ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၁)
ကျုပ်သုံးတန်းကျောင်းသားဘဝတုန်းကပေါ့။တစ်ရက်မှာ ဘုန်းကြီးက တစ်ခြားရွာကို အာဂန္တုကြွသွားတယ်။ဒါနဲ့ ရွာထဲက
သူ့ရဟန်းတကာ ဦးလှဖုန်းနဲ့ ကျုပ်ဦးလေး ဦးကံမြင့်တို့ ကျောင်းစောင့် အလှည့်ကြလို့ကျောင်းလာအိပ်စောင့်ကြတယ။် ကျောင်းလာစောင့်တဲ့ ဦးလှဖုန်းကလည်း ဆေးလိပ်က အင်မတန် သောက်ကိုး။မနက် အိပ်ယာကတဲက ပြောင်ဖူးဖက်
ဆေးလိပ်ကြီး ဖွာနေတော့တာပဲ။ကျောင်းပေါ် သူတို့အိပ်တဲ့ နေရာနားမှာ ကန့်လန့်ကာတွေ ခေါင်းအုံးတွေ ထားတဲ့ ရှေးသေတ္တာကြီးရှိတယ်။ဦးလှဖုန်းက ဆေးလိပ်သောက်ပြီး ဆေးလိပ်ခွက်ရှာမတွေ့တော့ သူ့ဆေးလိပ်ကို သေတ္တာ အဖုံးပေါ် တင်ဟန်တူပါရဲ့။သေတ္တာအဖုံးက အဆက်နေရာမှာ လက်ညှိုးလောက် ဟနေတော့ ဆေးလိပ်လိမ့်မကျအောင် အဲဒီပေါ် တင်မိခဲ့ဟန် တူပါရဲ့။မနက် ၇နာရီလောက်ကြတော့ ဦးလှဖုန်းတို့က နေ့လည်ပိုင်း ဘုန်းကြီးပြန် ရောက်မှာ
ဆိုတော ရွာထဲပြန်သွားကြတယ်။ကျုပ်တို့လည်း ဆွမ်းခံထွက်ပြီး ပြန်ရောက်တော့ စာသင်ကျောင်း သွားကြတယ်။နေ့လည် ၁၁နာရီ ထိုးတော့ ဆွမ်းစားပြန်ခဲ့ကြတယ်။ကျုပ်တို့ ဆွမ်းစားနေတုန်း ကျုပ်ညီနဲ့ ညီမတို့ ကလေးတွေဘုန်းကြီးကျောင်း
ထဲ ဘာလာကောက်ကြမှန်း မသိပါဘူး။ကိုလေးတို့ရေ ကျောင်းပေါ်က မီခိုးတွေ ထွက်နေတယ်။မြန်မြန်လာကြ တဲ့။
ဒါနဲ့ ကျုပ်တို့လည်း ထမင်းတောင် လည်ချောင်းထဲက မကျသေးဘူး။ထပြေးရတာပေါ့။မီးခိုးတွေက ကန့်လန့်ကာ သေတ္တာထဲက ထွက်နေတာ။ဒါနဲ့ သေတ္တာကြီးလည်း မဖွင့်လိုက်ရော။အထဲမှာ မီးတောက်ကြီးကို နည်းတာမဟုတ်ဘူး။သေတ္တာထဲက ခေါင်းအုံးတွေ ကန့်လန့်ကာတွေ ကို လှိုက်စားပြီးလောင်နေလိုက်တာ။ကျွန်းသေတ္တာကြီးဆိုတော့ လောင်လို့လည်း ကောင်းနေတာပေါ့။ဒါနဲ့ ကျုပ်တို့လည်း ဘုန်းကြီးသောက်ရေအိုးထဲက ရေရယ် မျက်နှာသစ်တဲ့အိုးထဲက ရေတွေ ယူပြီး မီးသတ်ကြရတယ်။ကိုရင်ကြီးဖိုးပုရယ် ကျုပ်အကို ကျော်ဆွေရယ် ကျုပ်တို့ ဘုန်းကြီးကျောင်းသား ဆယ်ယောက်လောက် မနည်းသတ်လိုက်ရတယ်။မီးလည်းငြိမ်းရော ကန့်လန့်ကာတွေ ခေါင်းအုံးတွေ ခင်းနှီးတွေလည်း လေးငါးဆယ်ခုပဲ အကောင်းကျန်ရစ်တယ်။လေးပုံသုံးပုံလောက် မီးထဲ ပါသွားလေရဲ့။ဒါနဲ့ ကျုပ်တို့လည်း ဘုန်းကြီးသိရင် ရိုက်လိမ့်မယ်ဆိုပြီး မီးလောင်ထားတဲ့ အရာတွေ အကုန်လုံး ခြင်းတောင်းထဲ ထည့်ပြီး ကျောင်းမြောက်ဘက်တစ်မိုင်
လောက်ဝေးတဲ့ ခြောက်တင်းကြေး သစ့်စိမ့်ပင်ကြီးနား သွားပစ်ကြတယ်။ဘုန်းကြီး မသိလောက်တော့ဘူးပေါ့
တစ်ပတ်လောက် ကြာတော့ ရွာထဲက့ ဦးစစ်လှိုင်က ထန်းတက်ရာက အပြန် သူ့ခွေးတွေ ဘာတွေများ ဆော့နေ
ပါလိမ့်ဆိုပြီး သွားကြည့်တော့ မီးလောင်ထားတဲ့ ကန့်လန့်ကာတွေ။သေချာကြည့်လိုက်တော့ ဇီးပေါက်ရွာ ဦး----- ကောင်းမှုတဲ့။စာတမ်းကြီး သွားတွေ့ပါရော။ဟာ ဒါတွေက ငါတို့ဘုန်းကြီးကျောင်းက ဟာတွေပါလားဆိုပြီ ဘုန်းကြီးဆီ
လာလျှောက်လို့ ကျုပ်တို့ဖုံးထားသမျှ ပေါ်ပါလေရော။အဲဒီကြမှ ဘုန်းကြီးက ခေါ်မေးတယ်။ကျုပ်တို့လည်း အကြောင်းစုံ ပြန်
လျှောက်ရသပေါ့။ဒီတစ်ခါတော့ကျုပ်တို့ အရိုက်မခံရဘူးဗျ။ဘယ်ရိုက်မလဲဗျ။ကျုပ်တို့သာမီးမငြိမ်းနိုင်ရင် သူပြန်လာရင်
ကျိန်းစရာတောင် ရှိမှာမဟုတ်ဘူး။ကျုပ်တို့အားကြိုးမာန်တက် ငြိမ်းလိုက်နိုင်လို့သာပေါ့။ဒါမမဟုတ်ရင်တော့ သူ ကိုရင်ကြီး ဘဝက မီးပုံးပျံ အလွှတ်ကောင်းလို့ ဘုန်းကြီးကျောင်းတစ်ခြမ်း မီးလောင်သွားတာထက် ဆိုးနေဦးမှာ။

No comments:
Post a Comment