ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၇)
ကျုပ်တို့ဘုန်းကြီးကျောင်းသား ၂၁ယောက် ဘောလုံးကန်ချင်လွန်းလို့တစ်ယောက်တစ်ကျပ်စုပြီး ရွှေညာစံဘုရားပွဲ
ကနေ ဘောလုံးလေး ၂၁ကျပ်ပေး ဝယ်ထားကြတယ်။ကျုပ်တို့ကို စန်းလွင်ဆိုတဲ့အကောင်က ဗိုလ်ကျပြီး အုပ်ချုပ်နေတယ်။ကျောင်းသားခေါင်းဆောင်ပေါ့။ကျုပ်တို့ကလည်း မညီညွတ်တော့ သည်ကောင့်ကို မလှန်နိုင်ဘူး။လေးတန်းစာမေးပွဲအပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ ကျုပ်ရယ် ကျုပ်အကို ဝမ်းကွဲ စိုးတင့်ရယ် သန်းရွန်း ရယ် မှတ်ရင် စုပြီး တိုင်ပင်ကြတယ်။
ငါတို့လေးယောက်ထဲက တစ်ယောက်ယောက်ကို ဒီကောင်က ရန်လာစရင် ငါတို့အကုန်စုပြီး ဝိုင်းရိုက်ကြမယ်ပေါ့။
နောက်ရက်ကြတော့ ဒီကောင်က ကျုပ်ကို ရန်လာစတယ်။အခါတိုင်းဆို သည်ကောင်ကို ကြောက်နေရတာ။သည်နေ့တော့
ကျုပ်လည်းကျောင်းစည်းရိုးက ရထားတဲ့ ဒါးအိုတွေကိုင်ပြီး ပြန်စိန်ခေါ်တယ်။ကျုပ်တို့ရန်ဖြစ်ပြီဆိုတော သန်းရွန်းက
ထမ်းပိုးကိုင်။စိုးတင့်က တင်းပုတ်ကြီးကိုင်။မှတ်ရင်က တုတ်ဆွဲပြီး ပြေးလာတယ်။လေးယောက်တစ်ယောက်ဆိုတော့ သည်ကောင်က လန့်ပြီး နောက်ဆုတ်သွားတယ်။ကျုပ်တို့လည်းသည်ကောင် ဘာအကောက်ကြံဦးမလဲပေါ့။နောက်ရက် ညနေ ကျုပ်တို့ အမှိုက်လှဲကြတော့ ကျုပ်တို့ မရှိမဲ့ရှိမဲ့ စုဝယ်ထားတဲ့ ဘောလုံးကို သည်ကောင်က ဆော့တာလိုလိုနဲ့ ယူပြေးပြီး ဘုန်းကြီးရဲ ကုဋီအိမ်ထဲ ပစ်ချပြီးအိမ်ကို ထွက်ပြေးလေရော။ဘုန်းကြီးသွားလျောက်တော့ ဘုန်းကြီးက အိမ်သာထဲ ဓာတ်မီးနဲ့ ထိုးကြည့်တယ်။အိမ်သာက ပေ၂၀ကျော်လောက် နက်တာ။အနှစ်နှစ်အလလကဘုန်းကြီးတွေသုံးလာတာဆိုတော့
ဟိုဒင်းတွေကလည်း နည်းတာမဟုတ်ဘူး။ဒါနဲ့ ကျုပ်တို့မှာ ဘောလုံးကကန်စရာမရှိ။ထပ်ဝယ်ဖို့ ပိုက်ဆံ ကလည်းမရှိ။
အဲဒီခေတ်က ပိုက်ဆံတစ်ကျပ်ရဖို့ကလည်း အင်မတန် ခက်ကိုး။ဒါနဲ့ ကျုပ်တို့လည်း ဘုန်းကြီးမရှိတဲ့အချိန် ဝါးလုံးအရှည်ကြီး
ခုတ်။ဝါးလုံးထိပ်ကို ခြင်းတောင်းကြီးတပ်ပြီး ဘုန်းကြီးရဲ့ မစင်တွင်းထဲကို ဝါးလုံးကြီးချပြီးဘောလုံးကြီး ဆယ်ကြတာပေါ့။
ကျုပ်တို့ဘောလုံးကို ဟိုအကောင်တွေက အောက်ထဲကနေ တပျော်တပါး ဝိုင်းဆော့နေကြသလား မသိပါဘူး။မြုပ်သွားလိုက်ပေါ်လာလိုက်နဲ့။သောက်ကျိုးနဲ ကမြင်းတဲ့ လောက်ကောင်တွေကိုး။ ကျုပ်တို့မှာ ဘယ်လိုမှ ဆယ်မရလို့ လက်လျှော့လိုက်ရတော့တယ်။ကျုပ်မှာ ဘောလုံးပွဲကြည့်ရင် ကလေးတုန်းကဘုန်းကြီးအိမ်သာထဲက ဘောလုံးဆယ်ရတာ ချီးပဲ ပေါ်ပေါ်လာသဗျာ။
ဘဝအမော ပြေနိုင်ကြပါစေ။

No comments:
Post a Comment