"လေယာဉ်ပျံလာပြီဟေ့ မီးအိမ်ကို တွင်းထဲ မြန်မြန်ချ ကြဟ စကောနဲ့ ပိတ် စကောနဲ့ပိတ်"
လေယာဉ်ပျံက မြောက်ဘက် တောရကျောင်းဆီက လာနေသည်။ ကျွဲကြီးလို့ ခေါ်သည့် သည်အင်္ဂလိပ်ဗုံးကျဲ လေယာဉ်တွေက ညဘက်ရောက်ရောက်လာပြီး မီးရောင်မြင်ရင် စက်သေနတ်နဲ့ ၀င်ဝင် မွှေ့လေ့ရှိသည်။ မီးရောင် မပျောက်မချင်း ဟိုဘက်က ပြန်ဝေ့လာလိုက် သည်ဘက်က ပြန်ဝေ့လာလိုက်နှင့် အားရအောင် ပစ်ခတ်ပြီးမှ တရှောရှောနဲ့ ပြန်ထွက်သွားတတ်သည်။ သူတို့ရွာနတ်ကြီးတောထဲက အင်ပင်ကြီးတွေ လွတ်ရုံသာ ပျံလာလေ့ရှိပြီး များသောအားဖြင့် ကံထူးမရှိ ဂျပန်တပ်ကို လာလာပြီး ဗုံးကျဲတတ်သည်။ ပြီးခဲ့သည့်ရက်ကပင် ကံထူးမ အနောက်ဘက်အထွက်ရှိ ကုလားသင်းချိုင်း(ယခု အောင်ပညာစံ ဘော်ဒါနေရာ) ဆိုသည့်နေရာကို ဧရာမ ဗုံးကြီးတစ်လုံးချသွားလေရာ ဗုံးကျင်းကြီးပင်လျင် ဆယ်ပေ ဆယ့်ငါးပေခန့်နက်ပြီး အိမ်တစ်လုံးစာအကျယ်ခန့် ကျင်းကြီး ဖြစ်နေရစ်ခဲ့သည်။
ပြီးခဲ့သည့် တစ်ပတ်က သူတို့ ဇီးပေါက်ရွာက ခင်ညိုတို့ အပျိုပေါက်ကလေးတွေ အင်သုံးခွနတ်ကြီးဘေးက ယာတောထဲ မြေပဲ စွပ်နေကြသည်။ လမိုက်ညမို့ မှောင်မှောင်မဲမဲထဲ။ ဘာအလင်းရောင်မှ မရှိသမို့ ထင်းတုံးကြီးတွေထည့်ပြီး မီးဖိုကာ မီးရောင်ဖြင့် မြေပဲ စွပ်နေကြချိန်။
ဒက် ဒက် ဒက် ဒက် ဒက်
ဘယ်အချိန်က ရောက်လာသည်မသိလိုက်ရ။ အင်္ဂလိပ်လေယာဉ်ပျံက မီးရောင်ဆီ စိုက်ထိုးဆင်းလာကာ စင်သေနတ်နှင့် တလစပ် ပစ်တော့သည်။ ခင်ညိုတို့ ကောင်မလေးတစ်သိုက် ဖနောင့်နှင့် တင်ပါး တသားတည်း ဘယ်မှာကျပါလိမ့်မလဲ။ ဖနောင့်က တင်ပါးရှေ့က ရောက်အောင် မှောင်နဲ့မဲမဲထဲ ပြေးကြရတော့သည်။ မြွေပွေးက ပေါပါဘိနဲ့။ ဘယ် သည်အချိန် မြွေပွေး စဉ်းစားချိန် ရမည်နည်း။ အသက်ကို ဖက်နှင့် ထုတ်ချိန်တောင်မရ။ ပြေးမိပြေးရာ စွပ်ပြေးကြရသည်။ ကံကောင်းထောက်မသဖြင့် တစ်ယောက်မှ မသေကြ။ အင်္ဂလိပ်ကျွဲကြီးက မီးရောင်မြင်တော့ ဂျပန်တွေ စခန်းချနေသည် အထင်နှင့် ၀င်ဆော်သွားခြင်း ဖြစ်သည်။ ခင်ညိုတို့အဖြစ်ကို ကြားတော့ သူ့ဦးရအေက သြဘာပေးသည်။
"မှတ်ဟဲ့ မသာမကလေးတွေ သည်လိုဖြစ်မှာစိုးလို့ မီးတွေ စွတ်မထည့်နဲ့ မှာလိုက်သဟာ နားမှ မထောင်ပဲ။ ပျံတန်တန် နံ့တန့်တန့်နဲ့ နင့်အဖေ အင်္ဂလိပ်က ဗုံးချမသွားတာ ကျေးဇူးတင်ရဦးမယ်"
သည်လိုတွေက သည်ဂျပန်ခေတ်ထဲဝယ် ခဏခဏ တွေ့ကြရ
သဖြင့် တောသူတောင်သားတွေလည်း ကျီးလန့်စာစားဘ၀မျိုး။
အခုလည်း ရွာအရှေ့ထိပ်က ဒေါ်အုန်းစိန်က ခေတ်ကာလ မကောင်းပါဘူးဆိုမှ ဆုံးပြန်ရော။ သူ့အမျိုးသမီး အသုဘကို ဦးလူရင်နှင့် သားသမီးတတွက အငြိမ့်မင်းသမီး ငှါးပြီး အသုဘချချင်သည်။ ရွာရပ်က ခေတ်ကာလမကောင်းသဖြင့် မငှါးဖို့ နားချကြသေးသည်။ ပြောမရ တားမရသည့်အဆုံး အငြိမ့်မင်းသမီးငှါးပြီး အသုဘ ဧယျာဉ်ကျူးးသည်။ မင်းသမီးကလည်း နာမည်ကြီး ဧရင်ကျူးး မင်းသမီး တောသူမတင်ကြည်။(မှတ်ချက် တောသူမတင်ကြည်မဟုတ်ပါ မင်းသမီးနာမည်မေ့နေသဖြင့် ကျနုပ်တို့ခေတ်က နာမည်ကြီးမင်းသမီးကို ငှါးထည့်ရပါသည်။)
မင်းသမီးကလည်း ဧရင်ကျူးးက ကောင်းလိုက်တာ။ အဆိုအငို အပြော ဘယ်နေရာမှ ဟာကွက်မရှိ။ သိင်္ဂါသံကို ဆိုပြောသွားလိုက်သည်မှာလည်း အသံကလည်းကောင်းလိုက်ဘိခြင်း။ ဈာပနခြောက်မျိုးကို ရှင်းပြ အနိစ္စ ဒုက္ခ အနတ္တ မမြဲသော သည်ခန္ဓာကြီး ခန္ဓာရလျင် အိုရမည် နာရမည် လူ့ဘ၀ သေခြင်း နဲ့သာ အဆုံးသတ်ကြသည် စသဖြင့် ဆိုကောင်းငိုကောင်း နေတုန်း။
ညပိုင်းဆိုတော့ အောက်လင်းဓာတ်မီးကြီးတစ်လုံး ချိတ်ပြီး ကနေကြတဲ့အချိန်။ သို့ကလို လေယာဉ်ပျံလာပြီလည်း ဆိုကရော ။
လေယာဉ်ပျံလာရင် ဖွက်ဖို့ အရန်သင့်တူးထားသည့် တစ်ပေလောက်ကျယ်သည့် တွင်းကြီးထဲ အောက်လင်းမီးအိမ်ကြီး ပျာရိပျာယာချပြီး အထက်က စကောကြီးနဲ့ ပိတ်လိုက်တော့ ခဏချင်း လင်းနေရာက အမှောင်ကျသွားသည်။ လူတွေရော ဆိုင်းသမားတွေရော မင်းသမီးတွေရော ၀ရုန်းသုန်းကာ ထွက်ပြေးကြသည်။ သို့နှင့် ထိုတစ်ညအဖို့ အငြိမ့်က တစ်ခန်းရပ်သွားတော့သည်။ အင်္ဂလိပ်လေယာဉ်မှူးလည်း ခပ်လှမ်လှမ်းတုန်းက မီးရောင်မြင်ပါလျက် ချက်ချင်း မှောင်ကျသွားသည့် ရွာကို ဖြတ်ပျံသွားရင်း သည်ဗမာကောင်တွေ ညဏ်တော့ အတော်ပြေးသဟ ဟု စိတ်ထဲ တွေးတောပြီး သူတို့ပစ်မှတ်ရှိရာ ကံထူးမ ရှိ
ဂျပန်စစ်စခန်းကို အခဲမကျေ ထပ်မံ ဗုံးကျဲချကာ ပြန်သွားတော့သည်။
×××××××××××
ရွာဓလေ့ ရပ်ဓလေ့တွေက အင်မတန် သိမ်မွေ့ရှုပ်ထွေးလှသည်။ အသုဘ ခေါင်းအတွက် အုံတုံခုတ်ပြီး ထမ်းလာလျင် လမ်းမှာ မချကောင်း။ လမ်းမှာချလျင် နောက်တစ်ယောက် သေတတ်သည်။
အသုဘကျင်းသွားတူးလျင် တူရွင်းအသွားကို ရှေ့ဘက်လှည့်ပြီး ထမ်းသွားကြရသည်။
အရင်သေသည့် အသုဘမချခင် နောက်တစ်ယောက်ထပ်သေလျင် မြေမအားသဖြင့် နောက်သေသည့်မသာကို ချက်ချင်း သင်္ဂြိုဟ်ရသည်။ ရွာပြင်မှာ သေလျင် ရွာထဲမယူရ။ရွာပြင်မှာသာ ထားကြရသည်။
(၂၀၀၆ဧပြိ ၃ရက်က မိခင်ကြီး မန္တလေးဆုံးလေရာ ရွာပြန်သယ်ပြိး ရွာပြင်မှာ ခုနစ်ရက်ထားကာ သားတွေစုံအောင် စောင့်ရသည်။ မိခင်ကြီး အသုဘ မချမီ သုံးရက်အလိုတွင် ဒေါ်မိသွယ်ကြီးက ဆုံးပြန်သည်။ ဒေါ်မိသွယ် ကြီး ဆုံးချေသော် သားသမီးများ မစုံသေးသေည်ငြားလည်း ရွာဓလေ့အရ မြေမအားသဖြင့် နေ့ချင်း သင်္ဂြိုဟ်ရသည်။ သူတို့လည်း သူတို့ သားသမိးတွေစုံအောင် စောင့်ချင်ရှာပေမည်။ သို့သော် ကျနုပ် မိခင်ကြီးက မချရသေးသဖြင့် မြေမအားဟုဆိုကာ ဒေါ်မိသွယ်ကြီးကို နေ့ချင်း ပို့ကြရသည်။ ကျနုပ်ကား အယူမရှိသော်လည်း ရွာဓလေ့ကို ပယ်၍မရချေ။)
အသုဘချဖို့ အသုဘကြီးကို သင်းချိုင်းကုန်းသယ်လာလျင်လည်း လမ်းမှ မချရချေ။ အသုဘမှ မဟုတ်။ အသုဘတင်သည့် အေးကုတင်ကြီးပင်လျင် သင်းချိုင်းကုန်းမှ ဘုန်းကြိးကျောင်းပြန်ပို့လျင် လမ်းတွင် ချမနားကောင်းဟု ဆိုချေသည်။ ရွာဓလေ့တို့ကား သို့ကလို ရှုပ်ထွေးလှသည်။
×××××××
နောက်တစ်နေ့မနက်တွင်တော့ ရွာနီးချင်းတွေလည်း အသုဘအခန်းချ လာကြ။ ညတုန်းက အဖြစ်အပျက်တွေကို စမြုံပြန်လို့ မဆုံးနိုင်။ ဘယ်သူကတော့ မှောင်နဲ့မဲမဲ ပြေးလိုက်တာ ခလုတ်တိုက်လဲလို့ ဒူးကွဲပုံ၊ ဘယ်သူက မမြင်မစမ်းပြေးကာ အိမ်အစွန်းနဲ့တိုက်ပြီး နဖူးကွဲပုံ၊ ဘယ်သူကဖြင့် လုံချည်က ကျွတ်ကျနေရစ်ပြီး ပြေးရပုံ စသဖြင့် ပြောမဆုံးပေါင် တောသုံးတောင်။
နေ့လည် တစ်နာရီထိုးတော့ အသုဘချဖို့ ပြင်ကြရသည်။ များသောအားဖြင့် နေ့လည် တစ်နာရီခွဲနှစ်နာရီလောက်အချိန်မှာ အသုဘ ချလေ့ရှိကြသည်။ ဘုန်းတော်ကြီးများ နေ့ဆွမ်းကပ်ပြီး တမှေးတမှော ကျိန်စက်ပြီးချိန်လောက်သာ ရွာဓလေ့အရ အသုဘချလေ့ရှိကြသည်။
သာလွန်မင်းတရာကြီး၏ အသုဘအမိန့်စာတမ်းတွင်တော့ အခါလေးပါး၌ အသုဘမချရာ ဟု ဆိုထားသည်။ နေ့လေးချက်တီး ညလေးချက်တီး နေ့နှစ်ချက်တီး ညနှစ်ချက်တီး စသည့်အခါ လေးပါး၌ မချရာဟု ဆိုသည်။ လေးချက်တီးမှာ ယခုခေတ်နာရီဖြင့် မနက်၆နာရီ ညနေ၆နာရီကို ဆိုပြီး နှစ်ချက်တီးမှာ ညသန်းခေါင်နှင့် နေ့မွန်းတည့်ချိန် စသည့် အချိန်တို့တွင် အသုဘမချရဟု အမိန့်တော် ထုတ်ပြန်ထားသည်။
နေ့တစ်နာရီခွဲတော့ ဘုန်းကြီးပင့်မည့်သူက ထွက်သွားပြီ။ ကျန်သည့်သူများက အသုဘ နန်းညွန့်ကြိးကို ထမ်းကာ လူကြီးများ အဖွားကြီးများ လှူဖွယ်ဝတ္ထု ရွက်သည့် အမျိုးသမီးကြီးများ ရှေ့နောက်တန်းစီပြီး နောက်ဆုံးမှ အသုဘနန်းညွန့်ကြီးကို လူငယ်များက ထမ်းကာ ထွက်လာကြသည်။
နန်းညွန့်ဆိုသည်မှာ ကရ၀ိတ်မပါသော အသုဘ ပြသဒ်ကြီးကို ခေါ်သည်။ ကရ၀ိတ်ကြီးများပါလျင် လှည်းဘီးလေးဘီးပေါ် အသုဘပြသဒ်ကြီးတင်ကာ တွန်းကြရပြီး နန်းညွန့်မှာ ကရ၀ိတ်မပါပဲ ပြသဒ်ကြီးသာ ပါပြီး လူများက ထမ်းကာ ပို့ကြရသည်။ ပြသဒ်ထိပ်ဖူးမပါသည့် ခါးချိုးပြသဒ်နှင့်လည်း ချကြသေးသည်။ အဆိုပါ ခါးဖျိုးပြသဒ်ကိုတော့ သလွန်ခုံဟု ခေါ်ကြသည်။ အသုဘရှင်၏ ဆန္ဒပေါ်မူတည်ပြီး သို့ကလို ချလေ့ရှိကြသည်။ တစ်ခါတစ်ရံ အေးကုတင်ဟုခေါ်သည့် ကုတင်ပေါ်တင်ကာ ထမ်းချရသည့် အသုဘကလည်း ရှိသေးသည်။
ဒေါ်အုန်းစိန်၏ အသုဘပြသဒ်ကြီး ထမ်းလာကြရာ ဘုန်းတော်ကြီးများနှင့် အဆုံ။ ဘုန်းတော်ကြီးများက ရှေ့ကအကြွ။(ဘုန်းကြိးကျောင်းက ရွာလယ်နားတွင်ရှိပြီး အသုဘက ရွာအရှေ့ထိပ်မှ ဖြစ်သဖြင့် ဘုန်းတော်ကြီးပင့်အရင်သွားပြီးမှာ အသုဘက ထွက်ခဲ့ကြရသည်။ အသုဘကို ထမ်းလာလျင်လမ်းတွင်မနားကောင်းမချကောင်းဟုဆိုသည်။)
ဘုန်းကြီးများက ရှေ့ကအကြွ အသုဘလိုက်ပို့သည့်အတန်းကြီးက နောက်က အလိုက်။
ရော ရော ရော ရော ရော
ဟာ လေယာဉ်ပျံ လာပြီဟေ့ ပြေး ပြေး ပြေး
ဘယ်မှာလျင် အသုဘကြီး မြေကြီးပေါ် မချပဲ ထမ်းနေနိုင်ပါချေမည်နည်း။ သူကောင့်သား ကာလသားတွေ အသုဘကြီး မြေကြီးပေါ် ၀ုန်းကနဲ လွှတ်ထျကာ နောက်ကျသည့်ခြေထောက် သစ္စာဖောက် ဟု ဆိုကာ ထွက်ပြေးကြတော့သည်။ ဘုန်းတော်ကြီးတွေလည်း ဘယ်ဆီထွက်ပြေးကြသည် မသိ။ လူတွေလည်း ကြက်ပျောက်ငှက်ပျောက်။ လမ်းမကြီးပေါ် ထီးထီးကျန်ရစ်သည်ကား ဒေါ်အုန်းစိန်း၏ အသုဘအလောင်းကြီးတင်ထားသည့် အသုဘပြဿ ဒ်ကြီးသာ။
No comments:
Post a Comment