Friday, December 11, 2015

ဘ၀ဇာတ်ခုံ

ဖားကန့်မှာ မြေပြိုလို့ ရေမဆေး ရှာနေကြတဲ့ ကလေးတွေ သေကုန် ကြတယ်ကြားတော့ စိတ်ကို နည်းနည်းမှ မကောင်းဘူး။ ကျုပ်တူတော်မောင်တွေ အတော် များများကလည်း ရေမဆေးရှာပြီး အသက်မွေးဝမ်းကျောင်းနေကြရှာရဲ့။တိုင်းပြည်ဆင်းရဲတော့ လူတွေလည်း အသက်ဘေးနီးမှန်းသိရက်နဲ့ ရုန်းကန်နေကြရရှာတာပေါ့။ရှိတဲ့အဆီအနှစ်က ခရိုနီတွေ တရုတ်တွေ အကောင်ကြီးတွေပဲ မျိုဆို့ သွားကြပြီး တိုင်းပြည်ကိုတော့ ဆင်းရဲတွင်းထဲ ပစ်ချထားခဲ့ကြတယ်။ဒင်းတို့သံသရာကောင်တွေ သံသရာ မပါဘူး ထင်နေတယ်ထင်ပါ့။ခံကြပါလေ မျောကြပါလေ သံသရာကြော။
၉၀ ခုနှစ် ဆယ်တန်းအောင်တော့ မိုးကောင်းလက်သမား လုပ်နေရာက တက္ကသိုလ် စားရိတ်ရချင်လို့ လူပြော များလှတဲ့ ဖားကန့်ကို သီတင်းကျွတ်ပြီးစ ကန်ကလေးကုန်းက ကိုကြည်
လင်း က ထည့်ပေးလိုက်လို့ ဒေါ်နန်းပု ဆိုတဲ့ရှမ်းမကြီနဲ့ အာ့ဖန်ဆိုတဲ့ ကချင်မလေးနဲ့ လိုက်သွားရတယ်။ လမ်းမှာ သုံးညအိပ်ရရဲ့။ နန့်တိမ်း ရောက်တော့ ကေအိုင်အေ အကောက်စခန်းက အကြီးကြီး။အဲသည်မှာ ငွေ၄၅ကျပ်နဲ့ ဆန်တစ်ဗူး ပေးရရဲ့။ အာ့ဖန်က ကချင်လိုပြောပေးတော့ ပျုပ်လည်း မစစ်အဆေးမရှိ ဖြတ်ခွင့် ရသပေါ့လေ။ဒါနဲ့ ဖားကန့်ရောက် သွား နန့်မဖြစ်ရွာမှာ ညီအကိုဝမ်း ကွဲတွေ ကုန်စိမ်းထမ်းနေတာနဲ့ သွားနေပြီး ကုန်စိမ်ထမ်းရတယ်။ တစ်လကျော်ကျော်လောက် လုပ်တာ အလုပ်က နေ့တိုင်းမဖြစ်နဲ့ဆိုတော့ ငွေကလည်း မစုမိဘူး။ဒါနဲ့ ဖားကန့် ကြီးမှော်ထဲ ခေါက်စားထမ်းမယ်ဆိုပြီး ကန်ကလေးကုန်းက ဖိုးမှိုင်းနဲ့ ထွက်လာကြတယ်။တိုင်လေးလေးတိုင်ခုတ် ဂုံနီအိတ်တွေ။သစ်ကိုင်းတွေကာ မြေကြီးပေါ် မြက်ခြောက်တွေခင်းပြီး အိပ်ခဲ့ရရဲ့။သိကြားမင်းရဲ့ ပဏ္ဌု ကမ္ဗလာ မြကျောက်ဖျာ မဟုတ်ပဲ ဆရာမှိုင်းရဲ့ ပံသုကမ္ဗလာ မြက်ခြောက်ဖျာပေါ် စက်တော်ခေါ်ခဲ့ရပေသပေါ့လေ။ဘဝဆိုတာလည်း ဤသို့ရှိခဲ့ချေသည်တမုံ့။
ခေါက်စားထမ်းတော့ ကျောက်တွင်းထဲ လှေကားထစ်အတိုင်း အထစ်တစ်ရာ လောက်ဆင်း မြေစာတွေ စောကူ လို့ခေါ်တဲ့ ဂေါ်တောင်းထဲထည့် နှစ်ပြလောက်ဝေးတဲ့ ဥရုချောင်းဘေးသွားသွန် တစ်ခေါက်မှ တစ်ကျပ်။ကျောက်ခဲကြီးတွေသယ်ပစ်ရင် ခေါက်စားစားရေးကို လုံကမ္ဘာလို့အော်ပြောခဲ့ရင် နှစ်ကျပ်ရတယ်။တစ်နေ့လုံး လုက်မှ ဘာရမတုန်း အလွန်ဆုံး ၁၂၀ နဲ့ ၁၅၀ကြားပေါ့။ဒါတောင် ကျုပ်အများဆုံးရယ်။ဖိုးမှိုင်းနဲ့ ကိုတင်သိန်းတို့ ဦးဒေါနတို့ကတော့ ခေါက်စားစားရေးကို ပိုက်ဆံပေးပြီး ခေါက်ရေခိုးသတဲ့။တစ်နေကုန်ရင် ၁၂၀တော့ ရကြသပေါ့လေ။ကျုပ်ကတော့ ပြောပါတယ်။ငါ အဲသည်လို လုပ်စားဖို့ ဝါသနာမပါဘူး။အချောင်လည်း မရချင်ဘူး လို့ပြောပြီး ကိုယ့်လုပ်အားနဲ့ရတာလေးပဲ ယူခဲ့တယ်။သံသရာ မပါချင်ပါဘူး။အခုဂိုက်လိုက်တော့ ဧည့်သည်ကြည့်ချင်တယ်ဆို ပို့လိုက်တယ်။မကြည့်ချင်ရင် မပြတော့ဘူး။အနည်းပါး ရရင်လည်း လှူပစ်လိုက်တာပဲ။သမ္မာအာဇီဝထဲ ပါတယ် မထင်ပါဘူး။ဆက်ရန်
အဲသည်အချိန်တုန်းက ဖားကန့်ကြီးမှော်
နေရာအကောင်းဆုံးနေရာမှာ မောင်ကျော်ဘရဲ့ ကျင်းတွေက နေရာယူထားသပေါ့လေ။သံဆူးကြိုးတွေကာလို့ သူ့ကျင်းသားတွေပဲ စလောင်းတီဗွီနဲ့ ဇိမ်ကျနေတဲ့ခေတ်ကိုး။
သည်လိုနဲ့ ကျုပ်တို့ခေါက်စားသမားလေးတွေ ရုန်းကန်လာခဲ့ကြရတာ။သံတူရွင်းနဲ့ တူးတဲ့ခေတ်ဆိုတော့ ရေမဆေးရှာတဲ့လူဆိုတာ ဘယ်ရှိပါလိမ့်မတုန်း။နေ့လည်ခင်းကျတော့ ကျင်းကမ်းပါးရံကြီး ခေါင်းပြုပြီး အိပ်စက်နားနေကြပေါ့။
တစ်နေ့ဟာတော့ ကမ်းပါးယံကြီး ပြိုကြလာလိုက်တာ။အစကတဲက ကျောက်ခဲအသေးလေးတွေက ကျကျလာတာ။ဒါနဲ့ မသင်္ကာတော့ အိပ်နေတဲ့လူတွေက ထပြေးလာကြတယ်။ခနနေတော့ ဝုန်းကနဲ ပြိုကျပါလေရော။ခေါက်စားသမာျးတွ အိပ်တဲ့နေရာတည့်တည့်ပါ့။ကံကောင်းလို့။ပြေးချိန်ရလိုက်လို့။နေ့ခင်လည်း နေ့ခင်မို့ အရိပ်အယောင်သိပေလို့။နို့မို့ဆို လူတစ်ရာကျော်ပါသွားရော့မည်။ကျုပ်ကတော့ အဲသည်လို ကမ်းပါးယံနား ယောင်လို့တောင် မကပ်ခဲ့ဘူး။အစကတဲက ပြိုချေသော် ဆိုတဲ့ အတွေးနဲ့။အကယ်၍သာ အဲသည်တုန်းက မြေပြိုလို့သေခဲ့ကြရင် အဲသည်ဟာက ပထမဆုံး ဖြစ်ချေမည်။ကံကြီးကြပေလို့ပေါ့။
ဟိုနေ့က ကလေးတွေကြတော့ ညသန်းခေါင် အိပ်မောကြနေချိန်ဆိုတော့ ပြေးချနိလည်းမရ သိလည်းမသိလိုက်ကြ။ကိုယ်ချင်းစာပါ၏။နေ့လည်ပိုင်း အလုပ်ပင်ပန်းတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာကြမည်။အိပ်ပျော်ယင်း ထာဝရ အိပ်စက်သွားရှာကြသည်။ကောင်းရာသုဂတိ လားကြပါစေလို့သာ ဆန္ဓပြု တောင်းဆုချွေပါ၏။ဘဝဆက်တိုင်း သည်အဖြစ်မျိဖုးနဲ့ ကင်းဝေးနိုင်ကြပါစေ။ဝဋ်ကြွေးရှိခဲ့ကြရင်လည်း သည်မျှနဲ့ ကျေကြပါစေကွယ်။

No comments:

Post a Comment