မြို့ပြရဲ့ ဆူညံမှုတွေကနေ ခေတ္တခဏ ရှောင်ခွာဖို့ မွေးရပ်မြေကိုပြန် ရွာထဲမှာ
မအိပ်ပဲ ၅မိုင်လောက်ဝေးတဲ့ စည်ပတုံးချောင်းကွင်းပြင်ထဲက မိဘတို့ရဲ့ ယာတောလေးထဲမှာ
သွားအိပ်ပါတယ်။တသက်နဲ့တစ်ကိုယ် ကြားတောင်မကြားဖူးခဲ့ဘူး။တစ်ညလုံး ထွန်စက်သံတွေ
ဆူညံနေပါရောလား။ဟ သောက်ကျိုးနဲ ဘာလုပ်တဲ့ ထွန်စက်တွေက တစ်ညလုံး မောင်းနေပြတာလဲဟ
လို့ ရွာကလူတွေ မေးကြည့်တော့ ပျဉ်တိုက်ကြတာတဲ့။သစ် အလုံးလိုက်မသယ်ရ ဆိုတော့
ခွဲစိတ်ပီး သယ်နေကြတာတဲ့။တစ်ညဆို ထွန်စက် လေးငါးခြောက်စီးပ။ဘယ့်နှယ် ကံထူးမ ကဘေးဝ
ကားလမ်းက မမောင်းပဲ တောကြိုတောကြားကနေ မောင်းနေတာလဲဆိုတော့
သစ်ခိုးထုတ်နေကြတာတဲ့။သူတို့အပြောပေါ့လေ။ဟုတ်နိုင်လောက်တယ်။ခိုးထုတ်တာ မဟုတ်ရင်
နေ့ခင်းဘက်မောင်းကြမှာပေါ့။ကျုပ်လည်း ညကြီးသန်းခေါင်ဆိုတော့ ဓာတ်ပုံကလည်း
ထမရိုက်ရဲဘူး။သူတို့က ဆင်းရိုက်ရင် ကျုပ်နားမှာ ကျုပ်သမီး
ကလေးပေါက်စကလေးရှိတာ။မြွေကလည်းကြောက်ရသေးရဲ့။မြွေကြောက်ပါတယ်ဆိုမှ
ငန်းမကျီးတစ်ကောင်က ရလိုက်သေးရဲ့။အဲဒီမြွေက အဆိပ်အပြင်းဆုံးပဲ။ကံကောင်းလို့။
တစ်ညနေတော့ အကိုကြီးက လိပ်ခြံရွာက ကာကွယ်ထားတဲ့ သစ်တော လိုက်ပြမယ်ဆိုလို့
ဆိုင်ကယ်နဲ့ လိုက်သွားတယ်။လမ်းမှာ ထွန်စက် လေးစီးဗျိုး။ပျဉ်တွေ အပြည့်ပဲ။ဟိုက်
သောက်ကျိုးနဲ ၁၂လက်မ ထု ၁၈လက်မဗျကိပေ၂၀လာက်ရှိတဲ့ အသားတွေ
ထွန်စက်လေးစင့်းအပြည့်ပါလား။သစ်တောတွေတော့ ကုန်ပါပြီ။ကျုပ်က
ဓာတ်ပုံရိုက်မယ်လုပ်တော့ အကိုက မလုပ်နဲ့ကွ ရန်ရှာနေလိမ့်တဲ့။မင်းက
မန္တလေးနေတာ။ငါတို့က ဒီမှာနေရတာတဲ့။လိပ်ခြံ မြောက်ကုန်းကနေ သတွတ်ကွေ့၊သတွတ်ကွေ့ကနေ
ငရနင်းကူးကနေ ချောင်းကိုဖြတ် ဇီးပေါက်ရွာရဲ့မြောက်ဘက်ကနေ ကန်ကလေးကုန်းရွာကိုဖြတ်
အဲဒီကနေ ကျေးကန်ရွာဘက် သွားကြတယ်ဆိုလားပဲ။ရွာတွေကိုဖြတိရင် ထွန်စက်စက်တစ်စီး ၅၀၀၀
ပေးရတယ်တဲ့။လမ်းတံတားအသုံးပြုခပေါ့လေ။ကျုပ်တို့ နယ်သားတွေ ပိုက်ဆံလေး
၅ထောင်ရတာကိုပဲမြင်တယ်။ရာသီဥတုဖောက်ပြန်တာ မိုးခေါင်တာ ဒီသစ်တောတွေ ပြုန်းတီး
လို့ဆိုတာ မတွေးကြဘူး။တစ်ညတစ်ည ထွန်စက်လေးငါးခြောက်စင်းနဲ့ ဒီသစ်တွေ ထုတ်နေမှတော့
တန့်ဆည်နယ်သစ်တောမှ မပြုန်းရင်
ဘယ်သစ်တောများပြုန်းနိုင်ဦးမှာလဲ။တရားဝင်ထုတ်တာလားတရားမ၀င်ထုတ်နေတာလား
ကျုပ်မသိပါဘူး။တရားမ၀င် ထုတ်နေတာဆိုရင် ဒီလောက်ကြီးကြီးကျယ်ကျယ် ခိုးထုတ်နေတာ
တာဝန်ရှိတဲ့သူတွေ မသိကြဘူးလား။ဘာတွေလုပ်နေကြတာလဲ။မေးခွန်းထုတ်စရာ
ဖြစ်နေပြီ။ကမ္ဘာမှာ တစ်မိနစ်တိုင်တစ်မိနစ်တိုင်း ဘောလုံးကွင်းတစ်ကွင်းစာမျှသော
သစ်တောတို့သည် ပြုန်းတီးနေ၏တဲ့။ကျုပ်တို့တန့်ဆည်နယ် များ ထည့်မတွက်လေရောသလားပဲ။တစ်နေ့
အိုင်လျားကုန်းတိုက်ဖက် နွားကောင်တင်ရွာဟောင်းရှိတဲ့နေရာ ဓာတ်ပုံရိုက်ဖို့
တောထဲကနေ ဆိုင်ကယ်စီးလာတော့ မီးသွေးဖိုတွေဗျား။အကျအန အုတ်တွေ စီလို့
လုပ်ထားလိုက်ကြတာ။သူတို့ဘ၀တွေအတွက် ရုန်းကန်နေကြရတာမို့
အပြစ်မဆိုချင်ပါဘူး။ကျုပ်အကိုကတော့ ပြောတယ်။ဒီကောင်တွေက အဆိုးဆုံး ဘာသစ်ပင်မှ
မရွေးဘူး ။ခြေသလုံးလောက် ပေါင်လုံးလောက်ရှိရင် အကုန်ခုတ်တာပဲ ငါ့ယာတောနားဆို
အပင်ုကြီး မကျန်တော့ဘူး၊ငါမွေးထားတဲ့အပင်လေးတွေတောင် လာလာပြီး
ခိုးခုတ်သွားကြတယ်တဲ့။ခက်ကပြီ။ကျုပ်ငယ်တုန်းက တောထဲအိပ်ရင် ခွေးအတွေ တဲနားလာအူရင်
ခေါင်းမြီးခြုံအိပ်ခဲ့ရရဲ့။သစ်ကျုတ်တွေ ဟောက်သံတွေ ကြားခဲ့ဘူးရဲ့။အဘနဲ့ တောထဲ
လိုက်သွားရင် သမင်ပေါက်ကလေးတွေ မြင်ခဲ့ရဘူးရဲ့။ယုန်မြင်ချင်ရင် ရွာပြင်ထွက်ရှာ
တွေ့ရတာပဲ။အခုတော့ ကျုပ်ကလေးတွေကို ယုန်ပြချင်တာတောင် ရွာနဲ့ ၁၀မိုင် ပတ်ခြာလည်
ယုန်မရှိချေတော့တကား။လူတို့နှိပ်စက်၍ သစ်တောတို့ ပြုန်းတီး၍ ယုန်တို့သည်လည်း
ရွာအနီးအနားတွင် မရှိချေတော့တကား။ချေသမင်ဆိုသည်မှာ
အရုပ်ရေးပြရချေတော့မည်။ယခင်နှစ်များက ကြားခဲ့ရသော ယခင်ကအင်မတန်များပြားလှသော
တောင်သူကြီးငှက်၏ထွန်တုံးဖောက်သံကိုပင်
မကြားခဲ့ရချေတော့တကား။ယောက်ဖခွေးခေါ်ဟုအော်သည့် ဤငှက်ကလေးတွေလည်း ဘယ်ဆီရောက်သွားချေပြီ
မသိတော့ချေ။တစ်ညလုံး ဥုံ ဖွ ဖွ ဥုံ ဖွ ဖွဟု ဗိန္ဓောဆရာကြီး မန်းနေသကဲ့သို
သစ်ပင်ထိပ်မှ အော်နေတတ်သည့် ငှက်ဆေးသမားကြီးလည်း
တန့်ဆည်နယ်အတွင်းသစ်တောများပြန်းတီးကုန်သဖြင့် သစ်ပင်မခုတ်ရသော
တရုတ်နိုင်ငံသို့များ ဗီဇာမပါပဲ ထွက်သွားလေချေပြီလား။ကျနုပ်ရောက်လျင် ကြားနေကြ
သတ္တ၀ါတို့၏ အသံတို့ကား မကြားရချေတော့တကား။မည်သူ့အား အပြစ်တင်ရတော့မည်
မသိချေတော့တကား။ကျနုပ်၏မွေးရပ်မြေသွား တောလားသည်လည်း မေးခွန်းပေါင်းစုံဖြင်
ကျန်ရှိနေတော့သည်တကား။
No comments:
Post a Comment