ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၂)
ကျုပ်အကိုဝမ်းကွဲ ချစ်မဲရဲ့အမျိုးသမီး မခင်သောင်းက ကျုပ်တို့ဘုန်းကြီးကျောင်းသားတွေကို တစ်ရက်မှာ မကြားဝံ့
မနာသာ ဆဲပါလေရော။ဒါနဲ့ ကိုရင်ကြီးဖိုးပုက ဒီလောက်ဆဲလှတာ ပညာပြရအောင်ကွတဲ့။သူကလည်း
ဘယ်သူပြောတာကြားဖူးတာလည်း မသိပါဘူး။လူရိုးနဲ့ မြေသပိတ်ကွဲကို သင်္ကန်းနဲ့ ထုတ်ပြီး သူ့အိမ်ထဲ
သွားပစ်ရင် သူ့အိမ်ကို ညကြရင် သရဲ လာခြောက်လိမ့်မယ်တဲ့။ဒါနဲ့ ကိုရင်ကြီးက ကျုပ်နဲ့သန်းရွန်းကို ခေါ်ပြီး
ကန်ကလေးကုန်းရွာ သင်္ချိုင်းကုန်းထဲ လူရိုးရှာထွက်ခဲ့ကြတယ်။သင်္ချိုင်းထဲ ဝင်ခါရှိသေး အပုပ်နံ့တွေ ထွက်လာလို့ လူရိုးမရပဲထွက်ပြေးလာခဲ့ရတယ်။ဒါနဲ့ ကံများကျောင်း အနောက်ဘက်မှာ ဦးဖိုးဟန် မီးသဂြိုဟ်ထားတဲ့ နေရာက မီးသွေးခဲတွေကြားထဲက အရိုးစတွေကို သွားကောက်ကြတယ်။မှတ်မိသေးတယ်။ကျုပ်ဒူးခေါင်းတည့်တည့် လူရိုးဆူးလို့ အနာတောင်ဖြစ်လိုက်သေးရဲ့။ဒါနဲ့ အဲဒီ ဦးဖိုးဟန်ရဲ့အရိုးတွေရယ် မြေသပိတ်ကွဲ တွေရယ်ကို သင်္ကန်းနဲ့ ထုတ်ပြီး
ကိုရင်ကြီးက မခင်သောင်းအိမ်ထဲက ကြံပင်ကြားထဲ သွားပစ်ထားတယ်။ ဒီမိန်းမကြီးအိမ်တော့ သရဲခြောက်ပြီပေါ့လေ။
ဘယ်က သရဲ ခြောက်နေပါလိမ့်မတုန်း။ခဏနေတော့ ဒေါ်ခင်သောင်းက အထုတ်ကလေးကိုင်ပြီး ကျောင်းပေါက်ဝကနေ
မိုးမွှန် နေအောင်ဆဲလိုက်တာလေ။ဘုန်းကြီး မန္တလေးကြွသွားလို့ မရှိလို့သာ တော်တော့တယ်။ဒါမ မဟုတ်ရင်တော့ကျုပ်တို့တော့ အဆဲလည်းခံရ အရိုက်လည်းခံရ နေမှာ။
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေ အတတ်ကျူးတာ နှစ်ခါပြန် ဆဲ့ခံရဲ့။

No comments:
Post a Comment