Sunday, August 22, 2021

ပုရပိုက်ထဲက စုန်းပြသနာ နှင့် ရေပေါ်မျိုး

 

ပုရပိုက်ထဲက စုန်းပြသနာ နှင့် ရေပေါ်မျိုး

 

ကျုနုပ်၏ မိခင်ကြီးသည် စုန်း နတ်များကို အင်မတန် ကြောက်တတ်လှသည်။ ကျနုပ်တို့ ငယ်စဉ်က တစ်ခုခုဖြစ်လျင် မိခင်ကြီးသည် နတ်ကတော်ဆီ ရောက်သွားပြီး မေးမြန်းတတ်သည့် အကျင့်ရှိလေသည်။ ကျုနုပ်တို့က မယုံကြည်သဖြင့် တားကြသော်လည်း တားမရသဖြင့်  သည်အတိုင်းသာ ကြည့်နေရတော့သည်။ တောအရပ်တွင် မွေးဖွားသူများအဖို့တော့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် ပြသနာပင်။                ဤကိစ္စများကလည်း ယုံရခက် မယုံရခက်ပင်။ငယ်စဉ်က ညတိုင်ကျလျင် တခါက်ခါက် ခေါက်သံကို မကြာခဏဆိုသလို ကြားကြရသည်။ ဆန်ကောကို ယောက်မနှင့် ခေါက်သံပင်။ ကျနုပ်တို့ သိချေပြီ ။ တစ်အိမ်အိမ်မှ ရွာသူ ခေါ် စုန်းစာချနေခြင်းပင်။ ရွာစာချသည် ဟု ခေါ်ကြသည်။ စုန်းစာကျွေးခြင်းပင်။ မိမိတို့ မိသားစုများပင်လျင် အသားဟင်းလေးဟင်း တစ်နှစ်နေလောက်မှ တစ်ခါနှစ်ခါသာ စားကြရသည့် မဆလခေတ်ပျက်ကြီးထဲတွင် အနှီ စုန်းတစေများကိုကား ကြက်သား အမဲသားတို့ဖြင့် ချကျွေးကြရသည် ။ ဘုန်းကြီးလှသည့် စုန်းတစေသူရဲများပင်။                                                                                     ဒေါ်ရှပ်တော်၏ သား ကြည်မောင်သည် သူ့အမများ စုန်းစာချနေသည်ကို အမြင်ကပ်သဖြင့် အနီးရှိ တုတ်တစ်ချောင်းကို ကောက်ကိုင်ကာ စုန်းစာချထားသည့် ဆန်ကောထဲမှ ထမင်းဟင်းများကို လာရောက် စားနေသော ခွေးနက်ကြီးကို ပစ်ထည့်လိုက်ရာ ခွေးနက်ကြီးလည်း ပါးချိတ်ကြီး မှန်သဖြင့် အော်ဟစ်ကာ ထွက်ပြေးတော့သည်။ မနက်လင်းသော် သူတို့ ပတ်ဝန်းကျင်မှ မိန်းမကြီးတစ်ဦးကား ညတွင်းချင်းပင် ပါးချိတ်ကြီး ယောင်ကိုင်နေသည်ကို တွေ့ရလေသည်။ စုန်တို့မည်သည် ခွေးယောင်ဆောင်ကာ စားသည်ဟု ဆိုကြသည်။ ဟုတ်မဟုတ်ကား ကျနုပ်လည်း မသိချေ။ စုန်းတစေသရဲ နှင့် ပတ်သက်သည့် ဇာတ်လမ်းများကား ပေါများလှချေသည်။                                                                                                       ကျနုပ် မှတ်မှတ်ရရ သိသည်ကတော့ ကျနုပ်အသက် ၆နှစ်၊၇နှစ်ရွယ်တွင် ကျနုပ်အောက်မှ အသက်လေးငါးနှစ်အရွယ် နှမဖြစ်သူသည် အခြားကလေးငယ်များနှင့် ရွာ့တောင်ဘက် လယ်ခြင်းသို့ လျောက်သွားကြသည်။ ထိုစဉ်က ရွာတောင်ဘက်သည် ယခုလောက် လူသူမရှိချေသေး။ ဒေါ်ထွေးကြည်၏ အိမ်တောင်ဘက်ထွက်လျင် လယ်ခြင်းသို့ ရောက်ချေပြီ။ အနှီ ဒေါ်ထွေးကြည်၏ အိမ်တောင်ဘက် ကပ်လျက် ထန်းမပင်နှင့် ညောင်ကြွတ်ပင်ကပ်လျက်ရှိသည်။ တစေကလေးတစ်ကောင်သည် ထိုအပင်၌ ကျနုပ်၏ နှမသည် ခဏနေသော် ငိုပြန်လာသည်။ ဘယ်လိုမှ ချော့မရချေ။ အိမ်ဘေးမှ ဒွေးကြီးထီမေသည် ကလေးငိုသံကြားသော် အိမ်ရောက်လာပြီး ဘာလို့ ငိုတာတုန်းဆိုတော့ ဗိုက်နာလို့ ဟု ဆိုသည်။ ဘယ်သွားခဲ့တာတုန်း မေးကြည့်တော့ ရွာ့တောင်ဘက်တဲ့ ။ သို့နှင့် ဒွေးကြီးလည်း စလောင်ဖု့းလေးထဲ ထမင်းကလေးထည့်ကာ ရေနှင့်ဖျော်ပြီး ထန်းမပင် တစေကလေး ၊ကလေးတွေကို မနှောင့်ယှက်ပါနှင့် မစပါနှင့် ။ သည်ထမင်းလေးကို စားသောက်ပြီး မိမိနေရာကို ပြန်ပါ ဟုဆိုကာ အိမ်ပေါက်ဝမှ တောင်ဘက်သို့ လှည့်ကာ စလောင်းဖုံးကို  သွန်ပစ်လိုက်သည် ။ ပြန်ဝင်လာတော့ ကျနုပ်အား ကျွတ်ပြီ လွတ်ပြီလား ဟု မေးရာ ကျနုပ်လည်း ကျွတ်ပြီ လွတ်ပြီ ဟု ပြန်အော်လိုက်သည်။ ထူးဆန်းပေစွ။ ကျနုပ်၏ နှမသည် ချက်ချင်း အငိုတိတ်သွားသည်။ ဗိုက်နာလည်း ချက်ချင်း ပျောက်သွားသည် ဆို၏။ နောက်တစ်ခု မှတ်မိသည်ကား ကျနုပ်၏ အစ်ကို ၀မ်းကွဲ မောင်ဝင်းချိုပင်။                      ဝင်းချိုကား ကျနုပ်နှင့် ညီအကို နှစ်ဝမ်း ကွဲတော်၏။ သူ့အမေဒေါ်သောင်းစိန် နှင့် ကျနုပ်အဖေ ဦးအေးမောင်သည် မောင်နှမတစ်ဝမ်းကွဲ။သူ့အဖိုးဦးစံရွန်းနှင့် ကျနုပ်အဖိုးဦးမြင့်သည် ညီအကို အရင်းပင်။
အနှီဝင်းချိုကား ၆တန်းနှစ်ခါကျသော် ကျောင်းထွက်သွား၏။ မိဘများ၏လယ်လုပ်ငန်းတွင် ဝိုင်းလုပ်နေရ၏။ ဝင်းချို ၁၈နှစ်ခန့်တွင်  တောထဲ နွားကျောင်းရာမှ အပြန် တောရကျောင်းကန်၌ နွားများကို ရေတိုက်ပြီး ပြန်လာ၏။ ကန်ထဲမှ မောင်းတက်လာပြီး တယ်ပင်ကလေး အလွန်တွင် လူတစ်ကိုယ်လုံး ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ဖျားချင်သလို ဖြစ်လာသည်။ အိမ်ရောက်သော် မအီမလယ်နှင့် ဖျားလေတော့သည်။ မိဘတို့လည်း ဆေးမြီးတိုနှင့်ကုသ နေရာ ရောဂါသည် မသက်သာပဲ ပိုဆိုးလာကာ သတိတွေလစ်ကုန်တော့ သည်။             သို့နှင် ကံထူးမသို့ ဆေးခန်း လာဖွင့်စ ဆရာဝန် ပေါက်စ ဒေါက်တာ မြင့်သိန်းကို ပင့်၍ ဆေးကုပေး ကြသည်။ ဒေါက်တာမြင့်သိန်းလည်း ဆေးသာလာထိုးနေရသည်။ မောင်ဝင်းချိုကား သတိပြန်လည် မလာသေး။ သို့နှင့် တောဓလေ့ ရွာဓလေ့ အပများမှီလေရော့သလားဆိုပြီး နတ်မေးကြည့်ရာ ပြစ်အိုင်ကုန်းသူရဲ ကိုက်ထားသည်ဟုဆိုလေ၏။ သူရဲဖမ်းစား ထားသည်ဟု ဆိုလိုခြင်းပင်။ သူ့မိခင်ဒေါ်သောင်းစိန်နှင့် အဒေါ် ဒေါ်မိကြိုင်လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ နတ်ကတော်ဆိုသည့် အတိုင်း ပစ်အိုင်ကုန်းသူရဲကို အမဲခြောက်ချက်ဖြင့် ခေါစာပြင်ပြီး ကျွေး၏။ ခေါခွက်ထဲ ထမင်းနှင့် အမဲသားချက်ကို ထည့်ပြီး သူရဲကြီးအား မေတ္တာနှင့်ကျွေးမွေးပါတယ်။ သောကြာနေ့သား မောင်ဝင်းချို မိမွေးတိုင်းဖမွေးတိုင် ရှိပါစေ။ အနှောင့်အယှက်မပေးပါနဲ့။ ကျနုပ်တို့ကျွေးမွေးသည်များကို စားသောက်၍ မိမိနေရပ်ကိုပြန်ပါဟု ဆိုပြီး မောင်ဝင်းချိုနားမှ ခေါစာခွက်ကို ယူလာပြီး ရွာမြောက်ဘက်မှ ပြစ်အိုင်ကုန်းသူရဲရှိရာ အရပ်သို့ လှည့်၍ ခေါစာခွက်ကို ချကျွေးလိုက်သည်။ ထိုကဲ့သို့ ခေါစာခွက်ကို ချအကျွေးတွင် ကျီးကန်းကြီးတစ်ကောင်သည် မောင်ဝင်းချို ခန္ဓာကိုယ်ပေါ်မှ ဖြတ်ပျံပြီး ပြူတင်းပေါက်ပေါ်၌ နားကာ အ အ အ  သုံးခါ အော်လျက် ပြစ်အိုင်ကုန်းရှိရာ တောရကျောင်းဆီသို့ ပျံသွား၏။ ကျီးကန်းကြီးလည်း ပျံအသွား အနှီမောင်းဝင်းချိုလည်း သတိပြန်ရလာတော့၏။  
သို့ကို ဖြစ်ရပ်များသည်လည်း ပြောမကုန်နိုင်ပေ။                                   ငယ်စဉ်က ကျနုပ်၏ အိမ်ဘေးမှ ဖခင်ဘက်မှ တော်သည့် အဒေါ်များက ဟဲ့ ငါတို့က ရေပေါ်မျိုးဟဲ့ ဟု ခဏခဏ ပြောသံကြားရသည်။ ရေပေါ်မျိုးက ဘာခေါ်မှန်း မသိ။ နောက်မှ လျှောက်မေးကြည့်မှ သူတို့ အမေဘက်မှ အမျိုးများသည် ရှေးယခင်က စုန်းအတတ် တတ်သည်ဟု စွပ်စွဲခံရသဖြင့် အမှုအတန်းဖြစ်ကြရာ ရေငုပ်ပြိုင်ကြရသည်ဟု ဆိုသည်။ သူတို့ဘက်မှ ရေထဲ ဘယ်လိုမှ မငုပ်နိုင်ပဲ ရှုံးသဖြင့် ထိုကတဲက ရေပေါ်မျိုးဟု ခေါ်လာကြသည် ဆို၏။ စုန်းမများကား ရေထဲ မငုပ်နိုင်ကြဟု ဆိုသည်။ ကျနုပ်ကား ၈ဃနဏ မသိချေ။ ရေပေါ်မျိုး ဟု အဒေါ်များ ခဏခဏ ပြောသံကိုသာ နားထဲက မထွက်ချေ။ ရေငုပ်ပြိုင်ကြရာမှ ရေထဲ ကြာကြာမငုပ်နိုင်ပဲ ပြိုင်ဘက်၏ အရင် ရေပေါ် ပေါ်လာဖြင့် ရှုံးခြင်းသာလျင် ဖြစ်ကောင်းဖြစ်ချေမည်။                ရှေးက အမှုအခင်းတစ်ခုဖြစ်လျင် ကျမ်းကိုင်ပြီး ရေငုပ်ပြိုင်ကြရသည်ဟု ဆိုသည်။ ကျမ်းတကာ့ ကျမ်းတွင် ငရနဲကျမ်းကြိးကား အပြင်းဆုံးဟု ဆိုသည်။ ငယ်စဉ်ကလေးဘ၀က လူကြီးသူမများက   အဆိုပါ ငရနဲ ကျမ်းကြီးပင့်သည့်လမ်းကို ကျမ်းလမ်း ဟု ယနေ့တိုင် ခေါ်ကြကြောင်း၊ ကျမ်းကြီးမှာ စူးလွန်းသည့်အတွက် ကျမ်းပင့်ရာ လမ်းတစ်လျောင်တွင် မြက်ပင်များပင် မပေါက်နိုင်ကြောင်း စသဖြင့် ပြောပြကြသည်။ အဆိုပါ ကျမ်းလမ်းကား မြောက်တာရိုးဘက် တစ်နေရာဆရာဆီတွင် ရှိပေလိမ့်မည်။ ကျနုပ်ကား ကလေးဘ၀သာ ဖြစ်သဖြင့် လူကြီးများ ပြောပြသည့် နေရာကို မမှတ်မိချေ။                                              ရေငုပ်ပြိုင်ကြရကြောင်းကို ပုရပိုက်များတွင် ရှာဖွေရာ အိမ်ရှေ့မင်း၏ အမှုထမ်းများ ဖြစ်ကြသည့် ကန်ကလေးကုန်းရွာသားဒ ငတေဖက သူ၏ ရွှေဒဂ်ါး ၄၀ပြားကို ငပျော်နှင့် ဒီပဲယင်းစီရင်စု ရွှေတုံးရွာနေ ငလှိုင်တို့က ခိုးယူကြောင်း အမှုလုပ်သဖြင့် အိမ်ရှေ့ဝန်မင်းက ကျမ်းကိုင် ရေငုပ်ပြိုင်နေကြလျင် တစ်နယ်သားထဲ ငြိုးသူရန်ဘက် ဖြစ်နေလိမ့်မည်။ ကြီးသည့်အမှုငယ် ငယ်သည့်အမှု ပပျောက်အောင် ခိုးမှုကို ကြားဝင်ဖျန်ဖျေပေးသည်ကို တွေ့ရသဖြင့် ရှေးက ရေငုပ်ပြိုင်ကာ အမှုအခင်းများကို ဆုံးဖြတ်စေသည်ကို တွေ့ရသည်။

 

ရွှေကြင်၁၃ရွာစီရင်စု ကံကလေးကုံးရွာနေ ငတေဇနှင့် ငပြော်။ တပရင်းမြို့ ((ဆံဆွဲ စီရင်စု ))စီရင်စု ရွှေတုံးရွာနေ ငရွှေလှိုင်တို့ ရွှေမှုတရား စကား ပြောဆိုကျသည်ငတေဇက ကျွန်တော် ရွှေ ၄၀ကြော်ကို  ငပျော် ငရွှေလှိုင်တို့နှင့် ပူးပေါင်း၍ ခိုးယူကြောင်းနှင့် . အိမ်ရှေ့ဝန်မင်းထမ် လျှောံထားသည့် အမှုရောံပြောဆိုကျလျင် အကြးအကျယ် ဖြစ်ပွားမည်ကို ထောံ၍ ငတေဇ ငပျော် ငရွှေလှိုင်တို့လည်း နယ်နီး ရှောံရှက် ဆွေမျိုး မကင်းကြသည်ဖြစ်၍ ကျန်းကိုင်ရေငုပ်ပြုကျလျင် ညိုး မကင်းကျတော့မည် ဖြစ်သည်။ အမိန့်တော်မြတ်ရင်အတိုင်း  ကျီးသည့်အမှုကို ငယ်အောင် ငပြော် ငရွှေလှိုင်တို့မှာ ရာဇဒေါသနှင့် မကင်းဖြစ်၍ အိမ်ရှေ့တော်ဝန်မင်းထန် ငတေဇက ရွှေ၄၀ိကြော် လျောံထားသည့်အနက် ကံကျမာအလျောံ ကြမာရိုး ကြမာရောပြု၍ ၁ဲဝိ ၂၅၀ိကို ငလှိုင် ငပြော်တို့က ငတေဇသို့ ပေးရောစေ။ ဆိုင်ရာမှာ နုတ်သိမ်းရန် မှန်သမျှကို ငရွှေလှိုင် ငပြော်တို့က ကျကံ နုပ်သိန်းစောင်ရွက်စေ။ နောံ ငရွှေလှိုင် ငပြော် ငတေဇတို့ ရွှေ၄၀ိကြော် စွပ်စွဲ ယိုးမှုကြောင့် တဦးကိုတဦး မပြောမဆိုသာ ပလပ်ပြေညိန်းကျစေ။ ဟူရွေ့ ၁၂၁၆ခု တဇောင်မုံးလဆန်း ၅ရက်နေ့ နာခံတော် မင်းလှမင်းထင်ဇေရသူ ဆုမ်းမ ဖြန်ဖြေ စည်ရင်ချက်ကို အမှုသည် ငတေဇ ငရွှေလှိုင် ငပြော်တို့ စုံညီ လဘက်လှန်စားကြသည်ကာလ လဘက်ပေးလုင် ငကျော်ဇံ ၊။                                            

 

စုန်းအတတ်ကို အမေမှ သမီးသို့သာ လက်ဆင့်ကမ်း သင်ပေးသွားကြသည် ဟု ဆိုသည်။ ကျနုပ်၏ ဒုတိယအစ်မ သုံးတန်းကျောင်းသူဘ၀က သူတို့နှင့် ကျောင်းနေဘက် သူငယ်ချင်းနှင့် ရေကန်ထဲ ရေဆင်းသောက်ကြရာ သူ့သူငယ်ချင်းမှ လာဟေ့ ငါ နင်တို့ကို ငါးလုပ်ပြမယ်ဟု ဆိုပြီး ထန်းရွက်စများကို ရေထဲချလိုက်ရာ ထန်းရွက်စများသည် ငါးဖြစ်သွားပြီး ရေထဲ ကူးနေကြသည်ဟု ဆိုသည်။  စုန်းအတတ်ကို ဘုရားထံ စွန့်လွှတ်ပြီးမှ အနှီ စုန်းမဟောင်းသည် သူတစ်ပါးအား ကိုက်ချေသော် သူ့ကိုယ်သူသာ ပြန်ခံရတော့သည်ဟု ဆိုသည်။ စုန်းအတတ်ကား ရှေးယခင်ကတဲက ယနေ့ထိအောင် ပျောက်ကွယ်မသွားသေးချေ။                                                                                       မင်းတုန်းမင်းကြီး မန္တလေးမြို့ကို တည်နေစဉ် ကန်ကလေးကုန်းရွာသားတို့ကား စုန်းကိုက်သဖြင့် သမားဟူးရားများ ပင့်ကာ မောင်းထုတ်နေကြချိန်ပင်။ ၁၂၂၁ခု ပြာသိုလဆန်း ၁၀ရက်နေ့တွင် ငပေါ်သစ်၏ သမီးဖြစ်သူ မိရှင်ထူကို စုန်းအတတ်ဖြင့် ကိုက်ခံရသဖြင့် စုန်းမကို သမားဟူးရားများ ပင့်ကာ ဖော်ထုတ်မည် ဖြစ်သဖြင့် မိမိတို့ နေထိုင်ရာ ရပ်ကွက်ရှိလူများသည် လဆန်း ၁၀ရက်နေ့မှ လပြည့်ကျော် ၅ရက်နေံထိ ၁၀ရက်တိုင်တိုင် နေအိမ်မှ ထွက်မပြေးစေရန် တာဝန်ယူရမည်။ ထွက်ပြေးသော် ခေါင်းလူကြီးက လျော်ကြေးပေးရမည်ဟု ၀န်ခံရသည်ကို တွေ့ရသည်။

 

၁၂၂၁ခု ပျာသိုလဆန်း ၁၀ ရက်နေ့ကကို ၄င်းလပြည့်ကျော် ၅ရက်နေ့တိုင် ၄င်းအတွင်း မောင်လုံးက ကျနုပ်ခေါင်းစုပါ  လူ စာတိုက်တကာ ဦးကျော် ဆြာဘို ကျောင်းတကာကိုပိုက် ကိုထွန်းတင် ကိုပု ကိုရွှေကုန် မောင်ဘ အဖိုးကြီး မယ်တော်ကြီး ….ဦးမောင်လှီ ၄င်းလူတို့ ကိုးဇူတကာ ကိုပေါ်သစ် သမီး ရှင်ထူကို စုံးအတပ်နှင့် ခိုက်ခဲသောကြောင့် သမားဟူးရားနှင့် ကုသဖော်မည်။အတွင်း ကျနုပ်ကိုလုံး ခေါင်းစုပါ လူတို့ တဦးတအိမ် မထွက်မပြေး မတိမ်းမရှောင်စေရ။ တဦးတအိမ် ထွံပြေးတိမ်းရှောင်ရှိလျင် ၁၀အိမ်ခေါင်း ကိုလုံးက တရားအပြစ်ထန်နှင့်တကွ ရော်ပေးပါမည် ခံဝန်သည်။ ကာလသိရှိသူ ဦးရွှေလှိုင် ဦးဘို ၁၀အိမ်ခေါင်း မောင်ပြို စာစီ ကိုးဆူတကာ ကိုပေးသစ် စာရေး မောင်ပြောင်။

 

၁၂၂၁ခု ပျာသိုလဆန်း ၁၀ ရက်နေ့ကကို ၄င်းလပြည့်ကျော် ၅ရက်နေ့တိုင် ၄င်းအတွင်း မောင်ပြို ခံဝန်ချက်။ ကျနုပ်ခေါင်းစုပါ လူ ဦးဝိုက် ဦးဘောံ ကိုညှင်း ကိုပို ကိုမြူး ကိုတုပ်ဖြူ ကိုတုပ်ကြီး ကိုတိုးအောင် ဦးစံဘ ဦးရွှေဘဲ ကြောင်းတကာ ဦးတေဥ စာတိုက်တကာ ကိုတေဇ ကိုဝေ ကိုကုလား ရှင်ထား   ရှင်ကသဲ ရှင်မှိုအု ၄င်းလူတို့ ကိုးဇူတကာ ကိုပေါ်သစ် သမီး ရှင်ထူကို စုံးအတပ်နှင့် ကိုက်ခဲသောကြောင့် သမားဟူးရားနှင့် ကုသဖော်မည်။အတွင်း ကျနုပ်ကိုပြို ခေါင်းစုပါ လူတို့ တဦးတအိမ် မထွက်မပြေး မတိမ်းမရှောင်စေရ။ တဦးတအိမ် ထွံပြေးတိမ်းရှောင်

 

        စုန်းကဝေအတတ်သည် ရှေးခေတ်ကတဲကပင် ခေတ်အဆက်ဆက် ရှိလာခဲ့သော ပညာရပ် တစ်မျိုးပင်ဖြစ်သည်။ ယခုချိန်ထိပင် ကျေးလက်ဒေသများ ယုံကြည်မှု ရှိကြဆဲပင်။ ရွာရောက်လျင် ရွာထဲ အိပ်လေ့မရှိသဖြင့် ဆန်ကောခေါက်ကာ စုန်းစာကျွေးကြတုန်းလား ဆိုသည်ကို မစပ်စုမိတော့ချေ။ တစ်ချိန်ချိန်တွင်တော့ အဆိုပါ ဓလေ့သည် ပျောက်ကွယ်သွားပေလိမ့်မည်။

No comments:

Post a Comment