Sunday, June 28, 2015

ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂)

ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂)

အမယ်မင်း ဆရာမှိုင်း
အခါတိုင်းလို အိပ်မပျော်
ဘယာဝိုင်းနေရှာကြရှာတဲ့
ဗမာ( မြန်မာ)တိုင်း ပြည်သူအများမှာဖြင့်
ကမ္ဘာသမိုင်း ပြိုင်စံရှားလောက်တဲ့
နိုင်ငံသား မဲစာရင်းကို
ဇွဲတင်းကာ သွားကြည့်မိပြန်တော့
အမယ်မင်း ကိုမင်းရာရယ်
ငရဲမင်းတောင် မျက်ဖြူစိုက်မယ့်ကိန်းပါလားဟဲ့။
အသဲကြားက မဲတစ်ပြားကို
လွဲမှားကာ ပေးမှာစိုးတာကြောင့်
အပြေးသွားကာ ထွက်ကြည့်မိပြန်တော့
ကိုယ့်မျက်စိကိုယ်တောင်
မယုံချင်ဘူး ကိုမင်းရာရဲ့။
စနစ်စုံ ဖြစ်ပုံဆန်းပါဘိနဲ့
အညစ်စုံ ခေတ်အဖုံဖုံ သုံးခဲ့ကြတဲ့
ဥာဏ်နက်ဥာဏ်နီ ဥာဏ်ပလီသမားတွေ
အဖန်ဖန်အလီလီ ကြံစီထားပုံက
နိုင်ငံသားအမှတ်တွေကလည်း
ပြိုင်စံရှားမတတ် မှားလိုမှား။
မွေးနှစ် မွေးလ မွေးရက်တွေကလည်း
ပထွေးချစ် ပထွေးခတဲ့ ခွေးသဘက်တွေကြောင့်
သွေးမျက်မတတ် တူရှာကြနဲ့
လူအမည်နာမတွေ ရှုကြည့်မိပြန်တော့
ဟိုလူ့ဂတိကနေ စုတိစိတ်လာပြီးတဲ့
ငပါကြီးဆိုတဲ့ ငနဲသတင်းသမားလေးတောင်
မဲစာရင်းမှာပါတုန်းတဲ့ ကိုမင်းရာရဲ့။
အဲဒါနဲ့ ဆရာမှိုင်းလည်း အခါတိုင်းလို
နေလို့တော့ မဖြစ်ချေဘူးဆိုပြီး
တိုင်းတစ်ခွင် နှိုင်းမမြင်လှတဲ့
မဲစာရင်းကို
ဇွဲတင်းကာ သေရွာကနေ
သေချာအောင် ထကြည့်လ်ုက်မိတော့
အမယ်မင်း ကိုမင်းရာရဲ့
မှိုင်းသခင်ပါ မဲစာရင်ထဲ ပါနေပါပေါ့လားဟဲ့။ ။

No comments:

Post a Comment