Wednesday, September 24, 2014

ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၂)

အခုလို မိုးရာသီ ပိန္နဲသီးတွေ မှည့်တဲ့ အချိန်ပေါ့လေ။ဘုန်းကြီးကျောင်းထဲမှာ ပိန္နဲပင်က လေးပင်ရှိတာ။ကျောင်းအနောက်ဘက်က အပင့်က အကြီးဆုံး။ပိန္နဲသီးတွေ မှည့်လာလို့ အမွှေးနံ့ကလေးရရင် ကျုပ်တို့တစ်တွေ ပိန္နဲသီး တက်ခူးရတာ။သစ်ပင်တက် ကျွမ်းတဲ့ ကောင်က အပင်ပေါ်တက် ပိန္နဲသီး မှည့်လိုက်ရှာ၊အောက်က ကျောင်းသား လေးယောက်က ခင်းနှီး (အိပ်ယာခင်းလို ဟာမျိုး)အကြီးကြီးကိုထောင့်တစ်ထောင့်စီကနေ
ဆွဲကိုင်ထားရတယ်။အပေါ်က လူက အဲဒီိ ခင်းနှီးထဲကို တည့်တည့်ပစ်ချ အောက်ကလူတွေက ခင်းနှီးနဲ့ ဖမ်း၇တာပေါ့။တစ်ခါတစ်လေ အောက်ပြုတ်ကျရင် ဘုန်းကြီး အရိုက်က ခံရသေးတယ်။်အဲဒီလို ပိန္နဲသီး ခူးရင် ဘုန်းကြီးက အောက်ကနေ အပေါ်ကကောင်ကို ဟိုအလုံးစမ်းကြည့် ဒီဘက်အလုံးစမ်းကြည့်နဲ့ ခိုင်းတာပေါ့။တစ်မနက်တော့ အဲဒီလို ပိန္နဲသီးခူးနေတုန်း အပေါ်ကလူက အောက်ကိုပစ်အချ။ချလိုက်တဲ့ အသီးက တည့်တည့်မကျလာပဲ အောက်က အကိုင်းပေါ် ကျပြီး ဘေးကို လွင့်ထွက်သွားရော။သည်ပိန္နဲသီးကလည်း ဘယ်ဘ၀က အညိုးပါလာတယ် မသိပါဘူး။အကိုင်းပေါ်ကနေဘေးလွင့်ကျရာ
ကနေ မောင်ဘုန်းကြီး ကတုံးကြီးပေါ် တည့်တည့် ပြုတ်ကျပါလေရော။ပိန္နဲသီးက အမှည့်ဆိုတော့ ကတုံးပေါ်အကျ ကွဲသွားပြီး ကတုံးကြီး တစ်ခုလုံး
ဝါထိန် သွားရောဗျိုး။ကျုပ်တို့မှာ မှင်က မသတ်နိုင်။ဘုန်းကြီးကို ကြည့်ပြီးရီ ဘုန်းကြိးက ဒေါသတွေ ထွက်။မရီအောင်ထိန်းလေလေ ပိုပြီး ရီချင်လေဗျိုး။ဘုန်းကြီး ရေချိုးဖို့ ထွက် သွားမှ ကျုပ်တို့လည်း အားပါးတရ ရီရတော့တယ်။

No comments:

Post a Comment