Tuesday, November 22, 2016

ပြုံးတော်မူ( ၅၂


    ပုံးတော်မူ( ၅၂)
    သခင်စိန့်ခေါ် ဆရာဦးစိန့်ကား ဇီးပေါက်ရွာသို့ ၀င်ဝင်ချင်း လမ်းဘယ်ဘက်ကပ်ရက်က အိမ်တွင်နေထိုင်ခဲ့လေသည်။နောင်ပိုင်းတွင် အိမ်ကို ယခုလက်ရှိ ဦးကိုလေးအား ရောင်းချကာ ရန်ကုန်ရှိ သူ့သားသမီးများ ရှိရာလိုက်သွားကြပြီး ဇီးပေါက်ရွာမှ အပြီးထွက်သွားကြသည်။
    ကျနုပ်မိခင်ကြီး ကျနုပ်ငယ်စဉ်က သူတို့ လူကြီးအချင်းချင်း ပြောနေကြသံကို ကျနုပ် မှတ်မိခဲ့သည်မှာ အနှီဥိးစိန့်တို့ လင်မယားမှာ လင်ကြီးမယားကြီးများကို ပစ်ပြီး ဇီးပေါက် ဘက်သို့ လာရောက် ဇာတ်မြှုပ်နေကြခြင်းဖြစ်သည် ဟုဆိုသည်။သူ့အမျိုးသမီးဒေါ်စောရီ၏ အရင်အမျိုးသားမှာ ဘုန်းကြီးလူ
    ထွက်က်ဟုဆိုသည်။သူ့အမျိုးသမီး ဦးစိန့်နောက်လိုက်ပြေး
    သော အခါ အဆိုပါ ဘုန်းကြီးလူထွက်ယောက်ျားမှ လက်ကောက်စသည့် လက်ဝတ်ရတနာများပင် ရွာထိ လိုက်ပေးသေးသည် ဆို၏။ကျနုပ်မိခင်ကြီးပြောပြသမျသာ။အခုမှ ပြန်မေးချင်သော်လည်း မိခင်ကြီးလည်း မရှိတော့သဖြင့် မေးမရတော့ချေ။ရွာထဲရှိ တခြားလူကြီးသူမများ သိလေမလား မဆိုသာ။
    အနှိဦးစိန့်ကား ရွာဘက်တွင်ကျောင်းဆရာ လုပ်နေလေ၏။သူ့အမျိုးသမီးကား ရွာနီးချုပ်စပ်သို့ ဈေးရောင်းလေ၏။ဦးစိန့်သည် စာသင်လေသော် ကျောင်းကလည်း ခနခနပိတ်၏။အဖိတ်ဦးပုသ်ဆိုပြန်ပိတ်လိုက်ပြန်၏။စနေတနင်္ဂနွေဆိုပြန် ပိတ်လိုက်ပြန်၏။အခါတစ်ပါးသော် ကျောင်းသားတွေ ကျောင်းပိတ်သည်ဆိုသဖြင့် ပြန်လာကြပြန်၏။ဘာလို့ပိတ်ပြန်တာဘည်း မေးသော် မစောရီ မွေးနေ့ဟု ဆို၏။သူ့မိန်းမ မွေးနေ့ဆိုပြန် ပိတ်ပြန်၏။ယနေ့ထိ ကျနုပ်တို့ရွာရပ်၌ ကလေးများ ကျောင်းပိတ်လာလျှင် မစောရီ မွေးနေ့လား ဟု လူကြီးများက မေးမြန်းကြတုန်းပင်။
    တစ်နေ့တွင် ဦးစိန့်နှင့် မစောရီ ကတောက်ကဆ စကားများကြ၏။ဦးစိန့်က ဒေါသထွက်လာသဖြင့် သူ့မိန်းမကြီးအား ခွေးယိုးမကြီး ဟု ဆဲ၏။မစောရီက မှားတယ် ကိုစိန့် ဟုဆို၏။
    ထိုအခါ ဦးစိန့်က နွားယိုးမကြီး ဟု ဆဲပြန်၏။ဒေါ်စောရီလည်း မှားတယ် က်ုစိန့် ဟု ဆိုပြန်သတဲ့။သို့နှင့် ဆရာစိန့်လည်း ဟ ငါယိုးမကြီးရ ဟု ဆဲလိုက်ပြန်၏။ထိုအခါကြမှ ဒေါ်စောရီက မှန်တယ် ကိုစိန့် ဟု ဆိုသတဲ့။

ပြုံးတော်မူ(၅၄)


ပြုံးတော်မူ(၅၄)
ဒေါ်အုန်းမြိုင်ကြီး မနက်ဖန် ကောက်စိုက်သူမတွေ နေ့လည်စာ ကျွေးရမှာမို့ ကံထူးမကနေ ငါးမန်ကလိန်ခြောက်ကလေး တစ်ပိသာဝယ်ကာ အိမ်ရောက်တော့ ဗန်းထဲ ထည့်ထားလိုက်သည်။မနက်ကြမှ ချက်မယ်ပေါ့။
ဗန်း ဆိုတာက စကောထက် သုံးလေးဆခန့် ကြီးသည်။စကောကား ဆန်ပြာ ပဲပြာ စသဖြင့် သုံးပြီး စဥ့်အိုးအပေါ်မှ မှောက်လိုက်လျင် စဥ့်အိုးဖုံးဖြစ်သွားသည်
ဗန်းကား ကျနုပ်ငယ်စဉ်က ဘုန်းကြီးကျောင်း၌ တွေ့ခဲ့ဖူးသည်။
ကျနုပ်တို့ရွာ၏ အနောက်ဘက်ရှိ ပကာရွာမှာ ရှေးတုန်းက ဓားပြ လာတိုက်ရာ ရွာပေါက်ဝကို ဗန်းနဲ့ ကာထားသဖြင့် ဓားပြများ ရွာပေါက်ဝကို ရှာမတွေ့ ဟုဆိုသည်။သို့ဖြင့် အဆိုပါရွာကို ဗန်းကာ ဟု ခေါ်ရာမှ ယနေ့တွင် ပကာ ဟု ခေါ်ကြသည် ဆို၏။စကားချပ်။
ဒေါ်အုန်းမြိုင်လည်း မနက်လင်းသော် ငါးခြောက်ချက်မည် ဆိုပြီး ရှာတော့ ငါးခြောက်ထုပ်ကား မရှိတော့ချေ။ သိုနှင့် ဒေါ်အုန်းမြိုင်ကြီးလည်း သွားပါပြီး ငါ့ ငါးခြောက်ကလေး ခွေးချီသွားပြီ လို့. အော်တော့ သူ့အမျိုးသား ဦးကြိုင်က နင်က ဘယ်ထဲ ထည့်ထားတာတုန်း အုန်းမြိုင်ရ ဆိုတော့ သည်ဗန်းထဲ ထည့်ထားတာ တဲ့။ဦးကြိုင်လည်း နင့်ဟာက ခွေးခေါင်းတောင် ဆန့်ပါ့မလားဟဲ့။နည်း နည်းသေးတယ် တဲ့။

ဗဟုသုတ


အတတ်နိမိတ်တို့သည် ရှေ့က လာ၏။ရှေ့က ကြိုပြောခဲ့၏။ကျနုပ်တို့ကား နားမလည်ခဲ့ချေ။နားလည်နိုင်စွမ်းလည်း မရှိခဲ့ကြချေ။အတိတ်နိမိတ်ကို နားလည်ဖတ်ကြားနိုင်သော ပညာရှိများလည်း မရှိကြတော့ ရှေ့ဘာတွေ ဖြသ်တော့မည်ကို လူတွေလည်း နားမလည်ကြတော့။
ဘိုးတော်ဦးဝိုင်းလက်ထက်တွက် ပညာရှိကြီး အယူတော်မင်္ဂလာ ဦးနိုးဆိုသူ ရှိခဲ့၏။တစ်နေ့တွင် ရွာတစ်ရွာသို့ အသွား ရွာထဲ၌ အရူးကြီးတစ်ယောက်သည် လက်တစ်ဖက်၌ ပြောင်းပင်ကိုကိုင်လျက် အခြားလက်တစ်ဖက်တွင် ပျိုးပင်(ကောက်ပင်ပျို)ကိုင်လျက် ကွေးနေအောင် က၏။ထိုအခြင်းအရာကို မြင်သော် ဦးနိုးလည်း အို ရွာသူရွာသား အပေါင်းတို့ သင်တို့ တစ်ရွာလုံး ကုန်းမြင့်ရာ အရပ်သို ရွှေ့ကြကုန်လော့။ရွာအသစ်တည်ကြလော့ ဟု ဆို၏။ဘာကြောင့်တုန်း ဆိုသော် ပြောင်းပင်ကို ကိုင်ထားသည်အလိုကားပြောင်းကြရွှေ့ကြ ဟု ဆိုသည်။ပျိုးပင်ကို ကိုင်ထားသည်ကား ပြန်လည်အစပျိုး၍ ရွာတည်ထောင်ကြဟု ဆို၏။ပြောင်း ပျိုး ဆိုသည်ကာ ကြာသာပတေးနံ မိုးဟု အဓိပ္ပါယ်ရ၏။သင်တို့်ရွာကား ခုနစ်ရက်မြောက်သော် မိုးသည်းထန်စွာ ရွာသဖြင့် ရွာပျက်မည် ဟု ဆို၏။ ဤကား သူရူးကသည်ကို မြင်သော် အယူတော်မင်္ဂလာဦးနိုး၏ အတိတ်နိမိတ် ကောက်ခြင်းပင်။ရွာသားအချို့ကား ဤပုဂ္ဂိုလ်ကြီးကား ဘုရင့်ပညာရှိကြီးဖြစ်သည်။သူပြောသမျှသည်လည်း မှားခဲ့သည်မရှိ။ပြောင်းမှ ဖြစ်မည် ဆိုကား ပြောင်းရွှေ့ကြလေသည်။အချို့ကာ မိမိတို့် သည်ဒေသနေသည်မှာ နှစ်ပရိစ္ဆေဒ ကြာချေပြီ။ဘယ်တုန်းကမှ မိုး သည့်းသည်မရှိ မဖြစ်နိုင် ဟုဆိုကာ မပြောင်းကြချေ။ခုနစ်ရက်ကြာသော် တစ်ခါမှ မကြုံဘူးသော မိုးကြီးလေကြီးကြကာ တောင်ပေါ်မှ ရွှံ့ နွံများ စီးဆင်းလာပြီး ရွာလည်း ရွံ့နွံ့အောက် မြုပ်သွားလေသည်။ဦးနိုးစကား ယုံသဖြင့် ပြောင်းရွှေ့ကြသူများသာ လွတ်ချေ၏။
ဖဆပလခေတ်က မြောင်းမြဘက်၌ သင်္ဘောမှောက်၏။သင်္ဘောမထွက်ခင် အရူးကြီးတစ်ယောက် တက်လာကာ ခေါင်းလောင်းကိုတီးလျက် မှောက်တော့မယ်ဟေ့ မှောက်တော့မယ် ဟုဆိုကာ ကပြီး ဆင်းသွား လေသည်။အဘိုးကြီးတစ်ယောက်ကား သူ့တူကို လက်မှဆွဲကာ နိမတိမကောင်း ဟုဆိုကာ ဆင်းသွား၏။ထိုသင်္ဘောသည် မြစ်လယ်ခေါင်ရောက်သော် မှောက်သွားကာ လူအများ အသက် ဆုံးရှုံးရလေသည်။
ကလေးစကား သီချင်းသည်စကား သဘင်သည်စကား သူရူးစကား တဲ့။ထိုသူတို့၏ စကားများ လူအများကြား၌ ကျော်ကြားလာလျင် သေချာသည် ထိုစကားလုံးများကား ရှေ့လာမည့် အခင်းကို ပြောနေသည်။ကျနုပ်တို့ နားမလည်နိုင်၍မျှသာ။
မောင်ခင်ညွန့်ပြုတ်ကာနီးသော် တစ်နိုင်ငံလုံး သေပြီဆရာ သေပြီဆရာ ဟူသည့် သီချင်း ခေတ်စားလေ၏။နာဂစ်မုန်တိုင်း မတိုင်မီ တစ်နိုင်ငံလုံး အိုလေ့ လုပ်ပါဟေ့ အိုလေ့ လှုပ်ပါဟေ့ ဟု ဆိုကြကုန်၏။အတတိနိမိတ်များပင်။
ပြီးခ်ဲသော လက ချင်းတွင်းမြစ်ရေတွေ အနီရောင်ပြောင်းသွားသည် ဟု သတင်းတွေတက်လာသည်။မည်သည့်အတွက်ကြောင့် အနီရောင်ပြောင်းသည် ဟု အဖြေမထုတ်နိုင်ခဲ့ကြချေ။အနီရောင်ကား သွေးရောင် အနိဌာရုံပင်။အခုကား အဆိုပါ နိမိတ်ကြီးကား ဖြစ်းသွားချေပြီ။စက်လှေမှောက်၍ အလောင်းချင်း ထပ်မျှ ရှိခဲ့ချေပြီ။
နိမိတ်တို့သည် ရှေ့က ပြခဲ့ချေသည် တကား။ဦးနိုးကဲ့သို့ ပညာရှိကြီးများ မရှိတော့၍ ပြည်သူပြည်သားတို့အား သတိမပေးနိုင်ခဲ့ချေတကား။ဝမ်းနည်းပါသည်။အားလုံး ၀ဋ်ကြွေးရှိသမျှ ကျေကြပါစေ။ကောင်းရာသုဂတိ လားကြပါစေဟုသာ ဆုတောင်းရတော့သည်။

ပြုံးတော်မူ(၅၃)


ပြုံးတော်မူ(၅၃)
ကျုပ်တို့ ကံထူးမကျောင်းကို ငါးတန်းခြောက်တန်းတက်တုန်းဆီက ကံထူးမမှာ ရွာသစ်ကနေ လာနေတဲ့ ဦးလူမင်းက ဘယဆေးဖော်ပြီး ရောင်းချနေထိုင်တယ်။တစ်ခါတစ်လေ ကျုပ်အမေက မှာလို့ရှိရင် သူ့ဆိုင်သွားပြီး လျာပွတ်ဆေး လေပုတ်ထုတ် လျက်ဆား စသဖြင့် ဘယဆေး သွားဝယ်ခဲ့ရသေးရဲ့။
တစ်နေ့တော့ ကျုပ်အရီးအေ ဒေါ်စစ်မြိုင်က ကံထူးမ ရောက်တုန်း ဦးလူမင်းဆီ ၀င်ပြီး ဘယဆေး ၀င်ဝယ်တာပေါ့။ဦးလူမင်းကို ရွာရပ်ဘက်က လူတွေက ဖိုးလေးမင်း ခေါ်ကြတယ်။ကျုပ်အရီးအေလည်း ဖိုးလူမင်းဆီက လေသာခ ဆိုတဲ့ ဆေးဝင်ဝယ်သတဲ့။ဦးလူမင်းရှေ့လည်းရောက်ရော ဆေးနာမည်နဲ့ လူနာမည်က ရောသွားရော။ကျုပ်အရီးအေက ဆိုသတဲ့ ဖိုးသာခ လေသာမင်းလေး နည်းနည်းလောက် ရောင်းပါဦး တဲ့။

ဖိုးရဲကျား(၃၂)


ဖိုးရဲကျား(၃၂)
ကန်ကလေးကုန်းက ဦးငမှုန်တို့ရဲ့ အဖိုးက ထုံးမန်းအောင်တယ်ဆိုလာပါ့။သူ့ကို ဘယ်လောက်ရိုက်ရိုက်ဘမကွဲမပြဲဘူး ဆိုပဲ။ဒါနဲ့ ကျုပ်ကလည်း အဖိုးကို အဲသည်အကြောင်း မေးပြီးတော့ အဖိုးရော အဲသည်လို ထုံးမန်းကလေး အင်းအိုင်ခလှဲ့ လက်ဖွဲ့ကလေး ဘာလေးများ လုပ်မပေးနိုင်ဘူးလား အဖိုးရ ဆိုတော့ ငါ လုပ်ပေးနိုင်သပေါ့ကွ။ ငါ့မြေးရ မျောက်လေပွေ ရိုးသာ ရအောင်ရှာခဲ့ပါ တဲ့။မျောက်လေပွေတွေက အင်မတန် ပေါ့ပါးသွက်လက်တဲ့အကောင်တွေ ဆိုတော့ သစ်ပင်သစ်ကိုင်း အဖျားထိ သွားလည်း ကျိုးမကျဘူးကွ။ဒါကြောင့် ဆေးဖော်ချင်ရင် အဲသည် မျောက်လေပွေ အရိုးနဲ့ ဖော်မှ ရမှာ။မျောက်လေပွေက ငှက်ပျောရွက်ပေါ်တောင် လမ်းလျောက်ရင် ငှက်ပျောရွက် မကွဲဘူးကွ တဲ့။ဒါနဲ့ အဖိုးဆေး ဖော်ပြီးစားရင်လည်း အဲသည်လို ငှက်ပျောရွက် မကွဲအောင် လမမးလျောက်နိုင်မှာပေါ့နော် အဖိုး ဆိုတော့ စိတ်ချ ငါ့မြေး ငှက်ပျောရွက်ကို မကွဲစေရဘူး။နေပူပူမှာ လှမ်းထားတဲ့ ငှက်ပျောရွက်ပြောတာ တဲ့။

ဖိုးရဲကျား(၃၀)


ဖိုးရဲကျား(၃၀)
ကျုပ်ဦးလေး ဦးတင်ကြိုင်တစ်ယောက် ညကြီးမင်းကြီးမှ နွားက ထပြီး နေမကောင်းဖြစ်တော့ ဖိုးရဲကျားဆီ သူ့သူငယ်ချင်း ဘအီအဖော်ခေါ်ပြီးတော့ လာခဲ့ကြတယ်။ဒေါ်ရွှေငအိမ်ရောက်တော့ ဖိုးရဲကျားက မရှိဘူး။ကန်ကလေး ကုန်းက သူ့အငယ် ဒေါ်ဖွားဇံအိမ် သွားတယ်ဆိုလို့ ကန်ကလေးကုန်း ဆက်လိုက်သွားရတယ်။ဖိုးရဲကျားကလည်း ဖိုးရဲကျားပဲ။အငယ့်အိမ်ကြီးပဲ ဓာတ်စာကျနေဟန် တူပါရဲ့ ဆိုပြီး ဦးလေးတို့နှစ်ယောက် စကားလေး တပြောပြောနဲ့ လာခဲ့ကြ ရော။ အိမ်ထဲလည်း ၀င်ရော ဖိုးရဲကျားနှင့် ဒေါ်ဖွားဇံက မောင်း ထောင်းနေကြပေါ့။ဖိုးရဲကျားက နောက်က မောင်းထောင်း
ဒေါ်ဖွားဇံကြီးကရှေ့က ဆန်ပျာနဲ့။မောင်းလေးထောင်းပြီး ဖိုးရဲကျားက ဒေါ်ဖွားဇံ ဆန်ပျာနေတဲ့အနာ ထိုင်ပြီး စကား တွတ်ထိုးနေပြန်ရော။
ဒါနဲ့ ဦးလေးလည်း ဘအီကို အသာလက်ကုပ်ပြီး အိမ်အပြင် ဘက် ပြန်ထွက်လာပြီး နေဦးကွ ရှက်နေပြန်လိမ့်မယ် ဆိုပြီး
အိမ်ပေါက်ကနေ ဗျိုး ဖိုးလေးကျား ဗျိုးး ဖိုးလေးကျား လို့ အသံပြုခေါ်လိုက်ရော ဖိုးရဲကျားလည်း မောင်းထောင်ရာကနေ အိမ်အောက်ကို ကုန်းကုန်း ကုန်းကုန်းနဲ့ ပြေးပြီး အိမ်အောက်က ခုံရှည်ပေါ် ရောက်မှ ဟေ ဘယ်သူတုန်းဟ လို့ အသံပြုသတဲ့။
ဦးလေးတို့လည်း အိမ်အောက်ရောက်ရော ဖိုးရဲကျားလည်း ဟောဟဲ ဟောဟဲနဲ့ မောနေပါရောလား။ဥာဏ်များလိုက်တဲ့ ဖိုးရဲကျားနှယ်။

ဖိုးရဲကျား(၃၁)


ဖိုးရဲကျား(၃၁)
ပြုံးတော်မူ စာအုပ်ကလေး ထုတ်တော့ ဖိုးရဲကျား အကြောင်းအချို့က ထုတ်ဝေသူက ငြိမည်ဆိုပြီး ချန်ထားပစ်ခဲ့သည်။ကျနုပ်၏ အဖွား ဒေါ်အောင်မှိထဲက စာသား အချို့ကလည်း ဖြုတ်ပစ်ထားခဲ့သဖြင့် စာက ရှေ့နောက်မဆက်မိ။ယဖိုးရဲကျားငယ်တုန်းက ကန်များကျောင်း ဘုန်းကြီးကျောင်းသားဘ၀က အခုရွာစာသင်ကျောင်း အရှေ့ဘက်က လှည်းလမ်းဘေးက သစ်ပင်ကြီးတစ်ပင်ပေါ် တက်ပြိး ဆော့နေကြသည်။သူတို့ ဘုန်းကြီးကျောင်းသား ပေါက်စတွေ သစ်ပင်ပေါ်ဆော့နေတုန်း ကျုပ်အဖွား ဒေါ်အောင်မှီတို့ကလည်း ဆယ့်သုံးလေးနှစ်အရွယ် မယ်သီလ ပေါက်စလေးတွေပေါ့။မယ်သီလ ပေါက်စလေးတွေက သစ်ပင်ပေါ်က ဖိုးရဲကျားတို့ ကောင်လေးပေါက်စတွေကို မမြင်ပဲ သီချင်း အော်ဆိုလာကြသည်။
ကျမ အမယ်သီပါရှင်
ရွယ်တူမရတာကြောင့် မယ်သီလကိုတဲ့
လုပ်ရပါသရှင် တဲ့။
အဲသည်လို အော်ဆိုတော့ ဖိုးရဲကျားတို့ကျဝး ဟေး ဟေး ဆိုပြီး အပင်ပေါ်က စ လိုက်တော့ အဖွားမအောင်မှီတို့ မယ်သီလလေးတွေ ရှက်ပြီး ထွက်ပြေးကြရောတဲ့။
အဖိုးက ကျုပ်အိမ်လာလည်ရင် ကျုပ်ကို ဟိုဟာဘေးဆိုပြ သည်ဟာလေးဆိုပြ ဒါလေးဖြင့် မှတ်ထားစမ်းကွ ငါ့မြေးရ ဆိုပြီး လိုက်မှတ် ခိုင်းလေ့ရှိသဗျ။
တစ်နေ့တေု့ အဖိုးက ငါ့မြေး မယ်သီလဆိုတာ သိလား တဲ့။ဘယ်သိမှာတုန်း အဖိုးရ ဆိုတော့ မှတ်ထား ငါ့မြေးရ
သားသေ လင်ဆုံး
ကုန်ရှုံး ကြွေးတင်
လိုလင်မရ
လဝေး လ၀ မယ်သီလ တဲ့ကွဲ့ တဲ့။
အဖိုးရာ လဝေးလ၀က ဘာပြောတာတုန်းဗျ ဆိုတော့ သူကတော့ ရွာထဲက အမျိုးသမီးနှစ်ဦးရဲ့ နာမည်နဲ့ တပ်ပြီး ပြောပြတယ်။လဝေးက ယောက်ျားနဲ့ ကွဲနေတဲ့ဟာကွ။လ၀ ဆိုတာ ယောက်ျားတွေ အများကြီး ယူတဲ့ မိန်းမကို ခေါ်သကွတဲ့။
ဖိုးရဲကျား ပြောတာလေး ကျုပ်စာအုပ်ထဲ ပါမသွားလို့ ပြန်ပြောင်းပြောပြတာပါ။ကျုပ်သူငယ်ချင်းတွေ စိတ်မရှိကြကုန်နှင့်။စာဆိုတာ ဘာဖြစ်ဖြစ် မှတ်ထားတော့ ဗဟုသုတ ရတာပေါ့။

ဗဟုသုတ


ပီးခံ့တဲ့ရက်ကပိုင်းတွေက ချင်းတွင်းလှေမှောက်တဲ့ သတင်းတွေ လိုက်ဖတ်တော့ တစ်ချို့ ပို့စ်တွေမှာ သေသွားသူတို့ရဲ့ အလောင်းကောင်တွေကို ဓာတ်ပုံရိုက်ပြီး တင်ပြနေကြတာတွေ့တော့ မြင်လို့ကလည်း မကောင်း။သေသွားသူတွေအတွက်လည်း စိတ်ကမကောင်း။
မနေ့ကတစ်ခါ ၀န်ကြီးတွေ စက်လှေမှောက်သည့်နေရာမှာ နှာခေါင်းပိတ်တွေနဲ့ လိုက်လံကြည့်ရှုတာ မြင်ပြန်တော့ ရုတ်တရက်တော့ ဒေါသဖြစ်မိသည်။သေသွားတဲ့ လူတွေမှ အားမနာပေါ့။နှာခေါင်းတွေ ပိတ်လို့ပေါ့။
အဲသည်လို ၀န်ကြီးတွေ နှာခေါင်းစည်းတွေနဲ့ မြင်လိုက်တော့ ခုနစ်တန်းကျောင်းသားဘ၀ သွားသတိယမိလိုက်သည်။ကျနုပ်တို့သည် ကျေးလက်ဒေသ၌ မွေးဖွားကြီးပြင်းခဲ့ရသဖြင့် အပုပ်နံ့မျိုးစုံ ကြုံဘူးသည်။ခွေးသေပုတ် မြွေပုတ် ကြွက်ပုတ် စသဖြင့် တိရစ္ဆာန်ပေါင်းစုံ တို့၏ အပုပ်နံ့မျိုးစုံ ကြုံခဲ့ရဘူးသည်။
အပုပ်နံ့မျိုးစုံတွင်ကား လူသေပုပ်နံ့သည် အဆိုးဝါးဆုံးပင်။
၁၉၈၄ခုနှစ် ကျနုပ်ခုနစ်တန်းနှစ်က မိုးရာသီတစ်နေ့တွင် ရွာထဲမှ ဒေါ်မိစောကြီး လူကြီးရောဂါဖြင့် ကွယ်လွန်ရှာသည်။သူကွယ်လွန်သော် သူ့သားသမီးများက ဖျာပုံ ဘိုကလေးစသဖြင့် အောက်ပြည်အောက်ရွာဆီ အိမ်ထောင်ကျသူတို့က ရှိသည်။သို့နှင့် သားသမီးစုံညီစွာ သင်္ဂြိုဟ်နိုင်ရန် ဆိုပြီး အသုဘကြီးကို ၁၃ရက်ထားလေသည်။ထိုစဉ်က ကျနုပ်တို့ ဒေသ၌ လူတစ်ယောက်သေသော် ချက်ချင်းမြေမြှုပ်သည့် ဓလေ့က သိပ်မရှိ။အနည့းဆုံ ငါးရက်တော့ အိမ်မှာ ထားသည်။ပြီးမှ သင်္ဂြိုဟ်ကြသည်။လူတစ်ယောက်သေသော် ထိုရပ်ကွက်မှ လူများက တောထဲသို့ ချက်ချင်းထွက်၍ အုံတုံခုတ်သွားကြသည်။ကျန်ရစ်သည့်ရွာသားများက အသုဘခေါင်းစပ်ကြသည်။အုံတုံခုတ်သူများ ပြန်လာလျင် အုံတုံပင်၏အခေါက်ကို ဓားဖြင့် ခြစ်၍ ခွာကြသည်။ရလာသည့် အုံတုံအခေါက်များကို သဲဆပ်ပြာရည်နှင့် ရော၍ နယ်ကြသည်။ထိုအခါ ပန်းရံဆရာများသုံးသည့် အင်္ဂတေကဲ့သို့ ဖြစ်လာသည်။အနီးစပ်ဆုံး ဥပမာပြရသော် ငချိပ်ကောက်ညှင်းကို မောင်းဆုံထဲ ထည့်ထောင်းထားသည့် ခေါပြင်ကြီနှင့် တူလေသည်။ထိုကဲ့သို့ နယ်ပြီးသော် အနှီအုံတုံပလာစတာကြီးကို အသုဘခေါင်း၏ အတွင်းဘက်မှနေ၍ တပြင်လုံ့းအနှံ့ သရွတ်ကြံရသည်။ပြီးလျင် အသုဘကြီးကို ကျွန်းရွက်များနှင့် ပတ်ကာ ကြိုးနှင့် တုပြီး စည်းကြသည်။ပြီးလျင် အခေါင်းထဲထည့်ကာ အပေါ်မှ နွာချေးမှုန့်များ ခေါင်းအပြည့် ထည့်လိုက်သည်။အုံတုံခံသည်မှာ အသုဘကြီး ပုပ်ပွလာသော် ခေါင်းအပြင်သို့ အရည်များထွက်ကျမလျာစရန်နှင့် နွားချီ
မှုန့်မှာ အနံ့အသက်များ မထွက်လာစေရန်ဖြစ်သည်။ သို့ကလို လုပ်ထားသည့်ကြားမှ အနံ့ထွက်လာလျင်တော့ ကျောက်ဖရုံသီးကြီးကို အသုဘခေါင်းပေါ် တင်ထားလိုက်ကြသည်။ဤသည်ကား ကျနုပ်တို့ငယ်စဉ်က ကျနုပ်တို့ဒေသမှ အသုဘဓလေ့ပင်။ရှေးကတည်းက အသုံးပြုလာခဲ့သော စနစ်နှင့် ဓလေ့ပင်။ယခုမရှိတော့ချေ။ယခုခေတ်ကလေများကား ဘာမျ မသိကြတော့ချေ။အနှိအုံတုံပင်ကား ရှေးယခင် ဘုရင့်ထံဆက်သကြရသည့် ၁၂ရပ်မင်းမှုတွင် အပါအ၀င်ပင်ဖြစ်သည်။ဘုရားတည်ကျောင်းဆောက်ရာ၌ အင်္ဂတေဖျော်ရန် အုံတုံကို အသုံးပြုခဲ့ကြရသည်။
အထက်က ဆိုခဲ့သလို ဒေါ်မိစော အသုဘကြီး ၁၂ရက်အကြာတွင် ဖက်ခွက်ထိုးသည်။ရွာရပ်ဓလေ့ကား အလှူ အသုဘ စသည်တို့၌ ပွဲစနေ့ကို ဖပ်ခွက်ထိုးနေ့ဟုခေါ်ကြသည်။နေ့ထိ ကျနုပ်တို့ ရွှေကျင် ၁၃ရွာဒေသ၌ ခေါ်ကြတုန်းပင်။ရှေးယခင်က ပန်းကန်းခွက်ယောက်များ မရှိသေးရာ အင်ဖက်ကို ထမင်းထည့်စားရန် အုန်းတံကို အသုံပြု၍ ထမင်းထည့်စားရန်
ဖက်ခွက်များ ထိုးကြရသည်။ပွဲစရက်တွင် ဖက်ခွက်များ ထိုးကြရသဖြင့် ထိုစဉ်တကည်းက ဖက်ခွက်ထိုးဟု ခေါ်ခဲ့ကြလေသည်။
အနှီဒေါ်မိစောကြီး ဖက်ခွက်ထိုးသည့် နေ့ကတဲ့က တည်းက အငျြိမ့်ကလည်း ငှါးထားသမို့ အသုဘပွဲက ဆိုင်းဝိုင်းနှင့် အငြိမ့်နှင့်မို့ လူကအတော်စည်သည်။ကျနုပ်တို့ကလေးတွေကလည်း အငြိမ့်မင်းသမီး ဧယျာဉ်ကျူးးသည်ကို တမေ့တမော ကြည့်ကြကုန်သည်။
အငြိမ်းကလည်းကကောင်းတုန်း မိုးကလည်း သည်းကြီးမည်းကြီး ရွာချတော့သည်။မိုးကလည်း အဆက်မပြတ်ရွာတော့ ရွာထဲက အောက်လမ်းဆရာကြီး ဦးသိန်းလွင်ကို ပင့်ပြီး မိုးတားခိုင်းသည်။အနှီဦးသိန်းလွင်ကြီးလည်း ရှင်ဥပဂုတ်ရုပ်များကို လေပန်းထဲထည့်ကာ မိုတားလေသည်။မိုးကမတိတ်ပဲ ပိုရွာလာရာ အဆိုပါ အရုပ်များထည့်ထားသည့် လင်ပန်းကြီးပါ မျောသွားပြီး အရုပ်များလည်း အစပင်ရှာမရတော့။
နောက်ရက်ကြတော့ အသုဘချကြသည်။ကရ၀ိတ်ရထားပြသတ်ကြီးဖြင့် တွန်းလာကာ အသုဘ ချလာကြသည်။ကျနုပ်လည်း ကျောင်းပိတ်သဖြင့် ထိုနေ့က သင်းချိုင်းင်ကုန်း တောင်ဘက်က မြေပဲခင်း စောင့်နေရသည်။မိုးကလည်း မရပ်သေး။သို့နှင့် မိုးထဲရေထဲ အသုချပြီး ပြန်သွားကြသည်။ကျန်ရစ်သည်က ဦးဖိုးဟန် ဦးငွေမောင် စသည့် အသုဘ မီးရှို့မည့် သူများ။ခနနေတော့ အသုဘခေါင်းကြိးကို ထင်းပုံပေါ်တင်ပြီး မီးရှို့ဖို့ လုပ်ကြသည်။မီးက ဘယ်လိုမှ မွှေးမရ။မိုးက အသည်းအသန်ရွာနေသည်။သို့နှင့် ဦးဖိုးဟန်ုကြီးက ကျနုပ်တဲထဲက ကျနုပ်မီးဖိုမှ ထင်းချောင်းကြိးများ လာယူပြီး မီးရှို့သည်။မီးရီု့မယ်ဆိုတော့ အသုဘအခေါင်းကြီး ပြောင်ပြန်မှောချလိုက်သည်။မိတ်ဆွေများ စဉ်းစားကြည့်ပါလေ။ဆယ့်လေးငါးရက် အခေါင်းထဲ ထည့်ထားသော အသုဘအခေါင်းကြီး ဖွင့်ချလိုက်သောအခါ ဆိုးဝါးလှသည့်အနံ့ကြီးက ကျနုပ်ဆီ တောက်လျောက်ရောက်လာသည်။လေက မြောက်ဘက်က တိုက်နေတော့ အနံ့အားလုံးက ကျနုပ်ဆီသို့သာ ပြေးလာတော့သည်။မိုးကလည်း သဲသဲမဲမဲ ရွာနေတော့ ဘယ်မှ ထွက်ပြေးလို့မရ။ကျနုပ်မှာ သည်အတိုင်းသာ တဲထဲ ထိုင်နေရတော့သည်။နာရီဝက်လောက် အော်ဂလီဆန်လှသော အနံ့ကြီး ရှူယင်း သင်းချိုင်းကုန်းဆီ ကြည့်နေရာမှ ခနနေတော့ မီးတွေက အတင်းတောက်လာတော့သည်။လူသေက ကျလာသော အဆီများမီးထဲကျလေ လူသေကြီးက မီးကလောင်လေလေ။ဒါကြောင့် ရှေးလူကြီးများက ပြောသည်။အသေကောင်မီးစွဲသွားရင် ထင်းမလိုတော့ဘူးတဲ့။ကျနုပ်မှာ လက်တွေ့မို့ ယုံရချေသည်။သို့ကလို့ လူသေကြီး မီးစွဲလောင်သော် အပုပ်နံ့များပျောက်ကာ အညှော်နံ့များ ရောက်လာပြန်ချေသည်။ထိုအချိန်တွင် ကျနုပ်ဖခင်ကြီးလည်း မိုးထဲလေထဲ ကျနုပ်ကြောက်နေမည်စိုးသဖြင့် ရောက်လာရာ သားအဖနှစ်ယောက် အညှော်နံ့ကို ရျူရင်း တဲထဲဆက် ထိုင်နေရတော့သည်။
ဤရွေ့ဤမျှ ဆိုးဝါးလှသော အပုပ်နံ့ကား ကျနုပ်တစ်သက် ထိုတစ်ကြိမ်သာ ကြုံဖူးတော့သည်။လူတို့သည်ကား အစာပေါင်းစုံစားကြသဖြင့် အခြားသတ္တ၀ါတွေထက် ပို၍ ပုပ်ချေသလော။ ကျနုပ်မသိတော့ချေ။

သစ္စေးခြောက်ရွာ


သစ္စေးခြောက်ရွာ
ရှေးမြန်မာဘုရင်များ လက်ထက်တော်အခါက ကျနုပ်တို့ တန့်ဆည်နယ်သည် ဘုရင့်ထံသို့ ရွှေခွန် သစ္စေးခွန်များ ဆက်သခဲ့ကြရလေသည်။ကျနုပ်မွေးဖွာရာ ဇာတိမြေသည် ရွှေခွန်ဆက်သရသည့် ရွှေကျင် ၁၃ရွာအတွင်း ပါဝင်ပြီး ကျနုပ်တို့ရွာ၏ အနောက်မြောက်ဘက်ရှိ ရွာများကို သစ္စေးခြောက်ရွာ ဟုခေါ်လေသည်။သစ္စေးခြောက်ရွာမှာ
၁။ရွာမုံထောင်
၂။မောက်တက်
၃။တောင်ဦး
၎။ပကာ
၅။စင်းသင်း
၆။လိပ်ခြံ တို့ဖြစ်သည်။
သစ္စေးပင်ကား မန်ကျည်းပင် ကွန်းပင်တို့ကဲ့သို့ အပင်ကြီးမျိုးပင်။
သစ္စေးထိုးသည် ဆိုသည်မှာ သစ္စေးသမားသည် ပထမဦးစွာ ဆောက်ဖြင့် သစ္စေးပင်၏ အခေါက်ကို အင်္ဂလိပ်အက္ခရာ v ထွင်ပြီး အစွန်း၌ ၀ါးကျည်ထောက်ကို ရိုက်သွင်းပြီး သစ္စေးကို စုဆောင်းရသည်။
ငယ်စဉ်က နွားကျောင်းရင်း အဆိုပါကျည်ထောက်ကလေးများကို ဖြုတ်ကြည့်လေရာ ကျည်ထောက်တစ်ခုတွင် သစ္စေးကား လဘက်ရည်ဇွန်း နှစ်စွန်းသုံးစွန်းစာမျှသာ ရှိသည်ကိုတွေ့ရသည်။ထို့ထက် သိပ်မပိုချေ။သစ္စေးသမားတို့ဘ၀ကား ခက်ခဲကြမ်းတမ်းလှချေသည်။ထိုသို့ အနည်းငယ်ချင်း စုဆောင်းရသော်ငြားလည်း သစ္စေးပင်တစ်ပင်လျင် ကျည်ထောက်တစ်လုံးသာ ရှိသည်။အပင်ကြိးပါမှ ဟိုဘက်သည်ဘက် တစ်ကျည်ထောက်စီ ထိုးရသည်။သည်တစ်နှစ်အဖို့ သည်ဘက်ခြမ်းဆိုလျင် သည်ဘက်ခြမ်းတစ်ဖက်ထဲသာ အောက်ခြေမှ အပေါ်ထိ ထိုးသွားရသည်။နောက်တစ်နှစ်တွင် တစ်ခြားဘက်အခြမ်းကို ထိုးကြရသည်။
ဤကဲ့သို့ ဗွီပုံသဏ္ဍန်သစ္စေးထိုးပြီး၍ တစ်ပတ်ကြာလျင် သစ္စေးကို ပြန်လာပြီး သစ္စေးတောင်းကလေးထဲ ပြောင်းယူရသည်။ပြီးလျင် အဆိုပါ ဗွီထိပ်ကို အောက်ဖက်မှ ပစောက်ကဲ့သို့ ဖြစ်အောင် ဒါးဖြင့်လှီးပြီ ၀ါးကျည်ထောက်ကို ပြန်ရိုက်ရသည်။ထို့ကြောင်း တစ်နေရာလျင် နှစ်ကြမ်ကျဆီ သစ္စေးစုဆောင်းရသည်။နောက်တစ်ပါတ်ကြာလျင် သစ္စေးကောက်၍ အထက် တစ်ပေခန့်တွင် အခြားအသစ်တစ်ခု ထပ်ထွင်းရသည်။
သစ္စေးကို မိုးရာသီနှင့် ဆောင်းရာသီ၌သာ ထိုးကြသည်။မိုးရာသီတွင် သစ္စေးမှာ မိုးရေနှင့် ရောနေသဖြင့် အနီရောင်သန်းနေတတ်ပြီး ဆောင်းရာသီ သစ္စေးသည်သာ အနက်ရောင်သစ္စေးကောင်းကို ရရှိသည်။
သစ္စေးကား အခန့်မသင့်လျင် စက်တတ်သည်။သစ္စေးစက်သော် မျက်နှာများ ရောင်ရမ်းလာပြီး နီလာသည်။ထိုအခါ သဘာဝကို သဘာနှင့်သာ ပြန်ကုယူရသည်။ထိုကဲ့သို့ သစ္စေးစက်လျင်ကား ကျွန်းသီးကို သွေး၍ ရောင်သည့်နေရာကို လိမ်းပေးလျင် ပျောက်သွားသည်။
လွန်ခဲ့သော အနှစ်၂၅နှစ်ခန့်က ကျနုပ်တို့ဆီ၌ ရေနံရှာဖွေရေး လာလုပ်သော နိုင်ငံခြားသားကြီး သူများသစ္စေးပင်ခုတ်ရာ လိုက်ကြည့်သဖြင့် သစ္စေးစက်လေရာ တောက်လျောက် ရောင်ရမ်းလာသဖြင့် ကူးစက်ရောဂါ ရသည်ထင်ကာ ကံထူးမသို့ ဟယ်လီကော်ပတာဖြင့် ပြန်ခေါ်လာရသည် ဆို၏။လေယာဉ်မှူးက သူ့ပါ ကူးမည်စိုးသဖြင့် ပိုက်ထဲထည့်ကာ တွဲလောင်းဆွဲလာသည်ဆို၏။သစ္စေးစက်သည်ကားမှန်၏။ပိုက်နှင့်ဆွဲခေါ်လာသည်ဆိုသည် မှာ ဟုတ်ချင်မှ ဟုတ်ပေမည်။
မည်သို့ဆိုစေ ကျနုပ်အဒေါ် ဒေါ်လုံး သစ္စေးစက်သဖြင့် ကျနုပ်မိခင်ထံ ဆေးလာတောင်းရာ မျက်နှာကြိးတစ်ခုလုံး ယောင်ကိုင်းနေသည်ကို တွေ့ခဲ့ဖူးရသည်။မိတ်ဆွေများ သစ္စေးမြင်လျင် မျက်နှာအပ်ပြီး မမွှေပါလေနှင့်။သစ္စေးစက်တတ်သည်ဟု မှတ်ကြပါလေကုန်။
ကျနုပ်ငယ်စဉ် နွားကျောင်စဉ်က တစ်ခါတစ်ရံ သစ္စေးကျည်တောက်များကို လေးခွဖြင့် လှမ်းပစ်တတ်သည်။တစ်ခါတစ်ရံ ခေါခွက်ချရာတွင် ညောင်စေးကို သစ္ဏေးနှင့် နည်းနည်းရောပြီး ထားပါမှ ညောင်စေးက မအိပ်ပဲ စေးကပ်နေသဖြင့် တစ်ခါတစ်လေ ကျည်ထောက်တစ်ခုလောက် ဖြုတ်ယူလာတတ်သည်။မိဘများ အဒေါ်များက မယူဖို့ သစ္စေးရဖို့ အင်မတန်ခဲယင်းကြောင်းနှင် သစ္စေးထိုးသမားနှင့်တွေ့၍ မိလျင် ငွေတစ်ပြည် အလျော်ပေးရကြောင်း ဆုံးမပြောဆိုတတ်သည်။
ရှေးယခင်က သစ္စေးခိုး၍ မိလျင် ငွေတစ်ပြည်အလျော်ပေးရကြောင်း ကို ယနေ့ထိ ကျနုပ်တို့ဒေသ၌ သစ္စေးတစ်ကျည် ငွေတစ်ပြည်ဟု ဆိုရိုးစကား ရှိတုန်းပင်။

Sunday, October 9, 2016

ဖိုးရဲကျား(၂၈)


ဖိုးရဲကျား(၂၈)
ရွာထဲက ကိုကျော်ငြိမ်းကြီး မြွေဟောက်က တံတွေးနဲ့ထွေးလိုက်လို့ မျက်စိကြီး နီလာပြီး ကောင်းကောင်းမမြင်ရတော့ချေ။သို့နှင် ဖိုးရဲကျားဆီ သွားတော့ ဖိုးရဲကျားက မျက်စိထဲ ကျင်ငယ်ရေ ခပ်ခိုင်းတာ တစ်ပါတ်လောက်နေတော့ ပြန်ကောင်းသွားတယ်။အဖိုးက ကျုပ် အိမ်လာလည်တော့ ပြောတယ်။ ငါ့မြေး မြွေဆိပ်ထက် လူဆိပ်က ပိုပြင်းတယ်ကွ။မြွေတံတွေး ထွေးခံရလို့ မျက်စိ မမြင်ရတော့ရင် လူ့တံတွေးနဲ့ ဖြစ်ဖြစ်ချင် မျက်စိထဲ ခပ်ရတယ်ကွ။အဲဒါဆို တောက်လျောက်ပျောက်တယ်တဲ့။
သူ့သမီး အငယ်ဆုံ မခင်ကြိုင် ကိုယ်ဝန်ဆောင်ကြီးနဲ့ စပါးရိပ် လိုက်ရာမှ မြွေပွေးက ကိုက်လွှတ်လိုက်သည်။ အိမ်ရောက်တော့ ဖိုးရဲကျားက သူ့သမီး မြွေကိုက်တဲ့ ခြေထောက်က ဒါဏ်ရာကနေ မြွေဆိပ်ကို ပါးစပ်နဲ့ စုပ်ပြီး ထွေး ပစ်သည်။အဲသလို ပါးစပ်နဲ့ မြွေဆိပ်ကို စုပ်ပစ်တဲ့ ဒါဏ်ကြောင် သူ့မျက်စိတွေ ၀ါးလားသည်
ဟု ဆိုသည်။မခင်ကြိုင်ကား ကိုယ်ဝန်ဆာင်ထားသဖြင်မြွေဆိပ်က အထက်မတက်ဟု ဆိုသည်။။သို့နှင် တန့်ဆည်ဆေးရုံငို့ တက်ရောက် ကုသရာ အသက်ချမ်းသာရာ ရခဲ့သည်။ဆရာဝန်ကတာ့ မှာလိုက်သည်။မြွေဆိပ်က ကလေးကို သွား၍ ထိခိုက်နိုင်သည် ဟု ဆိုသည်။ ထိုကလေး မွေးလာသောအခါ ခြေထောက်ကလေး တစ်ဖက် မသန်ရှာတော့ချေ။သို့နှင် ထိုကလေးမလေးကို မိဆိပ်ဟု ခေါ်ကြလေသည်။အခုဆို မိဆိပ်တောင် ၃၀နားနီးချေရော့မည်။ခြေထောက်တစ်ဖက်က တရွတ်တိုက် သွားနေရရှာသည်။ဘ၀ ၀ဋ်ကြွေး
ဟုသာ ဆိုရချေတော့မည်။

ပြုံးတော်မူ (၄၇)


ပြုံးတော်မူ(၄၇)
ဦးဇင်းကြီး ဦးဝါယမက ကန်ကလေးကုန်း အရှေ့ကျောင်းက ခန်းနေဦးဇင်းကြီး။သူတို့ဆရာတော်က ဦးဣန္ဒာသဖ။တစ်ရက်တော့ ဦးဇင်းကြီးဦးဝါယမရဲ့ မယ်တော်ကြီး သေပါလေရော။ဒါနဲ့ ရွာဓလေ့ရပ်ဓလေ့အတိုင်း မယ်တော်ပျံဆိုပြီး အသုဘ ချကြသပေါ့လေ။အိမ်ကနေ သင်္ချိုင်း ကုန်းကို ရထားတွေ ဘာတွေနဲ့ တွန်းပို့ပြီး အသုဘချကြသပေါ့။ရွာရပ်ကတော့ ရထားတွန်းတယ် ခေါ်တာပေါ့။ဘုန်းကြီးပျံတွေမှာ အသုံးပြုကြတဲ့ ကရ၀ိတ်ဖောင်လိုမျိုး
ပြသဒ်ကြီးကို ခေါ်တာ။
အဲသည်လိုနဲ့ သူ့မယ်တော်ကြီး တွန်းလာကြတော့ ဦးဇင်းကြီး ဦးဝါယမလည်း တစ်လမ်းလုံး ငိုလာပါရော။ဒါနဲ့ ဘေးက တကာတွေကလည်း ဘုန်းကြ်ီးတန်မဲ့ ငိုယိုနေတော့ မြင်လို့က
မကောင်းဘူး။ဒါနဲ့ ဘေးက တကာက ပြောတယ်။ဦးဇင်းကြီး ကလည်း သင်္ကန်းကြီးလည်း အားနာပါဦး ဘုရာ့။သူများအမေတွေသေတော့ အနိစ္စသဘော ဘာညာနဲ့ တရားတွေချပြီး
အခုမှ ဘာပြုလို့ ငိုကြီးချက်မ လုပ်နေရတာတုန်း လို့ပြောလိုက်ရော ဦးဝါယမက ပြန်ပြောတယ်။
အဲဒါက သူများအမေဟ။ဒါက ငါ့အမေဟ တဲ့။

ရွှေကျင်၁၃ရွာ အမှုတွဲ ၂


မြေဒူးမြို့ဝန် နေမျိုးမင်းလှကျော်ခေါင် အစစ်ခံချက်ဘုရား
သက္ကရာဇ်၁၂၄၃ခုနှစ် နတ်တော်လပြည့်ကျော်၇ရက်နေ့။မြေဒူးမြို့ဝန်နေမျိုးမင်းလှကျော်ခေါင်ကိုမေးသော။ချက်။
ဝန်ဈုမြဒူးမြို့မှာ မိတ်နံတော်ဘုရား ဆူရေ၁။ရွှေအလယ်ကြောင်း အင်ထော့၅မြို့မှာ။မိတ်နံတော်ဘုရား ဆူရေ၁ များကို သင့်ရာ
ငွေတော်နှင့်ကုသိုလ်တော်ပွားတည်လုပ်ရမည် ရွှေလွှတ်တော် က အမိန့်မှာစာပေးအပ် ဆင့်ဆိုရာနာခံရပါသည်အတိုင်း။ရွှေအလယ်ကြောင်း အင်ထောံသာ၅မြို့မှာ။တည်လုပ်ရန် စေတီတော်ကို။မိုးလအခါဖြစ်၍ အုတ်မဘုတ် မလုပ်နိုင်သော ကြောင့်။ဘုပ်လုပ်ပြီးရှိသည့်အုတ်ကို။နှုန်းတော်အတိုင်း။ဝယ်ယူ၍ ရွှေအလယ်ကြောင်းအင်ထောံသာ၅မြို့များက။အများဝန်စုပါမြို့ရွာများနည်း။ခွဲစုဝေပုံထားပြီးလျင်။ရွှေကြင်၁၃ရွာက။ခွဲစုကျအုတ်ချပ်ရေ ၁၀၀၀၀ကျော်ကို။လုပ်ရပ်ရောံ သယ်ယူပို့ချစေရမည်။သယ်ယူခငွေမှာ။ဘုရားကြီးကြပ်တည်လုပ်သူ အင်ထောံသာမြို့သူကြီးက သယ်ယူပို့ချသူတို့သို့ပြေကြေအောင်ပေးရမည် ဆင့်ဆိုသယ်ယူတည်လုပ်ပါစေသည်။ကြေးငွေခွဲတောင်းရမည် ရွှေမှူးငဘုန်းကို ကျွန်တော်က မဆင့်မဆို။ငွေခွဲမခွဲကိုလည်း။ကျွန်တော်မသိပါ။
သီပေါမင်းနနန်းတက်သော် နိုင်ငံအနှံ ဘုရားများတည်လုပ်စေ သည်။တစ်ခေါက်က မြို့သစ်ကြီးထဲရှိ အုံးအင်းဘုရားသို့ တရား သွားထိုင်သော် ကျောက်စာကိုဖတ်ကြည့်မှ သီပေါမင်း လက်ထက် တစ်နေ့တည်တပြိုင်တည်း တည်လုပ်တော်မူသည့် ဘုရားတစ်ဆူထဲ အပါအ၀င်ဖြစ်သည်ကို တွေ့ရလေသည်။သီပေါမင်း၏ အဆိုပါအမိန့်အရ ရွှေအလယ်ကြောင်းရှိ မြို့ရွာ များမျာလည်း ဘုရားတစ်ဆူဆီ တည်လုပ်ခဲ့ကြရလေသည်။ဤပုရပိုက်အရဆိုသော် မြေဒူးမြို့တွင်တစ်ဆူ အင်ထောက်သာ ၅မြို့တွင်တစ်ဆူ တည်ကြရလေသည်။အင်ထောက်သာမြို့ ဘုရားတည်ချိန်တွင် မိုးတွင်းကာလဖြစ်၍ အုတ်များကို ရွှေကျင် ၁၃ရွာဒေသမှလည်း ၀ယ်ယူ သုံးစွဲခဲ့ကြရလေသည်။ဤသို့ ရွှေကျင် ၁၃ရွာမှ အုတ်ချပ်ရေ ၁၀၀၀၀ကို အင်ထောက်သာမြို့သို့ သွားရောက်ပို့ဆောင်ပေးကြရလေသည်။ထိုအချိနိတွင် တိုက်ဆိုင်ချင်တော့ ရွှေကျင် ၁၃ရွာရွှေမှူငဘုန်းနှင့် မြေခုရွာသူကြီးတိုးငွေဒင်္ဂါးပြားရေ ၁၀၀၀၀ကျော်ကို သသမေဓငွေတော်အဖြစ် ပိုမိုခွဲတောင်းစားသည့် ပြသနာ ဖြစ်ပေါ်နေချိန်ပင်။ဇီးပေါက်သူကြီးဦးရန်နု ကန်သစ်ရွာသူကြီးဦးရွှေစို အင်းပက်လက်ရွာခေါင်းငတော
ကန်ကလေးရွာဦးပေါသစ် မြေခုရွာသား ၂၁ဦးတို့က ဘုရင့်လွှတ်တော်ထိ ဤပြသနာကို တိုင်ကြားထားသည့်အချိန်ပင်။သို့ဖြစ်၍ သက်ဆိုင်ရာ မြို့ဝန် ရွှေမှူးများလည်း အားလုံးအစစ်ခံကြရလေရာ မြေဒူးမြို့ဝန်ပါ အစစ်ခံရသဖြင့် ဤကဲ့သို့ အစစ်ခံခဲ့လေသည်။မြို့ဝန်ကြီးမှ
သူ့အနေဖြင့် ဘုရားတည်ရန် ငွေကြေးခွဲဖို့ မဆင့်ဆိုခဲ့ပါကြောင်းနှင် ငွေတောင်းစားသည့်ကိစ္စကိုလည်းဘမသိရှိပါကြောင်း ထွက်ဆိုသွားလေသည်။သီပေါမင်းနန်းတက်စအချိန်က ဖြစ်ပွားခဲ့သည့် ဤအမှုသည် လေးငါးခြောက်နှစ်ကြာမြင့်ကာ သီပေါမင်းပါတော်မမူမီ ၂လအလို ၁၂၄၇ခု တော်သလင်းလရောက်မှ ဘုရင်းရုံးတော်မှ ရွှေမှူးသူကြီးမျာ အရှည်ကောင်းကြစေရန် ကြေအေးဖြိ့ဘအမိန့်ရှိတော်မူသဖြင့် အဆိုပါအမျုလည်း ပြီးဆုံးသွားချေငည်။အဆိုပါအမှုကြောင့် ရွှေမှူးငဘုန်းနှင့် မြေခုသူကြီး ငကြွက်ဖြူတို့ ရာထူးမှ ဖယ်ရှားခံရပြီး ရွှေမှူအသစ်အဖြစ် ဦးချမ်းသာနှင့် မြေခုရွာသူကြိးအဖြစ် ဦးရွှေလုံးတို့ ဖြစ်လာခဲ့ကြပြီး အမှုပြီးငေါ် ရွှေမှူးငဘုန်းနှင့် သူကြီး ဦးကြွက်ဖြူတို့လည်း ရွှေမှူးအရာ သူကြိးအရာများ ပြန်လည်ရရှိခဲ့ကြလေသည်။

ရွှေကျင်၁၃ရွာ အမှုတွဲ


ဘုရားကျွန်တော် ရွှေကျင်စီရင်စု ကန်ကလေးကုန်းရွာနေ လွှတ်စည်အမှုထန်း ငပေါ်သစ် ရှိခိုးသံတော်ဦးတင်ပါ သည်ဘုရား။ရွှေအလယ်ကြောင်းဝန်ဟောင်းငထောံက ပစိပ်စားဘက်ပါသူ။သူပုန်ဆို၍ သူကြီးငရွှေဘီနှင့် လူ
ပေါင်း ၈ရောံသားတို့ ပန်းဇည်းပြီး ထောင်အချင်းထား၍ ငွေခွက် ၁၀ကျော် ပေးဆောင်ရမည်တောင်းရာ ၇ရောံ သားတို့က အသိအသိဆောင်ပေး၍ ကျွန်တော် အကို ငတေဇမှာ ငွေကို မဆောင်မပေးနိုင် သောကြောင့် အမိန့်တော်ကိုတင်ပျ၍ ကိုင်သင်္ဃာတော်တို့ တားစည်း လုယူရာ။မရ။ ရွှေအလယ်ကြောင်းဝန်ဟောင်းသည် အမိန့်တော်အာဏာတေည်ကိုမတည် ငတေဇကို သတ်ပြတ်သေဆုန်းရှိပါသည်။ရွှေအလယ်ကြောင်းဝန် ထောံနှင့် ရှေ့တော်မှာမှန်ရာဖြစ်ပါရမည့်အကြောင်း အမှုထမ်းဆင်းရြုသားတို့ ကိုးကွယ်ရာ အရှင်ဖြစ်ပါ၍ ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။
သက္ကရာဇ် ၁၂၂၈ခုနှစ် အရေးတော်အတွင်း မြင်ကွန်း စားငယ် ပတိမ်းစာငယ်တို့ဘက်ပါသူ သူပုန်ဖြစ်သည်ဆို ၍ အတင်အလျောံ အပြောအဆိုဘအနှောင့်အယှက် မရှိစေနှင့်။ငြိမ်ဝပ်စွာ နေထိုင်စေ။
၁၂၃၄ခု နယုန်လဆန်း ၃ရက်နေ့ နာခံတော် ပြော့ကြီးမှူး မဟာမင်းလှ မင်းကျော်ပြန် အမိန့်တော်
၁၂၃၄ခုနယုန်လဆန်း ၄ရက်နေ့ ရွှေလွှတ်တော်တွင် စာရေးတော်ကြီး မင်းထင်စည်သူရာဇာထံ ကူးယူသည့် အမိန့်တော်လက်ခံ
၁၂၂၈ခုနှစ် ၁၈၆၆ခု သြဂုတ်လ ၂ရက်နေ့တွင် မြန်မားသမိုင်း၌ ဧရာမ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။(ရာဇ၀င်ဘီးသည် တစ်ပါတ်လည်၏ ဟု ဆိုသလို ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် မြန်မာ့သမိုင့း၌ ဒုတိယအကြိမ် ဧရာမ ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်ကြုံတွေ့ကြရပြန်၏။) မိမိဘုရင်ဖြစ်လိုသည်ကိုသာတွေးပြီး တိုင်းပြည်၏ရှေ့ရေး စိုးစဉ်းမျှ ထည့်မတွက်သော မြင်ကွန်းနှင့် မြင်းခုံတိုင်း မင်းသား မိုက်ညီနောင်ကြောင့် တိုင်းပြည် ခေတ်မီတိုးတက်ရေးအတွက် ကြိုးပမ်းနေရှာသော အိမ်ရှေ့စံ ကနောင်မင်းကြီး ကျဆုံးရရှာသည်။
အိမ်ရှေ့စံကနောင်မင်းကြီး ကျဆုံးရှာလေသော် ကနောင်မင်း၏ သားတော်များ ဖြစ်ကြသော ပတိမ်းမင်းသား ထန်းတပင်မင်းသား ကြေးမြင့်မင်းသာစသော သားတော်တို့သည် ရွှေဘိုဘက်သို့ ထွက်ပြေးလာကြပြီး လူသူစုဆောင်းကာ မင်းတုန်းမင်းအား ပုန်ကန်ကြကုန်သည်။
အထက်ပုရပိုက်ပါ ကန်ကလေးကုန်းရွာသား ငတေဇကား အိမ်ရှေ့မင်း၏ အိမ်တော်တွင် အမှုထမ်းနေသူဖြစ်သည်။ထို့ကြောင့် အိမ်ရှေ့မင်း၏သားတော်များ ပုန်ကန်လျင် သူသည်လည်း မလွဲမသွေ အိမ်ရှေ့မင်းသားနော်များဘက်မှ အမှုနော်ကို ထမ်းရွက်မည်ဖြစ်သည်။
ကျနုပ်တို့ ယခင်တစ်ခေါက် မိတ်ဆွေများ ၀ိုင့်းဝန်းလှုဒါန်းပြုပြင်
ကြသည့် ဇီးပေါက်ရွာတောရကျောင်းသို့ သူပုန်မင်းသား ညီနောင် ၀င်ရောက် တည်းခိုသွားသည်ဆိုသည်မှာ ဤ
အိမ်ရှေ့ စံ ကနောင်ကိုယ်တော်ကြီး၏ သားတော်များဖြစ်ပေ မည်။ကန်ကလေးကုန်းဇီးပေါက်သားများလည်း အမှုတော်ကို ၀င်ရောက်ထမ်းရွက်ခဲ့ကြဟန်တူသည်။ပုရပိုက်တစ်ခုတွင် ၁၂၃၄ခုနှစ် နေ့စွဲဖြင့် ဇီးပေါက်ရွာမှာ ရွာရှိလူများ အဖမ်း အဆီးများသဖြင့် ထွက်ပြေးကြသဖြင့် ရွာပျက်လုနီးြုဖစ်နေ ကြောင်း ဇီးပေါက်တောရဆရာတော်မှ ကံထူမမြောက်ကျောင်း ဆရာတော်ထံ လျောက်တင်ထားသည်ကိုလည်း တွေ့ရသည်။လိပ်ခြံမြောက်ဘက် စံနန်းတော်ဆိုသည့်နေရာမှာလည်း ဤမင်းသားများ တောပုန်းခိုလှုံစခန်းချရာနေရာပင် ဖြစ်ချေမည်။သူပုန်မင်းသားများ ပုန်းအောင်းနေရာကို စံနန်းတော်ဟု ခေါ်သည်။မက္ခရာမင်းသားဟု ပြောဆိုခဲ့ကြသော်လည်း မက္ခရာမင်းသားကြီးမှာ မင်းသား၆၀ကျော်အသတ်ခံ ရသည့် အထဲတွင် ပါသွားသဖြင့် မက္ခရာမင်းသား မဖြစ်နိုင်ပေ။
သို့ကလို မိမိနှင့်မတည့်လျင် ပတိမ်းစားဘက်ပါသူဟူ၍ ဂုံးချော ဖမ်းဆီးအမှုလုပ်ကြကုန်သဖြင့် မြို့ရွာမငြိမ်မသက်ဖြစ်လာပြီး ကျေးရွာအများမှာ ထွက်ပြေးတိမ်းရှောင်ကြကုန်သဖြင့် နောက်ဆုံးတွင် အဖမ်းအဆီးမရှိစေရ ဟူ၍ ဘုရင့်ရုံးတော်မှ ၁၂၃၄ခုနှစ် နေ့စွဲဖြင့် အမိမ့်တော် ထုတ်ပြန်ခဲ့သည်ကို ပုရပိုက်များထဲမှ ရှာဖွေတွေ့ရှိရလေသည်။
ပုရပိုက်တွင် ပါသည့် ပစိပ်စား ဆိုသည်မှာ ပတိမ်းစားကို ခေါ်ခြင်းပင်။ပတိမ်းစားကား နောင်တွင် အရေးတော်ပုံ ရှုံးနိမ့်ပြီး အသတ်ခံလိုက်ရသည်။

Monday, September 5, 2016

ပြုံးတော်မူ(၄၉)

ပြုံးတော်မူ(၄၉)
ကျုပ်တို့ပြည်သူတွေကလည်း ကောင်းကိုမကောင်းဘူးဗျ။ထစ်ကနဲရှိ ရက်တစ်ရာအတွင်း ဘာပြောင်းလဲ သလဲ။ ထစ်ကနဲရှိ ကိုဖီအာနန်း အကြံပေးကော်မတီ ဥက္ကဋ္ဌ ခန့်လို့ အသံတွေက ထွက်လာရော။အမေစု သူ့တိုင်းပြည်ကောင်းအောင် သူ့အကြံအစည်နဲ့သူ လုပ်နေတာ ဘာပြောစရာရှိလဲ။မကြိုက်တဲ့သူ ဘလော့သွာကြ။ဒါပဲ။ရှင်းတယ်နော်။
ကျုပ်ကတော့ ကျုပ်လိုချင်တဲ့အစိုးရ ရပြီ။ သု့ဟာသူ တိုင်းပြည်ကြီး မှောက်မှောက်လှန်လှန် လုပ်ချင်ရာ လုပ်ပလေ့စေ။တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်မှာမှ မဟုတ်ပဲ။အနှစ်၆၀လောက် ဖျက်ဆီးခံရတဲ့ တိုင်းပြည် နေ့ချင်းညချင်း ပြောင်းသွားအောင်တော့ သိကြာမင်းတောင် မတတ်နိုင်ဘူး။
ကြာတော့ ဟိုဟာပြောသည်ဟာပြောနဲ့ နားငြီးလာပြီ။နားငြီး တာ မဟုတ်ဘူး။မျက်စိ ငြီးလာပြီ။ကြာတော့ ကျုပ်တို့ရွာအရှေ့ ဘက်က မသန်းခင် ပြောသလိုသာ ပြောလိုက်ချင်တော့တယ်။
ကျုပ် ဘုန်းကြီးကျောင်းသားဘ၀က ကျောင်းကို အုတ်ဖုတ်သမား တွေလာတော့ ကိုမြသန်းဆိုတဲ့ ဘုန်းကြီး လူထွက်ကြီးက ကျုပ်ကို အတော်လေး ခင်ရှာတာ။ဦးဇင်းဝတ်နေရာက သူ့အဖေ ဦးရွှေအေးက သေတော့   နှမလေးက တစ်ယောက်ထဲ ရှိတာ။စိတ်ကလည်း သိပ် မှန်ချင်တာ မဟုတ်ဘူး။ပြီးခဲ့တဲ့ တစ်ပါတ်ရွာ

ပြန်တော့ ကျုပ်အပင်တွေ စိုက်နေတော့တောင် သူ့ဟာသူ တစ်ယောက်ထဲ စကားတွေပြောနေတာ ကြားခံသေးရဲ။ဒါနဲ့ ခမည်းတော်က ဆုံးသွားတော့ အမျိုးတွေက နှမလေး တစ်ယောက်ထဲ အပျိုမတစ်ယောက်ထဲ စောင့်ရှောက်မယ့်လူ မရှိဘူ။လူထွက်လိုက်တော့ဆိုလို့ လူထွက်ပြီး အုတ်သမားတွေ နောက် တောက်တိုမယ်ရ လုပ်ဖို့ လိုက်လာရှာတယ်။ကျုပ်က လည်း ပုံတိုပတ်စက အင်မတန် နားထောင်းချင် သူကလည်း ဟိုပြောသည်ပြောဆိုတော့ ကျုပ်တို့ကလေးတွေကလည်း သူ့နားချည်းကပ်ကြကုန်သည်။
သည်လိုနဲ့ ဘုန်းကြီးလူထွက်မောင်ကြီး နဲ့ နှမ ရူးတူးပေါတောနဲ့ မောင်နှမလေးနှစ်ယောက် လယ်လုပ်စားသောက်နေကြတော့ ဟိုက ဘုန်းကြီးလူထွက်ဆိုတော့ နှမက အချိုးကမကျလေ သူကမာန်လေပေါ့။အဲသည်လို ခနခန အမာန်ခံရတော့ မသန်းခင်က တစ်ရက်တော့ အိမ်ဘေးက လူတွေကို ပြောတယ်။
မောင်ကြီးကလည်း ထစ်ကနဲရှိ မာန်ဖို့ မဲဖို့ပဲ သိတယ်။စိတ်ညစ်တယ်။စိတ်ညစ်တယ်။ မြန်မာပြည် မနေချင်တော့ဘူး။ရေဦးပဲ သွားနေတော့မယ်တဲ့။

ကျနုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဦးကံသိန်း

ကျနုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဦးကံသိန်း

ပြီးခဲ့တဲ့တစ်ပါတ်ရွာခဏပြန်တော့ ညီမဖြစ်သူ မမိသီက မောင်မောင် ကံထူးမကျောင်းက မဂ္ဂဇင်း ထုတ်မှာ ။မောင်မောင် ဆောင်းပါးတစ်ပုဒ်လောက်ရေးပေးပါ့လားတဲ့။ညီမဖြစ်တဲ့သူက စကားစလာတော့ ကျုပ်လည်း ဆရာကြီးဦးကံသိန်း သွား၍ သတိယမိသည်။ကျနုပ်မှာ ကိုးတန်းအောင်တော့ ပကာရွာရဲ့တောင်ဘက် ထဲ  ပြည့်စွန်ရေကြည်ချောင်းဘက် သွားပြီးဆယ်တန်းကျောင်းလခ တစ်လ ၂၅ကျပ်  ပေးရမည်ဖြစ် ၍
ရွှေကျင်လိုက်သွားသည်။ပထမဆုံး ကိုယ့်လုပ်အားခလေးစရတော့ ပကာရွာသွားပြီး စင်ကြယ်ဖိနပ်တစ်ရံ
 ပြေးဝယ်ပြီး စီးရသည်။ကျနုပ်မှာ ရှစ်တန်း တုန်းက ဖိနပ်ကလည်း ကောင်းကောင်းမစီးရ။အကိုအကြီးဆုံး ပစ်ထားသည့်ဖိနပ်အိုကလေးကောက်စီးတော့ တစ်ရက်မှာ ဖိနပ်သဲကြိုးကပြတ်သွားသည်။ သဲကြိုးဖိုး ၀ယ်စရာ မရှိသဖြင့် တွယ်အပ်နှင့် ထိုးစီးရလေရာ အဆိုပါတွယ်အပ်က ခရမ်းခြံက ကောင်မလေးတွေရှေ့
 ပြုတ်ထွက်လာသဖြင့် ရှက်ရှက်နှင့် ပြန်တပ်စီးရလေသည်။ကိုးတန်းတစ်နှစ်လုံးလည်း ခုံဖိနပ်စီး၍
ကျောင်းတက်ရသည်။သို့နှင့် လုပ်အားခ ရရချင်း ဖိနပ်ပြေး၍ ၀ယ်ရသည်။သို့ကလို ရွှေကျင်လိုက်ရာ တစ်လကျော်လာသော အခါ လူကအသက်ကလည်းငယ်သေးတော့ အားပြတ်ပြီး နေမကောင်း ဖြစ်လာ
သည်။သို့နှင့် အိမ်ပြန်ခဲ့ရရာ အိမ်ရောက်လေ ရောဂါက ပိုဆိုးလာလေနှင့် နောက်ဆုံး တန့်ဆည် ဆေးရုံသို့ တက်ရတော့သည်။ငှက်ဖျား တိုက်ဖွိုက်နှင့် အသားဝါရောဂါ သုံးမျိုးစုံပြီး နှိပ်စက်လေရာ ကျောင်းစရိတ် စုထားသော ငွေကလေးလည်း ပြောင်သွားသည်။ဆေးရုံမှ ပျောက်ပြီထင်ပြီး ဆင်းလာရာ အိမ်ပြန်ရောက်
 တော့ ဟိုဟာစားသည်ဟာစားနှင့် ပြန်ဖြစ်လာပြန်ရာ ဒုတိယအကြိမ် ဆေးရုံပြန်တက်   ရပြန်သည်။ကျောင်းပြန်ဖွင့်နေသော်လည်း ဆေးရုံက မဆင်းရသေး။ထိုနှစ်က ဆယ်တန်းကို ၂လလောက် နောက်ကျပြီးမှ တက်ရလေသည်။ကျနုပ် ဆေးဘိုးထောင်းသဖြင့် မိဘများလည်း စပါးကျီတစ်လုံးနှင့် နွားပေါက်တစ်ကောင် ရောင်းလိုက်ရသည်။ကျနုပ်မှာ အကိုအကြီးဆုံး၏ စက်ဘီးကလေးနှင့် စီးပြီး နလံထ ကျောင်းတက်နေလေရာ စက်ဘီးကလေးစီးလို့မှ အထာမကြသေး။အကိုလုပ်သူက ဖဲပေါင်ရှံးပြန်သဖြင့် ခြေလျင်သာပြန်လျောက်ရပြန်သည်။
အတိတ်ဘ၀ ကံမကောင်းလှသဖြင့် ငါးတန်းမှ ဆယ်တန်း အောင်သည်အထိ မနက်လေးမိုင် ညနေလေးမိုင် တစ်ရက်ရှစ်မိုင်နှုန်း ခြေလျင်လျောက် ကျောင်းတက်ခဲ့ရလေသည်။
။ကျောင်းတက်ပြီး ခနကြာသော် ငွေမဲ ကိစ္စမှ စတင်သည့် ပြသနာကြောင့် ကျောင်းသုံးလ ပိတ်လိုက်ပြန် သည်။ကျောင်းပြန်ဖွင့်ပြီး မကြာခင် ဆယ်တန်းဖြေရလေရာ ကျနုပ်လည်း ဓာတုဗေဒ ၂၇မှတ်ဖြင့် ဆယ်တန်းကို ကျလေတော့သည်။နောက်တစ်နှစ် ကျောင်ပြန်ဖွင့်ပြီး ဘာမကြာပင် ရှစ်လေးလုံး အရေးအခင်းကြောင့် ကျောင်းတစ်နှစ် ပိတ်လိုက်ပြန်သည်။ကျနုပ်လည်း သပိတ်ျမှာက်သည့်အထဲ ပါသွားတော့သည်။
စစ်အစိုးရ တက်လာသော် ရွှေကျင်တောသို့ လိုက်သွားပြီး ရွှေကျင်နေရသည်။ထိုမှတဆင့် မိုးကောင်းသို့ လက်သမား လုပ် ထွက်လာခဲ့သည်။ကျောင်းတစ်နှစ်ပိတ်ပြီး ကျောင်းများ ပြန်ဖွင့်ချေသော် မိုးကောင်း လက်သမား လုပ်နေရာမှ ပြန်လာပြီး ဆယ်တန်း ပြန်တက်ရသည်။ထိုနှစ်ကလည်း ကျောင်းကို နှစ်လကျော် သုံလနောက်ကျမှ တက်ရပြန်သည်။
သို့ကလို ကျောင်းပြန်တက်လေသော် ကျနုပ်ရယ် အိုင်လျားရှည်သား မြင့်ဦး ရယ် ဥသျှစ်ကုန်းသား မောင်တင်စိုးတို့ သုံးယောက်သား နောက်ဆုံးခုံမှာ အတူထိုင်ကြသည်။သုံးယောက်သား တိုင်ပင်ပြီး သည်နှစ်တော့ အောင်မှ ဖြစ်မယ် စာတွေကလည်း သင်ပြီးသားတွေဆိုတော့ ငါတို့ စာတွေ အကုန်ကျက်မယ်ဆိုပြီး တစ်ရက်တစ်ပုဒ်နှုန်း ကျက်ကြသည်။
တစ်ရက်တွင် ဆရာကြီး ဦးကံသိန်းမှ အင်္ဂလိပ်စာ သဒ္ဒါ လာသင်သည်။ဝါကျတစ်ကြောင်းကို လေးကြောင်းပြောင်းသည့် နည်း သင်လေ၏။ကျနုပ်တို့ကား ခုနစ်တန်းကတဲကစ ဆရာ ဦးစောမင်းက သင်ပေးထားရာ နောကျေနေ၏။သို့ကလို ကျောင်းအုပ်ကြီးမှ လာသင်သောအခါ ကျနုပ်တို့ နှစ်ကျကြီး သုံးယောက်က ရေးပျင်းသဖြင့် လိုက်မရေးချေ။ကျနုပ်တို့ မရေးလျင် ဆရာကြီးသည် ဒေါသထွက်လာပြီး စိတ်ဆိုးချေ တော့သည်။မင်းတို့ စေတနာ မစော်ကားနဲ့ တဲ့။အဲသည်လို ဆူပြီး ထွက်သွားတော့သည်။
နောက်တစ်နေ့ ဆရာဦးမင်းဒင် ရူပဗေဒ လာသင်သောအခါ ကျော်ငွေ မင်းတို့ ကျောင်းအုပ်ကြီးနဲ့ ဘာဖြစ်ကြတာလဲ တဲ့။ဒါနှင့် အကျိုးအကြောင်း ပြောပြရာ ဆရာကြီးက ငါ့ကိုပြောတယ်ကွ။မင်းဒင် မင်း အဲသည်နောက်ဆုံးက နှစ်ကျသုံးကောင်က သည်နှစ်စာမေးပွဲ အောင်ဦးမှာလားတဲ့။ငါလည်း ပြောလိုက်သ ကွာ။ဆရာကြီး ကျောင့်း အဲသည် သုံးယောက်မှ မအောင်ရင် တစ်ယောက်မှ မအောင်ဖူး လို့ ပြောလိုက်တယ်ကွ တဲ့။
။ပျင်းတော့ပျင်းတာပေါ့ကွာ ဆရာကြီး ခိုင်းရင်တော့ လုပ်လိုက်ကြပါကွာတဲ့ ။ကနုပ်တို့ကို ချော့ရှာလေသည်။ကံထူးမကျောင်း၌ ကျနုပ်အချစ်ဆုံးဆရာကား ဆရာဦးမင်းဒင် နှင့်ဆရာဦးမြင့်ဝေ နှစ်ယောက်သာ။ဆရာမထဲကား ဆရာမ ဒေါ်ကြည်စိန်တစ်ယောက်သာ။
သို့နှင့် ပထမအစမ်းဖြေသောအခါ အင်္ဂလိပ်စာနှင့် မြန်မာစာမှ လွဲလျင် ကျန်တာ ဂုဏ်ထူးရသည်။ခရမ်ထွးခြံက သူငယ်ချင်း ထွန်းလင်းက လာပြောသည်။ကျော်ငွေ မင်းအင်္ဂလိပ်စာက ဂုဏ်ထူးရတယ်ကွ။ဆရာ ဦးထွန်းမြင့်ATMyint က ဆက်မ ကြိုးစားမှာစိုးလို့ ၇၄မှတ်ထိ အမှတ်လျော့ပစ်တာတဲ့ကွ။မင့်စာတွေ ငါ့ကိုပြတယ်တယ်ကွ တဲ့။
ဒါနှင့် မြင့်ဦးကို ကျနုပ်က ပြောတယ်။မြင့်ဦးရေ ငါ့ ဆယ်တန်း ဂုဏ်ထူး ဘယ်လောက်ပါပါ ဆေးကျောင်းမှီလည်း ငါ တက်နိုင် မှာ မဟုတ်ဘူး။ငါ မကြိုးစားချင်တော့ဘူး။တကယ်လို့ အမှတ် တွေမှီလို့ ဆေးမတက်ရရင် ငါတစ်သက်လုံး စိတ်ဆင်းရဲနေရမှာ။
အင်္ဂလိပ်စာပဲ ဂုဏ်ထူးထွက်အောင် လုပ်ပြတော့မယ်။ ဟု ပြောလိုက်သည်ဆရာဦးထွန်းမြင့် ကျနုပ်အား ဂုဏ်ထူးမပေး၍ စိတ်ဆိုးမိခြင်းပင်။ဆရာဦးထွန်းမြင့်မှာ တစ်ခြားကျောင်းမှ အသစ်ပြောင်းလာသော်ငြားလည်း သူ့မှတ်စုတွေက ကျနုပ်ဆီ စိုးမြင့်ဝင်းမှ တဆင့် ကူးယူနေသဖြင့် နာမည်က ရင်းနှီပြီးသား ပင်။
သို့နှင့် ဆယ်တန်း စာမေးပွဲဖြေကြလေရာ အားလုံးကို ကောင်းမွန်စွာ ဖြေနိုင်ခဲ့လေသည်။စာမေးပွဲပြီးသော် ထန်းတက်
ရပြီး သင်္ကြန်ပြီးသော် မိုးကောင်းသို့ လက်သမားလုပ် ပြန်ထွက်ခဲ့ရလေသည်။အောင်စာရင်းထွက်မှန်း သိသော်လည်း ဆက်သွယ်ရေးခက်ခဲ့သဖြင့် ဘာသတင်းမှ မကြားရ။မျော်တော်
ယောင်လုပ်နေရသည်။နောက်တစ်ရက်ညနေတွင် အိမ်ရှေ့ ထွက်နေခိုက် မိုးကောင်းစာတိုက်မှူးက စက်ဘီးကလေးနဲ့ ဟိုရှာသည်ရှာ လုပ်နေရာမှ ကျနုပ်ကိုမြင်သွားရာ ဟာ ဟျိုကာင်လေး မင်းရှာနေတာ ငါ့အိမ်လိပ်စာနဲ့ ကြေးနန်းဝင်လာလို့ အခုပြေးလာတာ မင်းစာမေးပွဲ အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အောင်တယ်ကွ ငါ့ကို မုန့်ကျွေးရမယ် တဲ့။မန္တလေးမှ ဦးလေးရိုက်လိုက်သော ကြေးနန်းကလေး လာပေးရှာသည်,။ထိုစဉ်က ကျနုပ်သည် အဆိုပါ မိုးကေါင်းစါတိုက်မှူး ဦးမြင့်မေါင်အိမ်ကို လက်သမါးလုပ်ပေးနေရသည်။ကျနုပ်မောင်ကျော်ငွေ ဆယ်တန်း အောင်သွားလေပြီ။ရချင်သည့် အင်္ဂလိပ်စာဂုဏ်ထူးလည်း ရလေပြီ။ဆယ်တန်းကို ကျသည့်နျိစ်က တစ်နှစ် ကျောင်းပိတ်ခံရတာက တစ်နှစ် အောင်သည့်နှစ်က တစ်နှစ် သုံးနှစ်ကြီးများ နေလိုက်ရသည်။ကျနုပ်လည်း မိုးကောင်းဖားကန့်ဘက် သောင်တင်နေလိုက်သည်မှာ တက္ကသိုလ်တက်သည့်အချိန်ကျမှ ရွာရပ်ဘက်ပြန်ရောက်တော့သည်။
ရွာရောက်သော် အင်္ဂလိပ်စာဂုဏ်ထူးရသဖြင့် ဆရာကြီး ဦးကံသိန်းနှင် ဆရာဦးထွန်းမြင့်မှ ဆုချထားသော တက်တိုး အဘိဓာန်ကို ဖခင်ကြီးက ထုတ်ပေးသည်။
တစ်ရက်တွင်ကျနုပ်၏ နှမဖြစ်သူမှ ပြောသည်။မောင့်မောင့်ကို ကျောင်းအုပ်ကြီးက မနက်ခင်း အလံတော်အလေးပြုတဲ့အချိန်မှာ ကျောင်းသားတွေကို သြ၀ါဒ ချွေတော့ ကျော်ငွေကို ငါ အထင်သေးမိခဲ့တဲ့အကြောင်း သည်ကောင်က အင်္ဂလိပ်စာက ငါမသင်ခင်ကစ တော်နေတာဖြစ်ကြောင်း ချီးကျူးပြောကြားသည်ဆို၏။
အခုသော်ကားနှစ်ပေါင်း ၂၇နှစ်ကျော်လေပြီ။ထိုနှစ်က ဆရာကြီး သည်ျကာင်သုံးကောင် သည်နှစ်အောင်ပါ့မလား မင်းဒင် ဟု မေးခဲ့သည့် ကျနုပ်တို့ သုံးယောက်စလုံး ဆယ်တန်း အောင်မြင်ခဲ့ပါကြောင်း။
ဆရာကြီး ခင်များ ကျနုပ်တို့သုံးယောက် ဆယ်တန်းအောင်ပြီး ဘွဲ့ရများ ဖြစ်ခဲ့ပါကြောင်း၊ဆရာကြီး၏ တပည့် ကျနုပ် မောင်ကျော်ငွေ အင်္ဂလိပ်စာအဓိကဖြင့် ဂုဏ်ထူးတန်းဘွဲ့နှင့် မဟာဘွဲ့ပါ ဆွတ်ခူးယူနိုင်ခဲ့ပါကြောင်း။ဆရာကြီးနှင့် ဆရာ ဆရာမများ အားလုံး ကျန်းမာကြပါစေကြောင်း။

Saturday, January 30, 2016

ဗဟုသုတ

လွန်ခဲ့သောနှစ်အနည်းငယ်က ၂၀၀၇ ခုနှစ်လောက်က ဖြစ်မည်။ကျနုပ်၏ မိခင်ကြီးသေဆုံးပြီး နောက်တစ်နှစ် ရွာကို အလယ်ပြန်စဉ်ကပင်။ လိပ်ခြံရွာက နှစ်တစ်ရာပြည့်ပွဲလုပ်သည်ဟု ကြားသိ ရလေသည်။ကျနုပ်မှာ အံ့သြမကုန်ချေ။လိပ်ခြံရွာကား အဘယ်မှာ နှစ်တစ်ရာ ကပါမည်နည်း။ နှစ်တစ်ထောင်ပြည့် လုပ်သည်ဆိုလျင် ကျနုပ် အံ့အာားသင့်မည်မဟုတ်ချေ။ဆရာဦးကျော်ရှင်း၏ ရွှေအလယ်ကြောင်း စာအုပ်တွင် လိပ်ခြံရွာမှာ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်စဉ်ကတဲက ရှိနေသည်ဟုဆိုချေသည်။သူတွေ့ရှိသော အထောက်အထားများအရဆိုလျင်ပင် လိပ်ခြံရွာအပါအ၀င် သစ္စေးခြောက်ရွာ ဇီးပေါက် အင်းပက်လက် စသည့် ရွှေကျင် ၁၃ရွာများမှာ ညောင်ရမ်းမင်းကြီး လက်ထက်ကပင် တည်ရှိနေပြီး ဖြစ်သည်။သို့ပါလျက် အဘယ့်ကြောင့် နှစ်တစ်ရာပြည့်ဟု ဆိုကြပါချေသနည်း။ကျနုပ်ဖတ်ခဲ့ရသော ပုရပိုက်များ အရဆိုရလျင်ပင် လိပ်ခြံရွာသည် နှစ်ပေါင်း နှစ်ရာကျော် သုံးရာ ရှိချေပြီ။
တစ်ဖန်ကျနုပ်ဖခင်ကြီးမှ ဖိတ်စာကလေးတစ်စောင် သိမ်းထားရာမှ ထုတ်ပြပြန်သည်မှာ ရွာသစ်ကုန်း ဘုန်းတော်ကြီးတစ်ပါးအား ချီးမြှောက်ပူဇော်ပွဲ ဖိတ်စာဖြစ်လေသည်။ထိုဖိတ်စာက ဆိုထားသည်မှာ ၎င်းတို့ ရွာသစ်ကုန်းကျေးရွာမှာ သီပေါမင်း ပါတော်မူပြီးနောက် အင်းပက်လက်ရွာမှ ယခုလက်၇ှိနေရာသို့ ပြောင်းရွှေ့လာခဲ့ကြရာမှ ရွာသစ်ကုန်းယူ၍ ပေါ်ပေါက်လာသည် ဆိုပြန်ချေ၏။အနှိရွာသစ်ကုန်းကား အဘယ်မှာလျင် သီပေါမင်း ပါပြီးမှ တည်သည် ဟုတ်ပါမည်နည်း။သီပေါမင်းမပါမီ မင်းတုန်းမင်းလက်ထက် ၁၂၃၃ခု နယုန်လဆန်းနေ့စွဲဖြင့် ကန်ကလေးကုန်းရွာ အမယ်အိ၏ အသုဘကူငွေ စာရင်း၌ ရွာသစ်ကုန်း(ယသစ်ကုံးရွာ)ရွာသား စာရင်း၌ ထိုရွာသားလေးယောက်၏ ကူငွေကို တွေ့ရချေသည်။ထိုနှစ်မတိုင်မီ ၁၂၃၁ခုနှစ်ပုရပိုက်တွင် အဆိုပါ ရွာသစ်ကုန်းရွာသားလေးဦးမှာ အင်းပက်လက်ရွာလူဦးရေ စာရင်း၌ ရှိနေချေသေး၏။၁၂၃၃ရောက်မှ ရွှေကျင်၁၃ရွာစာရင်း ရွာသစ်ကုန်းစာရင်းတွင် အင်းပက်လက်မှ ပြောင်းရွှေ့လာသော အိမ်ခြေဆယ်အိမ်ကို စတင် တွေ့ရှိရလေသည်။သို့ဆိုလျင် အဆိုပါ ၇ွာသစ်ကုန်းရွာမှာ ၁၂၃၃ ခုနှစ်တွင်ပင် စတင်၍ အင်းပက်လက်ရွာမှ ခွဲထွက်လာခြင်းပင်။အဘယ်မှာလျင် သီပေါမင်းပါပြီးမှ ဟုတ်ပါချေမည်နည်။သမိုင်းဆိုသည်ကား ရမ်းသန်းရေး၍ မရစကောင်းချေ။အထောက်အထားတစ်ခုခု အခိုင်အမာ ပြနီုင်မှ သမိုင်းအမှန်ကို ရချေမည်။
တစ်နေ့က ညီတော်မောင် မောင်သိန်းလှိုင်နှင့် သူတို့ရွာမှ ကိုစိုးတင့်တို့နှင့် ချက်တင်မှ စကားပြောဖြစ်၏။သူတို့ရွာကို နှစ်တစ်ရာပြည့်ပွဲ လုပ်ရန် စိုင်းပြင်းနေသည်ဆို၏။ကျနုပ်လည်း ဒုတိယ လိပ်ခြံ လာပြန်ချေပြီ ဟု တွေးမိ၏။သူတို့ကိုလည်း ကျနုပ် အငြင်းအခုန် မလုပ်လိုချေ၊သူတို့ရွာကား ၁၂၈၅ခုနှစ်တွင် သစ္စေးပင်လှရွာမှ ခွဲထွက်ခဲ့သည် ဟု ဆိုလေ၏။သစ္စေးပင်လှမှ ခွဲထွက်ခဲ့သည် ဆိုလျင် အဘယ့်ကြောင့် သစ္စေးပင်လှရွာသစ်ဟု မခေါ်ပဲ သစ်ရာပင်ရွာသစ်ဟု ခေါ်ချေသနည်း။ စဉ်းစားစရာပင်။ကျနုပ်တို့ လူမျိုးကား မှတ်တမ်းမှတ်ရာ အင်မတန် အားနည်းခဲ့ချေသည်။ ညီတော်မောင် မောင်သိန်းလှိုင်ကတော့ ဇာတာခွင်များပင် ပို့လိုက်ချေ သေးသည်။ဘုန်းတော်ကြီး ဦေးသာပါကကတော့ ရွာကျောင်းမှာ ရွာသမိုင်းအကြောင်း ကျောက်စာရေးထိုးသည်ဆို၏။အဆိုပါ ကျောက်စာကား နှောင်းခေတ်ကြမှ ရေးထိုးထားခြင်းသာ။ရွာတည်တည်ခြင်း ရေးထိုးထားခဲ့သည့် ကျောက်စာ ဟုတ်ဟန်မတူချေ။
ကနုပ် ပုရပိုက်များကို တစ်ခုခြင်း ဖတ်ရှုကြည့်ခဲကလေရာ တစ်ခုသော ပုရပိုက်၌ သစ်ရာပင်ရွာသူကြီး နေမျိုးရာဇသူခေါ် ဦးသာပို ဟူ၍ တွေ့ရလေသည်။ဤပုဂ္ဂိုလ်ကား နှယ်နှယ်ရရ ဟုတ်တန်မတူချေ။သား သတိုး၊ကျွန် နေမျိုး ဟု ဆိုချေသည်။နေမျိုး ဘွဲ့ရသော ပုဂ္ဂိုလ်များကား ဘုရင်မိဖုရားနှင့် အတော် နီးစပ်ခဲ့ဟန်တူသည်။မောင်သိန်းလှိုင်က ရွာတည်စဉ်က မန္တလေးရောက်ဖူးသူများ စတင်တည်ခဲ့သဖြင့် ၎င်းတို့ရွာမှာ မန္တလေးမြို့ကဲ့သို့ အကွက် ကျသည်ဆို၏။ ဤသစ်ရာပင်ရွာသူကြီး နေမျိုးရာဇသူဘွဲ့ခံ ဦးသာပိုကား အသျှင် နန်းမတော်မိဖုရား ပင်တိုင်တော် ဘွဲ့ပါ မြင်းတပ်စစ်ကဲ နေမျိုးရာဇသူဟု ဆိုချေ၏။နန်းမတော်မိဖုရားကား စုဖုရားလတ်ပင်ဖြစ်သည်။ သိုကဆိုလျင် ဦးသာပိုလည်း မန္တလေးမြို့သို့ ရောက်ဖူးမည် မလွဲဟုထင်သည်။ကျနုပ်တို့ ဇီးပေါက်ရွာမှပင် တောင်ထားဝယ် အမှုထမ်းများရှိခဲ့ဖူးလေသည်ကို ပုရပိုက်ထဲ၌ တွေ့ရှိရချေသေးသည်။
ဤဦးသာပိုကို ၁၂၄၅ ခု ၁၂၄၆ခု ၁၂၅၁ ခု စသည့် နေ့စွဲပါ ပုရပိုက်များ၌ တွေ့ရှိနေရ၏။သို့ဆိုချေသော် ပုရပိုက်ထဲပါရှိသည့် သစ်ရာပင်ရွာသည် ယခု သစ်ရာပင်ရွာသစ် မတိုင်မီကပင် အခိုင်အမာ ရှိခဲ့ချေသည်။ပုရပိုက် အထောက်အထား အခိုင်အမာနှင့် တွက်ချက်လျင်ပင် သစ်ရာပင်ရွာသည် နှစ် ၁၅၀ကျော်ချေပြီ။သည့်ထက်မကပင် စောချေဦးမည်။ သို့ဆိုလျင် ၇ွာဟောင်းနေရာကား ဘယ်နေရာမှာ ရှိခဲ့ချေသနည်။ သစ်ရာပင်ရွာဟောင်းရှိခဲ့၍သာ သစ်ရာပင်ရွာသစ်ဟူ၍ ဖြစ်လာချေသည် မဟုတ်တုံလော။ စဉ်းစားစရာပင်။ရွာမှာ အိမ်ထောင်ကျသော သစ်ရာပင်ရွာသား ဦးဖိုးဝင်းကို မေးချေသော် ရွာဟောင်းကုန်းကာ ကျပ်တီးကုန်းကမောက်နေရာဟု ပြောသံ ကြားဖူးခဲ့သည်ဟုဆိုသည်။ သို့ဆိုသော် ၇ွာဟောင်းနေရာကား အဘယ်နေရာနည်း။ရှာဖွေကြပါလေကုန်။
ယခု ကျနုပ်မိတ်ဆွေများ ဖတ်ရှုလေ့လာဝေဖန်နိုင်ရန် ပုရပိုက်မူရင်း ဓာတ်ပုံများနှင့် စာများ အလွယ်တကူ ဖတ်ရှုနိုင်ရန် ရေးသားပေးပါသည်။ဝေဖန်ကြပါလေကုန်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သက္ကရာဇ် ၁၂၄၅ခု ၀ါခေါင်လ္ဆန်း ၅ရက်နေ့တွင် ကျောင်းတကာဦးတေဥ သစ်ရာပင်ရွာသူကြီး ဦးသာပို ခေါင်စောက်ရွာသူကြီးဦးသဲ နန်းတောင်ရုံသူကြီးဥိးစိုးတို့က ယခုကျံစည်ကျသည့် သစ္စေးတော ဆောက်လက် အခွန်အုပ်အရာ ငွေ၁၅၀ဆောင်ရါက်ရန်ရှိသည်ဖြစ်ပါ၍ ကြေးနန်းဆရာကိုရွှေခွန် ညီမောင်နက်တို့ ခံဝန်ယူပေးပါ။ခြုပ်နေ့က ၄၅ခုနှစ် သီတင်းကျွတ်လဆန်း၅၇က်နေ့တိုင်ရောံလျင် ငွေရင်းညွန့်၃၀၀ဆပ်ပေးပါမည်။နောင် ကျွနုပ်တို့ ကြံစည်ကြသည့်ဌာန တစုံတရာပြက်ကွက်၍ မပေးမဆပ်နေလျင် ကျွနုပ်တို့ ရာဆိုင်းပိုင်ထိုက်သည့် သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာရပ်များကို ခံဝန်သူဦးပေါ်သစ်က သိန်းရူရောင်းချပေါင်နှံ ရင်းညွန့်ငွေ၃၀၀ကို ပြေကြေအောင် မြီရှင်ခ့ ဆပ်ပေးပါတော့ဆို၍ ခံဝန်ယူပေးလိုက်သည်ကကာလ သိရှိသူ မောင်လူအို။ပင်းတယ ဆင်ခေါင်းရွာ မြေတိုင်း မောင်ရှင်း။စာစီစာရေးကြေးနန်းဆရာ နော်ရထာသူရိန်။
+++++++++++++++++++++++++++++++++++++++++++++++++++++
သက္ကရာဇ် ၁၂၄၆ခု ပြာသိုလဆန်း ၇ ရက်နေ့တွင် မြေဒူးမြို့ ဗိုလ်ခတော် မပိုး သ္မီးမညွန့်တို့ထံ ရှေုကျင်၁၃ရွာအ၀င် ကန်ကလေးကုန်းရွာနေ ကျောင်းတကာဦးတေဥ ကျောင်းတကာ ဦးပေါ်သစ် ခေါင်စောင်ရွာသူကြီးဦးသဲ၊ရွှေမှူး ဦးချမ်းသာ၊နနွန်းတောသူကြီးမောင်စို၊သစ်ရာပင်ရွာအမှူး ဦးသာပို တို့က သစ္စေးဆောင်လက်ခွန်ဆောင်ရန် ငွေအသုံးလိုပါသည်။ငွေ၁ိသုံးဒင်္ဂါး၁၀၀လျင် စပါးတင်း ၂၅၀င်္(တင်း) နှုန်းနှင့် ပေးသွင်းပါမည်။ငွေ၂၀၀ပေးမနှင့်ပါ။ငွေ၂၀၀အဖိုး စပါး၅၀၀င်္ကို တပို့တွဲလအတွင်း တပရင်းမြို့စီရင်စုရွာသစ်ရွာနေ ဗိုလ်ခတော်သမီး ရှင်ဖွားယူ လင်မောင်လူကြီးတို့ အိမ်ရောံ သွင်းပေးပါမည်။သက္ကရာဇ်ချုပ်မှတ်ခံယူကြသည့်အတိုင်း မတည် ပျက်ကွက်ချွတ်ယွင်းရှိ မပေးမသွင်း နိုင်လျင် အစိုးရတို့ထံ အပ်နှံတောင်းခံရရှိလျင် ကုံသမျှစရိပ်နှင့်တကွ ငွေ၂၀၀အဖိုး စပါး၅၀၀င်္ကို ပြေကြေအောင် ရွာသစ်ရွာရှိ ရှင်ဖွားယူ လင်မောင်လူကြီး တို့အိမ်ရောံ ပေးသွင်းပါမည်။ဦးတေဥ ဦးပေါ်သစ် ဦးသဲ၊ ဦးချမ်းသာ၊ဦးစို၊ဦးသာပို တို့ သဘောတူ သက္ကရာဇ် ထားကျသည်ကာလ စာစီစာရေး လွှတ်စာရေး မောင်တို။
++++++++++++++++++++++++++++++++++++++++++++++++++++
၁၂၄၅ခုနှစ် တုတိယ၀ါဆိုလပြည့်ကျော်၁၄ရက်နေ့တွင် မြေခုရွာသူကြီးဦးရွှေလုံနှင့် ကန်ကလေးကုန်း ရွာ ကျောင်းတကာအစီရင်ဦးပေါ်သစ်တို့ သဘောတူစာချုပ်။ကျောင်းတကာသူကြီးဦးေ၇ွှလုံးက မြေခုရွာနယ်မြေကို ရီုးယာသူကြီးမှံသည့်အတိုင်း သူကြီးအရာကိုယအောင် လျှောံထားပြောဆိုပါ။ အထက်က ခရိုင်ကျေးပေးတို့ ရွှေမှူးငဘုန်း သူကြီးငကြွက်ဖြူတို့ကို ကျေးထွက်မှုစကား လျောံထားပြောဆိုရာ ကုန်ငွေစရိပ်များကို လေးစုစု၍ တစုငွေကို ကျနုပ်ကျခံသုံးပေးပါမည်။ မြေခုရွာသူကြီး အရာကို လျောံထားပြောဆိုရာကုန်ကျရန်စရိပ်ငွေများကိုလည်း ကျနုပ်သူကြီးက တလုံတ၀ထည်း ထုပ်ပေးကျကုန်ပါမည်။နောင်မြေခုခရိုင်ကို သူကြီးအရာနှင့် ကြီးစိုးရရှိလျင် မြေခုရွာနယ်မြေ၄ရပ် ဂရပ်အတွင်း သူကြီူတို့ စားရိုးစားစင် တရာဦးရေ ခိုင်ငွေ ပနာကွံဖိုးများကို ၄စုစု၍ တစုငွေကို ကျောင်းတကာအစီရင်ဦးပေါ်သစ်သို့ ဝေပေးပါမည်။သူကြီးဦးရွှေလုံးက ပြောဆိုရှိ၍ ခရိုင်ကျေးပေးတို့နှင့် သူကြီးဖြစ်အောင်လျောံထားပြောဆိုပါမည်။နောင်စာချုပ်အတိုင်းမတည်။တဥိးဥိးက ပေါက်ပျံရှိလျင် ပေါက်ပျံသူက တည်ညိန်သူသို့ စာချုပ်ြပစ်ဒါန်ငွေ ၁ိသုံး ဒ၈်ါးပျားရေ ၆၀ငွေကို ပေးပါမည်။၂ဦးသဘောတူစယချုပ်လ္ဘံလှန်စားကျသည်။ကာလသိရှိသူ ရေရှင်နွားကူတောာင်ကြောင်း ရွာ သူကြီးဦးဘဲ။ကျေးမှုံတခါးဗိုလ် နေမျိုးဗလသူရိန်။ ကျောင်းတကာဦးတေဥ စာစီခေါင်တုံး၇ွာသူကြီးရွှေည်။စာရေး အသျှင်နန်းမတော်မိဖုရားခေါင်ကြီး ပင်တိုင်တော်ဘွဲ့ပါ ကျွန်တော်မျိုး မြင်းတပ်စစ်ကဲ သစ်ရာပင်ရွာသူကြီး နေမျိုးရာဇသူ။