Wednesday, July 22, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၇)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၇)
အလှမ်းမဝေးတဲ့ မန္တလေးမှာတော့
တဖြန်းကလေးတောင်မကျတဲ့မိုးက
ဆရာမှိုင်းတို့ရဲ့ ဇေယျာတိုင်းအထက်နယ်များမှာဖြင့်
တကယ်ခက်သပ အကြံပိန် ညစ်ပါဘိ
ဆယ်လက်မ စံချိန်သစ်နဲ့
အဖန်ကြိမ်ကြိမ်ထစ်ချုန်းမြည်ဟီးကာ
အကျိုးမကြီးတဲ့ မိုးကြီးက တပျက်ပျက်နဲ့
ရက်ဆက်ကာ ရွာတာကြောင့်
ရေဦး တန့်ဆည် ကန့်ဘလူနယ်တစ်ကွင်းမှာဖြင့်
မသွေထူးပါတယ်ကွယ်
ရေရူးရယ် အနှံ့တမူ ဆင်းတာကြောင့်
နယ်ရွာအတွင်းက လယ်ယာကွင်းတွေမှာဖြင့်
ကန်သင်းပေါင်ကို အလျင်းတောင် မမြင်ရဘူးတဲ့။ ။
အတိတ်တစ်မျိုးနဲ့သတင်းကြီးတဲ့
ဗိဿနိုးမင်းသမီး ထွင်းတယ်ဆိုတဲ့
သဲကျွံရင် အတည်မရုန်းနိုင်ဘု
ညစ်တီးညစ်ပတ် စီကုံးကာဆဲနိုင်မှ လွတ်သတဲ့
အနှီမုန်းစရာကောင်းတဲ့
စည်ပတုံးဆိုတဲ့ချောင်းကလည်း
ဇောင်းထဲက လွှတ်လိုက်တဲ့မြင်းကြီးလို
အတင်းစီးကာလျှံကျလာတော့
အပျင်းကြီးကာ ဟန်မကျလေတဲ့
ပြီးမြောက်အောင် အလုပ်မလုပ်ချင်တဲ့
သူကြီးငကောက်တို့ရဲ့ ဇီးပေါက်ဆိုတဲ့
စံပြရွာ အနီးအနားမှာဖြင့်
ဆလံသလောက်အောင် ရေကစီးသွားလေတော့
မြေကြီးများတောင် မမြင်ရပဲ
ရွာယမင်းတစ်သိုက်မှာဖြင့် ထင်းစိုက်စရာတောင်မရှိပဲ
မမေ့စရာ ဘ၀မှာ တစ်သက်ကြုံရရဲ့
နေ့စာညစာပါ မချက်နိုင် အခက်ကြုံရသတဲ့ကွယ်။ ။
မကြုံဆုံဖူးပေါင်တကယ် အခက်ပေါ်ရတာက
တသုန်သုန်နဲ့ ဒူးပေါင်လယ်အထက်ကျော်အောင်
ကန်အထက်ကနေ လျှံတက်ကာစီးတာကြောင့်
နွေအခါသမယက ရေဆာသမျှ
ဝေနေယျတွေ သောက်နိုင်အောင်
အများကောင်းမှုနဲ့ ပေါင်းစုကာ လှူထားတဲ့
ကျုပ်တို့ရဲ့ အုတ်မရိုးကြီးကတော့
အဟုတ်ပ ဘ၀ မဆိုးရှာပါဘူး
ဘိလပ်မြေတန်ခိုးကြောင့်
အုတ်တစ်စိတစ်ချပ်တောင် ကြေမကျိုးရှာပေမယ့်
မြေရိုးကလေးကတော့ ရေထိုးပြေးတာ
မနိုင်လောက်သမို့ ဂလိုင်ပေါက်ဖြစ်ကာ ကျန်ရစ်ရှာသတဲ့။
ရေအကျိုးဆယ်ပါး တောင်းစရာမလိုပဲပြည့်သတဲ့
ကျောင်းတကာတကာမအမိတို့ရဲ့
အကြောင်းအခါကလည်း ဖန်လာပြန်သေးသမို့
သံသရာအရေးကို မြန်မကြာတွေးလို့
ဖန်ခါခါ သူဌေးဖြစ်ဖို့အရေး
စိတ်ထန်ကာ လက်မနှေးကြပါနဲ့
နိဗာန်ရွာ မဂ်ဆေးကလေး အမြန်သောက်နိုင်အောင်
ကန်ကျိုးတာ အကြောင်းပြုလို့
ကောင်းမှုကလေးကို ပေါင်းစုကာ
အတူတစ်သိုက် လှူလိုက်ကြပါဦးစို့လို့
သံသရာအကျိုးမျှော်လို့
မြန်မကြာ နှိုးဆော်လိုက်ရပါသည်
သူတော်ကောင်းအပေါင်းတို့။

No comments:

Post a Comment