Sunday, December 20, 2015

ဘဝ

သမင်တစ်ကောင်၏ဘ၀မှတ်တမ်း
လူတွေက ကျုပ်တို့ကို ခေါ်ကြတာကတော့ သမင်တွေတဲ့။ကံအကြောင်းမလှလို့ သံသရာထဲ ကျင်လည်ရင်း သမင်ဘ၀ လာဖြစ်ရပါတယ်။ဘေးရန်ကလည်း အတော်ပါသကိုး။တစ်ရက်တစ်ရက် အသက်ကို ဖက်နဲ့ထုတ်ပြီး ပြေးလွှားနေရသဟဲ့။အမေ့ ၀မ်းက ထွက်လာကတဲက တစ်ရက်မှ မပြေး ရတဲ့ရက်ကို မရှိပါဘူး။နွေရာသီရောက် ပိုဆိုးပေါ့။ခိုစရာတောတောင်က သစ်ရွက်တွေက ကြွေ သစ်ပင်ကြီးတွေကလည်း သစ်ခိုးထုတ်တဲ့ သူတို့လူတွေ ပြောပြောနေတဲ့ ခရိုနီဆိုလား ခရိုပြာဆိုလား အဲသည်ကောင်တွေက လောဘဇောနဲ့ အပင်ကြီးမှန်သမျှ လက်တစ်ဖက်မပြည့်တဲ့ အပင်တောင် မရှောင်ကြတော့ဘူး ခုတ်ကြ။ဟိုတုန်းကတော့ ငါးမန်းတို့ လွှတို့ခေတ်ဆိုတော့ လှည်ဘီးလောက် အပင်ဆို မခုတ်နိုင်ကြတော့ ချန်ထားခဲ့ကြလို့ တောတောင်တွေက ကျုပ်တို့ တိရစ္ဆာန်တွေ ခိုဖို့ အောင်းဖို့ ကျန်သေးရဲ့။အခုတော့ တရုတ်ပြည်က လာတယ်ဆိုလား ချိန်းဆော ဆိုတဲ့ဟာတွေ ပေါ်လာတော့ ဘာသစ်ပင်ကြီးမှ မကျန်တော့ဘူး။ချိန်းဆောစာမိလို့ တောတောင်တွေ ပြောင်သလင်း ခါလာလိုက်တာ ကျုပ်တို့တစ်တွေ နေစရာ စားစရာ ပိုပိုပြီး အခက်တွေ့ လာပါ ရောလား။
အပင်ကြီးတွေကို ချိန်းဆောနဲ့ဖြတ် ခွဲစိတ်ပြီး ထွန်စက်ဆိုလား အဲသည်ဟာတွေနဲ့ တောကြိုတောကြားကနေ ခိုးသယ်ကြတော့ ကျုပ်မှာလေ သစ်သားတွေ ထွန်စက်ပေါ် ပါသွားတာ မြင်ရရင် မျက်ရည်ဝဲ၀ဲ လာတော့တာပဲ။ နှမြောလိုက်တာလေ။ အဲသည် လူဆိုတဲ့ သတ္တ၀ါတွေ ကျုပ်တို့လို သစ်ပင်ချစ်စိတ်ကလေးများ ရှိရင် ဘယ်လောက် ကောင်းလိုက် လေမလဲ။ အဲသည် ထွန်စက်ဆိုတဲ့ အသံတွေကလည်း တစ်တောလုံးတစ်တောင်လုံး ဆူညံနေတော့ ကျုပ်တို့မှာ ပိုပြီး အနေကျပ်လာသဟဲ့။သူတို့လူတွေကမှ နေစရာမရှိရင် ကျူးဆိုလား ဘာဆိုလား အဲသည်မှာ သွားနေကြသတဲ့။ကျုပ်တို့တစ်တွေမှာဖြင့် ဘယ်ကလာ သူများနေရာ သွားကျူးလို့ ရပါ့မလဲ။ သူ့စည်းနဲ့ သူ။ သူ့နေရာနဲ့သူ။သူ့တောလည်း ကိုယ်ဝင်မရ။ တစ်နေ့က တောင် ဟိုဘက်တောက မောင်ကြက်ဖက သည်ဘက်လာ နယ်ချဲ့တာ။သည်ဘက်က ကောင်က စိတ်တွေဆိုးပြီး ခွတ်လိုက် ကြတာ။ အသေအကျေပါ့။ အောင်မလေး သူတို့နှစ်ကောင် ဒေါသ တွေကြီးပြီး ခွပ်လိုပ်ကြတာ တစ်နေကုန်ခါနီးရော မောနေ လိုက်ကြတာ။သူတို့မောနေတုန်း ဟို လူဆိုတဲ့ သတ္တ၀ါက ဘယ် အချိန်က ချောင်းနေတယ် မသိပါဘူး။မောင်ကြက်ဖနှစ်ကောင် မောပြီး မပြေးနီုင်တော့ အသာကလေး လာရိုက်သတ်သွားပြီး လွယ်အိတ်ထဲ ထည့်သွားတာ ကျုပ်ဖြင့် စိတ်မကောင်းလွန်းလို့ အစာတောင် မစားနီုင်ဘူး။
ခရိုနီဆိုတဲကကောင်တွေ ခုတ်လို့ သစ်ပင်ကြီးတွေက ပြောင်ပါတယ်ဆိုမှ မြွေပူရာ ကင်းမှောင့်ဆိုသလို ဟို မီးသွေးဖုတ်တဲ့ကောင်တွေက တမှောင့်။သူတို့က ပိုဆိုးပေါ့။ လက်မောင်းလုံး လောက် ခြေသလုံးလောက် ပေါင်လုံးလောက် ရှိတဲ့သစ်ပင် အကုန်ခုတ်ပြီး မီးသွေးဖုတ်တော့တာပဲ။သူတစ်ပါး ယာတောနားမွေးထားတဲ့ သစ်ပင်ကလေးတွေတောင် ပိုင်ရှင် မရှိတဲ့အချိန် ခိုးခုတ်သေးသဟဲ့။
ထန်းသမားတွေကလည်း နွေရာသီရောက်ခါနီး ထန်းလျက်ချက်ဖို့ ထန်းညက်ထင်းဆိုလား အဖွဲ့လိုက် လာခုတ်ကြ။သည်ကောင်တွေ တစ်ဖွဲ့လောက် ရောက်လာရင်လည်း ရှိသမျှ ခြေသလုံးအရွယ် ပေါက်လုံးအရွယ် အကုန်ပြောင်တာပဲ။ကျုပ်တို့တစ်တွေဖြင့် သူတို့ ထန်းတက်ချိန်ရောက်မှာကို ကြောက်နေရတယ်။
သည်ကြားထဲ အလှူတွေကပေါသေးရဲ့။သူတို့ အလှူလုပ်ပြန်ရင် ကျုပ်တို့နေတဲ့ တောထဲက သစ်ပင် မခံနိုင်ပြန်ဘူး။မောင်ရင်လောင်းတွေစီးဖို့ ထမ်းစင်လုပ်ဖို့ မဏ္ဍပ်ဆောက်ဖို့ ထမင်းချက်ဖို့နဲ့ စုံနေတာပဲ။ထမ်းစင်မစီးပဲ မြင်းစီးကြပေါ့။အခုတော့ လက်မောင်းလောက် အင်ပင်ကလေးတွေ ကြီးမယ်လို့ အားယူကာရှိသေး ခုတ်သွားကြပြန်ရော။အလကား အပိုတွေ။မဏ္ဍပ် ဘာဆောက် စရာလိုလဲ။မြို့သားတွေလို ဘုန်းကြီးကျောင်းထဲ ဧည့်ခံကြ ရတဲ့ဟာကို။ထစ်ကတဲရှိ ကျုပ်တို့နေတဲ့ တောပဲ မျက်စောင်းထိုးနေကြသဟဲ့။ဟို မင်္ဂလာဆောင်မယ့်ကောင်တွေကလည်း ဘာထူးတုန်း။ မဏ္ဍပ်ဆောက်ဖို့ ထမင်းချက်ဖို့နဲ့။ဓမ္မာရုံတို့ ဥပုသ်ဇရပ်တို့မှာ ကျွေးမွေးဧည့်ခံလည်း ရတဲ့ဟာကို။ အားအားရှိ အိမ်ထောင်ပြုကြ ပြီးရင် ကျုပ်တို့နေတဲ့ တောကလေးတွေပဲ လာလာ ဒုက္ခပေး ကြသဟဲ့။
သည့်ထက်ကြောက်စရာက ကြုံပြန်ရသေးရဲ့။ဟို ဇီးပေါက်ဆိုလား အဲသည်ရွာကကောင်တွေ။ ဒူးရှေ အောင်သန်းတို့ အောင်မြင့်တို့ မြင့်သန်းတို့ အဖွဲ့တွေ။သူတို့ ပိုဆိုးပေါ့။ချေခြောက်ဖို့ ယုန်ထောင်ဖို့ စည်းလုပ်ကြတယ်ဆိုလား။တောတစ်တောဝင်ရင် ပေနှစ်ထောင်လောက် ဂငယ်ပုံအ၀ိုက်ကြီး စည်းခုတ်ကြသတဲ့။ချေခုန်မထွက်နီုင်အောင် လူ့တစ်ရပ်ကျော်အမြင့်ရောက်အောင် စည်းရိုးတွေကာဖို့ နီးစပ်ရာ အပင်ကြီးသေးမချန် အကုန်ခုတ်ပြီး ချေစည်းဆိုပြီးခုတ်ကြတာ။ဘယ်သစ်ပင်မှ မခံနီုင် တော့ဘူး။သည်ကြားထဲ စည်းခုတ်ပြီးပြီဆိုရင် တစ်တောလုံး ဆူညံနေအောင် အော်ပြီး ခွေးတွေခေါ် နှိပ်စက်လိုက်ကြတာ။သူတို့ခြောက်တာက ချေဆိုပြီး ခြောက်ကြတာ။ဘယ်မှာလည်း ကျုပ်တို့ သမင်တွေလည်း ရောပြေးရပြန်သပေါ့။ဘေးဘက်ဖဲ့ပြေးမယ်ကြံတော့ သူတို့ခေါ်တဲ့ လက်စောင်း ထောင်တယ်ဆိုလား။အဲသည်ကောင်က သစ်ခေါက်ပြားကြီးနဲ့ မြေကြီးတထဖန်းဖုန်း ရိုက်နေတော့ ကျုပ်တို့တစ်တွေလည်း ရှေ့တူရူသာ ပြေးကြရသပေါ့။ ကျုပ်ကတော့ အိုလံပစ် ပြေးခုန်ပစ် သမားတွေလို အခုန်အပျံက ကောင်းတော့ သူတို့ စည်းရိုးလောက်တော့ လွတ်အောင် ခုန်နီုင်သမို့ အသက်ဘေးက လွတ်ပေမယ့် ကျုပ်ဆွေမျိုး မောင်ချေငယ်လေးတွေကတော့ သူတို့ထောင်ထားတဲ့ ပိုက်ထဲမှာ မိပြီး အသတ်ခံကြရရှာပါပေါ့လား။ဟိုတစ်နေ့တောင် ကျုပ်အနားနေတဲ့ မဗိုက်တစ်ယောက် ပါသွားရှာပေါ့။ကလေးကုသိုလ်ကိုက မကောင်းတာလား မသိပါဘူး။ချေလောကခဲတောင် မရောက် လိုက်ရှာပါဘူး။လူတွေရဲ့ ပိုက်ထဲ သူ့အမေက ၀င်တိုးမိတော့ သားအမိနှစ်ကောင် သေကြ ရှာပြန်ပေါ့။ အော် စဉ်းစားလိုက်ရင် သမင်ဖြစ်ရတဲ့ဘ၀  တစ်ကွက်မှကို ကောင်းကွက် မရှိပါ လားနော်။
ကျုပ်ငယ်တုန်းက အဖြစ်ကလေးမှတ်မိသေးရဲ့။သည်လိုနွေရာသီ။အစာရေစာက ရှားပါး။ ရေက သောက်စရာမရှိနဲ့ ။ဒုက္ခရောက်လိုက်ကြပုံများ။တစ်ရက် ကျုပ်အမေနဲ့ အန္တရာယ်ဘေးချိတ်ပြီး  အစာရှာ ထွက်လာပါတယ်။လူတွေ ရှိတဲ့နေရာဆီ လမ်းမှားပြီး ရောက်သွားရော။ သည်လူတွေက သူတို့တင် ဒုက္ခပေးတာ မဟုတ်ဘူး။သူတို့ မွေးထားတဲ့ ခွေးဆိုတဲ့ တိရစ္ဆာန်ကောင်တွေကပါ ဒုက္ခပေးသပြန်သဟဲ့။ကျုပ်တို့ သားအမိ မြင်တာနဲ့ အတင်း အိုင်ထိုးပြီး လိုက်တော့တာပဲ။ သခင်အားရ ကျွန်ဒါဏ်ဝ ဆိုတာ သည်ကောင်မျိုးတွေ နေမှာပေါ့။ကျုပ်တို့ တိရစ္ဆာန် အချင်းချင်း ရိုင်းပင်းဖို့ မစဉ်းစားဘူး။ကျုပ်တို့ မြင်ရင် ဘယ်ဘ၀အငြိုးပါလာတယ် မသိပါဘူး။ အသားကုန် လိုက်တော့တာပ။ကျုပ်မှာ အသက်လုပြီး ပြေးလိုက်ရတာ။ကျုပ်အမေနဲ့က ကွဲသွားရော။နောက်က သာကောင့်သား ခွေးအစုပ်ပလုပ်တွေက အတင်းလိုက်နေတော့ အမေ့ကိုလည်း မကြည့်အား ပါဘူး။သေရေးရှင်ရေး အရေးကြီးနေတော့ ဘယ်ရောက်လို့ ရောက်မှန်းလည်း မသိပါဘူး။သူတို့ လူတွေခေါ်တဲ့ မျက်ဆည်းလည်းရွာ ရေကန်ကြီးနား ရောက်သွားပါပေါ့။အရေးထဲ ဇီးပေါက် ဘုန်းကြီးကျောင်းက ကျောင်းသားပေါက်စတွေနဲ့ တိုးပြန်ပါရော။နောက်က ခွေးလိုက်လို့ ပြေးရတာက တမော။သူတို့က ရှေ့ကနေ ကာစီကာစီးနဲ့ လုပ်ပြန်ရော။ဟို ကျော်ငွေဆိုတဲ့ ကောင်ပေါက်စက ဓားမကြီး ကိုင်လို့ ရှေ့ကနေ ကိုယိုးကားယားနဲ့။ကျုပ်က ဖယ်ကြပါဟ ကောင်လေးတွေရ လို့ မာဂဓစကားနဲ့ပြောလည်း နားကမလည်ဘူး။ကျုပ်က တိုက်လှဲထားခဲ့ရင် သူ့အဖေဦးအေးမောင်လို သမင်တိုက်လို့ လမ်းမလျောက်နီုင်ပဲ ဖြစ်ပြန်ဦးမယ်။ဒါတောင်မှ သည်ကောင်က ကျုပ်ကို ဓားမနဲ့ လှမ်းပစ်သေး။တော်သေးသပေါ့။ဘယ်မှ မထိလို့။ထိလို့ရှိရင်  ကျုပ် ဟန်ချက်က ပျက်သွားရင် နောက်က ခွေးတွေက အမဲဖျက်ဖို့ အရန်သင့်။ကံကောင်းလို့ သူတို့လက်က လွတ်လာလိုက်တာ။ဒါနဲ့ ကွဲသွားတဲ့ အမေ့ကို ရှုာလိုက်ရတာ။လေးငါးရက်နေမှ ပြန်တွေ့တော့ရဲ့။ကျုပ်မှာ ၀မ်းသာလွန်းလို့ မျက်ရည်ကို လည်လို့။အဲသည်ကတဲကစ ကျုပ်တို့ သားအမိ လူတွေနားနီးရာ ဘယ်တော့မှ မသွားတော့ဘူး။
သည်လိုနဲ့နေလာလိုက်တာ တစ်ရက်မှာ ကျုပ်တို့ သားအမိ မကျည်းကုန်းထဲ အိပ်နေတုန်း ဦးဖုန်းချိုဆိုတဲ့ ဇီးပေါက်သားက ဒူးလေးကြီးတကားကားနဲ့ ကျုပ်တို့ လာချောင်းလို့ ကျုပ်တို့ တစ်ခါ ထွက်ပြေးရပြန်ပေါ့။ကျုပ်အမေက မဖြစ်ပါဘူး ငါ့သားရာ လူတွေနဲ့ နီးပြန်သေးတယ်ထင်ပါရဲ့။ စည်ပတုံးချောင်းမြောက်ဘက်က ရှော်အတောဘက် သွားကြပါစို့ရဲ့ ဆိုလို့ ကျုပ်တို့လည်း ပြောင်းလာ လိုက်ကြတာ။
သေချင်တဲ့ကျား တောပြောင်းဆိုတာ အဟုတ်ဗျို့။ရောက်လို့မှ အသားကျမယ် မကြံသေးဘူး။ ဘအီတို့ ငွေသောင်းတို့ အုပ်စုတွေ ဟိုဇီးပေါက်က စန်းကတုံးယောက်ျားက စစ်သားဆိုလား။ ရွာအလယ်လာတာ သေနတ်က ပါလာတယ်ဆိုလား။အဲသည်သေနတ်ကြီး ထမ်းပြီး ကျုပ်တို့နေတဲ့ ရှော်အတောထဲ ရောက်လာပြီး တောချောက်ကြပြန်ပါရော။ကျုပ်တို့ သားအမိ မြောက်ဘက်ကို ထွက်အပြေးလာ လွင်ကလေးလိုနေရာလည်း ရောက်ရော ဘာသံကြီးမှန်းလည်း မသိပါဘူး။ ဒိုင်းဆိုတဲ့ အသံကို အကျယ်ကြီးပ။ကျုပ်ဆို နားတွေလည်း အူသွားလိုက်တာ။ဟိုတလောက ဒူးလေးနဲ့ လာချောင်းတဲ့ လူပေါ့။ပစ်ထည့်လိုက်တာ။ သည်အသံမျိုး ကျုပ်တစ်သက် တစ်ခါမှ မကြားဖူးခဲ့ပါဘူး။အဲသည်မှာတင် အမေ့အော်သံ သဲ့သဲ့ကလေး ကြားလိုက်ရတော့တယ်။ငါ့သားရေ လွတ်အောင်ပြေးတော့ဟေ့။အမေ့တော့ ဟို သေနတ်ဆိုတဲ့ဟာ မှန်သွားပြီ။အမေ မနေရတော့ဘူး။ ငါ့သားလေးသာ အန္တရာယ်ကနေ လွတ်အောင်ပြေးကွဲ့ တဲ့။ကျုပ်လည်း ကျုပ်အမေကို အဲဒါနောက်ဆုံး တွေ့လိုက်ရတော့တာပဲ။
အဲသည်ကတဲက ကျုပ်လေ လူတွေကို အရမ်းမုန်းလာလိုက်တာ။နင်တို့ကိုတော့ ငါနီုင်တဲ့ဘက်က ပြန် လက်စားချေမဟဲ့ဆိုပြီး စည်ပတုံးချောင်း မြောက်ဘက်ကမ်းကနေ တောင်ဘက်ကို ညပိုင်းကူးလာ သူတို့ လုပ်တဲ့ လယ်တွေ မှည့်ရင် ၀င်အုပ်။မြေပဲခင်းတွေ ၀င်စားနဲ့  အတော်ဇိမ်ကျနေသကိုး။မြေပဲက လည်း  အသေစား ကောင်းသကိုး။သူတို့လူတွေ ဘိန်းစွဲသလိုပေါ့။ကျုပ်လည်း မြေပဲပေါ်ချိန်ရောက်ရင် မစားရ မနေနီုင်တော့ သည်ဘက်ကမ်း ကူးကူးပြီး သွားစားရသပေါ့။ကျုပ်မှာလည်း အမေ့ အသက်နဲ့ ရင်းထားရတဲ့ အတွေံအကြုံနဲံဆိုတော့ အန္တရာယ်ကလည်း အတော်သတိ ထားနေ ရသေးတယ်။ ဒါတောင်မှ တစ်ညမှာ သည်လူတွေ မီးရောင်တွေ တ၀င်းဝင်းနဲ့ လှည်ကြီးပေါ်ကနေ မြေပဲခင်းတွေထဲ လှည့်မောင်းနေကြတာ။ကျုပ်လည်း မီးရောင်က စူးတော့ ဘာမှ မမြင် ရဘူးဗျ။ အဲသည်မှာ လှည်းပေါ်က သားကောင့်သားက ဘာနဲ့ပစ်တယ် မသိပါဘူး။ချောက်ကနဲ အသံကြား လိုက်တာ။ကျုပ်လည်း လန့်ခုန်လိုက်တာပေါ့။ အမလေး။ ကံကြီးပေးလို့သာပါလား။ ကျုပ်အမေကို ပစ်တဲ့ဟာတဲ့ဗျာ။ဟိုလှည်းပေါ်က ကောင်တွေ ပြောနေတာ မီးမကူးဘူး ဆိုလားပါ့။ တော်ပါ သေးရဲ့။ ကံတရားလေးက ကျုပ်ဘက်က ပါနေသေးလို့။နိုမို့ရင် ကျုပ်လည်း ကျုပ်အမေနောက်ကို လိုက်ရတော့မလို့။သူတို့လူတွေ ရွတ်တတ်ကြတဲ့။ဘုရား ဘုရားပေါ့လေ။ကျုပ်လည်း တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ဆိုသလို ဟိုဘက်ကမ်းကို သိပ် မသွားရဲတော့ဘူးဗျ။နောက်နေ့ကြတော့ ကျုပ် သည်ဘက်ကမ်းကနေ  တဒိုင်ဒိုင်းနဲ့အချက်နှစ်ဆယ်လောက် ကြားလိုက်ရတယ်။ဘာတွေများ ဖြစ်ကုန်ပြီလဲဟ လို့ တွေးမိနေရဲ့။ဘာဟုတ်ရမှာလဲ။ဟိုကောင် စစ်သားကောင် ကျော်ဆွေဆို တဲ့ကောင် မူးမူးနဲ့ သူ့သေနတ် မီးမကူးဘူး ပြောရမလားလို့ စမ်းပစ်တာတဲ့။သူ့ယောက္ခမအိမ်က ကြမ်းတောင် ပေါက်သွားသတဲ့။အဲဒါနဲ့ မကျေနပ်ပဲ။အိမ် မြောက်ဘက်ကနေ ပစ်ကြည့်တာ ဆိုလား။ အချက်နှစ်ဆယ်လောက် တဒိုင်ဒိုင်းနဲ့ပ။ကံကောင်းလို့ ကျုပ်ကို ပစ်တုန်းကများ အဲသည်လို မီးမကူးလို့။
သည်လိုနဲ့ ကျုပ်ကလည်း အရွယ်ကလေးက ရောက်လာပါပေါ့။လူတွေပြောတဲ့ အတိုင်းဆို လူပျိုပေါက်ကလေးဖြစ်လာပေါ့။သမင်လူပျိုလေးပေါ့။ဘယ့်နှယ် ကွယ်။သမင်ပါဆိုမှ သမင်လူပျိုရမှာ တုန်း လို့  လာမပြောနဲ့။သူတို့ မွေးထားတဲ့ ခွေးတွေကိုတောင် ခွေးလူပျိုလို့ ခေါ်ကြသေးတာပဲလေ။ ကျုပ်လည်း အရွယ်ကလေးရောက်လာတော့ ရီးစားကလေးဘာလေး ဂဲဖရင့်ဆိုလား ရချင်လာသပေါ့။ဒါနဲ့ စည်ပတုံးချောင်းမြောင်ဘက်ကမ်းတခွင် တဲအိုကြီးကုန်း တိုက်မောင်ခုတ်ဖျက် သတွတ်ကွေ့ မှန်နီပင်လယ်ချင်း ရေပြာချောက်အနှံ့ လှည့်ရှာလိုက်တာ။တွေ့ပဗျို့။အမေ့ချွေးမ လှလှလေး။လူတွေ ပြောပြောနေတဲ့ သမင်မျက်လုံးလေးနဲ့ ဆိုသလိုပေါ့။သည်ဇမ္ဘူတခွင်တော့ သူ့လောက်လှတာ ရှိမယ်မထင်ပါဘူး။သည်လိုနဲ့ ရီးစားလေးမှ ဖြစ်ခါရှိသေး။မယ်မင်းကြီးမက ဟိုဘက်ကမ်း သွားပြီး မြေပဲ သွားစားချေရအောင်တဲ့။နွေကာလဆိုတော့ ငှက်ခုတ်တောရီုးက ပြေပဲတွေက ပေါမှပေါကိုး။ကျုပ်ကလည်း မသွားချင်လို့ အင်တင်တင် လုပ်နေတယ်။ကျုပ် အန္တရာယ် ကျုပ်မှ သိတာကိုးဗျ။သူက ကြုံမှ မကြုံဖူးသေးတာ။ဘာသိပါ့မတုန်း။ဒါပေ့မယ့်လေ မိန်းမမာယာ သဲကိုးဖျာဆိုသကိုး။မယ်မင်းကြီးမက စိတ်ကောက်နေတော့ ကျုပ်လည်း ရီးစားချပ်ချွတ် အသစ် ကလေး  ငြူဆူမှာစိုးတာနဲ့ စည်ပတုန်းချောင်း တောင်ဘက်ကမ်း လိုက်ပို့ရသပေါ့လေ။
ထင် ထင်တဲ့ အတိုင်း ဟိုဘက်ကမ်းရောက်လို့ မြေပဲလေးတွေ စားကောင်းကောင်းနဲ့ စားနေ လိုက်ကြတာ။မနက်ပိုင်း အတော်ရောက်သွားပြီး အချိန်တောင် အတော် နှောင်းသွားပါပေါ့လား။ဒါနဲ့ ပြန်ကြစို့ရဲ့ကွယ်လို့ ပြောမယ့်ကြံကာရှိသေး ဟေး ဟေး ၀ါး ၀ါး လိုက်ဟ လိုက်ဟ နဲ့ တောင်ဘက်က ချေချောက်တဲ့ လူတွေ ကုန်းအော်လိုက်တာ။ကျုပ်တို့လည်း ကြောက်အား လန့်အားနဲ့ ထွက်ပြေး လိုက်ကြတာ။ညဆိုတော့ မျက်စိက ခပ်လည်လည်ဆိုတော့ ဘယ်ရောက်မှန်း ကို မသိပါဘူး။ကျုပ်ချစ်သူ မဒီချောနဲ့လည်း ကွဲသွားပါလေရော။
သည်လိုနဲ့ ပြေးမိပြေးရာပြေးရာကနေ နေ့ခင်းဘက် ရောက်လာရော။ကမျင်းမသား ခွေူးအစုပ်ပလုပ်တွေနဲ့ တိုးပြန်ရော။သူတို့က အုပ်စုဖွဲ့လိုက်တော့ ကျုပ်မှာလည်း အသက်လု ပြေးရပြန် သပေါ့။ပြေးရင်းပြေးရင်းကနေ ဘယ်ရောက်လာမှန်းလည်း မသိပါဘူး။ ရောက်မယ့် ရောက်တော့ ဇီးပေါက်ရွာ မြောက်ဘက်စည်းရိုး ရောက်သွားပါပေါ့။အဲသည်မှာတင် လှစန်းဆိုလား အဲသည် အပျိုကြီးမက သမင်ကြီး သမင်ကြီးနဲ့ ကုန်းအော်လိုက်တာ။ကျုပ်လည်း လန့်ဖြန့်ပြီး ပြေးမိ ပြေးရာ ၀င်ပြေးလိုက်တာ။ရွာထဲရောက်သွားပါရောလား။အဲသည် လှဆန်းဆိုတဲ့ ဗိုင်းတာမကလည်း သမင်ကြီး ရွာထဲ ၀င်လာပြီ။တောင်ဘက်ကို ပြေးလာနေပြီဗျိုး လို့ နင်းကန်အော်။ကျုပ်ကလည်း လူတွေကြားထဲ ရောက်သွားတော့ မပြေးတတ်တော့ဘူး။ကြောင်သွားပြီး ဒေါ်တင်စဆိုတဲ့ မိန်မကြီး ချည်သေ့နေတဲ့နား အကူအညီလေးများ ရလိုရငြား သွားကပ်မိပါတယ်။သူများနီုင်ငံတွေတော့ တိရစ္ဆာန်တွေကို မျက်စိလည်လာရင် ဖမ်းပြီး တောထဲ ပြန်ပို့တယ်လို့ ကြားဖူးနားဝ ရှိတာကိုး။ အခုလည်း သည်အဖွားကြီး သနားတတ်မလားလို့ ပြေးကပ်မိလိုက်ပါတယ်။ ကျုပ်ကို သူပေါင်အောက် ခုထိုင်ထားတဲ့ ခြေထုတုတ်ခေါ်တဲ့ ၀ါရင်းတုတ်နဲ့ ခေါင်းနှစ်လုံးကြား ထုလိုက်ပါရောလား။ အဲသည်တင် ကျုပ်လည်း မူးလဲ သွားရော။ကျုပ်လည်း မူးလဲရော တစ်ရပ်ကွက်လုံး လာပြီး ကျုပ်ကို ၀ိုင်းပြီး သမလိုက်ကြတာ။ကျုပ်ရွာထဲ ၀င်တာ ရွာနာသတဲ့။သူတို့ ပြောမှ ကျုပ်တို့တစ်တွေ အမင်္ဂလာ ကောင်တွေ ဘ၀ ရောက်တော့တယ်။ကျုပ်တို့ကသာ အမင်္ဂလာကောင်ဖြစ်သွားတာ ကျုပ်တို့ အသားကြတော့ မြိန်ရေ ယှက်ရေ စားကြပါပေါ့လား။လူတွေ တရားမရှိကြပါလား။သူတို့ တောထဲလာတော့ ကျုပ်တို့သမင်တွေက သူတို့ လူတွေ တောထဲလာတာ တောနာ တယ်လို့ တစ်ခါမှ မပြောခဲ့ကြပါဘူး။ကျုပ်လည်း ၀ိုင်းသမကြလို့ သေအံ့မူးမူး ဖြစ်နေတုန်း သန်းဌေးဆိုတဲ့ လူကလည်း စွာကျယ်စွာကျယ်နဲ့။အဲသည်အချိန်မှာ ဘသီဆိုတဲ့လူက ပြေးလာပြီး ကျုပ်ကို လှံနဲ့ ထိုးလိုက်တာ ကျုပ်လည်း ဘ၀ ဆက်တိုင်း ဆက်တိုင်း မြန်မာပြည်ဝယ် သမင် မဖြစ်ရပါလို၏ လို့ ဆုတောင်းလိုက်ပါလေရော။

(ကျုပ် ဆယ်တန်းကျောင်းသားဘ၀က ရွာထဲဝင်လာလို့ အသတ်ခံလိုက်ရသော သမင်ကလေးသို့)

Saturday, December 19, 2015

ဘ၀ဇာတ်ခုံ

၁၉၉၂နှောင်းပိုင်း ၁၉၉၃ နှစ်ဦးပိုင်း လောက်ကပေါ့လေ။ကျုပ်လည်း တက္ကသိုလ်တက်ဖို့ ကျောင်းစားရိတ် ကလေးရဖို့ လုံးခင်းနဲ့ ဖားကန့် ပြေးတဲ့ စက်ျလှပေါ်မှာ စက်လှေ စပယ်ယာလုပ်ပြီး ရှာဖွေနေရတဲ့ အချိန်အခါသမယပေါ့။လက်သမားတစ်နေကုန်လုပ်မှာ ၂၀၀ ပဲရတဲ့အချိန် စက်လှေပေါ်လိုက်တော့ ဖားကန့် လုံးခင်းအသွားအပြန်တစ်ခေါက်သွား
ရင် ၂၀၀ ရတယ်။ကျုပ်နဲ့ လှေမောင်း တဲ့ ကုလားခေါ်တဲ့ သန်းထွန်းဆိုတဲ့ ပိုင်ရှင်သမက်ကလည်း အတွဲက ညီတော့ တစ်ရက် ၂ခေါက်အနည်း ဆုံးရတော့ ကျုပ်အတွက် လက်သမား လုပ်တာထက် ပိုကိုက်သပေါ့လေ။ကျုပ် တက္ကသိုလ်သာ လာခဲ့ရတာ ငါရှာခဲ့တဲ့ငွေက လောက်မှလောက် ပါ့မလား။တိုးလိုတန်းလန်းနဲ့ပဲ ပြန်ပြေးရလေမလားနဲ့ တွေးပူနေရ သကိုး။တက္ကသိုလ်ဘဝ ကောင်း ကောင်းမပျော်နိုင်ပါဘူး။ ကြားထဲမှာ
ငွေပြတ်သွားရင် ဘယ်သူ့ဆီကမှ အကူအညီတောင်းမရနဲ့ ကျုပ်မှာလည်း စိတ်တထင့်ထင့်နဲ့ တက်ခဲ့ရရဲ့။ပထမနှစ်ပြီးတော့ စာရင်းပေါင်းကြည့်မှ ကျုပ် ကျောင်း စားရိတ် ၈၀၀၀ ပဲကုန်သကိုး။ အဲသည်ကျမှ သည်ငွေလောက်တော့ ဖားကန့်မှာ ငါရှာလို့ရတာပဲ ဆိုပြီး စိတ်အမောသက်သာရတော့တယ်။
အဲသည် လုံးခင်းက စက်လှေပေါ်လုပ်နေတော့ တစ်ရက်မှာ ကျုပ်နေတဲ့အိမ်က ဂျစ်ကားက စစ်တပ်က ချောဆွဲလေရော။လုံးခင်းမှာ အဲသည်တုန်းက ကားကလည်း လက်ချိုးရေလို့ရတဲ့အချိန်ကိုး။ဗျူဟာမှူးရှေ့တန်းလာစစ်မှာမို့ ဟတ်စကီး ဆင်းရင် ဗျူဟာမှူး နဲ့ လိုအပ်ရင် လိုက်ပေးဖို့ရာတဲ့ဗျ။ဂျစ်ကားမောင်းတဲ့သမက်အငယ်ကောင် မောင်နိုင် ကလည်း ငါ့ကားစပယ်ယာမရှိဘူး။ မင်းလိုက်ခဲ့ဦးကွ ဆိုလို့ ကျုပ်လည်း စက်လှေစပယ်ယာဘဝက ခနတဖြုတ် စုတေပြီး ဂျစ်ကားစပယ်ယာဘဝကို တစ်ခနတာ ပြေားင်းခဲ့ရသကိုး။ ဟတ်စကီးက လုံးခင်းကျောက်စိမ်း ရုံးနားက ရှေ့တန်တပ်ရင်း တောင် ကုန်းအခြေက စာသင်ကျောင်းဝင်း
ထဲ ဆင်းလာတယ်။ကျုပ်တို့လည်း ဂျစ်ကားပေါ်ကို ဟတ်စကီးပေါ်က ပါလာတဲ့ အထုတ်တွေအပိုးတွေ လက်ဆောင်ထုပ်တွေ တင်ပြီး သူတို့ခိုင်းတဲ့နေရာတွေ လိုက်ပို့ ပေးရသပေါ့လေ။မောင်နိုင်က အထုပ်ထဲကပါလာတဲ့ အသီးတွေ မုန့်ထုပ်တွေ နှိုက်ပြီး သူ့ တူးဘောက်ထဲ ထည့်တယ်။ငါတို့ ကားခက တစ်ပြားမှမရဘူးကွ။ အလကားလိုက်ရတာ။ဘာမှ မရတဲ့အတူတူ ရတာယူထားမယ်ကွတဲ့။ကျုပ်ကိုလည်း မင်းစားချင်တာ ယူထားတဲ့။ကျုပ်လည်း ပန်းသီး နှစ် လုံးသုံးလုံးလောက် ကောက်နှိုက်ထား ရတယ်။အဲသည်ခေတ်က အထမ်း အပိုးနဲ့ သွားရတဲ့ခေတ်ဆိုတော့ အစားအသောက်ကလည်း ဈေးက အင်မတန်ကြီးသကိုး။
အဲသည်လို ဟတ်စကီးလည်း ဆင်းပြီးရော ရှေ့တန်းက တာဝန်ခံ ဗိုလ်မှူးနဲ့ လေယာဉ်မှူးတို့ ပါတဲ့ပစ္စည်းစာရင်းအပ်ကြတယ်။ပြီးတော့ တာဝန်ခံ ဗိုလ်မှူးကို လေယာဉ်မှူးက ယောဉ်ဆီနှစ်ပေပါတောင်းတယ်။ကျုပ်ကတော့ ဟတ်စကီးထဲ ထည်မလို့ လား အောက်မေ့ပါတယ်။ ဘယ်ဟုတ်ပါ့မလဲကွယ်။မြို့ထဲက လောပန်းဆီ နှစ်ပေပါစလုံး ရောင်းစားသွားသဟဲ့။လောပန်းနဲ့ သူ့အဖွဲ့ကလည်း ယူလာတဲ့ ဂျစ်ကား ပေါ်တင်ပြီး မောင်းထွက်သွားလေရော။
ကျုပ်လည်း စိတ်မချမ်းမသာနဲ့ တိုင်းပြည်ဘဏ္ဍာတွေ သွားရှာပါပေါ့ လားဟဲ့ အိပ်ကပ်ထဲ လို့ တွေးပြီး စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့ရသပေါ့လေ။
ကြုံပလေ ဘုံဗွေပေါ့လေ။သခင်တင်မြစကား ငှားသုံးရရင်ဖြင့် ဘုံဘဝမှာ ကြုံရပါ ပေါ့လေ။ှ

သမိုင်း

သီပေါမင်းပါတော်မူပြီးနောက်တွင် ဇီးပေါက်ရွာသူကြီးအဖြစ် ဦးရန်နု၏ညီ ဦးရန်နိုင်က သူကြီး ဖြစ်လာပြီး စစ်ကြိုခေတ်နှင့် စစ်အတွင်းတွင်ကား ဦးရန်နိုင်၏သားဖြစ်သူ ဦးဖိုးချစ်က သူကြီးဖြစ်လာ သည်။ ဤသူကြီး ဦးဖိုးချစ်၏လက်ထက်တွင် ဇီးပေါက်ရွာသမိုင်း၌ မမေ့ပျောက်သင့်သော အကြောင်း အရာအဖြစ်အပျက်တို့ရှိခဲ့လေသည်။ထိုအရာကား မြန်မာပြည်တစ်ပြည်လုံး ခါးသီးစွာ တွေ့ကြုံခံစား ခဲ့ကြရသော ချွေးတပ်အစွဲခံကြရခြင်းပင် ဖြစ်လေ၏။
ဂျပန်များ ၀င်လာသဖြင့် အင်္ဂလိပ်တို့သည် မုံရွာ ကံထူမ ကလေးဝ ကားလမ်းအတိုင်း အိန္ဒိယ ဘက်သို့ စစ်ဆုတ်ခွါပြေးကြရာ ဂျပန်များလည်း အင်္ဂလိပ်စစ်တပ်နောက်သို့ ထပ်ချပ်မကွာ လိုက်လံကာ အိန္ဒိယဘက်သို့ ချီတက်ကြကုန်၏။ထိုသို့ချီတက်ရာတွင် လမ်းပြင်လမ်ဖောက် ခဲယမ်း မီးကျောက် ရိက္ခာများကို ကူလီထမ်းရန် ရွာသူရွာသားများအား ချွေတပ် ဆွဲချေ တော့၏။ ဖက်ဆစ်ဂျပန်တို့၏ အမိန့်ကို မလွန်ဆန်နိုင်ရကား ဇီးပေါက်ရွာသူရွာသား အတော်များများလည်း သူကြီးဦးဖိုးချစ်၏ ကောင်းမှုကြောင့် ကလေးဝ တမူးဘက်သို့ ချွေးတပ်သားများအဖြစ် လူပေါင်း နှစ်ဆယ်ကျော် သုံးဆယ်ခန့် လိုက်ပါသွား ကြရကုန်၏။
ကျနုပ်၏ဖခင်၏အဖေဖြစ်သူ ကျနုပ်အဘိုးဦးမြင့်နှင့် ဦးလေးဦးဖိုးပြား၏ဖခင်ဖြစ်သူ ဦးဖိုးကျန် တို့မှာ ကူလီခေါင်းများအဖြစ် လိုက်ပါကြရကုန်၏။ထိုစဉ်က အဖိုးဦးမြင့်မှာ ဇနီးသည်သေဆုံးပြီးစ အချိန်ပင်။အစ်ကိုဝမ်းကွဲ ဦးရွှေရင်တို့အိမ်၌ နေရ၏။ကျနုပ်၏ဖခင် ဦးအေးမောင်မှာ အဖွားဖြစ်သူ ဒေါ်ဖွားချစ်နှင့် နေရလေသည်။ဦးမြင့်၏အကိုဖြစ်သူ ဦးရွှေရင်က လူငှား၍ ထည့်မည်ဟု ဆိုလေသော် သူကြီးဦးဖိုးချစ်က လူငှားထည့်၌ မရ။ကိုယ်တိုင်လိုက်ရမည်ဟုဆိုသဖြင့် ဇနီးသည်ဆုံးပြီးစ ဦးမြင့်မှာလည်း ချွေးတပ်စခန်းသို့ ကိုယ်တိုင် လိုက်သွားရချေတော့သည်။
ချွေးတပ်စခန်းတွင် ကူလီခေါင်းနှစ်ယောက်ရှိလေရာ အဖိုးဦးမြင့်ကား မိမိရွာသားများကို ဂျပန်တွေ အလစ်ကြည့်ပြီး ရွာရောက်အောင်ပြေးကြ။ငါ့ကို ငဲ့မနေကြနဲ့။လွတ်အောင်သာ ပြေးကြဟု အမြဲပြောရှာ၏။ထို့သို့ အဖိုးဖြစ်သူ၏ တစ်ဖက်တစ်လမ်းမှ စောင့်ရှောက်ပေးမှုကြောင့် ဦးမြင့်နှင့်တာဝန်ကျသော ရွာသားများမှာ တစ်ယောက်မှ အသေအပျောက်မရှိပဲ ရွာသို့ ပြန်လာနိုင်ကြ၏။သို့သော် ဦးဖိုးကျန်ဘက်မှာကား ဦးဖိုးကျန်က မင်းတို့ ပြေးရဲပြေးကြည့် ဂျပန်ဗိုလ်ကို ပြောပြီး လိုက်ဖမ်းခိုင်းမယ် ဟုဆိုသဖြင့် ရွာသားများမှာ ဂျပန်နှင့် ကူလီခေါင်းကို ကြောက်ကြသဖြင့် ထွက်မပြေးရဲရှာကြချေ။ထိုကကြောင့် ဦးဖိုးကျန်ဘက် တာဝန်ကျသော ရွာသားအတော်များများ တောကြီးမျက်မဲထဲတွင် သေကျေကြရကုန်လေသည်။ကူလီခေါင်း ဦးဖိုးကျန်လည်း သေသည့်အထဲ ပါသွားလေ၏။
ကျနုပ်၏အဖိုး ဦးမြင့်မှာ ရွာသားများကို ငဲ့ပြီး သူကိုယ်တိုင်က ထွက်မပြေးပဲနေလေရာ သုံလေးလကြာသော် ကလေးတမူးဒေသ၏ နာမည်ကျော် ရောဂါဖြစ်သည့် ထုံနရှပ် စွဲလေတော့သည်။သို့သော် အဖိုးနှင့်ကျသော ဂျပန်ဗိုလ်ကြီးမှာ အဖိုးကို အတော်ချစ်ရှာသည် ဆို၏။ အဖိုးဖြစ်သူ လမ်းမလျောက်နိုင်၍ မသွားနိုင်လေသော် သူ့ကားပေါ်တင်၍ ရွာထိအောင် ကားနှင့် လိုက်မောင်းပို့ပေးသည်ဆို၏။ရွာရောက်သော်လည်း မသွားနိုင်မလာနိုင်ပဲ အိပ်ယာထဲ လဲနေသည်မှာ တစ်နှစ်ကျော်ကြာသည်။နောက်မှ ဗိန္ဒောဆေးနှင့် ကုသရာမှ ပြန်လည်ကောင်းမွန်လာသည်ဆို၏။
ချွေးတပ်ကူလီများထဲမှ အဝေးဆုံးလိုက်လံပို့ဆောင်ပေးရသူမှာ ဦးမြတင်ပင်။ဦးမြတင်မှာ လူကလည်း အရွယ်ကငယ်ငယ် သန်သန်မာမာဖြစ်သဖြင့် အခြားသူများမှာ ကလေးတမူးမရောက်မှီ ပြန်လှည့်ခဲ့ရသော်လည်း သူ့မှာ ရာဇဂြိုဟ်ကို ကျော်သွားသောဟူ၏။သူမသေခင်က အင်တာဗျူးထားရာ သူရောက်ခဲ့သော ရာဇဂြိုဟ်ကို အိန္ဒိယထဲမှ ရာဇဂြိုဟ်ဟု ထင်ရှာလေ၏။ မဟုတ် ပါလေ။ ပြီးခဲ့သော ရေဘေးသင့်စဉ်က ကလေးမြို့ကို ဒုက္ခပေးခဲ့သော ရာဇဂြိုဟ်ဆည် အနီးအနား ဒေသကို ရောက်ခဲ့ခြင်း ဖြစ်ဟန်တူသည်။သူကအပြောအရဆိုသော် သဲကန္တာရ အစပ်ရောက်မှ ပြန်လှည့်ခဲ့ရသည်ဆို၏။သူ့မှာတော့ ဘာရောဂါမှမဖြစ်။ယုတ်စွအဆုံး ခေါင်းပင်မခဲခဲ့ဟု ဆို၏။
အဘိုးဦးမြတင် ပြန်လည်ပြောပြချက်အရ ဇီးပေါက်ရွာသားများထဲမှ ချွေးတပ်စခန်း၌ သေဆုံး သွားသူ (၈)ဦး ရှိလေသည်။တစ်ချို့က (၉)ဦးဟု ဆို၏။တစ်ယောက်မှာ မည်သူမှန်း အစဖော်မရ ကြချေ။ဦးမြတင်ကတော့ (၈)ဦးဟုသာ ဆိုလေ၏။၎င်း(၈)ဦးမှာ
၁။ဦးဘရီ ၂။ဦးသာမော် ၃။ဦးထွန်းမောင် ၄။ဦးဖိုးကျန် ၅။ဦးဖိုးသန့် ၆။ဦးလှပွင့် ၇။မရွှေလှ ၈။မချစ်ပု တို့ဖြစ်ကြကုန်၏။
၎င်းတို့(၈)ယောက်ထဲမှ ဦးဘရီမှာ ချွေးတပ်စခန်း၌ ငှက်ဖျားသင့်ပြီး မသွားနိုင် မလာနိုင် ဖြစ်နေရှာသည်။သေခါနီးအချိန်၌ ရေဆာလှသဖြင့် ဦးလေးတော်သူ ဦးဘညွန့်အား ရေတစ်ပေါက် လောက် ခပ်တိုက်စမ်းပါ ဟုတောင်းရာ ရေခပ်မပေးနိုင်ဘူး။သေသွားလည်း မြစ်ထဲ ကန်ချလိုက်ရုံပဲဟု ဆဲဆိုသည်ဟု ဆို၏။အနှီဦးဘရီလည်း ရေကလည်း မသောက်ရ အားအင်ကလည်း ကုန်ခမ်းသည်ဖြစ်၍ ထိုနေရာ၌ပင် အသက်ထွက်သွားရှာချေ၏။အနှီဦးဘရီသည် နောက်ပိုင်းတွင် ဇီးပေါက်ရွာ၌ပင် ဦးဖိုးဝင်း+ဒေါ်အေးငိုတို့၏ သားအဖြစ်ပြန်လည် ၀င်စားလာ၏။ ယခင်ဘ၀ဟောင်း ကို ပြန်လည်မှတ်မိရကား ဦးဖိုးဝင်း၏သား ကိုကြွယ်အောင် ဖြစ်လာခဲ့သည့်တိုင်အောင် ဘ၀ ဟောင်းက ဦးလေးတော်စပ်ခဲ့ဖူးသည့် ဦးဘညွန့်အား မျက်နှာချင်း မဆိုင်ချင်လောက်အောက် မုန်းတီးနေသည်ဟု ဆို၏။သူရေခပ်မတိုက်ခဲ့သဖြင့် သေရသည်ဟု ဆို၏။အနှီ ဦးကြွယ်အောင်မှာ လူ့ဘ၀ပြန်လည်မရောက်မှိ ဘ၀ဟောင်းမှ မိခင်ဖြစ်သူ ဒေါ်ပျိုမိအိမ်၌ နွားဘ၀တစ်ကြိမ် ဖြစ်ခဲ့သေးသည် ဆို၏။နိဗ္ဗန်မရောက်သေးသရွေ့တော့ ဤသို့ဤနှယ် သံသရာ လည်နေကြရဦး မည်သာ။
ချွေးတပ်စခန်းမှ မသေပဲ ပြန်ရောက်လာသူ အချို့မှာ ဦးမြတင်၊ဦးဘညွန့်၊ဦးမြင့် ၊ဦးဘအေး၊ ဦးဘထူး၊ဦးစောမောင်၊ဒေါ်ချစ် စသည်တို့ဖြစ်ကြကုန်၏။ပြန်ရောက်လာသူများမှာလည်း အကောင်း ပကတိ ပြန်ရောက်လာသူကား မရှိသလောက်ပင်။ထုံနရှပ်စွဲသူ၊ငှက်ဖျားရောဂါရသူ၊၀ဲစွဲသူ စသဖြင့် ရောဂါဘယပေါင်းစုံတို့၏ နှိပ်စက်မှုကို ခံကြရကုန်၏။မည်သို့ဆိုစေ အငတ်ငတ်အပြတ်ပြတ်နှင့် ရောဂါပေါင်းစုံ၏နှိပ်စက်မှုဒါဏ်၊ဂျပန်တို့၏ ညှင်းပန်းနှိပ်စက်မှုဒါဏ် စသည့် ဒုက္ခပေါင်းစုံကြားမှ သေကံမရောက်သက်မပျောက်ပဲ ရွာသို့ ပြန်ရောက်ရောက်လာနီုင်ကြသည်မှာ ကံ အတော် ကောင်းသည်ဟု ဆိုရချေတော့မည်။ယခုသော်ကား ပြန်ရောက်လာသူများထဲမှ နောက်ဆုံး တစ်ယောက်ဖြစ်သည့် ဦးမြတင်ပင်လျင် လွန်ခဲ့သော နှစ်အနည်းငယ်က သေဆုံး သွားချေ၏။ သူမသေခင် ရွာရောက်သွားပြီး အင်တာဗျူးကလေး လုပ်ထားမိ၍သာ သိလိုသည်များ သိခွင့် ရလိုက် သေး၏။အားလုံး ကောင်းရာသု၈တိ လားကြပါစေဟုသာ ဆန္ဒပြပါ၏။
ဆက်လက်၍ ချွေးတပ်၌ သေဆုံးသွားကြသော ပုဂ္ဂိုလ်တို့၏ ဆွေမျိုးသားချင်းတို့ကို နှောင်းလူတို့ သိရှိစေနီုင်ရန် ရေးပါအံ့။
၁။ဦးဘရီ
ဦးဘရီကား ဦးဘသီ၊ဦးဘအီတို့၏ အကိုအကြီးဆုံးပင်။လူပျိုကြီးဘ၀ဖြင့် ချွေးတပ်၌ သေဆုံး သွားချေ၏။
ဦးကျောက်တင်+ဒေါ်ပျိုမိ
၁၊ဦးဘရီ
၂။ဒေါ်ပြောင်းမေ ၃။ဒေါ်မိစိန် ၄။ဒေါ်စိန်ရွှေ ၅။ဒေါ်ငွေစိန် ၆။ဦးဘသီ ၇။ဦးဘအီ။ ၈။ဒေါ်မိသန်း
xxxxxxx
၂။ဦးသာမော်
ဦးသာမော်မှာ ဒေါ်အေးငြိမ်း၏သားဖြစ်ပြီး သူနှင့် ညီအကိုအရင်း ဦးထွန်းမောင်မှာလည်း အတူတူ ချွေးတပ်၌ သေဆုံးကြရရှာ၏။ဦးသာမော်မှာ နောက်ပိုင်း၌ ဇီးပေါက်ရွာ ဦးညို+ဒေါ်မိခင်တို့၏ သား မောင်စက်မြင့် အဖြစ် ပြန်လည် ၀င်စားလာသည်ဟု ဆိုသည်။
ဦးသာမော်+မအိမ်တင်
၁။ဦးအောင်ပု(ရဲဘော်ဖြူ/သေ) ၂။ဒေါ်ထွေးကြည်+ဦးကြိုင်/ဦးဖိုးးကျား ၃။ဒေါ်ထွေးရင်+ဦးဘခင် ၄။ဒေါ်ထွေးခင်+ဦးပြောင်းမောင်
xxxxxxxx
၃။ဦးထွန်းမောင်+မလှရေ
၁။ဦးတင်ပု+ဒေါ်မိမှတ် ၂။ဦးစစ်လှိုင်+ဒေါ်သိန်းကြည်/ဒေါ်စန်းကြည်
Xxxxxxxxxx
၎။ဦးဖိုးကျန်
ဦးဖိုးကျန်ကား ဦးတိုးနီ+ဒေါ်အေးမိတို့၏သား ဦးဖိုးဥာဏ် ဦးဖိုးဟန်တို့၏ညီအရင်းပင်။
ဦးတိုးနီ+ဒေါ်အေးမိ ၁။ဦးဖိုးဟန်+ဒေါ်လှမေ ၂။ဦးဖိုးဥာဏ်+ဒေါ်အိမ်မြင့် ၃။ဦးဖိုးကျန်+ဒေါ်အေးရင်----ဒေါ်ခင်မြင့်၊ဦးဖိုးပြား ၄။ဦးဖိုးစံ+ကန်ကလေးကုန်းသူ ၅။ဦးဖိုးရံ(လူပျိုကြီးသေ/စိတ်ရောဂါဝေဒနာရှင်)
Xxxxxxxxxxxx
၅။ဦးဖိုးသန့်
ဥိးဖိုးသန့်ကား ဒေါ်အေးကို့၏မောင်၊ဒေါ်မိခင်၏ အမျိုးသားပင်။ဦးဖိုးသန့် ချွေးတပ်၌ သေဆုံး ချိန်တွင် သမီးဖြစ်သူ ဒေါ်စစ်မြိုင်မှာ မိခင်ဖြစ်သူ၏ ဒေါ်မိခင်၏၀မ်း၌သာ ရှိသေးချေ၏။ဦးဖိုးပြားနှင့် ဘ၀တူများပင်။ မိတဆိုး၊ဖတဆိုးကလေးများပင်။စစ်ဒါဏ်ကြောင့် မိခင်ဖခင်ကိုပင် မမြင်ဖူး လိုက်ရှာ ကြချေ။
Xxxxxx
၆။ဦးလှပွင့်(လူပျိုကြီး)
ဦးလှပွင့်မှာ ဦးထွန်းအေး+ဒေါ်ချိန်မှီတို့၏ သားဖြစ်ပြီး လူပျိုကြီးဘ၀ဖြင့် ချွေးတပ်၌ သေဆုံးရှာသည်။
ဦးထွန်းအေး+ဒေါ်ချိန်မှီ
၁။ဦးလှမောင်+ဒေါ်လှအိုးကွဲ---ဦးမြစိန်၊ဒေါ်မြရှီန် ၂။ဦးငကြွက်+ကန်ကလေးကုန်း ၃။ဦးလှပွင့် ၄။ဦးလှရှိန်(ချမ်းသာရွာ)
Xxxxxxxxxx
၇။မရွှေလှ
ဒေါ်ရွှေလှကား ဖိုးရဲကျား၏ဇနီး ဒေါ်ရွှေင၏ ညီမပင်။ရွာထဲမှ ဦးအောင်ပေါဆိုသူ၏ မယားငယ်ဖြစ်ပြီး ဦးစောဖေဟူသော သားတစ်ယောက်ကျန်ခဲ့လေသည်။
ဒေါ်ရွှေလှ+ဦးအောင်ပေါ
ဦးစောဖေ+ဒေါ်အုန်းရှင်
Xxxxxxxxxxx
၈။ဒေါ်ချစ်ပု
ဒေါ်ချစ်ပုမှာလည်း အနှီဦးအောင်ပေါဆိုသူ၏ ဘယ်နှစ်ယောက်မြောက် အငယ်အနှောင်း မှန်းမသိချေ။မမိသိန်း၊ဦးးသိန်းမောင်နှင့် မမိခွေးဆိုသော သားသမီး သုံးဦးကျန်ရစ်၏။ဒေါ်မိသိန်းမှာ မှော်တောကုလားနှင့် ရသွားပြီး ဒေါ်မိခွေးမှာ သစ္စေးပင်လှရွာသို့ အိမ်ထောင်ကျလေသည်။
ဒေါ်ချစ်ပုမှာ သူကြီးဦးဖိုးချစ်၏ မယားငယ်ဖြစ်သူ ဒေါ်ရွှေဇင်၏ ညီမဖြစ်သည်။ယခုလက်ရှိ ဇီးပေါက်ရွာ ဒေါ်မိညို။ဒေါ်မိပိုတို့၏ အဒေါ်တော်လေသည်။
ဤသူတို့သည်ကား ဂျပန်ချွေးတပ်၌ သေဆုံးခဲ့ကြကုန်သော ဇီးပေါက်သူ ဇီးပေါက်သား တို့၏ မှတ်တမ်းပင်တည်း။ကျနုပ်မှ မှတ်တမ်းမတင်လျင်လည်း မည်သူမျှ သိရှိကြတော့မည် မဟုတ်ချေ။သို့ဖြစ်၍ ကျနုပ်သည်လည်း နှောင်းလူတို့ သမိုင်းတစ်စိတ်တစ်ဒေသကို သိရှိနိုင်ကြစေရန် ရည်သန်လျက် မှတ်တမ်းတင်ရခြင်းပင် ဖြစ်တော့သည်။

သမိုင်း

ကျနုပ်ဖခင်ကြီးပြောပြသော ဂျပန်ဒရိုင်ဘာကြီး ချမ်းဘောတ
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွါးလေသော် ကျနုပ်ဖခင် ဦးအေးမောင်ကား ကိုးနှစ်သားအရွယ်ပင်။သူ့မိခင်ကလည်း သေဆုံးပြီးစ မိတဆိုးကလေးပင်။ ဖခင်ဖြစ်သူ ဦးမြင့်ကလည်း သူနှင့် အတူမနေ။ဝမ်းကွဲ အကိုဖြစ်သူ ဦးရွှေရင် ၊ဦးရွှေတုတ်တို့အိမ်၌ ဝိုင်းလုပ်ဝိုင်းစားနေလေ၏။ဖခင်မှာ
လည်း ချွေးတပ်စခန်းသို့ ကူလီခေါင်း အဖြစ် ပါသွားပြန်သေးရာ ကျနုပ်၏ ဖခင် ဦးအေးမောင်မှာလည်း မိခင် သေဆုံးသွားသော်လည်း ဖခင်နှင့် အတူမနေရရှာချေ။ယခုလက်ရှိ အိမ်နေရာ၌ ဖွားအေဖြစ်သူ မဖွားချစ် နှင့်သာ နေရလေတော့သည်။
ဖခင်ကြီးပြန်လည် ပြောပြချက်အရ ဆိုသော် သူတို့အိမ်ရှေ့ ကွက်လပ်၌ အုန္နဲပင်ကြီးတစ်ပင် အုပ်အုပ် ဆိုင်းဆိုင်းကြီး တစ်ပင်ရှိသည် ဆို၏။
ဂျပန်ဗိုလ်ကြီး ထွန်းမီသသည်ကား ရွာသို့ ဂျစ်ကားကလေးဖြင့် ခဏခဏ လာသည်ဆို၏။သူ၏ကားဆရာကား ချမ်းဘောတဟုခေါ်သည်။ချမ်းဘောတသည် ဇီးပေါက်ရွာသို့ လာလေလျင် စူ့ကားကို ဖခင်ကြီးအိမ်ရှေ့ရှိ အဆိုပါ ပိန္နဲပင်ကြီး အောက်၌ အမြဲထိုးထား လေ့ရှိသည်။အပင်ကြီးက ကြီးမား အုပ်ဆိုင်းသဖြင့် အင်္ဂလိပ်လေယာဉ် ကျွဲညီနောင်တို့ မမြင်နိုင်စေရန် ဖြစ်သည်ဆို၏။
သူ့ဆရာ ထွန်းမီသကား သူကြီး ဦးဖိုးချစ်၏သမီး ဒေါ်ရွှေသင့်ကို မျက်စိ ကျနေသည်ဆို၏။ဂျပန်ဗိုလ်ကြီးကား ကားရပ်သည်ဆိုလျင် သူကြီးအိမ်ဘက်သို့ တောက်လျောက်ထွက်သွားတော့သည်။ကားဆရာ ချမ်းဘောတကား ကားစောင့်ရင်း ဖခင်ကြီး အိမ်၌ သာ အမြဲနေရသည် ဖြစ်လေရာ ကိုနှစ်သားအရွယ် မောင်အေးမောင် ကလေးအား အတော်ကလေး ချစ်ခင် ရှာသည်။သူလာတိုင်း လိမ္မော်သီး စသဖြင့် စားစရာတစ်ခုခု ယူလာ ပေးလေ့ရှိသည် ဆို၏။မည်သည့် စားစရာမှ မပါလာ၍ ပေးစရာ မရှိလျင် ဂျစ်ကားထဲမှ ဓာတ်ဆီကို ထုတ်ပြီး ပေးတတ်သည်ဆို၏။ကျနုပ်
ငယ်စဉ်က မိခင်ဖခင်တို့အား ဂျပန်ခေတ်အကြောင်းမေးလေလျင် ဖခင်ကြီး ပြောပြသော သူငယ်စဉ်က ဂျပန်ခေတ်အကြောင်း သူမှတ်မိသရွေ့ သို့ကလို ပြောပြလေ့ရှိသည်။

သမိုင်း

ဒုတိယကမ္ဘာစစ်အတွင်းတွင် ကျနုပ်၏မိခင်ကြီးကား ခြောက်နှစ် ခုနစ်နှစ်အရွယ်ပင်။မိခင်ကြီးမသေခင်က မေးမြန်းကြည့်ဖူးရာ အင်္ဂလိပ်ဗုံးကျဲ လေယာဉ်ပျံများလာလျင် သူ့အဖေက ပုန်းကျင်းထဲ ပြေးကြဆိုသဖြင့် ဗုန်းခိုကျင်းထဲ ဝင်ပြေးရပုံ။ဗုံးခိုကျင်းမှာ ကျင်တွယ်ပုံသဏ္ဍာန်ရှိပုံ ဗုံးခိုကျင်းထဲ၌ အမြဲလိုလို ခေါင်းအုံးတစ်လုံးနဲ့ နေခဲ့ရပုံ လေယာဉ်ပျံများ နိမ့်နိမ့် ကလေး ထန်းတဖျားကျော်ရုံမှ ပျံသန်းနေတတ်ပုံ စသည်တို့ကို မှတ်မိနေကြောင်းပြောပြလေသည်။
ထိုအချိန်က ရွာထဲမှ ဒေါ်ခင်ညိုတို့မှာ အပျိုပေါက်အရွယ်ပင်။တစ်ညတွင် ဒေါ်ခင်ညိုတို့တစ်တွေ ရွာ့မြောက်ဘက် နတ်ကြီးတောအနီးရှိ မြေပဲကုန်းတွင် မြေပဲဆွတ်နေကြ သည်။ ညအချိန်ဖြစ်သည့်အတွက် မီးဖိုလေဘေးတွင် ဝိုင်းဖွဲ့၍ လေးငါး ဆယ်ယောက် ဝိုင်းဖွဲ့ကာ စကား တပြောပြောနဲ့ မြေပဲဆွတ်နေကြ ခြင်းပင်။ထိုအချိန်တွင် ကျွဲကြီးခေါ် နာမည်ကြီး အင်္ဂလိပ် ဗုန်းကျဲ လေယာဉ်ပျံက ဂျပန်စစ်တပ် စခန်းချ နေသည်ဟု ထင်ကာ နိမ့ိနိမ့် ကလေး ပျံဝဲလာပြီး စက်သေနတ်နဲ့ ယမ်းချေ တော့သည်။ဒေါ်ခင်ညိုတို့လည်း ဒရောသောပါး ထပြေးရချေ တော့သည်။ကံကောင်းထောက်မ၍ မည်သူမျှ ထိခိုက်မှု မရှိချေ။ အင်္ဂလိပ် လေယာဉ်ပျံတို့ကား မီးရောင် မြင်လျင် စက်သေနတ်ဖြင့် ဝင်ဆွဲ လေ့ရှိ သည်ဆို၏။ယခုတော့ အဆိုပါ ဒေါ်ခင်ညိုလည်း သက်ရှိထင်ရှား ရှိသေးလားမမေးမိခဲ့တော့။ယခင်တစ်ခေါက် ရွာရောက်စဉ်က ငယ်စဉ်က ပြေးခဲ့ကြရပုံကို အမှတ်တရ ပြန်ပြောသဖြင့် ယနေ့ခေတ် ရွာမှ ကလေးသူငယ်များ အဖိုးအဖွားတို့ ငယ်စဉ်က ခေတ်အခြေအနေကို သိရှိနိုင်ကြစေရန် မျှဝေပေးခြင်းသာ။


ဗဟုသုတ

ဇီးပေါက်ရွာ၏ သူကြီးအရိုးဆက်စာရင်း
ဇီးပေါက်ရွာ ဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်းပုရပိုက်များထဲမှ ဇီးပေါက်ရွာ သူကြီး အရိုးဆက်စာရင်းကို ကံအားလျော်စွာ ရှာဖွေတွေ့ရှိခဲ့လေ၏။ ဤပုရပိုက်များမှာ ဘုန်းတော်ကြီး ဦးက၀ိ၏ ကောင်းမှုကြောင့် မီးရှို့မခံရပဲ အကောင်းပကတိ ကျန်ရစ်လေ၏။ပုရပိုက်များ၏ မူလ တည်ရှိရာအရပ်မှာ ကန်များကျောင်း ဖြစ်၏။အဆိုပါ ကျောင်း၌ သီတင်းသုံးခဲ့ဖူးသော ဆရာတော် ဦးသီလ၀ံသသည် သစ်ရာပင်ရွာသစ်ရွာသို့ ပြောင်းရွှေ့ကျောင်းထိုင်တော်မူရာ မိမိမြတ်နိုးသော ပုရပိုက်များကိုပါ ယူဆောင်လာပြီး ကန်ကလေးကုန်းရွာရှိ ဆရာတော်၏မိဘများထံ၌ ထားရှိခဲ့ လေသည်။၎င်းပုရပိုက်များကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြရာ ဥိးဖိုးခို၊ထိုမှတဆင့် သားဖြစ်သူ ဦးတိုက်ဦးက ဆက်လက်သိမ်းဆည်းထားရာ အိမ်ထဲတွင် အမှိုက်ရှုပ်သည်ဆိုပြီး မီးရှိုပစ်ရန် စီစဉ်နေစဉ် ဘုန်းတော်ကြီး ဦးက၀ိနှင့် တွေ့ပြီး ဦးက၀ိမှ ပုရပိုက်များကို သူ၏ကျောင်းသို့ ယူဆောင်ကာ သိမ်းဆည်းထား၍သာ ကျွန်ုပ်တို့တစ်တွေလည်း ဖတ်ရှုခွင့် ရကြပေတော့သည်။ကျေးဇူးကြီးလှပေ၏။ဤပုရပိုက်များသည် သမိုင်းအမွေအနှစ်များ ဖြစ်၍ လွန်စွာမှပင် တန်ဖိုးကြီးလှပေသည်။
အဆိုပါပုရပိုက်များထဲမှ ကောင်းနိုးရာရာ ပုရပိုက်များကို ဆရာတော် ဦးသီလ၀ံသထံမှ သရက်ခါးကျေးရွာ ဘုန်းတော်ကြီးကလည်း ယူဆောင်သွားကြောင်း သိရှိရသဖြင့် သရက်ခါးကျောင်းသို့ လိုက်လံစုံစမ်းရာ အဆိုပါ ဘုန်းတော် ကြီးကျောင်း၍လည်း အနည်းငယ်သာ ကျန်ရှိတော့လေ၏။အဆိုပါ ဘုန်းတော်ကြီးကျောင်းမှတဆင့် မရမ္မိ ကျောင်း။ သရက်ရင်းကျောင်းသို့ ဆက်လက်ရှာဖွေရာ မရမ္မိကျောင်း ဆရာတော်မှ မြေခုရွာ ဘုန်းတော်ကြီးကျောင်း၌ မြောက်မြားစွာ ရှိကြောင်း သိရှိရသဖြင့် အတော်ကလေး ၀မ်းမြောက်မိ၏။သို့သော်ငြားလည်း သရက်ရင်းကျောင်းသို့ ရောက်သော် ဘုန်းတော်ကြီးက အမိန့်ရှိသည်မှာ မြေခုရွာဘုန်းတော်ကြီးကျောင်း၌ရှိခဲ့သော ပုရပိုက်များမှာ ဘုန်းတော်ကြီးမှ အမှိုက် ရှုပ်သည်ဆိုကာ အားလုံးကို မီးရှို့ပစ်လိုက်ပြီး ကြွင်းကျန်ရစ်သော ပြာများကို ဘုရားတွင် ဌာပနာပစ် လိုက်သည် ဆိုသဖြင့် ကျွန်ုပ်တို့လည်း ခဲလေသမျှ သဲရေကျ ဆိုသကဲ့သို့ပင်။
သို့နှင့် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းလာရောက်ဖတ်ခဲ့ဖူးသည်ဟုဆိုသော မြန်မာဘုရင် လက်ထက်တော် အခါက ရွှေအလယ်ကြောင်းဆိုင်ရာ သမိုင်းအမွေအနှစ် ပုရပိုက်မှတ်တမ်းများလည်း နိဌိတံ သွားချေတော့၏။ သမိုင်း၏ အမွေအနှစ်များဖြစ်၍ နှမြေတသ ဖြစ်ရချေတော့၏။ဝမ်းနည်းဖွယ်ရာပင်။
ဇီးပေါက်ရွာ ဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်းပုရပိုက်များအဆိုအရ ရွှေအလယ်ကြောင်း တွင် ရွှေကျင် ၁၃ရွာ ရှိခဲ့လေရာ မြေခုရွာမှာ ရွှေကျင် ၁၃ရွာ၏ခရိုင်စီရင်စု အကြီးအကဲ ဖြစ်လေ၏။ ရွှေမှူးနှင့် မြေခုရွာသူကြီးတို့်သည် ရွှေအလယ် ကြောင်း၏ အဓိကကျသော ပုဂ္ဂိုလ်များပင် ဖြစ်လေ၏။ထို့ကြောင့် မြေခုရွာဘုန်းတော်ကြီးကျောင်း၌ရှိခဲ့သော ပုရပိုက်များမှာ မည်သည့်နည်း နှင့်မဆို ရွှေကျင် ၁၃ရွာသမိုင်းအတွက် ပိုမို အသုံးဝင် အဖိုးတန်မည်မှာ မလွဲချေ။ ရှေးဟောင်း သုတေသီတို့ အရောက်အပေါက်နည်းခြင်း၊ယခင်က သွားရေးလာရေး ခက်ခဲခြင်း၊ဒေသခံပုဂ္ဂိုလ်တို့ အကြားအမြင် ဗဟုသုတနည်းပါးခြင်း စသည့် အကြောင်းကြောင်းတို့ကြောင့် သမိုင်း၏ အဖိုးတန်အမွေအနှစ်များလည်း မီးရှို့ဖျက်ဆီးခြင်းကို ခံရလေတော့သည်။ ၀မ်းနည်းဖွယ်ရာပင်။
ဆိုခဲ့သည့်အတိုင်း ဇီးပေါက်ရွာ ဘုန်းတော်ကြီးကျောင်းမှ တွေ့ရှိခဲ့သော ရှေးဟောင်း ပုရပိုက် များထဲမှ ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်းကို ဖော်ပြထားလေသည့် ပရပိုက်တစ်ခုကို တွေ့ရှိရ လေသည်။ အဆိုပါအရိုးဆက်စာရင်းကို ပုရပိုက် မူရင်းအတိုင်း ဖော်ပြရသော်
ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်း
သူကြီး ဘိုးးကော်လှ
သူကြီး သား ဘိုးဘု
ညီ ဘိုတင် ၁

၁ ဘိုတင်
သား ဘိုးလှောံ
သား မောင်ထွန်းဝ ၁မ
၁မ
၁မ
သူကြီး ဘိုးဘု
သား သူကြီး ဘိုးရွ
------------------------------------------------------
မယား ရှင်ဝက်
သမီး ရှင်ဘဲ
လင် မောင်ကျွယ်ဝ
သား မောင်ရန်နု
အကို မောင်ရန်နိုင်





------------------------------------------------------
ဦးရွ
နှမ ရှင်မြိုင် သား ငထွဋ်
ညီမ လှိုင်
လင် မောင်ကူ သား------



ဦးရွှေဇ
သား မောင်ကူ
မယား ရှင်လှိုင် ၁


ဘုရားကျွန်တော် ရွှေအလည်ကြောင်းရွှေစုပါ ရေအကျင်၁၃ရွာအ၀င် ဇီးပေါက်ရွာသူကြီးငကော်လှ ရွှေဘွားတော်မြတ် ရှိခိုးသံတော်ဦးတင်ပါဘုရား။ကျွန်တော်မျိုးကျေးရွာမှာ ကျေးထန်းသား ငမွှေဘော် ငသာအေး ငအုပ် ငရှန် ငမွှေခိုင်တို့နှင့် လူ၅၀ကျော်သားတို့က သူကြီးကျေးငွေပိုမို စားယူကြောင်း ဆိုင်ရာကျီဝန်အိမ်ဦးမှာ လျောက်တင်ပြောဆိုကြရာ ကျေးထတ်းတို့က ကျေးငွေပိုမိုစားယူအောင် မပြောဆိုနီုင် ရှုံးနိမ့်၍ ကျေးထန်းလူ၅၀ကျော်သားတို့ မညိမ်မသက် တမြို့တရွာသို့ တိန်းရှောင် ထွက်ပြေးပါသောကြောင့် အခွန်ငွေတော်များကို မပေးမဆောင်နှိုင်ရှိပါသောကြောင့် ထွက်ပြေးသည့် ကျေးထန်းတို့လုပ်ဆောင်သည့် လယ်ရာဦးရင်ချံမြေများတောသစ်ဝါးများကို သိမ်ယူရောင်းပေါင်ပါ အကြိုးတော်မယုပ်မလျော့စေရ နှစ်စင်ဆက်သွင်းပါရအောင်ဘုရား သနားတော်မူပါမည်အကြောင်း ရွှေဘွားတော်မြတ်အောံ ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။
ဇီးပေါက်ရွာသူကြီးငကော်လှ သံတော်ဦးတင်ချက်အတိုင်းမှံလျင် အကျိုးတော်အခွန်တော် မရုပ်မလျော့ စေရ ထွက်ပြေးသည့်ကျေးထန်း ငမွှေဘော် ငသာအေး ငအုပ် ငရှန် ငမွှေခိုင်တို့နှင့် လူ၅၀ကျော်သားတို့ ဇီေးပါက်နယ်မြေရှိ လုပ်ဆောင်သည့် လယ်ရာဦးရင်ချံမြေတောသစ်ဝါးများကို ဇီးပေါက်ရွာသူကြီးငကော်လှက သိမ်းယူ ရောင်ပေါင် အခွန်တော်ငွေတော်များကို နှစ်စင်မပျက် ဆက်သွင်းစေ။
သက္ကရာဇ်၁၁၅၅ခုနတော်လ္ဆန်း၆ရက်နေ့ထုပ်ပျံတော်မူသည့်အမိန့်တော် သံတော်ဆင့် ကုန်းစွာရွာစားမင်း နေမျိုးသင်္ခရာမှတ်

ဤအမိန့်တော်စာချွန်အရဆိုသော် သူကြီးဦးကော်လှမှာ ၁၁၅၅ခုနှစ်တွင် ဇီေးပါက်ရွာ၏ သူကြီးဖြစ်နေကြောင်း သိရှိရသည်။

ဗဟုသုတ

ပုရပိုက်ထဲမှ ရှာဖွေတွေ့ရှိရသော ထိမ်းမြားမင်္ဂလာပြုအပ် မပြုအပ်သောလများ
အမျိုးသားတို့ မှတ်သားကြွယ်လူ တကူးကဆုံ ထိမ်းမြားတုံမူ ပြည့်စုံကြွယ်ဝ ချမ်းသာရ၍ နေလဖော်စုံ လနယုံမူ ဆွေစုံနှင့်သာ ကြည်သာစိတ်ဝမ်း ရွှင်လမ်းမေတ္တာ ချစ်ကြည်ရာ၏။လူ့ရွာပြော်ထွဋ် သီတင်းကျွတ်မူ လူနတ်ရဟန်း ရွှင်လန်းပြင်ညီး သားသမီးနှင့် စည်ပြီးလူ့ထံ ကောင်းစွာစံအံ့။မိုးယံအဆုံး တဆောင်မုန်းမူ အသုံးအဆောင် အိမ်ထောင်ခန်းနား စပါးရေဆံ ပြည့်စုံမှံ၏။ဇီဝန်စိုရွှဲ တပို့တွဲမူ ပုလဲသန္တာ ရတနာရွှေငွေ လက်ယက်ရေသို့ များထွေကုံလုံ လွှန်ပြည့်စုံသည် လူ့ဘုံထင်ရှား အမျိုးသားတို့ ထိမ်းများရာလှ ဤချောက်လကို မှတ်ကျဆောင်ကုန်ရာသတည်း။မှတ်သားနောင်လာ မျိုးလေးဖျာတို့ ၀ါခေါင်ဝါဆို ထိမ်းမြားလိုမူ မိမ္မတို့မှာ ဖျားနာသေပြောံ ဘေးထိရောက်၏။ထို့နောက်တော်သလင်း ဆောင်တွင်းနတ္တော် ထိမ်းမြားသော်မူ ပုတ္တဓိတာ သားသမီးလျင်ဖြစ်ရာမရှိ သေပြောံဘိ၏။ချမ်းဘိနှင်းစို လပြာသိုမူ ယွင်းယိုဥစ္စာ မကျာပြက်စီး ကိုယ်တီးချေသာ ဖြစ်လေရာရှောင်း လတပေါင်းတွင် ထိမ်းမြားခြင်သော် သေကင်းရှင်းကွာ ဖြစ်လေရာသည် မှန်စွာမချွတ်မယွင်းတည်း။
အခါနာရီ ချင့်တွက်လီအံ့ ထုံးမှီဤသို လင်္ဂာပြိုကာ လူတို့မြက်စိ တမှိတ်ရှိက တခဏသာ မှံလှစွာ၏။ဆယ်ခါခဏ တဏယတည်း။နရဆယ်ခါ တခရာလျင် ခယာဆယ်တန် တပြံဟူပေ တသွေဆိုဟံ တပြံခြောက်လီ တဗီဇနာ မှန်လှစွာ၏။ဗီဇနာအား တဆဲ့ငါးမူ တပတ်ဟူ၏ ပတ်မူ၎လီ တနာရီတည်း။နာရီခြောက်ဆယ် တရက်ဝယ်တည်း။ရက်၃၀ကို တလဆို၏။ထိုထိုကြွင်းမဲ ရေတွက်ခဲသော် တဆဲ၂လ တနှစ်ရ၏။ကာလရှည်မှီ တနာရီတွင် ထွက်ဝင်အသက် သင်္ချာတွက်သော် ၀င်သက်တို့မှာ ၃၆၀ ထွက်သက်ဝယ်လည်း ထို့နှယ်လည်းကောင်း ဖြစ်တုံရှောင်းသည် မြဲကြောင်းမှတ်စေ ကုန်သတည်း။

သဲထိတ်ရင်ဖို

ဒါးမကိုလွယ်။တူရွင်းတစ်ချောင်း ထမ်းလျက် တလပေါက်တောသို့ အိုင်ကြီး မြောက်ဘက်ရှိ ယာခင်းကို ကြည့်ရှုရန် ထွက်လာခဲ့သည်။
အိုင်ကြီးဘက် မရောက်ခင် ဦးဖုန်းချို၏ တောမြောက်နားအရောက်တွင် လူသွားလမ်းက မြောင်းကလေးထဲမှ ဖြတ်သွားရသည်။ကိုခင်အောင်တစ်ယောက် ထိုမြောင်းကလေးထဲမှ လျှောက်အလာ မျက်နှာချင်းဆိုင်မှ ဖြတ်လာသော သစ်တစ်ကောင်နှင့် ပက်ပင်းတိုးချေ၏။ဘယ်ဘက်မှလည်း ရှောင်ကွင်းပြေးစရာကလည်း မရှိချေ။ ထိုကျားသစ်ကလည်း ညဘက်အစာ ရှာရာမှ အိပ်တန်းသို့ ပြန်လာဟန် တူ၏။
သို့ကလို ကျားသစ်နှင့် လူ ပက်ပင်း ဆုံကြလေသော် အရင်ဦးသူက သာစတမ်းဆိုသလို ကျားသစ်လည်း လူပေါ်သို့ ခုန်အုပ်လေ၏။လူ့ ကံများ ကလည်း ထူးဆန်းလှချေတကား။ကျားသစ်က လူ၏ ခေါင်းပေါ်သို့ ခုန်အုပ်လိုက်သော် ကိုခင်အောင်၏ခေါင်း၌ ဆောင်းထား သော ခမောက်သည် မျက်လှည့်ပြ လိုက်သကဲ့သို့ ကျားသစ်ကြီးခေါင်း၌ စွပ်မိနေချေ၏။မေးသိုင်းကြိုးကလည်း ကျားသစ်၏ခေါင်းနောက်သို့ ချိတ် လျက်ရှိနေပြီး ခမောက်မှာလည်း ကျားသစ်ကြီး၏ မျက်နှာရှေ့တည့် တည့်၌ မျက်နှာကို အုပ်လျက်ရှိလေ သည်။ခမောက်ကြီး ခေါင်းစွပ်နေ သဖြင့် ကျားသစ်ကြီးလည်း ဘာမှ မမြင်ရတော့ချေ။
ကိုခင်အောင်လည်း ရသည့်အခွင့် အရေးကို မလွတ်တမ်း အသုံးချ လိုက်ရတော့သည်။ခါး၌ လွယ်ထား သော ဓားမကို ပြာယိပြာယာ ထုတ်ခါ ကျားသစ်ကြီးအား ခုတ်သတ် လိုက်ရ တော့သည်။သူသေကိုယ်သေ တိုက် ခိုက်ရသည့်အတွက် သနားညှာတာ နေ၍ မဖြစ်ချေတကား။ လူ့ဖုန်းလူ့ကံ သည် ထူးဆန်းလှချေ၏။
ကျနုပ် စဉ်းစားမိသည်မှာ ကျားသစ်က လူကိုခုန်အုပ်လိုက်သော် ကျားသစ်၏ လက်သည်းရှည်များသည် ခမောက်ထဲသို့ ဆူးဝင်သွားချေမည်။ထိုအခါ လက်သည်းများ စူးနေသော ခမောက်ကို ကျားသစ်ကြီးသည် ဦးခေါင်းဖြင့် ထိုး၍ အဖြုတ် မေးသိုင်းကြိုးက ခေါင်းနောက် သို့ရောက်သွားပြီး ကးသစ်ကြီးမှာ ခမောက်ဆောင်းထားသကဲ့သို့ ဖြစ်သွားဟန်တူလေသည်။
မည်သို့ပင် ဆိုစေကာမူ ကံတရား၏ဖေးမမှုကြောင့် ကိုခင်အောင်တစ်ယောက် အသက်ဘေးမှ ကြံကြံဖန်ဖန် လွတ်မြောက်လာခဲ့၏။အနှီဦးခင်အောင်ကား ယနေ့တိုင် သက်ရှိထင်ရှား ရှိချေသေး၏။မယုံလျင် သွားရောက် မေးမြန်းကြလေကုန်။

သဲထိတ်ရင်ဖို

လူဝံကြီးတစ်ကောင် မဟာမြိုင်တော ဘက်ကနေ မျက်စိလည်လမ်းမှားပြီး အင်းပက်လက်ရွာဟောင်းအနီး ယခု မောင်းဦးကုန်းရွာ တောင်ဘက်ရှိ တောစပ်တွင် ရောက်ရှိနေသည်။ တောသတ္တဝါများကား တစ်ခါတစ်ရံ ဤကဲ့သို့ မျက်စိလည်လမ်းမှားကာ လူတို့ရပ်ရွာအနီး ရောက်လာတတ် ကြသည်။တစ်ခါတစ်ရံ ရွာထဲဝင်လာ တတ်ကြသည်။ထိုအခါ ရွာသားများ ကား တောကောင်များ တောသမင် များ ရွာထဲဝင်လျင် ရွာနာသည်ဆိုကာ ဝိုင်းဝန်း ရိုက်သတ်ချက်စား ကြတော့ သည်။
ကျနုပ် ခုနစ်တန်းနှစ်ကလည်း မနက် စောစော ရွာ့အနောက်ဘက်က တော ကို အသွားတွင် ရွာ့အပြင်ဘက် ကပ် လျက်တွင် ကျားခြေရာများကို တွေ့ လိုက်ရသည်။ထိုအချိန်က ကျားဆို သည်မှာ ရွာမုံတောင် တွေးတီရွာ နားတွင်သာ ရှိတတ်သည်။သို့ဆိုလျင် ဤကျားခြေရာကြီးများကား ရွာနှင့် ဆယ့်လေးငါးမိုင်ဝေးသော ထိုဒေသ တွေမှ ကျားကြီးများ မျက်စိလည်၍ ရောက်လာချေသလော။မစဉ်းစား
တတ်တော့ချေ။ယခုသော်ကား ကျား မပြောနှင့် တောကြောင်တောင် တွေ့ဖို့ မလွယ်ချေ။ ယုန်ဆိုသည်မှာ လည်း ရွာနားမရှိတော့ချေတကား။
ယခုလည်း လူဝံကြီး လူတို့ရပ်ရွာနား မျက်စိလည်ကာ ရောက်နေချေ၏။ သူ့ရပ်သူ့ဒေသသို့ မည်သို့ပြန်ရမည် ကိုများ မသိချေတော့သလား မသိ ချေ။ဆိုခဲ့သည့် ရွာပျက်နားရှိ တောစပ် အနားတွင်သာ ယောင်လည်လည် ဖြစ်နေရှာသည်။အင်းပက်လက်ရွာဟောင်းကား ညောင်ရမ်းမင်တရားကြီးလက်ထက်မှသည် သီပေါမင်းလက်ထက်ထိ ဘုရင့်ထံ ရွှေခွန်ဆက်သရသော ရွှေအလယ်ကြောင်းရှိ ရွှေကျင် ၁၃ရွာ တွင်ပါဝင်သော ရွာကြီးတစ်ရွာပင်။ ယခုကား ဘုရားအိုတစ်ဆူသာ ကျန်ရှိ တော့သည်။အဆိုပါ လူဝံကြီးလည်း ဘုရားပျက်အနောက်နားရှိ တောစပ် ကလေးတွင် ကွန်းခိုကျက်စားနေ လေသည်။
ရွာသစ်ကုန်းရွာသားများ မည်သူက သတင်းပေးလိုက်သည်မသိ။လူဝံကြီး အကြောင်း အနံ့ရသွားကြချေပြီ။မုဆိုးတစ်ပိုင်း ရွာသားများ ဓားလှံကိုယ်ဆီ ဆွဲကိုင်လျက် လူဝံလိုက်ရန် တောလိုက်ခွေးများ ခေါ်လျက် ထွက်လာခဲ့ကြတော့သည်။အင်းပင်လက်ရွာနား ရောက်သော် ပါလာသည့် ခွေးတို့က လူဝံနဲ့ရသည်နှင့် အတင်းလိုက်ကြတော့သည်။လူဝံကြီးလည်း အသက်လွတ်ရာလွတ်ကြောင်း ပြေးရင်းလွှားရင်း မိုးအခါ ရွာသားများ စည်ပတုံးချောင်းမှ ရေသွယ်ယူကြသည့် ယုကြောင်မြောင်းထဲ ရောက်သွားကာ မြောက်းတလျောက်ပြေးတော့သည်။အဆိုပါ မြောင်းကြီးကလည်း လူကြီးလက်ခုပ်တစ်ဖောင် နက်သည်။လူဝံကြီး သို့ကလို မြောင်းထဲကနေပြေးတော့ လှံကိုင်ထားသည့် ရွာသားတစ်ယောက်က ရှေ့ကနေ ပြေးနှင့်ပြီး လူဝံကြီးအလာကို လှံနှင့်ထိုးရန်စောင့်နေသည်။လူဝံကြီးလည်း အနားရောက်၍ လှံနှင့်ထိုးရန်အလုပ် သူရပ်ထားသည့်နေရာက သဲက ပြိုကျပြီး ထိုလူလည်း မြောင်းပေါင်ပေါ်မှ လျောကျကာ လူဝံကြီးရှေ့ တည့်တည့်ကျသွားတော့သည်။လူဝံကြီးကလည်း သူ့ရှေ့ကျလာသော လူအား ကြောက်အားလန့်အားနှင့် လက်သည်းများဖြင့် ကုပ်ချလိုက်သည်။သွားရှာချေပြီ။ထိုလူလည်း လူဝံကုပ်ဖောက်လိုက်၍ မျက်လုံးတစ်ဖက် ထွက်သွားချေ၏။လူဝံကြီးကား နောက်ရန်ကိုလည်း ကြောက်ရသဖြင့် ထိုလူအား ကုပ်ပြီးသော် အနောက်ဘက်သို့ ဆက်လက်ပြေးသွားပြီး စည်ပတုံးချောင်းကို ကျေည်ကာ မဟာမြိုင်တောဘက်သို့ ဆက်လက်ထွက်ပြေးသွားတော့သည်။
အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်း ဆိုချေ၏။မိမိတို့ရချင်သည်ကိုသာ ကြည့်ပြီး မဖိတ်ခေါ်ပဲ ရောက်လာတတ်သော အန္တရာယ်ကို မမြင်သဖြင့် မျက်စိတစ်လုံး ဆုံးရချေသည်။သဗ္ဗေသတ္တာ ကမ္မသကာပဲလေ။
( ကျနုပ် တစ်တန်းနှစ်တန်း ကျောင်းသားဘဝမှ ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်ဇ်ာလမ်းကလေးပင်)

Friday, December 11, 2015

ဘ၀ဇာတ်ခုံ

၁၉၉၂နှောင်းပိုင်း ၁၉၉၃ နှစ်ဦးပိုင်း လောက်ကပေါ့လေ။ကျုပ်လည်း တက္ကသိုလ်တက်ဖို့ ကျောင်းစားရိတ် ကလေးရဖို့ လုံးခင်းနဲ့ ဖားကန့် ပြေးတဲ့ စက်ျလှပေါ်မှာ စက်လှေ စပယ်ယာလုပ်ပြီး ရှာဖွေနေရတဲ့ အချိန်အခါသမယပေါ့။လက်သမားတစ်နေကုန်လုပ်မှာ ၂၀၀ ပဲရတဲ့အချိန် စက်လှေပေါ်လိုက်တော့ ဖားကန့် လုံးခင်းအသွားအပြန်တစ်ခေါက်သွား
ရင် ၂၀၀ ရတယ်။ကျုပ်နဲ့ လှေမောင်း တဲ့ ကုလားခေါ်တဲ့ သန်းထွန်းဆိုတဲ့ ပိုင်ရှင်သမက်ကလည်း အတွဲက ညီတော့ တစ်ရက် ၂ခေါက်အနည်း ဆုံးရတော့ ကျုပ်အတွက် လက်သမား လုပ်တာထက် ပိုကိုက်သပေါ့လေ။ကျုပ် တက္ကသိုလ်သာ လာခဲ့ရတာ ငါရှာခဲ့တဲ့ငွေက လောက်မှလောက် ပါ့မလား။တိုးလိုတန်းလန်းနဲ့ပဲ ပြန်ပြေးရလေမလားနဲ့ တွေးပူနေရ သကိုး။တက္ကသိုလ်ဘဝ ကောင်း ကောင်းမပျော်နိုင်ပါဘူး။ ကြားထဲမှာ
ငွေပြတ်သွားရင် ဘယ်သူ့ဆီကမှ အကူအညီတောင်းမရနဲ့ ကျုပ်မှာလည်း စိတ်တထင့်ထင့်နဲ့ တက်ခဲ့ရရဲ့။ပထမနှစ်ပြီးတော့ စာရင်းပေါင်းကြည့်မှ ကျုပ် ကျောင်း စားရိတ် ၈၀၀၀ ပဲကုန်သကိုး။ အဲသည်ကျမှ သည်ငွေလောက်တော့ ဖားကန့်မှာ ငါရှာလို့ရတာပဲ ဆိုပြီး စိတ်အမောသက်သာရတော့တယ်။
အဲသည် လုံးခင်းက စက်လှေပေါ်လုပ်နေတော့ တစ်ရက်မှာ ကျုပ်နေတဲ့အိမ်က ဂျစ်ကားက စစ်တပ်က ချောဆွဲလေရော။လုံးခင်းမှာ အဲသည်တုန်းက ကားကလည်း လက်ချိုးရေလို့ရတဲ့အချိန်ကိုး။ဗျူဟာမှူးရှေ့တန်းလာစစ်မှာမို့ ဟတ်စကီး ဆင်းရင် ဗျူဟာမှူး နဲ့ လိုအပ်ရင် လိုက်ပေးဖို့ရာတဲ့ဗျ။ဂျစ်ကားမောင်းတဲ့သမက်အငယ်ကောင် မောင်နိုင် ကလည်း ငါ့ကားစပယ်ယာမရှိဘူး။ မင်းလိုက်ခဲ့ဦးကွ ဆိုလို့ ကျုပ်လည်း စက်လှေစပယ်ယာဘဝက ခနတဖြုတ် စုတေပြီး ဂျစ်ကားစပယ်ယာဘဝကို တစ်ခနတာ ပြေားင်းခဲ့ရသကိုး။ ဟတ်စကီးက လုံးခင်းကျောက်စိမ်း ရုံးနားက ရှေ့တန်တပ်ရင်း တောင် ကုန်းအခြေက စာသင်ကျောင်းဝင်း
ထဲ ဆင်းလာတယ်။ကျုပ်တို့လည်း ဂျစ်ကားပေါ်ကို ဟတ်စကီးပေါ်က ပါလာတဲ့ အထုတ်တွေအပိုးတွေ လက်ဆောင်ထုပ်တွေ တင်ပြီး သူတို့ခိုင်းတဲ့နေရာတွေ လိုက်ပို့ ပေးရသပေါ့လေ။မောင်နိုင်က အထုပ်ထဲကပါလာတဲ့ အသီးတွေ မုန့်ထုပ်တွေ နှိုက်ပြီး သူ့ တူးဘောက်ထဲ ထည့်တယ်။ငါတို့ ကားခက တစ်ပြားမှမရဘူးကွ။ အလကားလိုက်ရတာ။ဘာမှ မရတဲ့အတူတူ ရတာယူထားမယ်ကွတဲ့။ကျုပ်ကိုလည်း မင်းစားချင်တာ ယူထားတဲ့။ကျုပ်လည်း ပန်းသီး နှစ် လုံးသုံးလုံးလောက် ကောက်နှိုက်ထား ရတယ်။အဲသည်ခေတ်က အထမ်း အပိုးနဲ့ သွားရတဲ့ခေတ်ဆိုတော့ အစားအသောက်ကလည်း ဈေးက အင်မတန်ကြီးသကိုး။
အဲသည်လို ဟတ်စကီးလည်း ဆင်းပြီးရော ရှေ့တန်းက တာဝန်ခံ ဗိုလ်မှူးနဲ့ လေယာဉ်မှူးတို့ ပါတဲ့ပစ္စည်းစာရင်းအပ်ကြတယ်။ပြီးတော့ တာဝန်ခံ ဗိုလ်မှူးကို လေယာဉ်မှူးက ယောဉ်ဆီနှစ်ပေပါတောင်းတယ်။ကျုပ်ကတော့ ဟတ်စကီးထဲ ထည်မလို့ လား အောက်မေ့ပါတယ်။ ဘယ်ဟုတ်ပါ့မလဲကွယ်။မြို့ထဲက လောပန်းဆီ နှစ်ပေပါစလုံး ရောင်းစားသွားသဟဲ့။လောပန်းနဲ့ သူ့အဖွဲ့ကလည်း ယူလာတဲ့ ဂျစ်ကား ပေါ်တင်ပြီး မောင်းထွက်သွားလေရော။
ကျုပ်လည်း စိတ်မချမ်းမသာနဲ့ တိုင်းပြည်ဘဏ္ဍာတွေ သွားရှာပါပေါ့ လားဟဲ့ အိပ်ကပ်ထဲ လို့ တွေးပြီး စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့ရသပေါ့လေ။
ကြုံပလေ ဘုံဗွေပေါ့လေ။သခင်တင်မြစကား ငှားသုံးရရင်ဖြင့် ဘုံဘဝမှာ ကြုံရပါ ပေါ့လေ။ှ

ဖိုးရဲကျား(၁၂)

ဖိုးရဲကျား(၁၂)
ထန်းရည်လှိုင်လှိုင်ပေါသောနွေအခါသမယဆိုလျင် ဖိုးရဲကျားကား ညနေတိုင်ကျလျင် တောင်ဝှေးကလေး တတောက်တောက်နှင့် ရွာရိုးကိုးပေါက် ပတ်တော့သည်။သူ့အိမ်မှ တောင်ဖက်ကို စထွက်လျင် ကျုပ်အဒေါ် ဒေါ်မိစိန်၏အိမ်။အဲသည်ကနေ ကျုပ်တို့အိမ်။ကျုပ်တို့အိမ်ကျလျင် သူက အကြာဆုံး။ကျုပ် စိတ်ဝင်စားမှန်းသိတော့ ပုံတိုပတ်စကလေးကအစ ဆေးမီးတို အလယ် အတိတ်နိမိတ် တဘောင် အဆုံး ရောက်မိရောက်ရာ ပြောချေတော့သည်။ကျုပ်မိခင်ကြီးကလည်း အဘိုးကို အတော်ကလေး ခင်ရှာ၏၊အဖိုးလာလျင် ထန်းရည်ခါးအိုးကို သန့်သန့်ရှင်းရှင်း ပြုလုပ်ပြီး အမြည်းကလေးပါ ချပေးတတ်သည်။ဖိုးရဲကျားကလည်း ရင်ဖွင့်စရာရှိရင် ကျုပ်အမေကို ပြောလေ့ရှိ၏။သူ့သမီး မိဖြူသေပြီး သမီး မိမဲ မလိမ်မိုးမလိမ်မာ ဖြစ်သည်ကိုလည်း ကျုပ်အမေကို မျက်ရည်ကလေး ၀ဲပြီး ပြောတာကို သတိယမိသေးရဲ့။ကျုပ်တို့အိမ်ကနေမှ ရွာ့တောင်ဘက်ရိုး ကနေ တပတ်ပတ်သွားလိုက်တာ အိမ်ပြန်လည်းရောက်ရော ဖိုးရဲကျား ရေချိန်ကိုက်ပေပြီ။ဤကား ဖိုးရဲကျား ထန်းရည်ခါးသောက်နည်းပင်။
တစ်ခုသော ညနေ၌ ဖိုးရဲကျား ဒွေးကြီး မိစိန်အိမ်၌ ထန်းရည်ခါးလေးနှင့် ဆက်ရက်မင်း စည်းစိမ်တွေ့နေချေ၏။ထိုအချိန်၌ ဒေါ်မိစိန်တို့ အုပိစုက ဆူညံဆူညံဖြင့် သုံးလေးယောက် တောက်ဘက်သို့ ထွက်ပြေးကြ၏။အဖိုးက ဘာဖြစ်လို့တုန်းမေးတော့ သူ့သား လားရှိုဘက် လွှဆွဲနေရာက လွှကန်ထရိုက်က ပိုက်ဆံ မပေးလို့ စောင့်နေခဲ့ရတာ သည်နေ့မှ ပြန်ခဲကြတယ်ဆိုလို့ ပြေဲးကြိုကြတာတဲ့ အဖိုး လို့ ပြောနေတုန်း သုံးလေးနှစ်အရွယ်ကလေးလေးက တောင်ထဲကနေ အတင်းငိုပြီး ဖိုးရဲကျားတို့ ရှိရာဘက်ကို ၀င်ပြေးလာပါလေရော။
အဲသည်တင် ဖိုးရဲကျားက မယုံရင် သွားမေးချေပါဗျာ၊ငွေက မရခဲ့ပါဘူးဗျ တဲ့။
ခဏနေတော့ ဒေါ်မိစိန်တစ်ယောက် သူ့သားဆီက ပြန်ရောက်လာပါတော့တယ်၊ကန်ထရိုက်က ထွက်းပြေးသွားလို့ ငွေက မရခဲ့ဘူးတဲ့။
အတိတ်နိမိတ်ကောက်တဲက ပညာတွေပေါ့လေ။သည်ခေတ်ထဲတော့ သိတဲ့လူ ရှားသွားပြီ။

ဖိုးရဲကျား(၁၃)

ဖိုးရဲကျား(၁၃)
ငယ်တုန်းကတော့ ဖိုးရဲကျားက ကျုပ်တို့အိမ်လာလည်ရင် ငါ့မြေး ဒါလေးမှတ်ထားစမ်းကွဲ။ဟိုဟာလေး မှတ်ထားစမ်းကွဲ့။ဒါလေးတော့ ကျက်ထားစမ်းကွဲ့ တဲ့။
အိမ်ထဲ မစိုက်ကောင်းတဲ့သစ်ပင်တွေ အကျက်ခိုင်းထားတာ။အာဠာဝက ဘီလူးကြီး ကဿဖဘုရားရှင်လက်ထက်က ကျက်လာတဲ့ ဂါထာတွေ ဂေါတမဘုရားရှင်လက်ထက်ရောက်တော့ အမေးဂါထားသာ မှတ်မိပြီး အဖြေဂါထာတွေ မေ့နေလို့ မြတ်စွာဘုရား ဖြေခိုင်းရသတဲ့။ကျုပ်တော့ အာဠာဝကထက် ဆိုးနေပါပေါ့။မစသတ်မေ့နေတာ ဖော်လို့မရဘူး။ဘာပဲဖြစ်ဖြစ်လေ မစိုက်ကောင်းတဲ့ အပင်တွေ သိရင်လည်း ပြီးတာပါပဲ။
အိမ်ရှေ့မှာ ညောင်
အိမ့်တောင်မှာ ငှက်ပျော
အနောက်မှာ လက်ပံ
မြောက်မှာ ဒန်းပန်း သပြေ မရှိစေနဲ့။
ရှိစေသော်ငြား
ဥစ္စာပြုန်းတီး လင်ကြီးကွာရှင်း
သည်နားတင် မေ့နေတာပဲ။ပြီးရော အဖိုးရေ အစဖော်မရတော့ဘူး။

ဘ၀ဇာတ်ခုံ

ဖားကန့်မှာ မြေပြိုလို့ ရေမဆေး ရှာနေကြတဲ့ ကလေးတွေ သေကုန် ကြတယ်ကြားတော့ စိတ်ကို နည်းနည်းမှ မကောင်းဘူး။ ကျုပ်တူတော်မောင်တွေ အတော် များများကလည်း ရေမဆေးရှာပြီး အသက်မွေးဝမ်းကျောင်းနေကြရှာရဲ့။တိုင်းပြည်ဆင်းရဲတော့ လူတွေလည်း အသက်ဘေးနီးမှန်းသိရက်နဲ့ ရုန်းကန်နေကြရရှာတာပေါ့။ရှိတဲ့အဆီအနှစ်က ခရိုနီတွေ တရုတ်တွေ အကောင်ကြီးတွေပဲ မျိုဆို့ သွားကြပြီး တိုင်းပြည်ကိုတော့ ဆင်းရဲတွင်းထဲ ပစ်ချထားခဲ့ကြတယ်။ဒင်းတို့သံသရာကောင်တွေ သံသရာ မပါဘူး ထင်နေတယ်ထင်ပါ့။ခံကြပါလေ မျောကြပါလေ သံသရာကြော။
၉၀ ခုနှစ် ဆယ်တန်းအောင်တော့ မိုးကောင်းလက်သမား လုပ်နေရာက တက္ကသိုလ် စားရိတ်ရချင်လို့ လူပြော များလှတဲ့ ဖားကန့်ကို သီတင်းကျွတ်ပြီးစ ကန်ကလေးကုန်းက ကိုကြည်
လင်း က ထည့်ပေးလိုက်လို့ ဒေါ်နန်းပု ဆိုတဲ့ရှမ်းမကြီနဲ့ အာ့ဖန်ဆိုတဲ့ ကချင်မလေးနဲ့ လိုက်သွားရတယ်။ လမ်းမှာ သုံးညအိပ်ရရဲ့။ နန့်တိမ်း ရောက်တော့ ကေအိုင်အေ အကောက်စခန်းက အကြီးကြီး။အဲသည်မှာ ငွေ၄၅ကျပ်နဲ့ ဆန်တစ်ဗူး ပေးရရဲ့။ အာ့ဖန်က ကချင်လိုပြောပေးတော့ ပျုပ်လည်း မစစ်အဆေးမရှိ ဖြတ်ခွင့် ရသပေါ့လေ။ဒါနဲ့ ဖားကန့်ရောက် သွား နန့်မဖြစ်ရွာမှာ ညီအကိုဝမ်း ကွဲတွေ ကုန်စိမ်းထမ်းနေတာနဲ့ သွားနေပြီး ကုန်စိမ်ထမ်းရတယ်။ တစ်လကျော်ကျော်လောက် လုပ်တာ အလုပ်က နေ့တိုင်းမဖြစ်နဲ့ဆိုတော့ ငွေကလည်း မစုမိဘူး။ဒါနဲ့ ဖားကန့် ကြီးမှော်ထဲ ခေါက်စားထမ်းမယ်ဆိုပြီး ကန်ကလေးကုန်းက ဖိုးမှိုင်းနဲ့ ထွက်လာကြတယ်။တိုင်လေးလေးတိုင်ခုတ် ဂုံနီအိတ်တွေ။သစ်ကိုင်းတွေကာ မြေကြီးပေါ် မြက်ခြောက်တွေခင်းပြီး အိပ်ခဲ့ရရဲ့။သိကြားမင်းရဲ့ ပဏ္ဌု ကမ္ဗလာ မြကျောက်ဖျာ မဟုတ်ပဲ ဆရာမှိုင်းရဲ့ ပံသုကမ္ဗလာ မြက်ခြောက်ဖျာပေါ် စက်တော်ခေါ်ခဲ့ရပေသပေါ့လေ။ဘဝဆိုတာလည်း ဤသို့ရှိခဲ့ချေသည်တမုံ့။
ခေါက်စားထမ်းတော့ ကျောက်တွင်းထဲ လှေကားထစ်အတိုင်း အထစ်တစ်ရာ လောက်ဆင်း မြေစာတွေ စောကူ လို့ခေါ်တဲ့ ဂေါ်တောင်းထဲထည့် နှစ်ပြလောက်ဝေးတဲ့ ဥရုချောင်းဘေးသွားသွန် တစ်ခေါက်မှ တစ်ကျပ်။ကျောက်ခဲကြီးတွေသယ်ပစ်ရင် ခေါက်စားစားရေးကို လုံကမ္ဘာလို့အော်ပြောခဲ့ရင် နှစ်ကျပ်ရတယ်။တစ်နေ့လုံး လုက်မှ ဘာရမတုန်း အလွန်ဆုံး ၁၂၀ နဲ့ ၁၅၀ကြားပေါ့။ဒါတောင် ကျုပ်အများဆုံးရယ်။ဖိုးမှိုင်းနဲ့ ကိုတင်သိန်းတို့ ဦးဒေါနတို့ကတော့ ခေါက်စားစားရေးကို ပိုက်ဆံပေးပြီး ခေါက်ရေခိုးသတဲ့။တစ်နေကုန်ရင် ၁၂၀တော့ ရကြသပေါ့လေ။ကျုပ်ကတော့ ပြောပါတယ်။ငါ အဲသည်လို လုပ်စားဖို့ ဝါသနာမပါဘူး။အချောင်လည်း မရချင်ဘူး လို့ပြောပြီး ကိုယ့်လုပ်အားနဲ့ရတာလေးပဲ ယူခဲ့တယ်။သံသရာ မပါချင်ပါဘူး။အခုဂိုက်လိုက်တော့ ဧည့်သည်ကြည့်ချင်တယ်ဆို ပို့လိုက်တယ်။မကြည့်ချင်ရင် မပြတော့ဘူး။အနည်းပါး ရရင်လည်း လှူပစ်လိုက်တာပဲ။သမ္မာအာဇီဝထဲ ပါတယ် မထင်ပါဘူး။ဆက်ရန်
အဲသည်အချိန်တုန်းက ဖားကန့်ကြီးမှော်
နေရာအကောင်းဆုံးနေရာမှာ မောင်ကျော်ဘရဲ့ ကျင်းတွေက နေရာယူထားသပေါ့လေ။သံဆူးကြိုးတွေကာလို့ သူ့ကျင်းသားတွေပဲ စလောင်းတီဗွီနဲ့ ဇိမ်ကျနေတဲ့ခေတ်ကိုး။
သည်လိုနဲ့ ကျုပ်တို့ခေါက်စားသမားလေးတွေ ရုန်းကန်လာခဲ့ကြရတာ။သံတူရွင်းနဲ့ တူးတဲ့ခေတ်ဆိုတော့ ရေမဆေးရှာတဲ့လူဆိုတာ ဘယ်ရှိပါလိမ့်မတုန်း။နေ့လည်ခင်းကျတော့ ကျင်းကမ်းပါးရံကြီး ခေါင်းပြုပြီး အိပ်စက်နားနေကြပေါ့။
တစ်နေ့ဟာတော့ ကမ်းပါးယံကြီး ပြိုကြလာလိုက်တာ။အစကတဲက ကျောက်ခဲအသေးလေးတွေက ကျကျလာတာ။ဒါနဲ့ မသင်္ကာတော့ အိပ်နေတဲ့လူတွေက ထပြေးလာကြတယ်။ခနနေတော့ ဝုန်းကနဲ ပြိုကျပါလေရော။ခေါက်စားသမာျးတွ အိပ်တဲ့နေရာတည့်တည့်ပါ့။ကံကောင်းလို့။ပြေးချိန်ရလိုက်လို့။နေ့ခင်လည်း နေ့ခင်မို့ အရိပ်အယောင်သိပေလို့။နို့မို့ဆို လူတစ်ရာကျော်ပါသွားရော့မည်။ကျုပ်ကတော့ အဲသည်လို ကမ်းပါးယံနား ယောင်လို့တောင် မကပ်ခဲ့ဘူး။အစကတဲက ပြိုချေသော် ဆိုတဲ့ အတွေးနဲ့။အကယ်၍သာ အဲသည်တုန်းက မြေပြိုလို့သေခဲ့ကြရင် အဲသည်ဟာက ပထမဆုံး ဖြစ်ချေမည်။ကံကြီးကြပေလို့ပေါ့။
ဟိုနေ့က ကလေးတွေကြတော့ ညသန်းခေါင် အိပ်မောကြနေချိန်ဆိုတော့ ပြေးချနိလည်းမရ သိလည်းမသိလိုက်ကြ။ကိုယ်ချင်းစာပါ၏။နေ့လည်ပိုင်း အလုပ်ပင်ပန်းတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာကြမည်။အိပ်ပျော်ယင်း ထာဝရ အိပ်စက်သွားရှာကြသည်။ကောင်းရာသုဂတိ လားကြပါစေလို့သာ ဆန္ဓပြု တောင်းဆုချွေပါ၏။ဘဝဆက်တိုင်း သည်အဖြစ်မျိဖုးနဲ့ ကင်းဝေးနိုင်ကြပါစေ။ဝဋ်ကြွေးရှိခဲ့ကြရင်လည်း သည်မျှနဲ့ ကျေကြပါစေကွယ်။

ဘ၀ဇာတ်ခုံ

၁၉၉၁ခုနှစ်ရဲ့ မိုးရာသီ သမယမှာပေါ့လေ။ဆရာမှိုင်းလည်း ဘဝတစ်ကွေ့မှာ မိုးကောင်းမြို့မှာ တက္ကသိုလ်မဖွင့်ခင်စပ်ကြား ကျောင်းစားရိတ်ကလေးများ စုမိလိုစုမိငြား လက်သမားလုပ် ရုန်းကန်နေရသပေါ့။ဘယ့်နှယ်လုပ် ကျောင်းစားရိတ် စုမိနိုင်မှာတုန်း ရတဲ့ငွေနဲ့ ကုန်ကျစားရိတ် ကာမိအောင် မနည်းချွေတာ စားသောက်နေခဲ့ရဲ့။နေရတာက မိုးကောင်းမြို့ ဘူတာကြီးအရှေ့ဘက်က နောင်ကိုက်တော်ရပ်ကွက်ထဲက ဦးခင်အောင်တို့အိမ်။ရှမ်းနီတွေပေါ့။သူတို့အိမ် လက်သမားလုပ်ရင်း နေကြရတာကိုး။သူတို့တတွေက လွဲလောရွာမှာ နေတာဆိုတော့ အိမ်စောင့်ပေးရင်းနေရသပေါ့လေ။
တစ်ညတော့ ဘူတာကြီးအနောက်ဘက်က ဈေးကုန်းရပ်ထဲက ဗွီဒီယိုရုံက ပျဉ်းမငုတ်တို ဇာတ်ကားပြလို့ သူငယ်ချင်းတစ်ယောက်နဲ့ ညပိုင်း သွားကြည့်သပေါ့လေ။ဇာတ်လမ်းလေးက အထွဋ်အထိပ် ကောင်းခန်း လွမ်းခန်းရောက်လာ။ရဲဘော်မောင်တူး သေနတ်မှန်လို့ မိချိုရောက်လာတော့ ဆဲဆဲထင်ပါ့။ပေါ်တာ ပေါ်တာ တဲ့။
ဟိုက် သေပြီဟ။ဗွီဒီယိုရုံထဲဝင်ပြီး ပေါ်တာဝင်ဆွဲပြီဟ။
ဘာပြောကောင်းမတုန်း။နှစ်ယောက်သား နီးစပ်ရာ ပြူတင်းပေ့က်က ခုန်ချထွက်ပြေး ဝင်းထရံတွေကျော်ခွပြီး နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲဆိုပြီး ခွေးပြေးဝက်ပြေး ပြေးချလာလိုက်ရတာ။မြို့ဦးစေတီဘက်ကနေ ပတ်ပြီး နောင်ကိုက်တော်ရောက်အောင် ဘယ်လိုပြေးခဲ့မှန်းတောင် မသိပါဘူး။
အရေးထဲမှ ရေကလည်း ကြီးနေပြန်ရော။ရင်ခေါင်းလောက်ရှိတဲ့ ရေတွေထဲကနေ ဘယ်လိုလုပ် အိမ်ပြန်ရောက်လာမှန်းတောင် မမှတ်မိတော့ပါဘူး။အိမ်လည်းရောက်ရော။တစ်ကိုယ်လုံးလည်း ယားယံလို့။မယားပဲနေပါရိုးလား။မျှော့ အကောင် လေးငါးဆယ်လောက် တစ်ကိုယ်လုံး တွယ်နေလိုက်ကြတာ။လက်မလောက်ရှိတဲ့အကောင်ကြီးတွေ။သွေးတွေများဝလို့။ဗွီဒီယို အကြည့်ကောင်းလိုက်တာ ပေါ်တာအဆွဲခံရတော့မလို့။အပြေးကောင်းလို့ လွတ်လာလိုက်တာ။ကံကောင်းလို့။ကျုပ်အကိုရင်း အကြီးဆုံးကောင်ကတော့ နန့်စီးအောင်ဘူတာက အဆွဲခံရတာ ၂၁ရက်ကြာဆိုပါ့။ရော့ကက်လောင်ချာအလုံးကြီးထမ်းပြီး ရှေ့ဆုံးက သွားရတယ်တဲ့။လမ်းမရှိရင် သူက ဓားနဲ့ခုတ်ရှင်းပြီးမှ သွားရတယ်တဲ့။ကရင်ကြည်နယ်လို မြေမြှုပ်မိုင်းများရှိရင် ကျုပ်အကို ပြန်တောင်တွေ့ရမှာ မဟုတ်ဘူး။တစ်ခါကတော့ သည်အကိုပဲ ဆားမှော်နားက ကဝါးရံရွာမှာရောက်နေတုန်း ကေအိုင်အေက ရွာသားတွေ စစ်တပ်ကို ကူလို့ဆိုပြီး လာတိုက်တာ ရွာကပြည်သူ့စစ်နဲ့ တိုက်ကြတာ။ကျုပ်အကိုတော့ စားပွဲခြေထောက်ကြားထဲ ဝက်ဦးကုန်းပြီး ကျေးကန်ဘွားတော်ကြီးကယ်တော်မူပါ လို့ ဆိုနေရသတဲ့။အရေးအကြောင်း ဘုရားအမှတ်မရဘူး။ရွာက နတ် လှမ်းတနေသတဲ့။ကံကောင်းတာတစ်ခုက ကေအိုင်အေပစ်တဲ့ မော်တာကျည်က တဲတံစက်မြိကတ်မှာ ချိတ်နေပြီး မကွဲဖူး ဆိုပါ့။လူ့ကံများ တယ်ကြီးသကိုး။
ဝမ်းကွဲအကိုကောင်ကတော့ ပေါ်တာပါသွားတာ လမ်းမှာ ဟိုမေးသည်မေးနဲ့။မင်းတို့တိုက်ပွဲဖြစ်တာမြင်ဖူးသလာ လို့ ဗိုလ်ကြီးက မေးတယ်ဆိုပါ့။ဘယ်ကလာ ကျုပ်တို့ဆီ တန့်ဆည်နယ် စစ်သားတစ်နှစ်နေလို့ တစ်ယောက်မမြင်ဖူးဘူး။တိုက်ပွဲဆို ဝေးရော ဆိုတော့။မနက်ကျတော့ တိုက်ပွဲလေး ဘာလေးကြည့်ပေါ့ကွာ တဲ့။မနက်ကျတော့ ကေအိုင်အေစခန်း တက်သိမ်းတာ ကျုပ်အကိုတော့ ဝမ်းလျားမှောက်ပြီး အဖေကယ်ပါ အမေကယ်ပါ မြတ်စွာဘုရားကယ်တော်မူပါ တနေရသတဲ့။စခန်းလည်း သိမ်းပြီးရော ကြက်တွေဝက်တွေ ကြိုက်ရာ သတ်စားကြကွ လို့ ရဲဘော်တွေက ဆိုသတဲ့။
ဘဝတစ်ကွေ့ ရုံးကန်ခဲ့ရစဉ်က ပေါ်တာဆွဲလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာ မိုးကောင်း လုံးခင်း ဆိုင်းတောင် ဟိုအင်းတော်ကြီးဘေးက လုံးတုံ ။ကြုံပလေ ဘုံပွေတလွှားပေါ့လေ။ံ