Friday, December 11, 2015

ဘ၀ဇာတ်ခုံ

၁၉၉၂နှောင်းပိုင်း ၁၉၉၃ နှစ်ဦးပိုင်း လောက်ကပေါ့လေ။ကျုပ်လည်း တက္ကသိုလ်တက်ဖို့ ကျောင်းစားရိတ် ကလေးရဖို့ လုံးခင်းနဲ့ ဖားကန့် ပြေးတဲ့ စက်ျလှပေါ်မှာ စက်လှေ စပယ်ယာလုပ်ပြီး ရှာဖွေနေရတဲ့ အချိန်အခါသမယပေါ့။လက်သမားတစ်နေကုန်လုပ်မှာ ၂၀၀ ပဲရတဲ့အချိန် စက်လှေပေါ်လိုက်တော့ ဖားကန့် လုံးခင်းအသွားအပြန်တစ်ခေါက်သွား
ရင် ၂၀၀ ရတယ်။ကျုပ်နဲ့ လှေမောင်း တဲ့ ကုလားခေါ်တဲ့ သန်းထွန်းဆိုတဲ့ ပိုင်ရှင်သမက်ကလည်း အတွဲက ညီတော့ တစ်ရက် ၂ခေါက်အနည်း ဆုံးရတော့ ကျုပ်အတွက် လက်သမား လုပ်တာထက် ပိုကိုက်သပေါ့လေ။ကျုပ် တက္ကသိုလ်သာ လာခဲ့ရတာ ငါရှာခဲ့တဲ့ငွေက လောက်မှလောက် ပါ့မလား။တိုးလိုတန်းလန်းနဲ့ပဲ ပြန်ပြေးရလေမလားနဲ့ တွေးပူနေရ သကိုး။တက္ကသိုလ်ဘဝ ကောင်း ကောင်းမပျော်နိုင်ပါဘူး။ ကြားထဲမှာ
ငွေပြတ်သွားရင် ဘယ်သူ့ဆီကမှ အကူအညီတောင်းမရနဲ့ ကျုပ်မှာလည်း စိတ်တထင့်ထင့်နဲ့ တက်ခဲ့ရရဲ့။ပထမနှစ်ပြီးတော့ စာရင်းပေါင်းကြည့်မှ ကျုပ် ကျောင်း စားရိတ် ၈၀၀၀ ပဲကုန်သကိုး။ အဲသည်ကျမှ သည်ငွေလောက်တော့ ဖားကန့်မှာ ငါရှာလို့ရတာပဲ ဆိုပြီး စိတ်အမောသက်သာရတော့တယ်။
အဲသည် လုံးခင်းက စက်လှေပေါ်လုပ်နေတော့ တစ်ရက်မှာ ကျုပ်နေတဲ့အိမ်က ဂျစ်ကားက စစ်တပ်က ချောဆွဲလေရော။လုံးခင်းမှာ အဲသည်တုန်းက ကားကလည်း လက်ချိုးရေလို့ရတဲ့အချိန်ကိုး။ဗျူဟာမှူးရှေ့တန်းလာစစ်မှာမို့ ဟတ်စကီး ဆင်းရင် ဗျူဟာမှူး နဲ့ လိုအပ်ရင် လိုက်ပေးဖို့ရာတဲ့ဗျ။ဂျစ်ကားမောင်းတဲ့သမက်အငယ်ကောင် မောင်နိုင် ကလည်း ငါ့ကားစပယ်ယာမရှိဘူး။ မင်းလိုက်ခဲ့ဦးကွ ဆိုလို့ ကျုပ်လည်း စက်လှေစပယ်ယာဘဝက ခနတဖြုတ် စုတေပြီး ဂျစ်ကားစပယ်ယာဘဝကို တစ်ခနတာ ပြေားင်းခဲ့ရသကိုး။ ဟတ်စကီးက လုံးခင်းကျောက်စိမ်း ရုံးနားက ရှေ့တန်တပ်ရင်း တောင် ကုန်းအခြေက စာသင်ကျောင်းဝင်း
ထဲ ဆင်းလာတယ်။ကျုပ်တို့လည်း ဂျစ်ကားပေါ်ကို ဟတ်စကီးပေါ်က ပါလာတဲ့ အထုတ်တွေအပိုးတွေ လက်ဆောင်ထုပ်တွေ တင်ပြီး သူတို့ခိုင်းတဲ့နေရာတွေ လိုက်ပို့ ပေးရသပေါ့လေ။မောင်နိုင်က အထုပ်ထဲကပါလာတဲ့ အသီးတွေ မုန့်ထုပ်တွေ နှိုက်ပြီး သူ့ တူးဘောက်ထဲ ထည့်တယ်။ငါတို့ ကားခက တစ်ပြားမှမရဘူးကွ။ အလကားလိုက်ရတာ။ဘာမှ မရတဲ့အတူတူ ရတာယူထားမယ်ကွတဲ့။ကျုပ်ကိုလည်း မင်းစားချင်တာ ယူထားတဲ့။ကျုပ်လည်း ပန်းသီး နှစ် လုံးသုံးလုံးလောက် ကောက်နှိုက်ထား ရတယ်။အဲသည်ခေတ်က အထမ်း အပိုးနဲ့ သွားရတဲ့ခေတ်ဆိုတော့ အစားအသောက်ကလည်း ဈေးက အင်မတန်ကြီးသကိုး။
အဲသည်လို ဟတ်စကီးလည်း ဆင်းပြီးရော ရှေ့တန်းက တာဝန်ခံ ဗိုလ်မှူးနဲ့ လေယာဉ်မှူးတို့ ပါတဲ့ပစ္စည်းစာရင်းအပ်ကြတယ်။ပြီးတော့ တာဝန်ခံ ဗိုလ်မှူးကို လေယာဉ်မှူးက ယောဉ်ဆီနှစ်ပေပါတောင်းတယ်။ကျုပ်ကတော့ ဟတ်စကီးထဲ ထည်မလို့ လား အောက်မေ့ပါတယ်။ ဘယ်ဟုတ်ပါ့မလဲကွယ်။မြို့ထဲက လောပန်းဆီ နှစ်ပေပါစလုံး ရောင်းစားသွားသဟဲ့။လောပန်းနဲ့ သူ့အဖွဲ့ကလည်း ယူလာတဲ့ ဂျစ်ကား ပေါ်တင်ပြီး မောင်းထွက်သွားလေရော။
ကျုပ်လည်း စိတ်မချမ်းမသာနဲ့ တိုင်းပြည်ဘဏ္ဍာတွေ သွားရှာပါပေါ့ လားဟဲ့ အိပ်ကပ်ထဲ လို့ တွေးပြီး စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့ရသပေါ့လေ။
ကြုံပလေ ဘုံဗွေပေါ့လေ။သခင်တင်မြစကား ငှားသုံးရရင်ဖြင့် ဘုံဘဝမှာ ကြုံရပါ ပေါ့လေ။ှ

No comments:

Post a Comment