သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၉)
အိပ်မက်လေးမျိုးတဲ့ ကိုမင်းရာရဲ့။
သွေးလေခြောက်ခြား နတ်လှည့်ဖျားနှင့်
ရှေးကကြုံဖုး ရှေ့ဖြစ်ထူးတဲ့။
သွေးလေခြောက်ခြား၍ မက်ခြင်း၊
နတ်တို့လှည့်ဖျား၍ မက်ခြင်း၊
ရှေးက ကြုံဖူးသည်ကို စွဲ၍ မက်ခြင်း၊
သွေးလေခြောက်ခြား နတ်လှည့်ဖျားနှင့်
ရှေးကကြုံဖုး ရှေ့ဖြစ်ထူးတဲ့။
သွေးလေခြောက်ခြား၍ မက်ခြင်း၊
နတ်တို့လှည့်ဖျား၍ မက်ခြင်း၊
ရှေးက ကြုံဖူးသည်ကို စွဲ၍ မက်ခြင်း၊
ရှေ့၌ ဖြစ်မည်ကိုကြိုတင်၍ မြင်မက်ခြင်းတဲ့။
ညကမက်တဲ့ ကျုပ်အိပ်မက်ဖြင့် သည်လေးချက်
ဘယ်အချက်နှင့် တွက်စစ်ရမယ် မသိပါဘူး ကိုမင်းရာရယ်။
ညကမက်တဲ့ ကျုပ်အိပ်မက်ဖြင့် သည်လေးချက်
ဘယ်အချက်နှင့် တွက်စစ်ရမယ် မသိပါဘူး ကိုမင်းရာရယ်။
အိပ်မက်ထဲမှာ စိတ်မသက်မသာစရာက
မြန်ပြည်သူတို့ ဖြေမဆည်နိုင် အသည်းကျွမ်းခဲ့ရတဲ့
ရေကြည်အိုင် ငရဲခန်းထက် အဆတစ်ရာသာတဲ့
ယမဆရာတို့ရဲ့ အပြစ်ပေးအမြဲကြမ်းရှာတဲ့
စစ်ဆေးရေးငရဲစခန်းရွာကို လှမ်းလာပါကွယ့် ဆရာမှိုင်းရယ်လို့
အထူးဧည့်သည်အဖြစ် ဖိတ်ကြားလာလို့
တဆိတ်သွားကာ မြင်ခဲ့သမျှ
စာစီလို့သလိုက်ပါရစေ ကိုမင်းရာရေ။

အဲသည်မှာ မြင်တဲ့အချက်က
ဘ၀င်ထက်မှာ အတန်တန်မကောင်းလွန်းလို့
ပြန်ပြောင်းပြောရမှာတောင် ခပ်ခက်ခက်ပဲ ကိုမင်းရာရဲ့။
ဘ၀င်ထက်မှာ အတန်တန်မကောင်းလွန်းလို့
ပြန်ပြောင်းပြောရမှာတောင် ခပ်ခက်ခက်ပဲ ကိုမင်းရာရဲ့။
xxxxx
လူတို့ကမ္ဘာ လူ့ရပ်ရွာကို သွားကာခဏ
ပြန်ခဲ့ရတဲ့ အိုဗျ ငနဲသား မောင်ယောက်ျား
သင်၏အသက် တွက်ချက်စစ်သော် ရှစ်ဆယ်နီးမျှ
လူ့ဘ၀၌ နေရချိန်ဝယ် အဘယ်ကောင်းမှု ဒါနစုတို့
သင်ပြုခဲ့သလဲ နောင်ကြီးလို စိတ်မှာစွဲလို့
ဖြစ်နည်းကို ပြန်စမ်းပါဘိ မောင်မင်း။
ပြန်ခဲ့ရတဲ့ အိုဗျ ငနဲသား မောင်ယောက်ျား
သင်၏အသက် တွက်ချက်စစ်သော် ရှစ်ဆယ်နီးမျှ
လူ့ဘ၀၌ နေရချိန်ဝယ် အဘယ်ကောင်းမှု ဒါနစုတို့
သင်ပြုခဲ့သလဲ နောင်ကြီးလို စိတ်မှာစွဲလို့
ဖြစ်နည်းကို ပြန်စမ်းပါဘိ မောင်မင်း။
နတ်သမီးကညာ လေးငါးရာနှင့် စံကာပျော်ပါး
ဝတိံဖျားက မာဃမည်ခေါ် လွန်ထင်ပေါ်သည့် ဘိုးတော်သိကြားမင်းဘုရား ။
စာမှာဖတ်မိ အားကျမိသည့် ငါ၏အမှား
အခုများမှ မျက်ဝါးထင်ထင် တွေ့မြင်ရတော့သည်
သနားစဖွယ် မျက်နှာငယ်နှင့် ရှက်ဖွယ်ပင်ကောင်းတော့သည်
ဘယ့်နှယ်ကွယ် ငါးရာရယ်မဆိုထားဘိ
ကျုပ်လိုတောင် ယပ်ခပ်ပေးမယ့်သူမျိုး
တစ်ပါးကညာတောင် အနားမှာ ယောင်လို့မျှမရှိနဲ့
စိတ်ပျက်စရာအတိပါလား ဘိုးသိကြား။

သယ် ရာရာစစ နင့်ကိုယ်နင်များ နတ်ခြောက်ရွာ ၀တိံဖျား
ရောက်နေသလားထင်နေ လူ့ပြည်ကို သွားတာက တခဏ
အကုသိုလ် ဗလဗွနှင့်ပြန်လာ နင်ရောက်နေတာက
အထက်မဟုတ်ဘူး အောက်ဟ အောက်
အောက်တောင် ရိုးရိုးအောက်မဟုတ်ဘူး
စပါယ်ရှယ်အောက်ထားတာ နင်တို့ တစ်မြုံလုံးအတွက် ဟဲ့။
ရောက်နေသလားထင်နေ လူ့ပြည်ကို သွားတာက တခဏ
အကုသိုလ် ဗလဗွနှင့်ပြန်လာ နင်ရောက်နေတာက
အထက်မဟုတ်ဘူး အောက်ဟ အောက်
အောက်တောင် ရိုးရိုးအောက်မဟုတ်ဘူး
စပါယ်ရှယ်အောက်ထားတာ နင်တို့ တစ်မြုံလုံးအတွက် ဟဲ့။
ဘုရားတကာ ကျောင်းတကာဟု ဇမ္ဘူတစ်လွှား
လူအများက လေးစားရတဲ့ နာမတလူလူနဲ့
အလှူရေစက် လက်နဲ့မကွာ လုပ်ခဲ့ပါရက်ကယ်နဲ့
ဘယ့်နှယ်ငါ့အား နေရာမှားလို့ ခေါ်ထားပါသလဲ အဘရဲ့ ဟု
ဟိုတုန်းကအကျင့်က အထူးမပျောက်လေတော့
ဒူးကလေးထောက်ကာသွားပြီး ရှက်သလိုမျက်နှာပေးနဲ
မျက်နှာချိုသွေးမယ်လည်း အလုပ်

ဟိတ် ရပ်စမ်း ငါ့ကိုများ နင်တို့အဘနဲ့မှားပြီး
ဖားလို့ရမယ်ထင်နေသလား
ဒင်းတို့ ခရီုနီတစ်သိုက် စစ်ဗိုလ်မိုက်တို့
မျက်ဖြူစိုက်ကာ ဆိုက်မြိုက်ရောက်လာရမှာက
နတ်တို့ခြောက်ရွာ ၀တိံသာ မဟုတ်ဘူးဟ
ဒင်းတို့တစ်သိုက် ခြောက်ရွာနဲ့ မထိုက်လို့
ဒင်းတို့ သည်းခြေကြိုက် ကိန်းဂဏန်းပိုသာတဲ့
ရှစ်ရွာကို ဆိုက်ရမှာဟဲ့။

အလှူရေစက်လက်နဲ့ မကွာဘူးတို့
ဘုရားတကာကျောင်းတကာတို့
အကြောင်းရှာပြီး ကြွားမပြောနဲ့ နားကလောလွန်းလို့ဟဲ့
နင်တို့လှူတဲ့ငွေအသပြာကက သမ္မာအာဇီဝနဲ့ ဖွေရှာလို့ရတာ
ဘယ်နှစ်ပြားပါသတုန်း အရင်စစ်ဦးဟဲ့။
ဘုရားတကာကျောင်းတကာတို့
အကြောင်းရှာပြီး ကြွားမပြောနဲ့ နားကလောလွန်းလို့ဟဲ့
နင်တို့လှူတဲ့ငွေအသပြာကက သမ္မာအာဇီဝနဲ့ ဖွေရှာလို့ရတာ
ဘယ်နှစ်ပြားပါသတုန်း အရင်စစ်ဦးဟဲ့။
ဟိုဘက်လှမ်းကြည့်စမ်း ။
အဲသည်ငရဲသားက လူ့ဘ၀တုန်းက
အများမြေကလေး ငါးပေလောက်ခိုးလာတာကနေ
ဖျားသေပြီးတန်းချိတ်လာတဲ့ အများမြေကြီးထမ်းပြိတ္တာဟဲ့။
မနိတ်ရှာပါဘူး ငါးပေမို့ သက်တမ်းငါးရာကို
မရှက်တမ်းထမ်းရှာရမယ်။
ဒင်းတို့အုပ်စုဖြင့် လယ်လုပ်တောင်သူတွေရဲ့ မြေယာများကို
ဖယ်ထုတ်အချောင်ယူ ဖွေကာထားတော့
သေရွာလားရင်ဖြင့် ခွေကာထားတဲ့မြေကြီးကို
မရှက်တမ်းထမ်းရမှာ ထွက်လမ်းတောင်မမြင်ဘူးဟဲ့။
(အိပ်မက်မပြီးသေးပါ။ဆက်ပါဦးမည်။)

No comments:
Post a Comment