Thursday, August 6, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၄)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၄)
ဝိဋဋူပဘေးကနေ သာကီနွယ်ဖွားတွေ
မြန်မာပြည်နယ်တစ်လွှားကို
အမှောင်ခိုကာ အပြေးအလွှားကွင်းလာခဲ့ကြတာ 
တောင်ညို ၊ကလေးနားအဆင်းမှာ
မူရင်းရာဇဂြိုဟ်နဲ့ အမူအဆင်း မကွာသလို
ဘာမဆို တူပါတယ်ဆိုပြီး
ရာဇဂြိုဟ်နာမည်ကို ယူကာကွယ် အလွမ်းပြေအောင်လို့
စခန်းတွေ အဆောင်ဆောင်နဲ့ နန်းမြေထောင်ခဲ့ကြသတဲ့။
မဟာမြိုင် ၀နေတစ်ခွင်ကနေ
ရေတသွင်သွင်စီးကာလာတဲ့
မြစ်ကလေး နဒီကိုပါ နေရဉ္ဖရာရယ်လို့
ရွာရပ်ကို မှန်းကာဆ လွမ်းနာကျသမို့
အဆန်းနာမထုတ်ပြီး သမုတ်တော်မူခဲ့ကြသတဲ့။
နေရဉ္ဖင်္ရာ နေရဉ္ဖင်္ရာနဲ့
နာမည်လေးကတော့ နေချင်စရာပကွယ်
ရာဇဂြိုဟ်လည်းပဲ ဇရာအိုတဲ့အထိ တစ်ခါသာ ငိုပါရစေကွယ့်
သေချင်စရာကောင်းအောင် နေရဉ္ဖင်္ရာ နှင့်ပေါင်းဖက်ပြီး
အကြောင်းဆက်ကာ နှိပ်စက်လိုက်ပုံများတော့
အအိပ်ခက် အနေခက်နဲ့ ကလေးသားတွေမှာ
ပြေးလွှားစရာတောင်မြေမရှိဘူးတဲ့။
ရေပိုလွှဲဆိုတာကလည်း မအေကို ကိုင်တုတ်ပြီး ဆဲလိုက်ချင်စရာ
မဟာမြိုင်တစ်တောလုံးက သစ်တွေများ
ရောကြုံးလို့တစ်နေရောသလားပ
အပစ်တင်လို့ စောင်းချင်တာမဟုတ်ပါဘူး
စနစ်အသွင်က တကယ်မကောင်းတော့
ရယ်ပေါင်းညာခိုးတဲ့ ခရိုနီဆိုးတွေ
စိုပြည်ကာတိုးစေဖို့ အဖိုးတန်သစ်ပင်တွေ
အမြစ်ပင်မကျန်အောင် တူးဆွကာ ၀နေပြုတ်အောင်
အသေခုတ်ကြတော့ ရေစုပ်စရာအပင်ကမကျန်
ရေမြုပ်ကာလျှံတဲ့ဒါဏ်ကို ပြေမြန်မာတစ်ခွင်လုံး
သိမ်းကြုံးကာခံကြပေတော့လို့ သဘာဝတရားကြီးက
တမာမက ခါးသီးတဲ့ ပြစ်ချက်ကို ချလိုက်တော့
ရှစ်ရက်နှင့်တော့ လွတ်မယ်မဟုတ်ဘူး ကိုမင်းရာရဲ့ ။
ကျောင်သားတွေအတွက် ခေါင်းစားကာ အခက်တွေ့တော့
မျက်နှာညို အလိုမကျပြီး တက္ကသိုလ်တွေကို ဂြိုဟ်ကျကာ
သူမလာ ငါမရောက် အများမပေါက်နိုင်တဲ့
တစ်ယူဇနာ အကွာလောက်မှာ သွားဆောက်က
အဝေးကိုပြောင်းထားတော့ အရေးအကြောင်း
ဘေးဘယာခတော့ ပြေးစရာ ရှာမရပဲ
တရိပ်ရိပ် တတိတိနဲ့ တက်လာတဲ့ရေကြောင့်
အဆောင်ထဲမှာ ပိတ်မိပြီး ထောင်ထဲမှာ ကျနေသလို
သွားစရာက နိတ္ထိတံ စားစရာက ဗလာနတ္ထိ
သောက်စရာက ဘာမျှမရှိကြနဲ့
ဘ၀အခြေ မသွေရိုင်းကာ မရမနေ ရေကသိုဏ်းရှုပြီး
တုမရအောင်မောရှာပြီး ဥဒကတောဝါသင့်ရှာတဲ့
ကျောင်းသူလေးကျိပ်လောက်မှာလည်း
ခေါင်းပူကာ မှေးအိပ်လို့တောင် ရမယ်မထင်ပါဘူးကိုမင်းရာရယ်။
ရေဘေးစသင့်တဲ့ မြို့တွေကလည်း တနင်္လာနံစ ဗုဓ္ဒဟူးနံ ဆုံးချီးပ။
ကောလင်း ကျွန်းလှ ကန့်ဘလူ ကလေး တဲ့
အတိတ်တဘောင် နိမိတ်တစ်ခုတော့ဆောင်နေသယောင်ပ။
ကလေး ကလေးနဲ့ အခုမှတစ်ပြည်လုံး
တကယ် ကလေးဖြစ်သွားရှာပြီဟဲ့ ကိုမင်းရာရဲ့။
ကြုံတစ်သက်မှာတကယ် အကုန်ပျက်အောင်ပ
ယုံရက်စရာမရှိပေါင်ကွယ် မအေပေး ရေဘေးက နှိပ်စက်လေတော့
ကလေးသူငယ်ဘ၀ကနေ မနှေးတကယ်ပြန်ကာစရတော့မယ်ဟဲ့
ကံကြမ္မာမလှတဲ့ သည်အဖြစ်မျိုးကို
ပြည်မြန်မာမှာ သည်တစ်ခါသာ နောက်ဆုံးဖြစ်ပါစေကြောင်း
ဆုချွေကာသာတောင်းကြပါစို့ရဲ့ ကိုမင်းရာရယ်။ ။
ဆရာမှိုင်းလည်း အခါတိုင်းလို အိပ်မပျော်ဘူး ကိုမင်းရာရဲ့။
အပူပင် ရတက်ဖြာရပုံက
ဇမူတစ်ခွင် ရှက်စရာပင်ကောင်းတာမို့
အများတကာစိတ်ပါပါဆိုကြတဲ့
ဘုရားစာတရားစာပရိတ်ထဲကိုတောင်
ကန်တော့ပါရဲ့ ကိုမင်းရာရယ်
ရာဇတောဝါ ဥဒကတောဝါ စောရတောဝါ ခရိုနီတောဝါ
ဖွတ်ကြီးတောဝါ ဖွတ်ကလေးတောဝါ ရယ်လို့ 
ကန်တော့ပါရဲ့လို့ ပြောပါတယ်နော် ကိုမင်းရာရယ်
စိတ်ထဲကနေ ကျိတ်ခဲကာ ဆိုရရင် ကောင်းမလားလို့
ဆရာမှိုင်း ခေါင်းစားမိသေးတယ်ကွယ်။
ရေလျှံကာတစ်ပြင်လုံးဖုံးနေတဲ့ ပြေမြန်မာတစ်ခွင်လုံး 
ရာဇတောဝါ ဥဒကတောဝါ စောရတောဝါ ခရိုနီတောဝါ
ဖွတ်ကြီးတောဝါ ဖွတ်ကလေးတောဝါ
ဘေးဘယာအပေါင်းမှ ဝေးကွာညောင်းကြပါစေကြောင်း
တိုင်းတစ်ခွင်သာအောင် မှိုင်းသခင်ဆရာက
မေတ္တာစာခွေ ဆက်သကာချွေလိုက်ပါကြောင်း။

No comments:

Post a Comment