ပီးခံ့တဲ့ရက်ကပိုင်းတွေက ချင်းတွင်းလှေမှောက်တဲ့ သတင်းတွေ လိုက်ဖတ်တော့ တစ်ချို့ ပို့စ်တွေမှာ သေသွားသူတို့ရဲ့ အလောင်းကောင်တွေကို ဓာတ်ပုံရိုက်ပြီး တင်ပြနေကြတာတွေ့တော့ မြင်လို့ကလည်း မကောင်း။သေသွားသူတွေအတွက်လည်း စိတ်ကမကောင်း။
မနေ့ကတစ်ခါ ၀န်ကြီးတွေ စက်လှေမှောက်သည့်နေရာမှာ နှာခေါင်းပိတ်တွေနဲ့ လိုက်လံကြည့်ရှုတာ မြင်ပြန်တော့ ရုတ်တရက်တော့ ဒေါသဖြစ်မိသည်။သေသွားတဲ့ လူတွေမှ အားမနာပေါ့။နှာခေါင်းတွေ ပိတ်လို့ပေါ့။
အဲသည်လို ၀န်ကြီးတွေ နှာခေါင်းစည်းတွေနဲ့ မြင်လိုက်တော့ ခုနစ်တန်းကျောင်းသားဘ၀ သွားသတိယမိလိုက်သည်။ကျနုပ်တို့သည် ကျေးလက်ဒေသ၌ မွေးဖွားကြီးပြင်းခဲ့ရသဖြင့် အပုပ်နံ့မျိုးစုံ ကြုံဘူးသည်။ခွေးသေပုတ် မြွေပုတ် ကြွက်ပုတ် စသဖြင့် တိရစ္ဆာန်ပေါင်းစုံ တို့၏ အပုပ်နံ့မျိုးစုံ ကြုံခဲ့ရဘူးသည်။
အပုပ်နံ့မျိုးစုံတွင်ကား လူသေပုပ်နံ့သည် အဆိုးဝါးဆုံးပင်။
၁၉၈၄ခုနှစ် ကျနုပ်ခုနစ်တန်းနှစ်က မိုးရာသီတစ်နေ့တွင် ရွာထဲမှ ဒေါ်မိစောကြီး လူကြီးရောဂါဖြင့် ကွယ်လွန်ရှာသည်။သူကွယ်လွန်သော် သူ့သားသမီးများက ဖျာပုံ ဘိုကလေးစသဖြင့် အောက်ပြည်အောက်ရွာဆီ အိမ်ထောင်ကျသူတို့က ရှိသည်။သို့နှင့် သားသမီးစုံညီစွာ သင်္ဂြိုဟ်နိုင်ရန် ဆိုပြီး အသုဘကြီးကို ၁၃ရက်ထားလေသည်။ထိုစဉ်က ကျနုပ်တို့ ဒေသ၌ လူတစ်ယောက်သေသော် ချက်ချင်းမြေမြှုပ်သည့် ဓလေ့က သိပ်မရှိ။အနည့းဆုံ ငါးရက်တော့ အိမ်မှာ ထားသည်။ပြီးမှ သင်္ဂြိုဟ်ကြသည်။လူတစ်ယောက်သေသော် ထိုရပ်ကွက်မှ လူများက တောထဲသို့ ချက်ချင်းထွက်၍ အုံတုံခုတ်သွားကြသည်။ကျန်ရစ်သည့်ရွာသားများက အသုဘခေါင်းစပ်ကြသည်။အုံတုံခုတ်သူများ ပြန်လာလျင် အုံတုံပင်၏အခေါက်ကို ဓားဖြင့် ခြစ်၍ ခွာကြသည်။ရလာသည့် အုံတုံအခေါက်များကို သဲဆပ်ပြာရည်နှင့် ရော၍ နယ်ကြသည်။ထိုအခါ ပန်းရံဆရာများသုံးသည့် အင်္ဂတေကဲ့သို့ ဖြစ်လာသည်။အနီးစပ်ဆုံး ဥပမာပြရသော် ငချိပ်ကောက်ညှင်းကို မောင်းဆုံထဲ ထည့်ထောင်းထားသည့် ခေါပြင်ကြီနှင့် တူလေသည်။ထိုကဲ့သို့ နယ်ပြီးသော် အနှီအုံတုံပလာစတာကြီးကို အသုဘခေါင်း၏ အတွင်းဘက်မှနေ၍ တပြင်လုံ့းအနှံ့ သရွတ်ကြံရသည်။ပြီးလျင် အသုဘကြီးကို ကျွန်းရွက်များနှင့် ပတ်ကာ ကြိုးနှင့် တုပြီး စည်းကြသည်။ပြီးလျင် အခေါင်းထဲထည့်ကာ အပေါ်မှ နွာချေးမှုန့်များ ခေါင်းအပြည့် ထည့်လိုက်သည်။အုံတုံခံသည်မှာ အသုဘကြီး ပုပ်ပွလာသော် ခေါင်းအပြင်သို့ အရည်များထွက်ကျမလျာစရန်နှင့် နွားချီ
မှုန့်မှာ အနံ့အသက်များ မထွက်လာစေရန်ဖြစ်သည်။ သို့ကလို လုပ်ထားသည့်ကြားမှ အနံ့ထွက်လာလျင်တော့ ကျောက်ဖရုံသီးကြီးကို အသုဘခေါင်းပေါ် တင်ထားလိုက်ကြသည်။ဤသည်ကား ကျနုပ်တို့ငယ်စဉ်က ကျနုပ်တို့ဒေသမှ အသုဘဓလေ့ပင်။ရှေးကတည်းက အသုံးပြုလာခဲ့သော စနစ်နှင့် ဓလေ့ပင်။ယခုမရှိတော့ချေ။ယခုခေတ်ကလေများကား ဘာမျ မသိကြတော့ချေ။အနှိအုံတုံပင်ကား ရှေးယခင် ဘုရင့်ထံဆက်သကြရသည့် ၁၂ရပ်မင်းမှုတွင် အပါအ၀င်ပင်ဖြစ်သည်။ဘုရားတည်ကျောင်းဆောက်ရာ၌ အင်္ဂတေဖျော်ရန် အုံတုံကို အသုံးပြုခဲ့ကြရသည်။
အထက်က ဆိုခဲ့သလို ဒေါ်မိစော အသုဘကြီး ၁၂ရက်အကြာတွင် ဖက်ခွက်ထိုးသည်။ရွာရပ်ဓလေ့ကား အလှူ အသုဘ စသည်တို့၌ ပွဲစနေ့ကို ဖပ်ခွက်ထိုးနေ့ဟုခေါ်ကြသည်။နေ့ထိ ကျနုပ်တို့ ရွှေကျင် ၁၃ရွာဒေသ၌ ခေါ်ကြတုန်းပင်။ရှေးယခင်က ပန်းကန်းခွက်ယောက်များ မရှိသေးရာ အင်ဖက်ကို ထမင်းထည့်စားရန် အုန်းတံကို အသုံပြု၍ ထမင်းထည့်စားရန်
ဖက်ခွက်များ ထိုးကြရသည်။ပွဲစရက်တွင် ဖက်ခွက်များ ထိုးကြရသဖြင့် ထိုစဉ်တကည်းက ဖက်ခွက်ထိုးဟု ခေါ်ခဲ့ကြလေသည်။
အနှီဒေါ်မိစောကြီး ဖက်ခွက်ထိုးသည့် နေ့ကတဲ့က တည်းက အငျြိမ့်ကလည်း ငှါးထားသမို့ အသုဘပွဲက ဆိုင်းဝိုင်းနှင့် အငြိမ့်နှင့်မို့ လူကအတော်စည်သည်။ကျနုပ်တို့ကလေးတွေကလည်း အငြိမ့်မင်းသမီး ဧယျာဉ်ကျူးးသည်ကို တမေ့တမော ကြည့်ကြကုန်သည်။
အငြိမ်းကလည်းကကောင်းတုန်း မိုးကလည်း သည်းကြီးမည်းကြီး ရွာချတော့သည်။မိုးကလည်း အဆက်မပြတ်ရွာတော့ ရွာထဲက အောက်လမ်းဆရာကြီး ဦးသိန်းလွင်ကို ပင့်ပြီး မိုးတားခိုင်းသည်။အနှီဦးသိန်းလွင်ကြီးလည်း ရှင်ဥပဂုတ်ရုပ်များကို လေပန်းထဲထည့်ကာ မိုတားလေသည်။မိုးကမတိတ်ပဲ ပိုရွာလာရာ အဆိုပါ အရုပ်များထည့်ထားသည့် လင်ပန်းကြီးပါ မျောသွားပြီး အရုပ်များလည်း အစပင်ရှာမရတော့။
နောက်ရက်ကြတော့ အသုဘချကြသည်။ကရ၀ိတ်ရထားပြသတ်ကြီးဖြင့် တွန်းလာကာ အသုဘ ချလာကြသည်။ကျနုပ်လည်း ကျောင်းပိတ်သဖြင့် ထိုနေ့က သင်းချိုင်းင်ကုန်း တောင်ဘက်က မြေပဲခင်း စောင့်နေရသည်။မိုးကလည်း မရပ်သေး။သို့နှင့် မိုးထဲရေထဲ အသုချပြီး ပြန်သွားကြသည်။ကျန်ရစ်သည်က ဦးဖိုးဟန် ဦးငွေမောင် စသည့် အသုဘ မီးရှို့မည့် သူများ။ခနနေတော့ အသုဘခေါင်းကြိးကို ထင်းပုံပေါ်တင်ပြီး မီးရှို့ဖို့ လုပ်ကြသည်။မီးက ဘယ်လိုမှ မွှေးမရ။မိုးက အသည်းအသန်ရွာနေသည်။သို့နှင့် ဦးဖိုးဟန်ုကြီးက ကျနုပ်တဲထဲက ကျနုပ်မီးဖိုမှ ထင်းချောင်းကြိးများ လာယူပြီး မီးရှို့သည်။မီးရီု့မယ်ဆိုတော့ အသုဘအခေါင်းကြီး ပြောင်ပြန်မှောချလိုက်သည်။မိတ်ဆွေများ စဉ်းစားကြည့်ပါလေ။ဆယ့်လေးငါးရက် အခေါင်းထဲ ထည့်ထားသော အသုဘအခေါင်းကြီး ဖွင့်ချလိုက်သောအခါ ဆိုးဝါးလှသည့်အနံ့ကြီးက ကျနုပ်ဆီ တောက်လျောက်ရောက်လာသည်။လေက မြောက်ဘက်က တိုက်နေတော့ အနံ့အားလုံးက ကျနုပ်ဆီသို့သာ ပြေးလာတော့သည်။မိုးကလည်း သဲသဲမဲမဲ ရွာနေတော့ ဘယ်မှ ထွက်ပြေးလို့မရ။ကျနုပ်မှာ သည်အတိုင်းသာ တဲထဲ ထိုင်နေရတော့သည်။နာရီဝက်လောက် အော်ဂလီဆန်လှသော အနံ့ကြီး ရှူယင်း သင်းချိုင်းကုန်းဆီ ကြည့်နေရာမှ ခနနေတော့ မီးတွေက အတင်းတောက်လာတော့သည်။လူသေက ကျလာသော အဆီများမီးထဲကျလေ လူသေကြီးက မီးကလောင်လေလေ။ဒါကြောင့် ရှေးလူကြီးများက ပြောသည်။အသေကောင်မီးစွဲသွားရင် ထင်းမလိုတော့ဘူးတဲ့။ကျနုပ်မှာ လက်တွေ့မို့ ယုံရချေသည်။သို့ကလို့ လူသေကြီး မီးစွဲလောင်သော် အပုပ်နံ့များပျောက်ကာ အညှော်နံ့များ ရောက်လာပြန်ချေသည်။ထိုအချိန်တွင် ကျနုပ်ဖခင်ကြီးလည်း မိုးထဲလေထဲ ကျနုပ်ကြောက်နေမည်စိုးသဖြင့် ရောက်လာရာ သားအဖနှစ်ယောက် အညှော်နံ့ကို ရျူရင်း တဲထဲဆက် ထိုင်နေရတော့သည်။
ဤရွေ့ဤမျှ ဆိုးဝါးလှသော အပုပ်နံ့ကား ကျနုပ်တစ်သက် ထိုတစ်ကြိမ်သာ ကြုံဖူးတော့သည်။လူတို့သည်ကား အစာပေါင်းစုံစားကြသဖြင့် အခြားသတ္တ၀ါတွေထက် ပို၍ ပုပ်ချေသလော။ ကျနုပ်မသိတော့ချေ။

No comments:
Post a Comment