သစ္စေးခြောက်ရွာ
ရှေးမြန်မာဘုရင်များ လက်ထက်တော်အခါက ကျနုပ်တို့ တန့်ဆည်နယ်သည် ဘုရင့်ထံသို့ ရွှေခွန် သစ္စေးခွန်များ ဆက်သခဲ့ကြရလေသည်။ကျနုပ်မွေးဖွာရာ ဇာတိမြေသည် ရွှေခွန်ဆက်သရသည့် ရွှေကျင် ၁၃ရွာအတွင်း ပါဝင်ပြီး ကျနုပ်တို့ရွာ၏ အနောက်မြောက်ဘက်ရှိ ရွာများကို သစ္စေးခြောက်ရွာ ဟုခေါ်လေသည်။သစ္စေးခြောက်ရွာမှာ
၁။ရွာမုံထောင်
၂။မောက်တက်
၃။တောင်ဦး
၎။ပကာ
၅။စင်းသင်း
၆။လိပ်ခြံ တို့ဖြစ်သည်။
သစ္စေးပင်ကား မန်ကျည်းပင် ကွန်းပင်တို့ကဲ့သို့ အပင်ကြီးမျိုးပင်။
သစ္စေးထိုးသည် ဆိုသည်မှာ သစ္စေးသမားသည် ပထမဦးစွာ ဆောက်ဖြင့် သစ္စေးပင်၏ အခေါက်ကို အင်္ဂလိပ်အက္ခရာ v ထွင်ပြီး အစွန်း၌ ၀ါးကျည်ထောက်ကို ရိုက်သွင်းပြီး သစ္စေးကို စုဆောင်းရသည်။
ငယ်စဉ်က နွားကျောင်းရင်း အဆိုပါကျည်ထောက်ကလေးများကို ဖြုတ်ကြည့်လေရာ ကျည်ထောက်တစ်ခုတွင် သစ္စေးကား လဘက်ရည်ဇွန်း နှစ်စွန်းသုံးစွန်းစာမျှသာ ရှိသည်ကိုတွေ့ရသည်။ထို့ထက် သိပ်မပိုချေ။သစ္စေးသမားတို့ဘ၀ကား ခက်ခဲကြမ်းတမ်းလှချေသည်။ထိုသို့ အနည်းငယ်ချင်း စုဆောင်းရသော်ငြားလည်း သစ္စေးပင်တစ်ပင်လျင် ကျည်ထောက်တစ်လုံးသာ ရှိသည်။အပင်ကြိးပါမှ ဟိုဘက်သည်ဘက် တစ်ကျည်ထောက်စီ ထိုးရသည်။သည်တစ်နှစ်အဖို့ သည်ဘက်ခြမ်းဆိုလျင် သည်ဘက်ခြမ်းတစ်ဖက်ထဲသာ အောက်ခြေမှ အပေါ်ထိ ထိုးသွားရသည်။နောက်တစ်နှစ်တွင် တစ်ခြားဘက်အခြမ်းကို ထိုးကြရသည်။
ဤကဲ့သို့ ဗွီပုံသဏ္ဍန်သစ္စေးထိုးပြီး၍ တစ်ပတ်ကြာလျင် သစ္စေးကို ပြန်လာပြီး သစ္စေးတောင်းကလေးထဲ ပြောင်းယူရသည်။ပြီးလျင် အဆိုပါ ဗွီထိပ်ကို အောက်ဖက်မှ ပစောက်ကဲ့သို့ ဖြစ်အောင် ဒါးဖြင့်လှီးပြီ ၀ါးကျည်ထောက်ကို ပြန်ရိုက်ရသည်။ထို့ကြောင်း တစ်နေရာလျင် နှစ်ကြမ်ကျဆီ သစ္စေးစုဆောင်းရသည်။နောက်တစ်ပါတ်ကြာလျင် သစ္စေးကောက်၍ အထက် တစ်ပေခန့်တွင် အခြားအသစ်တစ်ခု ထပ်ထွင်းရသည်။
သစ္စေးကို မိုးရာသီနှင့် ဆောင်းရာသီ၌သာ ထိုးကြသည်။မိုးရာသီတွင် သစ္စေးမှာ မိုးရေနှင့် ရောနေသဖြင့် အနီရောင်သန်းနေတတ်ပြီး ဆောင်းရာသီ သစ္စေးသည်သာ အနက်ရောင်သစ္စေးကောင်းကို ရရှိသည်။
သစ္စေးကား အခန့်မသင့်လျင် စက်တတ်သည်။သစ္စေးစက်သော် မျက်နှာများ ရောင်ရမ်းလာပြီး နီလာသည်။ထိုအခါ သဘာဝကို သဘာနှင့်သာ ပြန်ကုယူရသည်။ထိုကဲ့သို့ သစ္စေးစက်လျင်ကား ကျွန်းသီးကို သွေး၍ ရောင်သည့်နေရာကို လိမ်းပေးလျင် ပျောက်သွားသည်။
လွန်ခဲ့သော အနှစ်၂၅နှစ်ခန့်က ကျနုပ်တို့ဆီ၌ ရေနံရှာဖွေရေး လာလုပ်သော နိုင်ငံခြားသားကြီး သူများသစ္စေးပင်ခုတ်ရာ လိုက်ကြည့်သဖြင့် သစ္စေးစက်လေရာ တောက်လျောက် ရောင်ရမ်းလာသဖြင့် ကူးစက်ရောဂါ ရသည်ထင်ကာ ကံထူးမသို့ ဟယ်လီကော်ပတာဖြင့် ပြန်ခေါ်လာရသည် ဆို၏။လေယာဉ်မှူးက သူ့ပါ ကူးမည်စိုးသဖြင့် ပိုက်ထဲထည့်ကာ တွဲလောင်းဆွဲလာသည်ဆို၏။သစ္စေးစက်သည်ကားမှန်၏။ပိုက်နှင့်ဆွဲခေါ်လာသည်ဆိုသည် မှာ ဟုတ်ချင်မှ ဟုတ်ပေမည်။
မည်သို့ဆိုစေ ကျနုပ်အဒေါ် ဒေါ်လုံး သစ္စေးစက်သဖြင့် ကျနုပ်မိခင်ထံ ဆေးလာတောင်းရာ မျက်နှာကြိးတစ်ခုလုံး ယောင်ကိုင်းနေသည်ကို တွေ့ခဲ့ဖူးရသည်။မိတ်ဆွေများ သစ္စေးမြင်လျင် မျက်နှာအပ်ပြီး မမွှေပါလေနှင့်။သစ္စေးစက်တတ်သည်ဟု မှတ်ကြပါလေကုန်။
ကျနုပ်ငယ်စဉ် နွားကျောင်စဉ်က တစ်ခါတစ်ရံ သစ္စေးကျည်တောက်များကို လေးခွဖြင့် လှမ်းပစ်တတ်သည်။တစ်ခါတစ်ရံ ခေါခွက်ချရာတွင် ညောင်စေးကို သစ္ဏေးနှင့် နည်းနည်းရောပြီး ထားပါမှ ညောင်စေးက မအိပ်ပဲ စေးကပ်နေသဖြင့် တစ်ခါတစ်လေ ကျည်ထောက်တစ်ခုလောက် ဖြုတ်ယူလာတတ်သည်။မိဘများ အဒေါ်များက မယူဖို့ သစ္စေးရဖို့ အင်မတန်ခဲယင်းကြောင်းနှင် သစ္စေးထိုးသမားနှင့်တွေ့၍ မိလျင် ငွေတစ်ပြည် အလျော်ပေးရကြောင်း ဆုံးမပြောဆိုတတ်သည်။
ရှေးယခင်က သစ္စေးခိုး၍ မိလျင် ငွေတစ်ပြည်အလျော်ပေးရကြောင်း ကို ယနေ့ထိ ကျနုပ်တို့ဒေသ၌ သစ္စေးတစ်ကျည် ငွေတစ်ပြည်ဟု ဆိုရိုးစကား ရှိတုန်းပင်။

No comments:
Post a Comment