Saturday, June 20, 2015

သဲထိတ်ရင်ဖို(၂)

ပစ်အိုင်ကုန်းသူရဲ(၂)
လွန်ခဲ့သောနှစ် ၈၀ခန့်ကဖြစ်သည်။
ကျနုပ်တို့ ရွာ၌ ဦးထွန်းမှီ ဟူ၍ ရှိခဲ့လေ၏။အနှီ ဦးထွန်းမှီကား ပြီးခဲ့သော ၃နှစ်ခန့်က ကွယ်လွန်သွားသော ဦးမြတင်၏ အဖေပင်။ဦးမြတင်ကား ဂျပန်ခေတ် ချွေးတပ်သားအဖြစ် ကလေးဝ ရာဇဂြိုဟ်ထိ ဂျပန်စစ်တပ်နောက် လိုက်၍ ကားလမ်းဖောက်ရာ၌ ပါဝင် ခဲ့ရသော ဇီးပေါက်ရွာသား များ ထဲမှ နောက်ဆုံး အသက်ရှင်ကျန်သူပင်။ သူသေသွားသော် ဂျပန်ချွေးတပ် အကြောင်းပြောနိုင်သူ မရှိတော့ချေ။ သူမသေခင်က ကျနုပ် အင်တာဗူး ထား၍ သာ ချွေးတပ်၌ သေဆုံးသူ ရွာသား ၉ ယောက်၏ အမည်ကို ရလိုက်သည်။
ဦးထွန်းမှီတစ်ယောက် တစ်ညနေ ပိုင်းတွင် နွားပျောက်သဖြင့် နွားရှာ ထွက်လာခဲ့၏။သို့သော် မိုးသာ ချုပ်သွားသည်။နွာများကား မတွေ့ ခဲ့ချေ။ထိုခေတ်ထိုအခါကာလက ယနေ့ခေတ်ကဲ့သို့ ဓာတ်မီးများကား ပေါ်သေးသည် မဟုတ်ချေ။
ဦးထွန်းမှီလည်း မိုးချုပ်သဖြင့် ခပ်သုတ်သုတ် ပြနမလာရာ ကျနုပ် ရေချမ်းစင်ကလေး လှူထားသော နေရာလောက် အရောက်တွင် မှောင်စ ပျိုးလာ၏။သို့နှင် တောရကျောင်း ကန်ပေါက်ကို ကျော်လာ၏။ထိုမှ လွန်လာသော် မြောင်းဦး ကြို့ပင်ခေါ်သော ကြို့ပင်အနီး ရောက်လာ၏။ရှေးယခင်က ယခု မြောင်းဦးကြို့ပင်ဟုခေါ်သော နေရာအနီး၌ ယခုအပင်ထက် ကြီးမားသော အခြား ကြို့ပင်ကြီး တစ်ပင်လည်း ရှိသေးသည်ဆို၏။
ဦးထွန်းမှီလည်း ကြို့ပင်နား ရောက်သော် ရွာဘက်မှ အကြိုများ လာလိုလာငြား အူလိုက်၏။ အူသည် ဆိုသည်မှာ တောဓလေ့ အသံပေးခြင်း တစ်မျိုးပင်။သို့ကလို အူလိုက်သော်
တောရကျောင်းဘက်ဆီမှ ခြေသံ ပြင်းပြင်းနှင့် တဘုန်းဘုန်း ပြေးလာ သည်ကို ကြားလိုက်ရ၏။
မကောင်းဆိုးဝါး အစိမ်းသူရဲတို့ ခြေသံကား အင်မတန် ပြင်း၏။ ပြီးခဲ့သော သုံးနှစ်က ကျနုပ် မိသားစု ကျနုပ်တို့စခန်းချနေကြ စည်ပတံုး ချောင်းထဲမှ ယာတောတဲထဲ အိပ်နေ စဉ်ကပင်။ရောက်သည့်နေ့ ညပင်။ အကိုများ ရွှေတောသို့ သွားလည်ရာ မိုချုပ် သွားသဖြင့် ပဌာန်းဥဒ္ဒေသ နိဒ္ဒေသလည်း မအိပ်ခင် မပူဇော် လိုက်ရ။တောစောင့်နတ် တောင်စောင့် နတ်။မြင်အပ်မမြင်အပ် တို့အားလည်း မေတ္တာပို့ အမျှမဝေ လိုက်ပဲ အိပ်မိလိုက်၏။မနက်၃နာရီခန့်တွင် လေကလည်း အတော်တိုက်သဖြင့် အေးလာ၏။ကျနုပ်သည် စွပ်ကျယ် ချိုင်းပြတ်ကလေးနှင့် အိပ်သည့် အတွက် ပို၍ပင် အေး၏။ထိုသို့ အိပ်ပျော်နေစဉ် ခြေသံပြင်းပြင်း ဆောင့်နင်းလာသံ နှင့်အတူ လူတစ်ယောက်တဲထဲ ဝင်လာကာ ကျနုပ်၏ ဘေးတွင် လာရပ်၏။ အိပ်မက်ထဲတွင်တော့ ရွာထဲမှ အသိတစ်ယောက် ဝင်လာသည်ဟု မြင်၏။သို့သော် ခြေသံကိုကား အခုထိ မေ့မရချေ။ကျနုပ်နား လာရပ်သော် ကျနုပ်မှ ဟကောင်ကြီး လူရှိတယ်ဟ ဟု အော်လိုက်သော် ထွက်သွား၏။ ကျနုပ်လည်း နိုးလာပြီး သူ့နောက်သို့ ဓာတ်မီးနှင့် လိုက်ထိုးရှာ၏။ဘာမျှ မတွေ့တော့ချေ။ခြေသံပြင်းပြင်း နင်းလာသံသာ နားထဲ စွဲနေရစ်၏။ ကျနုပ်ကား မကြောက်ပါချေ။ကျနုပ် ရောက်လျင် နာနေကြ ပဌာန်းတရား မနာရ၍ သတိလာပေးသည် ကျနုပ် အအေးပတ်မည်စိုး၍ လာရောက် သတိပေးသည် ဟုသာ ထင်၏။ ထိုအခါမှစ၍ တောထဲ အိပ်မည် ဆိုလျင် မည်သည့်အခါမျှ ပဌာန်း မရွတ်ဖတ်ပဲ မအိပ်တော့ချေ။
ဟခုလည်း ဦးထွန်းမှီတတစ်ယောက် ပြေးလာသော ခြေသံကို ကြားသော
ဤခြေသံကား ဘယ်နည်းနှင့်မျှ လူ့ခြေသံ မဟုတ်ဟု အတတ်သိပြီး အနီးရှိ မြောင်းဦးကြို့ပင်ခေါင်းထဲ ပျာရိပျာယာ ဝင်ပုန်းနေ၏။ အနှီ ခြေသံရှင်လည်း ကြို့ပင်အနီး ရောက်သော် ကြို့ပင်ကြီးအား ပတ်ခြာလှည့် လိုက်ရှာနေ၏။ ဦးထွန်းမှီနှင့်တည့်တည့်သို့ရောက်သော် ကြို့ပင်ခေါင်းထဲသို့ စိုက်ကြည့် နေ၏။ဆံပင်ကလည်း အရှည်ကြီး။ မျက်နှာပြင်တစ်ခုလုံး သွေးစီးကြောင်း များနှင့်။မျက်စိပြူပြူးနှင့် စိုက်ကြည့်ေ နေ၏။ဦးထွန်းမှီကား ကြောက်ရွံ့ တုန်လှုပ်သည်မှာ ပြောမပြတတ်အောင်ပင်။အသံထွက်အော်မိလျင် သူ့ကို တွေ့သွားမည် စိုးသဖြင့် ပါးစပ်ပိတ်ကာ နေရ၏။
ကျနုပ်တို့ရွာ၏ မြောက်ဘက်အထွက်
မိုင်ဝက်ခန့်တွင် အင်သုံးခွ နတ်ကြီး တောဟူ၍ ရှိ၏။ရှေးယခင်က အင်ပင် ကြီးများနှင့် အတော်အရိပ်ကောင်း၏။ ယခုသော်ကား ဘုန်းတော်ကြီးတို့ နှိပ်စက်၍ သစ်ပင်ကြီးများ မရှိရှာ တော့။ကျနုပ်စိုက်ထားသော မယ်ဇယ်ပင်ကလေးများနှင့် အခြားအပင်ကြီး သုံးလေးပင်သာ ရှိတော့၏။ ဤနတ်မင်းကြီးကား သောတာပန် နတ်မင်း ကြီး ဟုဆိုသည်။
အင်သုံးခွ နတ်မင်းကြီးလည်း ပြစ်အိုင်ကုန်းသူရဲနှင့် ဦးထွန်းမှီ တို့၏ အဖြစ်ကို မြင်လေသော် ငါမကယ်လျင် သည်လူတော့ ဒုက္ခတွေ့တော့မည်ဟု ဆိုလျက် လူတို့ကဲ့သို့ ထောက်၍ အူသံ ပေးလိုက်၏။အနှီသူရဲကြီးလည်း အင်သုံးခွနတ်မင်း၏ အူသံကြားသော် အူသံရှိရာသို့ ဆက်လက်ပြေးသွား၏။။
ထိုအခါမှ ဦှးထွန်းမှီလည်း သူရဲကြီး ဘေးရန်မှ လွတ်မြောက်သွားတော့၏။
နောက်မှ ရွာမှ လာကြိုသည့် လူများနှင့်တွေ့ကာ အိမ်ပြန်လာ နိုင်တော့သည်။သက်ဆိုင်ရာ ပုဂ္ဂိုလ်
တို့ကာ ကွယ်လွန်ကုန်ကြပြီ။ယနေ့ထိ သည်ဇာတ်လမ်းကားကျနုပ်တို့ရွာရပ်၌ ပြောပြနေကြတုန်းပင်။

No comments:

Post a Comment