ပစ်အိုင်ကုန်းသူရဲနှင့် ကျနုပ်တို့ပြုပြင်သည့် ရေကန်ကြီး
ရွာရပ်ဒေသကား သူရဲသူဘက်များ ပေါများလှချေ၏။မိမိမမြင်ရသဖြင့် မယုံကြည်၍ မရချေ။ ကျနုပ်ကိုယ် တိုင်ပင် နှစ်ကြိမ် သူရဲခြောက်ခံရဖူး၏။ ကြောက်တော့ မကြောက်ခဲ့ချေ။ဤပြစ်အိုင်ကုန်းသူရဲကား ရာဇဝင်နှင့်ပင်။
လွန်ခဲ့သော အနှစ် ၈၀ ခန့်က ဤကန်၏တောင်ဘက်တွင် လယ်များ စတည်စဉ်က ကျနုပ်တို့ရွာမှ ဦးစိုးမင်းဆိုသော လူကြီး ညပိုင်းတွင် လယ်တည်ရာ မိုသည်းထန်စွာ ရွာချလာသဖြင့် တောရကျောင်း ဘုန်းကြီးကျောင်းသို့ မိုးခိုရန် ပြေးအလာ ကန်ပေါင်ရိုးပေါ်ရှိ ကြို့ပင်ကြီးအောက်အရောက်တွင် လျှပ်စီးလက်လိုက်ရာ အပင် အောက် တွင် မိုးခိုနေသော သူရဲကြီးမှာ မိမိ ဘေးတွင် ထိုင်နေသည်ကို တွေ့ရ သည်ဆို၏။မျက်နှာပြင်တစ်ခုလုံးသွေးစီးကြောင်းများနှင့် ပြည့်နေသည်ဆို၏။
ကျနုပ် ဆယ်တန်းအောင်ပြီးစ အချိန်လောက်တွင်ဖြစ်မည်။
ဟိုတနေ့က ကျုပ်တို့ရေကန် လုပ်ပေးတဲ့ ပန်းရံဆရာ တင်ဇော်ဦး ကိုရင်ကြီး လူထွက်ပြီးစ အချိန်ပင်။ကိုရင်လူထွက် ကတုံးကလေး မောင်တင်ဇော်ဦး ကနိတောင်ဘက် ပြစ်အိုင်ကုန်းလယ်ခြင်းထဲ နွားကျောင်းနေ၏။နွာများကား ဆော့လွန်းသဖြင့် တင်ဇော်ဦးလည်း လောက်လေးခွနှင့် လိုက်ပစ်၏။လူကလည်း နေမကောင်းတော့ စိတ်ကလည်း တိုနေ၏။သူ့ဦးလေးသန်းလွင်ကား သူနှင့်အတူ နွားကျောင်းရာသို့ အဖော်လိုက်လာ၏။တူဝရီးဆိုသော်
်လည်း အသက်က ရွယ်တူပင်။ ညနေပိုင်းတွင် နွားများကို အိမ်ပြန် မောင်းလာကြ၏။သန်းလွင်ကား အနောက်ဘက်ကပ်လျက်က အိမ်မို့ အိမ်ဝင်နေခဲ့၏။အနှီ တင်ဇော်ဦးကား အိမ်ရောက်ရောက်ချင်းဝုန်းတိုင်းကျဲပြီး လျောက်အော်နေတော့၏။ပုံမှန်စိတ် မဟုတ်ချေ။သန်းလွင်လည်း ငါနဲ့ အခု ပြန်လာတာ အကောင်းပါဟ ဘာတွေ ဖောက်သွားတာလဲ ဆိုပြီး ပြေးလာ၏။ ကျနုပ်၏ မိခင်ကလည်း အိမ်နီးချင်းမို့ ပြေးသွားရှာ၏။အိမ်အနီးမှ အမျိုးသမီးများ မေးမြန်းကြ၏။ ဘာဖြစ်လို့တုန်း ဆိုတော့ အနှီ တင်ဇော်ဦးကား အဖိုးကြီးအသံဖြင့် ဖြေ၏။ငါက ပြစ်အိုင်ကုန်းသူရဲဟ။ငါ့ကို လေးခွနဲ့ပစ်လို့။ငါ့ဟာငါ အပင် အောက် ထိုင်နေတာ လေးခွနဲ့ ပစ်သဟ။ တဲ့။အဖိုးကို ဘယ်သူက ပစ်တာတုန်း လို့ ကျုပ်အမေက မေးတော့ သည်ကောင် သည်ကောင် သည်ကတုံး တဲ့။တင်ဇော်ဦး ရင်ပတ်ကို လက်မနှင့် ထိုးထိုးပြီး ပြတယ်။ ဘယ်နား မှန်တာ တုံး ဆိုတော့ နဖူးကို လက်မနှင့်ပြပြီး သည်မှန်တာ တဲ့။ငါက ကမ္ဘာပျက်မှ ကျွတ်မှာဟ တဲ့။ဒါနဲ့ ကျုပ်အမေက တောင်းပန်ပြီး ပြောတော့ ငါ့ကို ပြန်ပို့ကြ။အမဲသားစားချင်တယ်တဲ့။
ဒါနဲ့ အမေကလည်း စလောင်းဖုံး လေး ထဲ ထမင်းလေးထည့် အမဲခြောက် ကလေးဖုတ်ပြီး အိမ်ပေါက်ဝ သွား စွန့်ပစ်ပေးမှ အနှီ တင်ဇော်ဦး လည်း သတိပြန်ရလာတယ်။အဲဒါက ပြစ်အိုင် ကုန်းသူရဲဇာတ်လမ်း။ဇာတ်လမ်းတွေက အများကြီး ကျုပ်စာရှည်တော့မယ်။ အဲဒါကို သိရတော့ စိတ်မကောင်းဘူး။ ဘယ့်နှယ် ကမ္ဘာပျက်မှ ကျွတ်မှာတုန်း အဝေးကြီးလိုသေးပေါ့။ ရေကန်ကြီး ပြင်မယ်လို့ဆိုတော့ ရေကန်ပြင်ပြီးရင် ပြစ်အိုင်ကုန်းသူရဲ စတဲ့ရေကန်နားက မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေကို အမျှဝေပေးမယ် လို့ ဆုံးဖြတ်ထား တယ်။ကမ္ဘာပျက်ထိအောင် မနေချင် ပါနဲ့ကွာ အရှည်ကြီး ကျန်သေးတယ်။ ငါ့ပြုတဲ့ ကုသိုလ်ကို အမျှယူပြီး ကောင်းတဲ့ဘုံဘဝကို သွားပါကွာ လို့ ပြောမိသေးတယ်။ရေကန်ကြီး
ပြီးအောင်လို့သာ စိတ်မောနေရတာ ရေကန်လည်း ပြင်ပြီးရော အမျှဝေဖို့ကို သတိမရခဲ့ဘူး။ဆက်ရန်
ုရေကန်ကြီး တမံနှစ်ခုစလုံးပြီးသွားလို့ နောက်ဆုံးရက်မှာ ကားနဲ့ မြေဖို့တော့ အုန်းသားတုံးကြီး လှိမ့်ယူလာပြီး မြေဖို့တဲ့နေရာကို မအရွှေ့လိုက် ခါးထဲက ဗြုတ်ကနဲ အသံထွက်လာပြီး ခါးလည်း နာသွားရော။ဒါလည်း ဘာမှ သတိမမူမိဘူး။နောက်ရက် မန္တလေးပြန်မယ်လို့ အကိုနဲ့တူကို နှုတ်ဆက်ပြီး ကားပေါ်အတက် လက်ထဲက အိတ်အနက်ကလေးက ပြုတ်ကျပါလေရော။သောက်ကျိုးနဲ ငါ့ ရွာကိုများ နောက်တစ်ခေါက် ပြန်ရမယ့်ကိန်းလားပေါ့။ဒါလည်း အမှတ်မရဘူး။မနေ့ကတော့ တောင်မြို့သွားနှိပ်ပြီး ည ၉ နာရီ အိပ်ယာဝင်လိုက်တာ။၁၀ခွဲလောက်ရောက်တော့ ဘီလူးစီးလို့ ထ မရဘူး။အိပ်မက်ထဲမှာ တောထဲ အိပ်နေတုန်း အဲသည် ပြစ်အိုင်ကုန်းသူရဲက လာပြီး တက်စီးလို့ ထ မရဘူး။ဒါနဲ့ သရဏဂုံ ၃ပါးရွတ်ပြီး လက်ညှိုးနဲ့ ထိုးလိုက်မှ ဆင်းပြေးပြီး သူနေတဲ့ ကန်တောင် နားက အပင်ကြီးပေါ်တက်ပြေး လိုက်တာ။အိပ်မက်ကလည်း ထစ်ထစ်ခွခွကြီး။
ကျုပ်လည်း အဲသည်ကြမှ ဟာ ငါသည်ကောင်ကြီး အမျှ မဝေခဲ့ရပါလား လို့ သတိယမိတော့တယ်။
ခက်ချေပြီ။ကျုပ်တို့ ခင်များတို့ လှူခဲ့တဲ့ အလှူ ရေစက်လည်း မချခဲ့ရ။အမျှလည်း မဝေခဲ့ရ။ ကျုပ်တို့ကုသိုလ်ကိုစောင့်ပြီးမှ သာဓုခေါ်ပြီး ကျွတ်မယ့်လွတ်မယ့် ပုဂ္ဂိုလ်တွေများ ရှိနေရောသလားပဲ။ ကျုပ်လည်း ခါးကနာ။ရွာပြန်ပြီး အမျှဝေဖို့ကလည်း မလွယ်။ကျုပ်မှာ နှုတ်ကျွေးတင်နေပြီထင့်။သူကလည်း တကယ်ပဲ ကျုပ်အမျှမဝေခဲ့လို့ သတိများပေးနေရောသလား။ကျုပ်အမျှဝေတာကို သာဓုခေါ်ပြီးမှ ကျွတ်ရမယ်ဆိုရင်ဖြင့် ကျုပ်တာဝန် မကင်းဘူး။ရွာကိုများ ထပါပြန်ရဦးမှာလား မသိ။ဟိုကိုယ်တော်ကြီးAshin Sopakaကလည်း သစ္စေးပင်လှတော့ ကြွခဲ့တယ်ပြောပြီး ရွာကို ရောက်အောင်မလာခဲ့ဘူး။သူ ကြွလာခဲ့ရင် ဘာဖြစ်ဖြစ် အမျှဝေဖို့ သတိယမိမှာ။ကဲ သည်ကိစ္စ ကိုယ်တော်ကြီး ဆုံးဖြတ်ပေတော့ ဘုရား။သည်ကနေပဲ ဘုရား ရှိခိုးပြီးရင် အမျှလှမ်းဝေလို့ ရ မရ ပြန်ဖြေပေးပါ ဆရာတော်။

No comments:
Post a Comment