ဝန်ဇင်းရွာသား ငညိုကား မည်သည့်အလုပ်မှ လက်ကြောတင်းအောင် မလုပ်ပဲ အားအားရှိလျင် စာတိုပေစများကိုသာ ဖတ်ရှုခြင်းဖြင့် အချိန်ကုန်၏။
ထို့ကြောင့် သူ့အား စာတိုငညို ဟုသာ ခေါ်ကြကုနါ၏။အရွယ်ရောက်သော် ဝန်ဇင်းရွာသူကြီး၏ သမီးနှင့် အိမ်ထောင်ကျ၏။သူကြီးမင်းလည်း သမီးကို ချစ်၍သာ ပေးစားလိုက်ရငြားလည်း ဘာလုပ်မှ မလုပ်ပဲနေသော ငညိုကို မျက်စိစပါးမွှေးစူနေ၏။ သို့နှင့် သမီးနှင့်သမက်အား နွားတစ်ရှင်းနှင့် လယ်တစ်ခွက်ပေးကာ အိမ်မှ နှင်ချလိုက်၏။ငညိုလည်း မယားဖြစ်သူကို ခေါ်ကာ ယာထဲတွင် ထွန်ယက်စားသောက်ကာ နေ၏။
တစ်နေ့သော် အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် မိတ္ထီလာကန် ကျိုး၍ လာရောက်ဆည်ရာမှ ကန်ပေါင်ရိုးပေါ်မှ နတ်ရုပ်ကို မြင်၍ မေးလျင် မည်သူမျှ မဖြေနိုင်သည်နှင့် ဖြေနိုင်မည့်သူကို စုံစမ်းစေရာ ဝန်ဇင်းရွာသူကြီးသားမက် ငညိုကား စာအလွန်ဖတ်သည်။စာတိုပေစ နှံ့စပ်သည်။သူ့ကို ခေါ်မေးလျင် သိနိုင်ရာသည်ဟု လျောက်တင်ကြသဖြင့် ငညိုအား ရှေ့တော်သို့ ခေါ်စေ၏။ဝန်ဇင်းသူကြီးလည်း အမိန့်တော်ကိုကြားသော် သမီးဖြစ်သူအား နင့်ယောက်ျားသည် စာပေကို ဖတ်ရှုပြီး ရာဇဝတ်ကြောင်းတစ်ခု ကျူးလွန်ရန် ကြံစည်သဖြင့် ဘုရင့်နားတော်သို့ ပေါက်၍ သတ်ရန် ခေါ်သည်ဖြစ်မည်ု ဆို၏။သမီးဖြစ်သူလည်း ငိုယို၍ သူ့လင် ငညိုရှိရာ ပြေးလာပြီး
ပြောသော် ငညိုလည်း ရှင်မ မပူနှင့်တော့။ငါတို့ ကောင်းစားရန် အကြောင်းဖန်လာသည် ဟုဆိုပြီး အနီးရှိ သပြေပင်မှ သပြေပန်းတို့ကို ချိုးယူ၍ နွားနှစ်ကောင်၏ ဦးချို၌ ချည်နှောင်ပြီးလျင် ငါ့သားတို့ကို အဘ မခိုင်းတော့ပြီ လွတ်ရာကျွတ်ရာသို့ သွားကြပေတော့ဟု ဆိုလျက် ဘုရင်ရှေ့တော်သို့ အခစားဝင်၏။
ဘုရင်ကြီးလည်း ကန်ပေါင်ရိုးပေါ်မှ အရုပ်ကို မေးမြန်းရာ နတ်ရုပ် မဟုတ်ကြောင်း မိဘုရားတစ်ပါး သေလွန်သဖြင့် မိဘုရား၏ ပုံကို ရွှေစင်ရုပ်သွန်းလောင်းပြီး ရုပ်ကလပ်နှင့်အတူ မြှုပ်နှံလျက် အပေါ်မှ နတ်ကွန်းသဏ္ဌာန်ပြုလုပ်၍ သစ်သားပန်းပုရုပ်ကို တင်ထားခြင်း ဖြစ်ကြောင်း လျောက်ထား၏။
ဘုရင်ကြီးလည်း နတ်ကွန်းအောက်သို့ တူးစေရာွှေရွှစင်ရုပ်ကို တွေ့ရသဖြင့် သဘောကျတော်မူသဖြင့် ငညိုအား နန်းတော်သို့ ခေါ်ကာ စည်းတပစ်
ဟူသော ဘွဲ့ကို ပေးလျက် ပညာရှိ မင်းတိုင်ပင် အမတ်ကြီးအဖြစ် ခစားစေ၏။သူမွေးဖွားရာ ဝန်ဇင်းရွာကို အစွဲပြု၍ ဝန်ဇင်းမင်းရာဇာဟု နာမည်ကြီး၏။အမတ်ကြီးဖြစ်လာလျင် မိမိမွေးဖွားရာ အိမ်နေရာ၌ ဘုရားတည်ထား၏။ရွှေစည်းခုံဘုရားဟု ခေါ်ကြကုန်၏။သပြေဝမှ သာစည်သို့ သွားရာ လမ်း၏ ညာဘက်၌ ရှိ၏။
သမိုင်းစိတ်ဝင်စားသူများ သွားရောက် ဖူးမျှော်နိုင်ရန်။
No comments:
Post a Comment