သမင်တစ်ကောင်၏ဘ၀မှတ်တမ်း
လူတွေက ကျုပ်တို့ကို ခေါ်ကြတာကတော့
သမင်တွေတဲ့။ကံအကြောင်းမလှလို့ သံသရာထဲ ကျင်လည်ရင်း သမင်ဘ၀ လာဖြစ်ရပါတယ်။ဘေးရန်ကလည်း
အတော်ပါသကိုး။တစ်ရက်တစ်ရက် အသက်ကို ဖက်နဲ့ထုတ်ပြီး ပြေးလွှားနေရသဟဲ့။အမေ့ ၀မ်းက ထွက်လာကတဲက
တစ်ရက်မှ မပြေး ရတဲ့ရက်ကို မရှိပါဘူး။နွေရာသီရောက် ပိုဆိုးပေါ့။ခိုစရာတောတောင်က သစ်ရွက်တွေက
ကြွေ သစ်ပင်ကြီးတွေကလည်း သစ်ခိုးထုတ်တဲ့ သူတို့လူတွေ ပြောပြောနေတဲ့ ခရိုနီဆိုလား ခရိုပြာဆိုလား
အဲသည်ကောင်တွေက လောဘဇောနဲ့ အပင်ကြီးမှန်သမျှ လက်တစ်ဖက်မပြည့်တဲ့ အပင်တောင် မရှောင်ကြတော့ဘူး
ခုတ်ကြ။ဟိုတုန်းကတော့ ငါးမန်းတို့ လွှတို့ခေတ်ဆိုတော့ လှည်ဘီးလောက် အပင်ဆို မခုတ်နိုင်ကြတော့
ချန်ထားခဲ့ကြလို့ တောတောင်တွေက ကျုပ်တို့ တိရစ္ဆာန်တွေ ခိုဖို့ အောင်းဖို့ ကျန်သေးရဲ့။အခုတော့
တရုတ်ပြည်က လာတယ်ဆိုလား ချိန်းဆော ဆိုတဲ့ဟာတွေ ပေါ်လာတော့ ဘာသစ်ပင်ကြီးမှ မကျန်တော့ဘူး။ချိန်းဆောစာမိလို့
တောတောင်တွေ ပြောင်သလင်း ခါလာလိုက်တာ ကျုပ်တို့တစ်တွေ နေစရာ စားစရာ ပိုပိုပြီး အခက်တွေ့
လာပါ ရောလား။
အပင်ကြီးတွေကို ချိန်းဆောနဲ့ဖြတ်
ခွဲစိတ်ပြီး ထွန်စက်ဆိုလား အဲသည်ဟာတွေနဲ့ တောကြိုတောကြားကနေ ခိုးသယ်ကြတော့ ကျုပ်မှာလေ
သစ်သားတွေ ထွန်စက်ပေါ် ပါသွားတာ မြင်ရရင် မျက်ရည်ဝဲ၀ဲ လာတော့တာပဲ။ နှမြောလိုက်တာလေ။
အဲသည် လူဆိုတဲ့ သတ္တ၀ါတွေ ကျုပ်တို့လို သစ်ပင်ချစ်စိတ်ကလေးများ ရှိရင် ဘယ်လောက် ကောင်းလိုက်
လေမလဲ။ အဲသည် ထွန်စက်ဆိုတဲ့ အသံတွေကလည်း တစ်တောလုံးတစ်တောင်လုံး ဆူညံနေတော့ ကျုပ်တို့မှာ
ပိုပြီး အနေကျပ်လာသဟဲ့။သူတို့လူတွေကမှ နေစရာမရှိရင် ကျူးဆိုလား ဘာဆိုလား အဲသည်မှာ သွားနေကြသတဲ့။ကျုပ်တို့တစ်တွေမှာဖြင့်
ဘယ်ကလာ သူများနေရာ သွားကျူးလို့ ရပါ့မလဲ။ သူ့စည်းနဲ့ သူ။ သူ့နေရာနဲ့သူ။သူ့တောလည်း ကိုယ်ဝင်မရ။
တစ်နေ့က တောင် ဟိုဘက်တောက မောင်ကြက်ဖက သည်ဘက်လာ နယ်ချဲ့တာ။သည်ဘက်က ကောင်က စိတ်တွေဆိုးပြီး
ခွတ်လိုက် ကြတာ။ အသေအကျေပါ့။ အောင်မလေး သူတို့နှစ်ကောင် ဒေါသ တွေကြီးပြီး ခွပ်လိုပ်ကြတာ
တစ်နေကုန်ခါနီးရော မောနေ လိုက်ကြတာ။သူတို့မောနေတုန်း ဟို လူဆိုတဲ့ သတ္တ၀ါက ဘယ် အချိန်က
ချောင်းနေတယ် မသိပါဘူး။မောင်ကြက်ဖနှစ်ကောင် မောပြီး မပြေးနီုင်တော့ အသာကလေး လာရိုက်သတ်သွားပြီး
လွယ်အိတ်ထဲ ထည့်သွားတာ ကျုပ်ဖြင့် စိတ်မကောင်းလွန်းလို့ အစာတောင် မစားနီုင်ဘူး။
ခရိုနီဆိုတဲကကောင်တွေ ခုတ်လို့
သစ်ပင်ကြီးတွေက ပြောင်ပါတယ်ဆိုမှ မြွေပူရာ ကင်းမှောင့်ဆိုသလို ဟို မီးသွေးဖုတ်တဲ့ကောင်တွေက
တမှောင့်။သူတို့က ပိုဆိုးပေါ့။ လက်မောင်းလုံး လောက် ခြေသလုံးလောက် ပေါင်လုံးလောက် ရှိတဲ့သစ်ပင်
အကုန်ခုတ်ပြီး
မီးသွေးဖုတ်တော့တာပဲ။သူတစ်ပါး ယာတောနားမွေးထားတဲ့ သစ်ပင်ကလေးတွေတောင် ပိုင်ရှင် မရှိတဲ့အချိန်
ခိုးခုတ်သေးသဟဲ့။
ထန်းသမားတွေကလည်း နွေရာသီရောက်ခါနီး
ထန်းလျက်ချက်ဖို့ ထန်းညက်ထင်းဆိုလား အဖွဲ့လိုက် လာခုတ်ကြ။သည်ကောင်တွေ တစ်ဖွဲ့လောက်
ရောက်လာရင်လည်း ရှိသမျှ ခြေသလုံးအရွယ် ပေါက်လုံးအရွယ် အကုန်ပြောင်တာပဲ။ကျုပ်တို့တစ်တွေဖြင့်
သူတို့ ထန်းတက်ချိန်ရောက်မှာကို ကြောက်နေရတယ်။
သည်ကြားထဲ အလှူတွေကပေါသေးရဲ့။သူတို့
အလှူလုပ်ပြန်ရင် ကျုပ်တို့နေတဲ့ တောထဲက သစ်ပင် မခံနိုင်ပြန်ဘူး။မောင်ရင်လောင်းတွေစီးဖို့
ထမ်းစင်လုပ်ဖို့ မဏ္ဍပ်ဆောက်ဖို့ ထမင်းချက်ဖို့နဲ့ စုံနေတာပဲ။ထမ်းစင်မစီးပဲ မြင်းစီးကြပေါ့။အခုတော့
လက်မောင်းလောက် အင်ပင်ကလေးတွေ ကြီးမယ်လို့ အားယူကာရှိသေး ခုတ်သွားကြပြန်ရော။အလကား အပိုတွေ။မဏ္ဍပ်
ဘာဆောက် စရာလိုလဲ။မြို့သားတွေလို ဘုန်းကြီးကျောင်းထဲ ဧည့်ခံကြ ရတဲ့ဟာကို။ထစ်ကတဲရှိ
ကျုပ်တို့နေတဲ့ တောပဲ မျက်စောင်းထိုးနေကြသဟဲ့။ဟို မင်္ဂလာဆောင်မယ့်ကောင်တွေကလည်း ဘာထူးတုန်း။
မဏ္ဍပ်ဆောက်ဖို့ ထမင်းချက်ဖို့နဲ့။ဓမ္မာရုံတို့ ဥပုသ်ဇရပ်တို့မှာ ကျွေးမွေးဧည့်ခံလည်း
ရတဲ့ဟာကို။ အားအားရှိ အိမ်ထောင်ပြုကြ ပြီးရင် ကျုပ်တို့နေတဲ့ တောကလေးတွေပဲ လာလာ ဒုက္ခပေး
ကြသဟဲ့။
သည့်ထက်ကြောက်စရာက ကြုံပြန်ရသေးရဲ့။ဟို
ဇီးပေါက်ဆိုလား အဲသည်ရွာကကောင်တွေ။ ဒူးရှေ အောင်သန်းတို့ အောင်မြင့်တို့ မြင့်သန်းတို့
အဖွဲ့တွေ။သူတို့ ပိုဆိုးပေါ့။ချေခြောက်ဖို့ ယုန်ထောင်ဖို့ စည်းလုပ်ကြတယ်ဆိုလား။တောတစ်တောဝင်ရင်
ပေနှစ်ထောင်လောက် ဂငယ်ပုံအ၀ိုက်ကြီး စည်းခုတ်ကြသတဲ့။ချေခုန်မထွက်နီုင်အောင် လူ့တစ်ရပ်ကျော်အမြင့်ရောက်အောင်
စည်းရိုးတွေကာဖို့ နီးစပ်ရာ အပင်ကြီးသေးမချန် အကုန်ခုတ်ပြီး ချေစည်းဆိုပြီးခုတ်ကြတာ။ဘယ်သစ်ပင်မှ
မခံနီုင် တော့ဘူး။သည်ကြားထဲ စည်းခုတ်ပြီးပြီဆိုရင် တစ်တောလုံး ဆူညံနေအောင် အော်ပြီး
ခွေးတွေခေါ် နှိပ်စက်လိုက်ကြတာ။သူတို့ခြောက်တာက ချေဆိုပြီး ခြောက်ကြတာ။ဘယ်မှာလည်း ကျုပ်တို့
သမင်တွေလည်း ရောပြေးရပြန်သပေါ့။ဘေးဘက်ဖဲ့ပြေးမယ်ကြံတော့ သူတို့ခေါ်တဲ့ လက်စောင်း ထောင်တယ်ဆိုလား။အဲသည်ကောင်က
သစ်ခေါက်ပြားကြီးနဲ့ မြေကြီးတထဖန်းဖုန်း ရိုက်နေတော့ ကျုပ်တို့တစ်တွေလည်း ရှေ့တူရူသာ
ပြေးကြရသပေါ့။ ကျုပ်ကတော့ အိုလံပစ် ပြေးခုန်ပစ် သမားတွေလို အခုန်အပျံက ကောင်းတော့ သူတို့
စည်းရိုးလောက်တော့ လွတ်အောင် ခုန်နီုင်သမို့ အသက်ဘေးက လွတ်ပေမယ့် ကျုပ်ဆွေမျိုး မောင်ချေငယ်လေးတွေကတော့
သူတို့ထောင်ထားတဲ့ ပိုက်ထဲမှာ မိပြီး အသတ်ခံကြရရှာပါပေါ့လား။ဟိုတစ်နေ့တောင် ကျုပ်အနားနေတဲ့
မဗိုက်တစ်ယောက် ပါသွားရှာပေါ့။ကလေးကုသိုလ်ကိုက မကောင်းတာလား မသိပါဘူး။ချေလောကခဲတောင်
မရောက် လိုက်ရှာပါဘူး။လူတွေရဲ့ ပိုက်ထဲ သူ့အမေက ၀င်တိုးမိတော့ သားအမိနှစ်ကောင် သေကြ
ရှာပြန်ပေါ့။ အော် စဉ်းစားလိုက်ရင် သမင်ဖြစ်ရတဲ့ဘ၀ တစ်ကွက်မှကို ကောင်းကွက် မရှိပါ လားနော်။
ကျုပ်ငယ်တုန်းက အဖြစ်ကလေးမှတ်မိသေးရဲ့။သည်လိုနွေရာသီ။အစာရေစာက
ရှားပါး။ ရေက သောက်စရာမရှိနဲ့ ။ဒုက္ခရောက်လိုက်ကြပုံများ။တစ်ရက် ကျုပ်အမေနဲ့ အန္တရာယ်ဘေးချိတ်ပြီး အစာရှာ ထွက်လာပါတယ်။လူတွေ ရှိတဲ့နေရာဆီ လမ်းမှားပြီး
ရောက်သွားရော။ သည်လူတွေက သူတို့တင် ဒုက္ခပေးတာ မဟုတ်ဘူး။သူတို့ မွေးထားတဲ့ ခွေးဆိုတဲ့
တိရစ္ဆာန်ကောင်တွေကပါ ဒုက္ခပေးသပြန်သဟဲ့။ကျုပ်တို့ သားအမိ မြင်တာနဲ့ အတင်း အိုင်ထိုးပြီး
လိုက်တော့တာပဲ။ သခင်အားရ ကျွန်ဒါဏ်ဝ ဆိုတာ သည်ကောင်မျိုးတွေ နေမှာပေါ့။ကျုပ်တို့ တိရစ္ဆာန်
အချင်းချင်း ရိုင်းပင်းဖို့ မစဉ်းစားဘူး။ကျုပ်တို့ မြင်ရင် ဘယ်ဘ၀အငြိုးပါလာတယ် မသိပါဘူး။
အသားကုန် လိုက်တော့တာပ။ကျုပ်မှာ အသက်လုပြီး ပြေးလိုက်ရတာ။ကျုပ်အမေနဲ့က ကွဲသွားရော။နောက်က
သာကောင့်သား ခွေးအစုပ်ပလုပ်တွေက အတင်းလိုက်နေတော့ အမေ့ကိုလည်း မကြည့်အား ပါဘူး။သေရေးရှင်ရေး
အရေးကြီးနေတော့ ဘယ်ရောက်လို့ ရောက်မှန်းလည်း မသိပါဘူး။သူတို့ လူတွေခေါ်တဲ့ မျက်ဆည်းလည်းရွာ
ရေကန်ကြီးနား ရောက်သွားပါပေါ့။အရေးထဲ ဇီးပေါက် ဘုန်းကြီးကျောင်းက ကျောင်းသားပေါက်စတွေနဲ့
တိုးပြန်ပါရော။နောက်က ခွေးလိုက်လို့ ပြေးရတာက တမော။သူတို့က ရှေ့ကနေ ကာစီကာစီးနဲ့ လုပ်ပြန်ရော။ဟို
ကျော်ငွေဆိုတဲ့ ကောင်ပေါက်စက ဓားမကြီး ကိုင်လို့ ရှေ့ကနေ ကိုယိုးကားယားနဲ့။ကျုပ်က
ဖယ်ကြပါဟ ကောင်လေးတွေရ လို့ မာဂဓစကားနဲ့ပြောလည်း နားကမလည်ဘူး။ကျုပ်က တိုက်လှဲထားခဲ့ရင်
သူ့အဖေဦးအေးမောင်လို သမင်တိုက်လို့ လမ်းမလျောက်နီုင်ပဲ ဖြစ်ပြန်ဦးမယ်။ဒါတောင်မှ သည်ကောင်က
ကျုပ်ကို ဓားမနဲ့ လှမ်းပစ်သေး။တော်သေးသပေါ့။ဘယ်မှ မထိလို့။ထိလို့ရှိရင် ကျုပ် ဟန်ချက်က ပျက်သွားရင် နောက်က ခွေးတွေက အမဲဖျက်ဖို့
အရန်သင့်။ကံကောင်းလို့ သူတို့လက်က လွတ်လာလိုက်တာ။ဒါနဲ့ ကွဲသွားတဲ့ အမေ့ကို ရှုာလိုက်ရတာ။လေးငါးရက်နေမှ
ပြန်တွေ့တော့ရဲ့။ကျုပ်မှာ ၀မ်းသာလွန်းလို့ မျက်ရည်ကို လည်လို့။အဲသည်ကတဲကစ ကျုပ်တို့
သားအမိ လူတွေနားနီးရာ ဘယ်တော့မှ မသွားတော့ဘူး။
သည်လိုနဲ့နေလာလိုက်တာ တစ်ရက်မှာ
ကျုပ်တို့ သားအမိ မကျည်းကုန်းထဲ အိပ်နေတုန်း ဦးဖုန်းချိုဆိုတဲ့ ဇီးပေါက်သားက ဒူးလေးကြီးတကားကားနဲ့
ကျုပ်တို့ လာချောင်းလို့ ကျုပ်တို့ တစ်ခါ ထွက်ပြေးရပြန်ပေါ့။ကျုပ်အမေက မဖြစ်ပါဘူး ငါ့သားရာ
လူတွေနဲ့ နီးပြန်သေးတယ်ထင်ပါရဲ့။ စည်ပတုံးချောင်းမြောက်ဘက်က ရှော်အတောဘက် သွားကြပါစို့ရဲ့
ဆိုလို့ ကျုပ်တို့လည်း ပြောင်းလာ လိုက်ကြတာ။
သေချင်တဲ့ကျား တောပြောင်းဆိုတာ
အဟုတ်ဗျို့။ရောက်လို့မှ အသားကျမယ် မကြံသေးဘူး။ ဘအီတို့ ငွေသောင်းတို့ အုပ်စုတွေ ဟိုဇီးပေါက်က
စန်းကတုံးယောက်ျားက စစ်သားဆိုလား။ ရွာအလယ်လာတာ သေနတ်က ပါလာတယ်ဆိုလား။အဲသည်သေနတ်ကြီး
ထမ်းပြီး ကျုပ်တို့နေတဲ့ ရှော်အတောထဲ ရောက်လာပြီး တောချောက်ကြပြန်ပါရော။ကျုပ်တို့ သားအမိ
မြောက်ဘက်ကို ထွက်အပြေးလာ လွင်ကလေးလိုနေရာလည်း ရောက်ရော ဘာသံကြီးမှန်းလည်း မသိပါဘူး။
ဒိုင်းဆိုတဲ့ အသံကို အကျယ်ကြီးပ။ကျုပ်ဆို နားတွေလည်း အူသွားလိုက်တာ။ဟိုတလောက ဒူးလေးနဲ့
လာချောင်းတဲ့ လူပေါ့။ပစ်ထည့်လိုက်တာ။ သည်အသံမျိုး ကျုပ်တစ်သက် တစ်ခါမှ မကြားဖူးခဲ့ပါဘူး။အဲသည်မှာတင်
အမေ့အော်သံ သဲ့သဲ့ကလေး ကြားလိုက်ရတော့တယ်။ငါ့သားရေ လွတ်အောင်ပြေးတော့ဟေ့။အမေ့တော့ ဟို
သေနတ်ဆိုတဲ့ဟာ မှန်သွားပြီ။အမေ မနေရတော့ဘူး။ ငါ့သားလေးသာ အန္တရာယ်ကနေ လွတ်အောင်ပြေးကွဲ့
တဲ့။ကျုပ်လည်း ကျုပ်အမေကို အဲဒါနောက်ဆုံး တွေ့လိုက်ရတော့တာပဲ။
အဲသည်ကတဲက ကျုပ်လေ လူတွေကို
အရမ်းမုန်းလာလိုက်တာ။နင်တို့ကိုတော့ ငါနီုင်တဲ့ဘက်က ပြန် လက်စားချေမဟဲ့ဆိုပြီး စည်ပတုံးချောင်း
မြောက်ဘက်ကမ်းကနေ တောင်ဘက်ကို ညပိုင်းကူးလာ သူတို့ လုပ်တဲ့ လယ်တွေ မှည့်ရင် ၀င်အုပ်။မြေပဲခင်းတွေ
ဝင်စားနဲ့ အတော်ဇိမ်ကျနေသကိုး။မြေပဲက လည်း အသေစား ကောင်းသကိုး။သူတို့လူတွေ ဘိန်းစွဲသလိုပေါ့။ကျုပ်လည်း
မြေပဲပေါ်ချိန်ရောက်ရင် မစားရ မနေနီုင်တော့ သည်ဘက်ကမ်း ကူးကူးပြီး သွားစားရသပေါ့။ကျုပ်မှာလည်း
အမေ့ အသက်နဲ့ ရင်းထားရတဲ့ အတွေံအကြုံနဲံဆိုတော့ အန္တရာယ်ကလည်း အတော်သတိ ထားနေ ရသေးတယ်။
ဒါတောင်မှ တစ်ညမှာ သည်လူတွေ မီးရောင်တွေ တ၀င်းဝင်းနဲ့ လှည်ကြီးပေါ်ကနေ မြေပဲခင်းတွေထဲ
လှည့်မောင်းနေကြတာ။ကျုပ်လည်း မီးရောင်က စူးတော့ ဘာမှ မမြင် ရဘူးဗျ။ အဲသည်မှာ လှည်းပေါ်က
သားကောင့်သားက ဘာနဲ့ပစ်တယ် မသိပါဘူး။ချောက်ကနဲ အသံကြား လိုက်တာ။ကျုပ်လည်း လန့်ခုန်လိုက်တာပေါ့။
အမလေး။ ကံကြီးပေးလို့သာပါလား။ ကျုပ်အမေကို ပစ်တဲ့ဟာတဲ့ဗျာ။ဟိုလှည်းပေါ်က ကောင်တွေ ပြောနေတာ
မီးမကူးဘူး ဆိုလားပါ့။ တော်ပါ သေးရဲ့။ ကံတရားလေးက ကျုပ်ဘက်က ပါနေသေးလို့။နိုမို့ရင်
ကျုပ်လည်း ကျုပ်အမေနောက်ကို လိုက်ရတော့မလို့။သူတို့လူတွေ ရွတ်တတ်ကြတဲ့။ဘုရား ဘုရားပေါ့လေ။ကျုပ်လည်း
တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ဆိုသလို ဟိုဘက်ကမ်းကို သိပ် မသွားရဲတော့ဘူးဗျ။နောက်နေ့ကြတော့
ကျုပ် သည်ဘက်ကမ်းကနေ တဒိုင်ဒိုင်းနဲ့အချက်နှစ်ဆယ်လောက်
ကြားလိုက်ရတယ်။ဘာတွေများ ဖြစ်ကုန်ပြီလဲဟ လို့ တွေးမိနေရဲ့။ဘာဟုတ်ရမှာလဲ။ဟိုကောင် စစ်သားကောင်
ကျော်ဆွေဆို တဲ့ကောင် မူးမူးနဲ့ သူ့သေနတ် မီးမကူးဘူး ပြောရမလားလို့ စမ်းပစ်တာတဲ့။သူ့ယောက္ခမအိမ်က
ကြမ်းတောင် ပေါက်သွားသတဲ့။အဲဒါနဲ့ မကျေနပ်ပဲ။အိမ် မြောက်ဘက်ကနေ ပစ်ကြည့်တာ ဆိုလား။
အချက်နှစ်ဆယ်လောက် တဒိုင်ဒိုင်းနဲ့ပ။ကံကောင်းလို့ ကျုပ်ကို ပစ်တုန်းကများ အဲသည်လို
မီးမကူးလို့။
သည်လိုနဲ့ ကျုပ်ကလည်း အရွယ်ကလေးက
ရောက်လာပါပေါ့။လူတွေပြောတဲ့ အတိုင်းဆို လူပျိုပေါက်ကလေးဖြစ်လာပေါ့။သမင်လူပျိုလေးပေါ့။ဘယ့်နှယ်
ကွယ်။သမင်ပါဆိုမှ သမင်လူပျိုရမှာ တုန်း လို့
လာမပြောနဲ့။သူတို့ မွေးထားတဲ့ ခွေးတွေကိုတောင် ခွေးလူပျိုလို့ ခေါ်ကြသေးတာပဲလေ။
ကျုပ်လည်း အရွယ်ကလေးရောက်လာတော့ ရီးစားကလေးဘာလေး ဂဲဖရင့်ဆိုလား ရချင်လာသပေါ့။ဒါနဲ့
စည်ပတုံးချောင်းမြောင်ဘက်ကမ်းတခွင် တဲအိုကြီးကုန်း တိုက်မောင်ခုတ်ဖျက် သတွတ်ကွေ့ မှန်နီပင်လယ်ချင်း
ရေပြာချောက်အနှံ့ လှည့်ရှာလိုက်တာ။တွေ့ပဗျို့။အမေ့ချွေးမ လှလှလေး။လူတွေ ပြောပြောနေတဲ့
သမင်မျက်လုံးလေးနဲ့ ဆိုသလိုပေါ့။သည်ဇမ္ဘူတခွင်တော့ သူ့လောက်လှတာ ရှိမယ်မထင်ပါဘူး။သည်လိုနဲ့
ရီးစားလေးမှ ဖြစ်ခါရှိသေး။မယ်မင်းကြီးမက ဟိုဘက်ကမ်း သွားပြီး မြေပဲ သွားစားချေရအောင်တဲ့။နွေကာလဆိုတော့
ငှက်ခုတ်တောရီုးက ပြေပဲတွေက ပေါမှပေါကိုး။ကျုပ်ကလည်း မသွားချင်လို့ အင်တင်တင် လုပ်နေတယ်။ကျုပ်
အန္တရာယ် ကျုပ်မှ သိတာကိုးဗျ။သူက ကြုံမှ မကြုံဖူးသေးတာ။ဘာသိပါ့မတုန်း။ဒါပေ့မယ့်လေ မိန်းမမာယာ
သဲကိုးဖျာဆိုသကိုး။မယ်မင်းကြီးမက စိတ်ကောက်နေတော့ ကျုပ်လည်း ရီးစားချပ်ချွတ် အသစ် ကလေး ငြူဆူမှာစိုးတာနဲ့ စည်ပတုန်းချောင်း တောင်ဘက်ကမ်း
လိုက်ပို့ရသပေါ့လေ။
ထင် ထင်တဲ့ အတိုင်း ဟိုဘက်ကမ်းရောက်လို့
မြေပဲလေးတွေ စားကောင်းကောင်းနဲ့ စားနေ လိုက်ကြတာ။မနက်ပိုင်း အတော်ရောက်သွားပြီး အချိန်တောင်
အတော် နှောင်းသွားပါပေါ့လား။ဒါနဲ့ ပြန်ကြစို့ရဲ့ကွယ်လို့ ပြောမယ့်ကြံကာရှိသေး ဟေး ဟေး
ဝါး ၀ါး လိုက်ဟ လိုက်ဟ နဲ့ တောင်ဘက်က ချေချောက်တဲ့ လူတွေ ကုန်းအော်လိုက်တာ။ကျုပ်တို့လည်း
ကြောက်အား လန့်အားနဲ့ ထွက်ပြေး လိုက်ကြတာ။ညဆိုတော့ မျက်စိက ခပ်လည်လည်ဆိုတော့ ဘယ်ရောက်မှန်း
ကို မသိပါဘူး။ကျုပ်ချစ်သူ မဒီချောနဲ့လည်း ကွဲသွားပါလေရော။
သည်လိုနဲ့ ပြေးမိပြေးရာပြေးရာကနေ
နေ့ခင်းဘက် ရောက်လာရော။ကမျင်းမသား ခွေူးအစုပ်ပလုပ်တွေနဲ့ တိုးပြန်ရော။သူတို့က အုပ်စုဖွဲ့လိုက်တော့
ကျုပ်မှာလည်း အသက်လု ပြေးရပြန် သပေါ့။ပြေးရင်းပြေးရင်းကနေ ဘယ်ရောက်လာမှန်းလည်း မသိပါဘူး။
ရောက်မယ့် ရောက်တော့ ဇီးပေါက်ရွာ မြောက်ဘက်စည်းရိုး ရောက်သွားပါပေါ့။အဲသည်မှာတင် လှစန်းဆိုလား
အဲသည် အပျိုကြီးမက သမင်ကြီး သမင်ကြီးနဲ့ ကုန်းအော်လိုက်တာ။ကျုပ်လည်း လန့်ဖြန့်ပြီး
ပြေးမိ ပြေးရာ ၀င်ပြေးလိုက်တာ။ရွာထဲရောက်သွားပါရောလား။အဲသည် လှဆန်းဆိုတဲ့ ဗိုင်းတာမကလည်း
သမင်ကြီး ရွာထဲ ၀င်လာပြီ။တောင်ဘက်ကို ပြေးလာနေပြီဗျိုး လို့ နင်းကန်အော်။ကျုပ်ကလည်း
လူတွေကြားထဲ ရောက်သွားတော့ မပြေးတတ်တော့ဘူး။ကြောင်သွားပြီး ဒေါ်တင်စဆိုတဲ့ မိန်မကြီး
ချည်သေ့နေတဲ့နား အကူအညီလေးများ ရလိုရငြား သွားကပ်မိပါတယ်။သူများနီုင်ငံတွေတော့ တိရစ္ဆာန်တွေကို
မျက်စိလည်လာရင် ဖမ်းပြီး တောထဲ ပြန်ပို့တယ်လို့ ကြားဖူးနားဝ ရှိတာကိုး။ အခုလည်း သည်အဖွားကြီး
သနားတတ်မလားလို့ ပြေးကပ်မိလိုက်ပါတယ်။ ကျုပ်ကို သူပေါင်အောက် ခုထိုင်ထားတဲ့ ခြေထုတုတ်ခေါ်တဲ့
ဝါရင်းတုတ်နဲ့ ခေါင်းနှစ်လုံးကြား ထုလိုက်ပါရောလား။ အဲသည်တင် ကျုပ်လည်း မူးလဲ သွားရော။ကျုပ်လည်း
မူးလဲရော တစ်ရပ်ကွက်လုံး လာပြီး ကျုပ်ကို ၀ိုင်းပြီး သမလိုက်ကြတာ။ကျုပ်ရွာထဲ ၀င်တာ
ရွာနာသတဲ့။သူတို့ ပြောမှ ကျုပ်တို့တစ်တွေ အမင်္ဂလာ ကောင်တွေ ဘ၀ ရောက်တော့တယ်။ကျုပ်တို့ကသာ
အမင်္ဂလာကောင်ဖြစ်သွားတာ ကျုပ်တို့ အသားကြတော့ မြိန်ရေ ယှက်ရေ စားကြပါပေါ့လား။လူတွေ တရားမရှိကြပါလား။သူတို့
တောထဲလာတော့ ကျုပ်တို့သမင်တွေက သူတို့ လူတွေ တောထဲလာတာ တောနာ တယ်လို့ တစ်ခါမှ မပြောခဲ့ကြပါဘူး။ကျုပ်လည်း
ဝိုင်းသမကြလို့ သေအံ့မူးမူး ဖြစ်နေတုန်း သန်းဌေးဆိုတဲ့ လူကလည်း စွာကျယ်စွာကျယ်နဲ့။အဲသည်အချိန်မှာ
ဘသီဆိုတဲ့လူက ပြေးလာပြီး ကျုပ်ကို လှံနဲ့ ထိုးလိုက်တာ ကျုပ်လည်း ဘ၀ ဆက်တိုင်း ဆက်တိုင်း
မြန်မာပြည်ဝယ် သမင် မဖြစ်ရပါလို၏ လို့ ဆုတောင်းလိုက်ပါလေရော။
(ကျုပ် ဆယ်တန်းကျောင်းသားဘ၀က
ရွာထဲဝင်လာလို့ အသတ်ခံလိုက်ရသော သမင်ကလေးသို့)
No comments:
Post a Comment