Wednesday, September 24, 2014

ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၅)



အုန်းမောင်းခေါက်တာဆိုလို့ ပြောရဦးမယ်။ကျုပ်တို့ဆီကတော့ ခေါင်းတီးတယ်လို့ခေါ်တာ။နေ့လည် ၁၁နာရီ ဘုန်းတော်ကြီး နေ့ဆွမ်းစားချိန် တီးရတာပေါ့၊ခေါင်းတီးပြီဆိုတာနဲ့ ကျောင်းရှိသမျှခွေး အကုန်အူတော့တာပဲ။ကျုပ်မိတ်ဆွေ မြို့ကြီးသားတွေ ကတော့ ကိုယ်တီးချင်သလို တီးရတာပဲ ထင်ချင်ထင်နေမယ်။ရှေးက ဓလေ့တွေများ အင်မတန် မှတ်သားစရာကောင်းကိုဗျ။ ဘုန်းကြီးကျောင်းက စည်တီးသံကြားရင် မနက်ဖန် ဥပသ်နေ့ပေါ့၊ ဟိုတုန်းကတော့ နာရီတို့ ပြက္ခဒိန်တို့ ဆိုတာ ဘုန်းကြီး ကျောင်းမှပဲ ရှိတာကိုး။အဲဒီတော့ ရွာထဲကလူတွေက အချိန်သိချင်ရင် ဘာနေ့လည်း သိချင်ရင် ဘုန်းကြီးကျောင်းက နာရီခေါက်သံနှင့် ခေါင်းတီးသံကို နားထောင်ရတာပေါ့လေ။နာရီခေါက်ရင် နှစ်ချက်တစ်တွဲ ခေါက်ရတာကိုး၊၁၁နာရီထိုးလို့ ခေါင်းတီးတော့မယ်ဆိုရင် နာရီတီးတဲ့လူက တန် တန် လို့ ၂ချက်တွဲခေါက်လိုက်ရင် ခေါင်းတီးတဲ့လူက ထုံ ဆိုပြီး တစ်ချက်တီးရတယ်။နာရီမောင်းက နောက်ဆုံးတစ်ချက်တည်း တီးလိုက်တာနဲ့ ခေါင်းတီးတဲ့လူက အဆက်မပြတ် တီးရတော့တာပဲ။အဲဒီလို အဆက်မပြတ် တီးပြီးပြီဆိုမှ နေ့အလိုက် တစ်ချက်ချင်း ဖြည်းဖြည်း တီးပေးရပြန်တယ်။ စာအုပ်ထဲကတော့ ပထမဆုံး အနန္တငါးပါးကို ရည်ရွယ်ပြီး ငါးချက် ဖြည်းဖြည်း တီးရတယ်။ပြီးရင် ၂၄ပစ္စည်းကို ရည်ရွယ်ပြီး ၂၄ချက် မြန်မြန်တီးရတယ်။ပြီးမှ နေ့အလိုက် တနင်္ဂနွေဆို တစ်ချက်၊စနေဆို ခုနစ်ချက် တစ်ချက်ချင်း တီးရတယ် လို့ဆိုတယ်။
ပထမ ငါးချက် တီးရတယ်ဆိုတာတော့ ကျုပ်တို့ တီးတာနဲ့ အတူတူပဲ။၁၁နာရီဆိုတော့ ၂ချက်တစ်တွဲ ခေါက်ရင် ၅ကြိမ် ရတယ်။ကြားထဲက ၂၄ကြိမ်ကတော့ ကျုပ်တို့လည်း တစ်ခါမှ ရေပြီး မတီးဖူးခဲ့ဘူး။နေ့အလိုက်ကတော့ ကိုရင်ကြီး ကျောင်းသားကြီးတွေက ပြက္ခဒိန်ကြည့်ပြီး ဘယ်နှစ်ချက်ခေါက်လို့ ပြောပေးတယ်။တစ်ခါတစ်လေ ဘုန်းတော်ကြီးကို မေးရတယ်။ဒီအုန်းမောင်းခေါက်တဲ့ စနစ်က တစ်နိုင်ငံလုံးရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ အတူတူပဲဗျ။မိတ်ဆွေများ မယုံလျင် မနက် လေးနာရီ အုန်းမောင်းခေါက်ရင် သည်နေ့ ဘာနေ့လဲ သိချင်ရင် နောက်ဆုံး ဘယ်နှစ်ချက် ခေါက်သလဲ ဆိုတာသာ ရေကြည့်ကြပေတော့ဗျား။  
ကျုပ်အထက်က ပြောသလို ရွာသားတွေလည်း သည်နေ့ဘာနေ့လည်း သိချင်ရင် ခေါင်းတီးသံ နားထောင်ရတာပေါ့၊။ တစ်ရက်မှာ ကျုပ်အဘွား ဒေါ်အေးရင်လေ မနက်ဖန် နတ်တင်ချင်လို့ သည်နေ့ ဘာနေ့လဲ သိရအောင် ခေါင်းတီးသံ လိုက်ရေတာပေါ့။နတ်တင်တယ်တိုတာ ဗုဒ္ဓဟူး နေ့ဆို တင်မရဘူးတဲ့၊စာဆိုကတော့ ဗုဒ္ဓဟူး နတ်ရူးတောင် မစားဘူးတဲ့။ဒါနဲ့ ကျုပ်အဘွားလည်း ခေါင်းတီးသံ လိုက်ရေတာပေါ့။သူများတွေက တုံတုံတုံ ဆိုပြီး မြန်မြန် တီးသံဆုံးမှ စရေကြတာ။ သူက အဲဒီလို မရေပဲ စခေါက်ကတဲက ရေလာတာ။ပထမ ငါးချက်ကတော့ ဖြည်းဖြည်းခေါက်တာဆိုတော့ ရေလို့ရတာပေါ့။ ငါးချက်လည်း ပြီးရော တုံ တုံ တုံတုံတုံ လို့  မြန်မြန်လည်း ခေါက်ရော လိုက်မရေနိုင်တော့ဘူး။ အဲဒီတော့ သူက ထဆဲတယ်။သေချင်းဆိုးကလေးတွေ သည်နေ့ ခေါင်းကို ဘယ်လိုတီးနေတယ်မသိဘူး တဲ့။

ဘ၀အမော ပြေနိုင်ကြပါစေ။

No comments:

Post a Comment