Saturday, December 19, 2015

သဲထိတ်ရင်ဖို

လူဝံကြီးတစ်ကောင် မဟာမြိုင်တော ဘက်ကနေ မျက်စိလည်လမ်းမှားပြီး အင်းပက်လက်ရွာဟောင်းအနီး ယခု မောင်းဦးကုန်းရွာ တောင်ဘက်ရှိ တောစပ်တွင် ရောက်ရှိနေသည်။ တောသတ္တဝါများကား တစ်ခါတစ်ရံ ဤကဲ့သို့ မျက်စိလည်လမ်းမှားကာ လူတို့ရပ်ရွာအနီး ရောက်လာတတ် ကြသည်။တစ်ခါတစ်ရံ ရွာထဲဝင်လာ တတ်ကြသည်။ထိုအခါ ရွာသားများ ကား တောကောင်များ တောသမင် များ ရွာထဲဝင်လျင် ရွာနာသည်ဆိုကာ ဝိုင်းဝန်း ရိုက်သတ်ချက်စား ကြတော့ သည်။
ကျနုပ် ခုနစ်တန်းနှစ်ကလည်း မနက် စောစော ရွာ့အနောက်ဘက်က တော ကို အသွားတွင် ရွာ့အပြင်ဘက် ကပ် လျက်တွင် ကျားခြေရာများကို တွေ့ လိုက်ရသည်။ထိုအချိန်က ကျားဆို သည်မှာ ရွာမုံတောင် တွေးတီရွာ နားတွင်သာ ရှိတတ်သည်။သို့ဆိုလျင် ဤကျားခြေရာကြီးများကား ရွာနှင့် ဆယ့်လေးငါးမိုင်ဝေးသော ထိုဒေသ တွေမှ ကျားကြီးများ မျက်စိလည်၍ ရောက်လာချေသလော။မစဉ်းစား
တတ်တော့ချေ။ယခုသော်ကား ကျား မပြောနှင့် တောကြောင်တောင် တွေ့ဖို့ မလွယ်ချေ။ ယုန်ဆိုသည်မှာ လည်း ရွာနားမရှိတော့ချေတကား။
ယခုလည်း လူဝံကြီး လူတို့ရပ်ရွာနား မျက်စိလည်ကာ ရောက်နေချေ၏။ သူ့ရပ်သူ့ဒေသသို့ မည်သို့ပြန်ရမည် ကိုများ မသိချေတော့သလား မသိ ချေ။ဆိုခဲ့သည့် ရွာပျက်နားရှိ တောစပ် အနားတွင်သာ ယောင်လည်လည် ဖြစ်နေရှာသည်။အင်းပက်လက်ရွာဟောင်းကား ညောင်ရမ်းမင်တရားကြီးလက်ထက်မှသည် သီပေါမင်းလက်ထက်ထိ ဘုရင့်ထံ ရွှေခွန်ဆက်သရသော ရွှေအလယ်ကြောင်းရှိ ရွှေကျင် ၁၃ရွာ တွင်ပါဝင်သော ရွာကြီးတစ်ရွာပင်။ ယခုကား ဘုရားအိုတစ်ဆူသာ ကျန်ရှိ တော့သည်။အဆိုပါ လူဝံကြီးလည်း ဘုရားပျက်အနောက်နားရှိ တောစပ် ကလေးတွင် ကွန်းခိုကျက်စားနေ လေသည်။
ရွာသစ်ကုန်းရွာသားများ မည်သူက သတင်းပေးလိုက်သည်မသိ။လူဝံကြီး အကြောင်း အနံ့ရသွားကြချေပြီ။မုဆိုးတစ်ပိုင်း ရွာသားများ ဓားလှံကိုယ်ဆီ ဆွဲကိုင်လျက် လူဝံလိုက်ရန် တောလိုက်ခွေးများ ခေါ်လျက် ထွက်လာခဲ့ကြတော့သည်။အင်းပင်လက်ရွာနား ရောက်သော် ပါလာသည့် ခွေးတို့က လူဝံနဲ့ရသည်နှင့် အတင်းလိုက်ကြတော့သည်။လူဝံကြီးလည်း အသက်လွတ်ရာလွတ်ကြောင်း ပြေးရင်းလွှားရင်း မိုးအခါ ရွာသားများ စည်ပတုံးချောင်းမှ ရေသွယ်ယူကြသည့် ယုကြောင်မြောင်းထဲ ရောက်သွားကာ မြောက်းတလျောက်ပြေးတော့သည်။အဆိုပါ မြောင်းကြီးကလည်း လူကြီးလက်ခုပ်တစ်ဖောင် နက်သည်။လူဝံကြီး သို့ကလို မြောင်းထဲကနေပြေးတော့ လှံကိုင်ထားသည့် ရွာသားတစ်ယောက်က ရှေ့ကနေ ပြေးနှင့်ပြီး လူဝံကြီးအလာကို လှံနှင့်ထိုးရန်စောင့်နေသည်။လူဝံကြီးလည်း အနားရောက်၍ လှံနှင့်ထိုးရန်အလုပ် သူရပ်ထားသည့်နေရာက သဲက ပြိုကျပြီး ထိုလူလည်း မြောင်းပေါင်ပေါ်မှ လျောကျကာ လူဝံကြီးရှေ့ တည့်တည့်ကျသွားတော့သည်။လူဝံကြီးကလည်း သူ့ရှေ့ကျလာသော လူအား ကြောက်အားလန့်အားနှင့် လက်သည်းများဖြင့် ကုပ်ချလိုက်သည်။သွားရှာချေပြီ။ထိုလူလည်း လူဝံကုပ်ဖောက်လိုက်၍ မျက်လုံးတစ်ဖက် ထွက်သွားချေ၏။လူဝံကြီးကား နောက်ရန်ကိုလည်း ကြောက်ရသဖြင့် ထိုလူအား ကုပ်ပြီးသော် အနောက်ဘက်သို့ ဆက်လက်ပြေးသွားပြီး စည်ပတုံးချောင်းကို ကျေည်ကာ မဟာမြိုင်တောဘက်သို့ ဆက်လက်ထွက်ပြေးသွားတော့သည်။
အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်း ဆိုချေ၏။မိမိတို့ရချင်သည်ကိုသာ ကြည့်ပြီး မဖိတ်ခေါ်ပဲ ရောက်လာတတ်သော အန္တရာယ်ကို မမြင်သဖြင့် မျက်စိတစ်လုံး ဆုံးရချေသည်။သဗ္ဗေသတ္တာ ကမ္မသကာပဲလေ။
( ကျနုပ် တစ်တန်းနှစ်တန်း ကျောင်းသားဘဝမှ ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်ဇ်ာလမ်းကလေးပင်)

No comments:

Post a Comment