Friday, November 21, 2014

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၃)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၃)
ကျုပ်တို့ ကလေးတုန်းက ဗွီဒီယိုဆိုတာ ရှိကိုမရှိဘူးဗျ။ကျုပ်တို့စသိတာကတော့ လက်နဲ့ လှည့်လှည့်ပေးရတဲ့ဓာတ်စက်
ဆိုတာကြီးပဲ။လည်နေတဲ့ဓာတ်ပြားပေါ်ကို အပ်ကလေးနဲ့ ထောက်ထားတော့ အသံထွက်လာတယ်ဆိုလားပဲ။နောက်ကြမှ ကက်ဆက်ဆိုပြီး ပေါ်လာတာ။ဘုန်းကြီးကျောင်းဘေးက ကိုကျော်အောင်ရဲ့ ကက်ဆက်အစုပ်ကလေးနဲ့ နေ့တိုင်းနီးနီး
ဖွင့်ဖွင့်နေတဲ့ ဦးရှင်ကြီး ဇာတ်ထုပ်ကို သွားသွားနားထောင် ကံဆိုးသူ မောင်ရှင်ဆိုတိုင်း မျက်ရည်ဝိုင်းခဲ့ရတာတောင်
မှတ်မိသေးရဲ့။

ရုပ်ရှင်ဆိုတာ ဝေလာဝေး။နောက်ကြမှ ကျုပ်တို့ သုံးတန်းလောက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက လာပြတဲ့ ပြန်ကြားရေး ရုပ်ရှင်ဆိုပြီး ပထမဆုံးရောက်လာတာ။ဒါတောင်မှ ရွာကိုလာတာ မဟုတ်ဘူး။ရွာနဲ့ လေးမိုင်ဝေးတဲ့ ကံထူးမကို လာပြတာ။ 

ကျုပ်တို့ဘုန်းကြီးကျောင်းသားတစ်တွေလည်း ရုပ်ရှင်ကြည့်ဖူးအောင်ဆိုပြီး သွားကြည့်ကြတယ်။ရုပ်ရှင်ဇာတ်လမ်းလည်း မဟုတ်ပါဘူး။ကျုပ်မှတ်မိတာကတော ဝက်ဝံကြီး စက်ဘီးစီးပြတာရယ် ပန်ချာပီကုလားကြီး အုတ်နံရံကို ခြေကန်ပြီး 
တက်ပြတာရယ်။နာဂလူမျိုးတွေဆီကို အစိုးရစစ်တပ်က ရဟတ်ယာဉ်ကြီး ဆင်းလာတော့ ရွာလူကြီးက အိမ်ဘေးက အုန်းမောင်းကြီးကို တုတ်ရှည်နှစ်ချောင်းနဲ့ ထုလိုက်တော့ အဝတ်အစားမပါတဲ့ နာဂတွေ ထွက်ပြေးလာကြတာရယ် အစိုးရလူကြီးတွေက လက်ဆောင်တွေ ပေးလိုက်တာရယ် ဒါတွေပဲ မှတ်မိတော့တယ်။လွန်ခဲ့တဲ့ အနှစ် ၃၅နှစ်လောက်ကကိုး။

ဒီလိုနဲ့ ည တစ်နာရီလောက်ကြတော့ ရုပ်ရှင်က ပြီးသွားရော။ဒါနဲ့ ကျုပ်တို့ တစ်တွေ ကံထူးမစာသင်ကျောင်း
ထဲက ညောင်ပင်ကြီးအောက်က ကွပ်ပစ်ကြီးပေါ် သွားအိပ်ကြတယ်။မနက် လေးနာရီလောက်ကြတော့ အကုန်လိုက်နှိုးပြီး ရွာကိုပြန်ခဲ့ကြတယ်။မနက်လင်းတော့ ကျောင်လည်းရောက်ရောလေးမောင်ဆိုတဲ့ကောင်က 
ပါမလာဘူး။ကျုပ်တို့လည်း 
ဘာလုပ်ရမှန်း မသိတော့ဘူး။မနက်လင်းရင်တော့ ပြန်လာတတ်တန်ကောင်းပါရဲ့ပေါ့။ဆွမ်းခံကလည်း ထွက်ချိန်ရောက်
လာတာနဲ့ ကျုပ်တို့လည်း ဆွမ်းခံသာ ထွက်လာခဲ့ကြရတယ်။လေးမောင်ဆီ စိတ်ကရောက်နေကြတော့ စိတ်ကလည်း
မကောင်းကြဘူး။မနက်၈နာရီလောက်ကြတော့ အနှီ မောင်လေးမောင် မျက်ရည်လေးဝိုင်းလို့ ရောက်လာတော့တယ်။
မရမ္မိရွာက ကျုပ်နှမ ဝမ်းကွဲ မိဒါနဲ့ စန္ဒာဝင်းတို့ ညီအမက လိုက်ပို့လာတယ်။သူက မနက်အိပ်ယာကနိုးတော့ သူ့ဘေးမှာ ကျန်တဲ့ လူက တစ်ယောက်မှ မရှိတော့ဘူး။ဒါနဲ့ ကြောက်ကြောက်နဲ့ ကားလမ်းမကြီးပေါ် ထွက်လာတော့ ကားကြီး
တစ်စီးလာတာနဲ့ တက်လိုက်စီးသွားတယ်တဲ့။ကားကလည်းချက်ပက်လက်ကားအိုကြီးတွေဆိုတော့ ဖြေးဖြေး 

မောင်းနေတာကိုး။ဘုမသိဘမသိ အိမ်ကို ဘယ်ဘက်ပြန်ရမှန်းမသိပဲ ကားပေါ်တက်လိုက်သွားတာ။ကားက ရေဦး သွားမယ့်ကား။အရှေ့ထဲ သွားနေတာ။သူပြန်ရမှာက အနောက်ဘက်တစ်မိုင်လောက် သွားပြီးမှ မြောက်ဘက်ပြန်ချိုးရမှာ။မရမ္မရောက်တော့ ကားက ခရီးသည်တင်မလို့ ခဏရပ်တော့မှ ကားဆရာက မင်းက ဘယ်သွားမှာတုန်း လမ်းဆုံလား ရေဦးလားဆိုတော့ ကျုပ်က ဇီးပေါက်သွားမှာ မပြန်တတ်လို့တဲ့။ကဲ အေးကြရော။အဲဒါနဲ့ကားဆရာတွေက မရမ္မိက 
လူတွေ မေးကြည့်တော့ ဇီးပေါက်ရွာက မခင်တုတ် ဒီရွာမှာ အိမ်ထောင်ကြတာရှိတယ်ဆိုပြီး ကျုပ်အမဝမ်းကွဲ မခင်တုတ် အိမ်ကို လိုက်ပို့ကြတယ်။မနက်လင်းတော့ မခင်တုတ်ရဲ့ သမီးနှစ်ယောက်က လိုက်ပို့ပေးရှာလို့ မောင်လေးမောင် အိမ်ပြန် ရောက်လာတော့တယ်။လူကုန်ကူးတဲ့ခေတ်မဟုတ်လို့သာ မောင်လေးမောင် အိမ်ပြန်ရောက်လာတယ်။သည်ခေတ်လိုသာ
ဆိုရင်တော့ တရုတ်ပြည်များ ရောက်ရော့မလား မသိပါဘူး။အခုတော့ အနှီမောင်လေးမောင်လည်းမရှိရှာတော့ပါဘူး။၁၆နှစ်
သားလောက်က ဆုံးသွားရှာတယ်။
ဒါကတော့ ကျုပ်တို့ကလေးတုန်းက ပြန်ကြားရေး ရုပ်ရှင်ကြည့်ရတဲ့ အကြောင်းလေးပေါ့လေ။

No comments:

Post a Comment