Friday, July 31, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ (၁၁)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ (၁၁)

တိုင်းမြန်ပြည် ပြေခွင်တစ်ဝှန်းမှာဖြင့်
နှိုင်းစံမမှီ ရေပြင်လွှမ်းပါလို့
လှိုင်းထန်လို့ဟီကာ ရေတသွင်သွင် ကြမ်းတာကြောင့်
မြေပြင်တောင် စမ်းကာမရနိုင်ဘု
အနေပင်ပန်းကာ အစားအအိပ်ပါခက်ကြရသမို့
မသေခင် ပရမ်းပတာဖြစ်အောင် အနှိပ်စက်ခံနေသလိုမျိုးနဲ့
မအေရိုးတွေ စံပြီးရင်းစံရအောင်
တို့ပြည်သူတွေ အခြေအနေဆိုးကာ ခံချီးနေရသဟဲ့
မနိတ်ပြန် အတိတ်ကံဆိုးကို
တိုးလို့သာ ညိုးချင်လှသဟဲ့ဖေရိုးမကံ။
စနစ်အခြေ အဟုတ်ဆိုးကာ မကောင်းတော့
သစ်တွေ ခိုးထုတ်ကာရောင်းစားတဲ့
အမျိုးမျိုး ရှုတ်ကာ ကောင်းစားနေတဲ့
ဂျပိုးတရုတ်မသာသူတောင်းစားတွေကိုတောင်
နှစ်နိုင်ငံ ချစ်ကြည်ရေး အမြစ်တည်ရေးကို
မချွတ်ထိန်းထမ်းကာထားရပါသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး
တသက်တကျွန်း ပြစ်ချက်ကို ရှစ်ရက်နှင့် လွှတ်သတဲ့
ရာဇ၀င် သမိုင်းတစ်သက်မှာဖြင့် ရိုင်းချက်က ကမ်းကုန်
အစွမ်းကုန်အောင် ရှက်စရာကောင်းပုံများ
မှိုင်းတစ်သက်မှာ တစ်ခါသာ အကြောင်းဆုံချင်သကွဲ့ ။
နှောင်းလာမယ့်ကလေးတိုင်းသိအောင်
တိုင်းမြန်မာ ဘ၀င်မှာ ငိုလောက်အောင်
မှိုင်းဆရာ လင်္ကာဆိုခဲ့မကွဲ့
ညမှိုလောက်တောင် သက်မရှေတယ် ရှက်သေစရာကောင်းတဲ့ တစ်ကျွန်း။
ညမှိုလောက်တောင် သက်မကြာတယ် ရှက်စရာကောင်းတဲ့ တစ်ကျွန်း။
သမိုင်းတစ်သက်မှာ နှိုင်းခက်စရာ ရှစ်ရက်လေးသာကြာတဲ့ တစ်ကျွန်း။
သမိုင်းတစ်ခောတ် ဆန်းသစ်ရစ် ဂင်းနစ်စံချိန်ကျိုးတဲ့ တစ်ကျွန်း။
ပြည်မြန်မာ ဥပဒေဟာဖြင့် သည်ကမ္ဘာမှာ အခုဖွေရှာရင် မောမဟဲ့
ဖေဆရာ အချုပ်တန်းပြောသလို ပြောရော့ဟဲ့ ရာဇ၀င်ယုတ်အောင်
တရုတ်ကောင်မြင်ရင် ဆလံသလို့
ပလူးရ ပြေးကြို့ခါခါ ခွေးသို့ပမာတဲ့
ဆရာဖေ ဥပမာသာ
ခုယူကာသာ ဆဲလိုက်ချင်တော့သကွယ် ။
မဆိုင်တဲ့အပေါက် ကလိုင်နဲ့ခေါက်ဆိုတဲ့ စကားပမာလို
သနားစရာ ရခိုင်လေးနှစ်ယောက်
နှစ်ပေါက်အောင် ယိုးဒယား အချုပ်ခန်းမှာ
ဆိုးဝါးစွာ မဟုတ်တန်းခံနေရတာတော့
တရုတ်ငရမ်းတွေလို ထုတ်လှမ်းဖို့ကြတော့
အဟုတ်ကန်းနေတဲ့ ငယုတ်ကန်းတွေက
နောဇာနာမိ ငါမသိတဲ့။
ဒါနဲ့များတောင် ကိုမင်းရာရယ်
အများပြည်သူ ထောက်ခံလျင်
နောက်တဖန်တောင် ဖြစ်ချင်ကြသေးသတဲ့။
ရှင်ရဟန်းတို့ ဆင်မြန်းဖို့ဆိုပြီး
ဝါဆိုသင်္ကန်းကပ်တာတောင် တဏှာအပို ၀င်သရမ်းတော့
အပင်ပန်းခံပြီး အသွင်ဆန်းအောင်
အာဏာရမက်ကို အခါခါမက်ရှာတော့
ကြာဖက်ကြာဖူးလေးနဲ့ ထူးအောင်လှူလိုက်ကြသေးသဟ
ကြားဖူးဆိုတဲ့ အတိတ်က
ဒင်းတို့တစ်တွေ အာဏာရူးမနေကြနဲ့ဟ
မကြာဘူးဆိုတဲ့ နိမိတ်ကို ပြသဟဲ့ ကိုမင်းရာရဲ့။
အသဲကြားက မဲတစ်ပြားတော့
လွဲမှားလို့တောင် ရမယ်မထင်နဲ့ဟဲ့
ငရဲကျားစကားကို ဆွဲငှားလို့ သုံးရရင်
အသည်းများနာလွန်းလို့ --ဗြဲပဲ စားကြတော့ဗျားလို့
ကိုမင်းရာရယ် ကျုပ်ကိုယ်စား ပြောကြားပါဘိ။

No comments:

Post a Comment