Sunday, August 2, 2015

သခင်ကိုယ်တောမှိုင်း မှိုင်းဋီကာ(၁၂)

သခင်ကိုယ်တောမှိုင်း မှိုင်းဋီကာ(၁၂)
တိုင်းမြန်ပြည် ပြေခွင်တစ်ဝှန်းမှာဖြင့်
နှိုင်းစံမမှီ ရေပြင်လွှမ်းပါလို့
လှိုင်းထန်လို့ဟီကာ ရေတသွင်သွင် ကြမ်းတာကြောင့် 
အမယ်မင်း ကိုမင်းရာရေ 
မြန်မာပြည် မြေပြင်တစ်ပိုင်းတစ်ခြမ်းတောင် 
ဖေသခင်မှိုင်း စမ်းကာမရနိုင်တော့ဘူးဟဲ့။ ။
တကယ်ဘယာပိုအောင်လုပ်တဲ့ ဆည်ရာဇဂြိုဟ်ကြောင့်
ကလေးမြို့မှာ ပြေးဖို့တောင် မြေမရှိ
တစ်နာရီတစ်ပေ တက်တဲ့ရေကြောင့်
ဘယာသီကာ အခက်ပွေပြီး
ခေါင်မိုးပေါ် တက်နေကြတာမြင်ရတော့
ဘ၀င်ဝမ်းမှာ မရွှင်လန်းပါဘူး ကိုမင်းရာရယ်။ 

ကောလင်းချပ်သင်း ၀နေတစ်ခွင်မှာ
မျောချင်းထပ်အောင် အတင်းရွှေကျင်ကြတော့
မြေပြင်ကျယ်ကနေ ရေပင်လယ် ဘ၀ပြောင်းရှာလို့
အပေါင်းသဟာဆွေတသင်းမှာ
ထမင်းတောင် စားရရဲ့လား မသိပါဘူး ကိုမင်းရာရဲ့။
သဖန်းဆိပ်အောက်က ရွာတွေလည်း
အရမ်းမနိတ်ရှာပါဘူး
ရေဦး တန့်ဆည် ကန့်ဘလူနယ်တစ်ကွင်းမှာဖြင့်
မသွေထူးပါတယ်ကွယ်
ရေရူးရယ် အနှံ့တမူ ဆင်းတာကြောင့်
နယ်ရွာအတွင်းက လယ်ယာကွင်းတွေမှာဖြင့်
ကန်သင်းပေါင်ကို အလျင်းတောင် မမြင်ရဘူးတဲ့
ရွာယမင်းကညာတစ်သိုက်မှာဖြင့်
ထင်းရှာလို့တောင် စိုက်စရာမရှိပဲ
မမေ့စရာ ဘ၀မှာ တစ်သက်ကြုံရရဲ့
နေ့စာညစာပါ မချက်နိုင် အခက်ကြုံရသတဲ့ကွယ်။ ။
ရှမ်းကညာ မဒီအချောတို့ရဲ့ စခန်းသာသီပေါမှာလည်း
တံတားကျိုးတာကြောင့် လားရှိုးကို ရထားတောင် မထိုးနီုင်ရှာဘူး။
မော်လမြိုင်ဘက်ကလည်း အတော်မှိုင်ကာ အခက်ကြုံနဲ့
ရခိုင်တစ်ဝှန်းကလည်း မနိုင်ဝန်ထမ်းနေရသလို
မရွှင်သာပြီတကယ် တနင်္သာရီရယ်ကတစ်မျိုး
အမျိုးမျိုးရိုင်းလိုက်တဲ့ရေနှယ် ပဲခိုးဇိုင်းဂနီုင်းမြေပါ မြုပ်ပြန်ပြီတဲ့
စေတုတ္တရာလည်း ရေမြုပ်တာထဲ ပါပြန်ပြီဟဲ့
မုန်းချောင်းတမံကလည်း ကုန်းကြောင်းတစ်လျောက်လျှံလို့
တထင့်ထင့် အပူကဲနေရတဲ့
ပွင့်ဖြူနဲ့ငဖဲကိုလည်း ပင့်ကူလို့ ဆွဲကြပါဦးဟတဲ့
ဟာ ရွှေကျင်က ရေပြင်ဖြစ်သွားပြန်ပတဲ့
ကျောက်ဖြူဘက်ကိုလည်း ထောက်ကူဖို့ တက်ကြပါဦး
ဆန်တစ်အိတ် တစ်သိန်းနဲ့ဘယ်လိုမှ ၀ယ်ကိုမရလို့
အသေငိုစရာ မြေပြိုကာသွားတဲ့
ဟားခါးကလည်း လားလားမှ မကောင်းဖူးတဲ့
ဘုရားဘုရား ကိုမင်းရာရယ် အားမရှိစရာ
နားရှိလို့သာ ကြားမိပါတော့တယ်ကွယ်
အများပြည်သူ မချိစရာ အခြေအနေဆိုးကာ ခံချီးနေရသဟဲ့
မနိတ်ပြန် အတိတ်ကံဆိုးကို
တိုးလို့သာ ညိုးချင်လှသဟဲ့ဖေရိုးမကံ။

No comments:

Post a Comment