်ကြီး ဘဝက မီးပုံးပျံ အလွှတ်ကောင်းလို့ ဘုန်းကြီးကျောင်းတစ်ခြမ်း မီးလောင်သွားတာထက် ဆိုးနေဦးမှာ။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၇)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၇)

ကျုပ်တို့ဘုန်းကြီးကျောင်းသား ၂၁ယောက် ဘောလုံးကန်ချင်လွန်းလို့တစ်ယောက်တစ်ကျပ်စုပြီး ရွှေညာစံဘုရားပွဲ
ကနေ ဘောလုံးလေး ၂၁ကျပ်ပေး ဝယ်ထားကြတယ်။ကျုပ်တို့ကို စန်းလွင်ဆိုတဲ့အကောင်က ဗိုလ်ကျပြီး အုပ်ချုပ်နေတယ်။ကျောင်းသားခေါင်းဆောင်ပေါ့။ကျုပ်တို့ကလည်း မညီညွတ်တော့ သည်ကောင့်ကို မလှန်နိုင်ဘူး။လေးတန်းစာမေးပွဲအပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ ကျုပ်ရယ် ကျုပ်အကို ဝမ်းကွဲ စိုးတင့်ရယ် သန်းရွန်း ရယ် မှတ်ရင် စုပြီး တိုင်ပင်ကြတယ်။
ငါတို့လေးယောက်ထဲက တစ်ယောက်ယောက်ကို ဒီကောင်က ရန်လာစရင် ငါတို့အကုန်စုပြီး ဝိုင်းရိုက်ကြမယ်ပေါ့။
နောက်ရက်ကြတော့ ဒီကောင်က ကျုပ်ကို ရန်လာစတယ်။အခါတိုင်းဆို သည်ကောင်ကို ကြောက်နေရတာ။သည်နေ့တော့ 

ကျုပ်လည်းကျောင်းစည်းရိုးက ရထားတဲ့ ဒါးအိုတွေကိုင်ပြီး ပြန်စိန်ခေါ်တယ်။ကျုပ်တို့ရန်ဖြစ်ပြီဆိုတော သန်းရွန်းက
ထမ်းပိုးကိုင်။စိုးတင့်က တင်းပုတ်ကြီးကိုင်။မှတ်ရင်က တုတ်ဆွဲပြီး ပြေးလာတယ်။လေးယောက်တစ်ယောက်ဆိုတော့ သည်ကောင်က လန့်ပြီး နောက်ဆုတ်သွားတယ်။ကျုပ်တို့လည်းသည်ကောင် ဘာအကောက်ကြံဦးမလဲပေါ့။နောက်ရက် ညနေ ကျုပ်တို့ အမှိုက်လှဲကြတော့ ကျုပ်တို့ မရှိမဲ့ရှိမဲ့ စုဝယ်ထားတဲ့ ဘောလုံးကို သည်ကောင်က ဆော့တာလိုလိုနဲ့ ယူပြေးပြီး ဘုန်းကြီးရဲ ကုဋီအိမ်ထဲ ပစ်ချပြီးအိမ်ကို ထွက်ပြေးလေရော။ဘုန်းကြီးသွားလျောက်တော့ ဘုန်းကြီးက အိမ်သာထဲ ဓာတ်မီးနဲ့ ထိုးကြည့်တယ်။အိမ်သာက ပေ၂၀ကျော်လောက် နက်တာ။အနှစ်နှစ်အလလကဘုန်းကြီးတွေသုံးလာတာဆိုတော့ 
ဟိုဒင်းတွေကလည်း နည်းတာမဟုတ်ဘူး။ဒါနဲ့ ကျုပ်တို့မှာ ဘောလုံးကကန်စရာမရှိ။ထပ်ဝယ်ဖို့ ပိုက်ဆံ ကလည်းမရှိ။
အဲဒီခေတ်က ပိုက်ဆံတစ်ကျပ်ရဖို့ကလည်း အင်မတန် ခက်ကိုး။ဒါနဲ့ ကျုပ်တို့လည်း ဘုန်းကြီးမရှိတဲ့အချိန် ဝါးလုံးအရှည်ကြီး
ခုတ်။ဝါးလုံးထိပ်ကို  ခြင်းတောင်းကြီးတပ်ပြီး ဘုန်းကြီးရဲ့ မစင်တွင်းထဲကို ဝါးလုံးကြီးချပြီးဘောလုံးကြီး ဆယ်ကြတာပေါ့။
ကျုပ်တို့ဘောလုံးကို ဟိုအကောင်တွေက အောက်ထဲကနေ တပျော်တပါး ဝိုင်းဆော့နေကြသလား မသိပါဘူး။မြုပ်သွားလိုက်ပေါ်လာလိုက်နဲ့။သောက်ကျိုးနဲ ကမြင်းတဲ့ လောက်ကောင်တွေကိုး။ ကျုပ်တို့မှာ ဘယ်လိုမှ ဆယ်မရလို့ လက်လျှော့လိုက်ရတော့တယ်။ကျုပ်မှာ ဘောလုံးပွဲကြည့်ရင် ကလေးတုန်းကဘုန်းကြီးအိမ်သာထဲက ဘောလုံးဆယ်ရတာ ချီးပဲ ပေါ်ပေါ်လာသဗျာ။
ဘဝအမော ပြေနိုင်ကြပါစေ။

Friday, October 10, 2014

ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ (၆)

ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ (၆)
ကျနုပ်တို့ ဘုန်းကြီးကျောင်းသားများကား အဖိတ်ဥပုသ် ကျောင်းအားရက်များတွင် ကနုတံ သပ်ရသေး၏။ ကနုတံဆိုသည်မှာ ဘုန်းတော်ကြီး ကုဋီ တက်ပြီးလျင် အီးကုန်းသော တုတ်ချောင်းကို ခေါ်သည်။ဘုန်းတော်ကြီးတို့၏
အိမ်သာကို ကုဋီဟု ခေါ်ရသည်။ဘုန်းတော်ကြီးများ အိမ်သာတက်သည်ကို ကုဋီတက်သည်၊အပေါ့သွားသည်ကို ကျင်ငယ်အိမ် တက်သည်ဟု ခေါ်ရသည်။ ကျနုပ်တို့ ငယ်စဉ်က ရေလောင်းအိမ်သာများ မရှိသေးချေ။သို့ဖြစ်၍ ဘုန်းကြီးများ ကုဋီ တက်ပြီးသော် ကနုတံဟုခေါ်သော တုတ်ချောင်းဖြင့် အညစ်အကြေး သုတ်သင်ကြကုန်၏။ ကျနုပ်တို့တစ်တွေလည်း အုန်းလက်ကို တစ်ပေခန့်ဖြတ်၍ ခွဲစိတ်ကာ သုံးမတ်လုံး ငါးမူးလုံးခန့် တုတ်လုံးလေးများရအောင် ဒါးဖြင့် ချောကြသပ်ကြရကုန်၏။ ယင်းတုတ်လုံး ကလေးများကို ကနုတံဟုခေါ်သည်။ကျောင်းသား တစ်ယောက်လျင် အချောင်း၅၀ခန့် ပြိးအောင် သပ်ကြရ၏။ တစ်ခါတွင် ကျနုပ်တို့ ကနုတံသပ်နေစဉ် ကျော်ဆန်းမှ ငါတို့ ဘုန်းကြိး ငါတို့ ခဏခဏရိုက်တယ်ကွ။သူ့ငယ်ပါ ကနုတံ ရှအောင် ငါတို့ ခပ်ကြမ်းကြမ်းလေး သပ်ကြရအောင် ဟု အကြံပြုရာ 
ဘုန်းတော်ကြီးသည် နောက်မှ ရောက်နေသည်နှင့် ကြားသွားရာ အနှီမောင်ကျော်ဆန်းလည်း အရိုက်ခံရလေ၏။
(လွန်ခဲ့သော သုံးနှစ်ခန့်က ဆွဇ်ဇာလန်ဧည့်သည် (၁၇)ယောက်နှင့် နမ့်ဆန်မှ သီပေါသို့ ခြေလျင်လျောက်ကြရာ လမ်းတွင် ပလောင်ဘုန်းကြီးကေိာင်းတစ်ခု၌ ကိုရင်ငယ်များ ၀ါးလုံးကိုဖြတ်၍ ကနုတံသပ်နေသည်ကို တွေ့သဖြင့် ကိုယ်တိုင်ဝင်သပ်ာကာ ငယ်ဘ၀ကို ရှင်းပြခဲ့ရသေးသည်။)ဘုန်းတော်ကြီးသည် အင်မတန် ရိုက်၏။ထစ်ခနဲရှိ ရိုက်ဖို့ရာသာချောင်းနေတော့၏။အခါတစ်ပါးသော် ဘုန်းတော်ကြီး တစ်ခြားရွာသို့ အာဂန္တုကြွသွားရာ ကျနုပ်တို့လည်း သည်လောက်ရိုက်လှတဲ့ ဘုန်းကြီး မှတ်သွားအောင်ဆိုပြီး သူထိုင်နေကြ ပက်လက်ကုလားထိုင်မှ တုတိချောင်းနှစ်ချောင်းကို ဖြုတ်ထားလိုက်၏။ ဘုန်းကြီးလည်း ကျောင်းပြန်ရောက်ရောက်ခြင်း မောမောပန်းပန်းဖြင့် ကုလားထိုင်ရှိရာသွား၍ ထိုင်လေတော့၏။ ကျနုပ်တို့လည်း အပေါက်မှ မသိမသာ ချောင်းကြည့်ကြလေရာ ၀ုန်းကနဲ မြည်သံကြားပြီး ဘုန်းတော်ကြီးလည်း ခြေထောက်နှစ်ချောင်း တစ်တီတူးထောင်နေ၏။ ခေါင်းကိုလည်းကြမ်းပြင်နှင့် ဆောင့်မိဟန်တူ၏။
ဖွားဘက်တော်တွေလည်း ပေါ်ကုန်၏။ ကောင်းလေစွ။ ကောင်းလေစွ။ ကျနုပ်တို့လည်း စိတ်ထဲမှ ကျိတ်၍ ၀မ်းသာကြ ကုန်၏။ ကျနုပ်တို့ ၀မ်းသာမှုကား ခဏတာမျှသာ။ဘုန်းကြီးလည်း လူးလဲထလာပြီးသော် ဘယ်သူလုပ်တာလဲစစ်မေး၍ အဖြေမပေါ်သော် ကျနုပ်တို့အားလုံးအား ကြိမ်လုံးစာ ကျွေးလေတော့၏။
(ကနုတံဆို၍ ပြောရလျင် လယ်တီဆရာတော်ကြိးပင်လျင် ဦးပဉ္စင်းများ အသုံးပြုထားသော အညစ်အကြေးပေနေသော ကနုတံများကို ပြန်လည်အသုံးပြုနိုင်ရန်ု ဆေးကြော၍ ကုသိုလ်ယူတတ်သေး၏။အာဂပုဂ္ဂိုလ်ထူများပင်)


Thursday, October 9, 2014

ဘ၀ဇာတ်ခုံ

၁၃၃၂ခု သီတင်းကျွန်လဆန်း ၈ရက်နေ့(8 Oct,1970) ကြာသာပတေးနေ့ ညနေ ၄နာရီ၌ မွေးဖွားသော ကျနုပ်သည် ၄၄နှစ် ပြည့်၍ ၄၅နှစ်ထဲသို့ တစ်ရက်စွန်းခဲ့ပြီ။
ကျနုပ်ကားဗေဒင်ကိန်းခန်းအရ
ဆိုသော် မရဏဖွားတည်း။
မရဏခွင် ဖွားမြင်လျင်
ငယ်စဉ်သေဆုံးများ။
မသေကြီးလွှမ်း ရွှေထီးလျှမ်း
ရဟန်းမင်းပုဏ္ဏား။
မသေရွှေထီး သေမြေကြီး
စွန့်ပြီးသွားတတ်ငြား။
မိမိမွေးရာ မနေပါ
ပြည်ရွာလှည့်လည်သွား။
စိုးရိမ်ကြောင့်ကြ ဖမိဘ
သောကအလွန်များ။ တဲ့။

ကျုပ်မှာ ကိုးတန်းအောင်တော့ ဆယ်တန်းတွဲဘက်ကျောင်း ကျောင်းလခပေးရမှာမို့ ရွှေကျင်လိုက်သွားတာ 
ငှက်ဖျားနှိပ်စက်လို့ ဆေးရုံနှစ်ခါ ပြန်တက်ရတာ မသေလို့ သည်စာပေါက်ကရ လေးဆယ် ရေးနိုင်တာ။သစ်ပင်ပေါ်က 
 ပြုတ်ကျတာက ငါးခါ။သူငယ်တန်း၊နှစ်တန်း၊ငါးတန်း၊ကိုးတန်းနဲ့ ဆယ်တန်းအောင်ပြီးတော့ စုစုပေါင်း ၅ခါ ပြုတ်ကျတာ။ကိုးတန်းအောင်တော့ ရွှေကျင်မလိုက်ခင် အင်ကြင်းပင် ပေ ၃၀ လောက်က ကျတာ ကံကောင်းလို့ မသေဘူး။၅တန်းကနေ 
၁၀တန်းထိ အသွားလေးမိုင် အပြန်လေးမိုင် ခြေလျင်လျောက် ကျောင်းတက်ခဲ့ရရဲ့။ကျုပ်နဲ့အတန်းတူသူငယ်ချင်းတွေ 
စက်ဘီးစီးလာတာမြင်တော့ သိမ်ငယ်စိတ်နဲ့လမ်းဘေးတောထဲကိုဝင်ပြီး မျက်ရည်ကျခဲ့ရတာတွေ ကျုပ် သတိယမိပါရဲ့။မုန်ဖိုးမရှိလို့ တနေကုန် ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရတာလဲ သတိယမိရဲ့။ပထမနှစ်တက်ဖို့ နန့်မဖြစ်ရွာနဲ့ ဖားကန် ကို 
ကုန်စိမ်းထမ်းခဲ့ရရဲ့ ။ကုန်စိမ်းထမ်းတော့ ထမ်းစမရှိပဲ ထမ်းတော့ ညသန်းခေါင်ကျော် နန့်မဖြစ်သင်္ချိုင်းကုန်းဘေး ဘယ်ဘက်လက်ပြင်အုံ အဆစ်လွဲသွားတာ တစ်ယောက်ထဲ ကူမယ့်ကယ်မယ့်လူမရှိနဲ့ နာလွန်းလို့ မျက်ရည်ပေါက်ပေါက်
ကျခဲ့ရတာကိုသတိရမိပါရဲ့။အဲဒီကန်ေဖားကန့်ကြီးမှော်ထဲမှာ ခေါက်စားထမ်းခဲ့ရရဲ့။ကျောက်တွင်း အနက်ကြီးထဲဆင်း 
၂ပြလောက်ဝေးတဲ့ နေရာကို သွားပစ်မှ တစ်ခေါက်တစ်ကျပ်ရတာ ကိုလည်း ကျုပ် မှတိမိပါရဲ့။လုံခင်းမှာလည်း လက်သမား လုပ်ခဲ့ရရဲ့။လက်သမားလုပ်လို့ ပိုက်ဆံမစုမိလို့ လုံးခင်းနဲ့ ဖားကန့်ကူးတဲ့ စက်လှေမှာ စပယ်ယာလုပ်ခဲ့ရရဲ့။
စက်လှေပေါ်လုပ်တုန်း ကေအိုင်အေက ချောဆွဲလို့ သူတို့စခန်း စက်လှေနဲ့ ဆန်လိုက်ပို့ ခဲ့ရသေး။စစ်တပ်က ငါ့ပစ်လိုက်ရင် ငါ သေသွားနိုင်တယ်လို့ ပြန်ပြန်တွေးမိပါရဲ့။ဒုတိယနှစ်အတွက် မှော်ရှန်ကနေ ဆန်ဝယ် ကျောပိုးသယ်ပြီး ဖားကန့်မှာ ရောင်းရှာခဲ့ရတယ်။ဒါနဲံလည်း ဝင်ငွေမကောင်းလို့ ဖားကန့်က ငှက်ပျော တောမှာ ရေထမ်း ရောင်းခဲ့ ရတယ်။ လူလည်းပဲ ဦးပုညရဲ့ ရေသည် လုံးလုံး ဖြစ်သွားတော့တာပဲ။ရေထမ်းရောင်းတာ ဝင်ငွေနည်းနည်းကောင်းလို့ ပိုတဲ့ ပိုက်ဆံလေး လက်စွပ်လုပ်ဝတ်ထားရတာ တတိယနှစ် ဂုဏ်ထူး တန်းရောက် တော့ ကျောင်းစရိတ် မရှိ တော့လို့ ရောင်းသုံးရတယ်။အဲဒါနဲံ မလောက်လို့ နဒီမြန်မာဟိုတယ်မှာ တစ်လ ၁၀၅၀ကျပ်နဲ့ ဘဲလ်ဘွိုင် လုပ်ခဲံရရဲံ။ပထမနှစ် ဂုဏ်ထူးတန်းအတွက် 
ဖားကန့်မှာ လက်သမား လုပ်ခဲ့ ရတယ်။ဒုတိယနှစ် ဂုဏ်ထူးတန်းအတွက် ဆိုင်းတောင်မှာ လက်သမား လုပ်ခဲ့ရတယ်။ကျုပ် ဂိုက်သင်တန်းတက်ဖို့ ပိုက်ဆံစုဖို့ ဆီဒိုးနားဟိုတယ် လောင်ဒရီဌာနမှာ ဝင်လုပ်ပြီး ပိုက်ဆံစုခဲ့ရရဲ့။ဂိုက်သင်တန်းတက်ရင်း 
မလောက်လို့ ရန်ကုန်မှာ စာလိုက်သင်ရင်း ဝင်ငွေရှာခဲ့ရရဲ့။ကျုပ် မဟာဘွဲ့သာရရော ကျုပ်အိမ်က တစ်ပြားမှ မပေးနိုင်ဘူး။
ကေအိုင်အေစခန်းတွေထဲကဖြတ်သွားရလိုသွားရ။သတိမိုင်းထောင်ထားသည် လမ်းပေါ်မှ သွားပါ ဆိုတဲံ မှတ်တိုင်တွေ ဘေးကလည်း သွားခဲ့ရ။ကေအိုင်အေဂိတ်တွေကို ငွေ၄၅ကျပ်နဲ့ ဆန်တစ်ဘူး ပေးပြီးလည်းဖြတ်ခဲ့ရဟိုမအေပေးစစ်သားတွေ ပေါ်တာ ဆွဲလို့ ခွေးပြေးဝက်ပြေး လည်း ပြေးးခဲ့ရ။ဘဝကြမ်းပုံများပြောပါတယ်။တစ်ခါတစ်လေ ကိုယ်ဟာကိုယ်တောင် 
ငါ ဘယ်လိုလုပ်များ မဟာဘွဲ့ ရသွားပါလိမ့်။ရုန်းကန်ခဲ့ရသမျှဟာ အိပ်မက်တွေလိုပါပဲလား လို့ တွေးမိပါရဲ့။
ကျုပ်ငယ်တုန်းက အရွယ်နဲ့ မမျှအောင် ရုန်းကန်ခဲ့ရတဲ့ဒါဏ်တွေက အသက် ကြီးလာလေလေ ဒါဏ်တွေကပေါ်လေ
ပါပဲ။ကျန်းမာရေးလည်း သိပ်မကောင်းချင်တော့ဘူး။ကျုပ်ကလေးနှစ်ယောက် ဘွဲ့ရပြီးရင်တော့ ကျုပ်ဘဝကို တရား
လေးထိုင် အများအကျိုးအတွက် အပင်လေးတွေစိုက်၊ကလေးတွေကို အခမဲ့ စာသင်ပေးရင်း ဘဝရဲ့ နောက်ဆုံးအချိန်တွေကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တယ်။

ဗဟုသုတ

သမိုင်းထဲက တဘောင်များ
ကျနုပ်၏မိတ်ဆွေများ အမရပူရကို တောင်မြို့ဟု ခေါ်ကြကြောင်းကို သိကြပေလိမ့်မည်။သို့သော်လည်း အဘယ့်ကြောင့်ခေါ်ကြကြောင်း။မည်သည့်ခေတ်ကစတင် ခေါ်ခဲ့ကြကြောင်း
ကို ဂဃဏန သိကောင်းမှ သိကြပေ
လိမ့်မည်။
မင်းတုန်းမင်းကြီး မန္တလေးမြို့ကို စတင် တည်သောအခါ အမရပူရသည်
မန္တလေးမြို့၏တောင်ဘက်၌ ရှိသဖြင့် တောင်မြို့ဟု ခေါ်ကြကုန်၏။
မန္တလေးမြို့သည် အမရပူရ၏ မြောက်ဘက်၌ တည်ရှိသဖြင့် မြောက်မြို့ ဟုခေါ်ကြလေကုန်၏။
မင်းတုန်းမင်းကြီးသည် ရတနာပုံဟု
သမုတ်သော်ငြားလည်း ရတနာပုံဟု
မခေါ်ကြပဲ မြောက်မြို့ဟုသာ ခေါ်ကြကုန်၏။မြောက်ဟူသော အသံကား အရပ်မျက်နှာကို ပြသော မြောက်နှင့် တိရစ္ဆာန်မျောက်
ဟူ၍ အဓိပ္ပာယ်နှစ်ခွ ထွက်၏။
ထိုကဲ့သို့ လူအများက မြောက်မြို့
ဟုခေါ်ကြသောအခါ ပညာရှိကြီးများ
ဘုန်းတော်ကြီးများက နိမိတ်မရှိ နမာမရှိ မျောက်မြို့ဟု မခေါ်ကြနှင့်။
မျောက်တွေလာ၍ မြို့ကို သိမ်းပိုက်
သွားလိမ့်မည် ဟု တားမြစ်တော်
မူကြကုန်၏။သို့သော်ငြားလည်း အတိတ်တဘောင်ကား မှားသည်
မရှိချေ။မကြာပါချေ။မန္တလေးမြို့ကြီး
သည်လည်း အမွှေးအမျှင် ထူထပ်၍ မျောက်သတ္တဝါနှင့်တူသော အင်္ဂလိပ်
တို့၏ သိမ်းပိုက်မှုကို ခံကြရပေတော့
သည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ခံရပြီး နောက် မန္တလေးမြို့ကို မြောက်မြို့ဟု
မခေါ်ကြတော့သော်လည်း အမရပူရကိုကား ယနေ့ထက်တိုင် မန္တလေးပါတ်ဝန်းကျင်မှ ပုဂ္ဂိုလ်များ
ကား အမရပူရဟု မခေါ်ကြပဲ တောင်မြို့ ဟုသာ ခေါ်ကြဆဲပင်။
သီပေါမင်းနန်းတက်သောအခါ တဘောင်အမျိုးမျိုးပေါ်၏။
ခြောက်လုံးပြူး ခြမ်းတစ်ဝက်
နန်းထက်က သုံးတောင်ဆောင်
မကြာပေါင် တို့ဦးခေါင်း
မျောက်လက်သို့ပြောင်း။
နန်းထက်က သုံးထောင်ဆောင် ဆိုသည်မှာ အတောင်နှစ်ဆယ်
ဝတ် မင်းယောက်ျား မဟုတ်ပဲ သုံးတောင်ဝတ်သည့် အမျိုးသမီး
မိဖုယား စုဖုးလတ်က နန်းထက်က်ချယ်လှယ်နေသည်။်ခြောက်လုံးပြူး
ခြမ်းတစ်ဝက်ဆိုသည့်အတိုင်း သီပေါမင်းမှာ ခြောက်နှစ်ခွဲ နန်းစံပြီး ကျနုပ်တို့မြန်မာပြည်သားတို့၏ ဦးခေါင်းသည်လည်း မျောက်ဟူသည့် အင်္ဂလိပ်လက်အောက်သို့ ပြောင်းကြရသည်။
ဘုန်းတောက်လို့ နောက်မှပေါ်
လူပျံတော် ဂွေးစေ့ခြောက်လုံး ဆိုသည့် တဘောင်မှာ သည်ပေါမင်းမှာ ဘုရင်မဖြစ်ခင်က ဘုန်းကြီးဝတ်ခဲ့သဖြင့် ဘုန်းကြီးလူထွက် လူပျံတော်ပင်။
ဂွေးစေ့ခြောက်လုံးဆိုသည့်အတိုင်း ခြောက်နှစ်ကျော်ရုံသာ နန်းစံရ၏။
မဂျမ်းပုံ မိဖုရား ထင်းခွေဖို့သွား
သည်အပူ ဘယ်သူဖြေပါ့မယ်
မင်းစနေသား။
မဂျမ်းပုံမိဖုရားဟူသော ဝိတိုရိယ
ဘုရင်မကြီးသည် ထင်းခွေသွား
ဆိုသည့်အတိုင်း နိုင်ငံများကို
လှည့်သိမ်းပိုက်ရာ စနေသား
သီပေါမင်းက သူ့တိုင်းပြည်ကို ပေးလိုက်လိမ့်မည်ဟု ဆိုလေ၏။
တုံးအောက်က တီတွန်
လူလွန်မသား
မုန့်ဆီကြော် အလယ်အက်
ပြည်ဖျက်မယ့်သား။
တုံး ဆိုသည့် မင်းတုန်းမင်းအောက်မှ တီဟူသော စနေသား သီပေါမင်းသည် တိုင်ပြည်ကို ဖျက်ဆီးလိမ့်မည် ဟု ဆို၏။သီပေါမင်း၏မယ်တော် လောင်းရှေ မိဘုရားကား ပါးစပ်ရာဇဝင်အရဆိုသော် ဘုန်းကြီးတစ်ပါးနှင့် သမုတ်ခံရ၍ ရာဇဝတ်တော်ကို ကြောက်သဖြင့် သီလရှင် ဝတ်သွားသည်။ထို့ကြောင့် သီပေါမင်းကို လူလွန်မသားဟူ၍ ခေါ်ကြကုန်၏။ထို့ကြောင့် မယ်သီလရှင် လူလွန်မ၏သားသည် တိုင်းပြည်ကို ဖျက်ဆီးလိမ့်မည် ဟု အဓိပ္ပာယ်ရ၏။
ဤတဘောင်ကား မပြီးသေးချေ။ရှေးလူကြီးတို့ ဆိုစကားအရ တဘောင်ဆိုသည်မှာ ဆွေးမှ ကြာမှ ပေါ်သည်တဲ့။
တဘောင်ပေါ်ပြီး လူတွေမေ့သည့်
အချိန်လောက်မှ တဘောင်ထဲက အတိုင်း ဖြစ်လာသည်ဟု ဆို၏။
သီပေါမင်းလက်ထက်က တဘောင်ကို ပြန်ဖတ်ကြည့်ကြပါကုန်။
တုံးအောက်က တီတွန်
လူလွန်မသား။
မုန့်ဆီကြော် အလယ်အက်
ပြည်ဖျက်မယ့်သား။
သာသနာ တစ်ဝက် ခရီးမှာလ
မြန်မာတွေ ကနက်ထီးတွေနဲ့
ပျက်စီးဖို့ အရေးကြုံ
ရွှေပေးလို့ သူမယုံ
ံငွေပေးလို့ သူမယုံ
နိုင်ငံအကုန်ပျက်ဖို့အရေးကိုလ
တံတားတွေ တွင်တွင်ဆောက်လို့
ဘုရားတွေ ရွှေရင်မောက်ရင်ဖြင့်
တစ်ပါးသူ ဝင်ကာနှောက်ပေလိမ့်
သည်အရေး
ပြည်တော်ပြန် သျှင်မယ်ထွေး
နန်းတင်မှအေး။
အပေါ်ဆုံးအပိုက်က သီပေါမင်း
လက်ထက်မှာ ပြီးသွားပြီ။
သာသနာတစ်ဝက်ဆိုတော့ သည်အချိန်ပေါ့။တံတားတွေလည်း မရေမတွက်နိုင်အောင် ဆောက်ပြီး
ကြပြီ ။ဘုရားတွေလည်း ရွှေရင်တွေ မောက်လို့ တိုင်းပြည် လည်း အဖတ်ဆည်မရအောင် ပျက်စီးခဲ့ပြီ။
ပြည်တော်ပြန်ဆိုတာက နိုင်ငံခြား
တိုင်းပြည်ကနေ ပြန်လာတဲ့သူကို ပြောတာ။သျှင်မယ်ထွေးဆိုတော့ အငယ်ဆုံးသမီး။အထွေးဆုံးသမီးကို
ရည်ညွှန်းတာ။သည်အငယ်ဆုံး အထွေးဆုံးသမီးကို နန်းတက်မှပဲ တိုင်းပြည်အေးချမ်း သာယာလိမ့်မယ်
လို့ တဘောင်က ဆိုတာပဲ။သျှင်မယ်ထွေးက ဘယ်သူလဲ ဆိုတာတော့ မိတ်ဆွေတို့ ရင်ထဲက သိပြီးသား ဖြစ်ပါလိမ့်မယ်။
နှစ်ခြောက်ဆယ်ကျော်လောက် ကျောကော့အောင် ခံခဲ့ကြပြီးပြီ။လာမယ့်၂၀၁၅မှာ မိတ်ဆွေတို့ အာရုံမထွေပြားကြဖို့ စည်းလုံးကြဖို့ လိုတယ်။