Saturday, October 17, 2020

ဘုံဘ၀မှာ ကြုံရပါ(၁၅)

 

ဘုံဘ၀မှာ ကြုံရပါ(၁၅)
 
၁၉၉၀ဒီဇင်္ဘာလလောက်မှာ ကိုကြီး ဖားကန့်ကြီးမှော်ထဲ ခေါက်စားထမ်းနေတုန်းကပေါ့။ ကေအိုင်အေတွေ စပေါ့ချောင်းဖျားမှာ ဖိုးရှူတဲ့သူ၊ရောင်းတဲ့သူတွေ အကုန်သတ်ပြီးစ အချိန်ဆိုတော့ ပိုက်ဆံက အတော်ရှားနေတဲ့ အချိန်ပေါ့။ကျောက်တွင်းအနစ်ကြီးထဲက မြေစာတွေသယ်ပြီး နှစ်ပြလောက်ထမ်းပို့မှ ငွေလေး တစ်ကျပ်ပဲရတယ်။ ကျောက်ခဲကြီးတွေ ထမ်းရင် လုံကဘာ လို့ အော်ပြောခဲ့ နှစ်ကျပ်ရတယ်။ ထမ်းရတာခြင်းအတူတူမို့ ကျုပ်လည်း ကျောက်တုန်းတွေ ထမ်းတာများတယ်။ တက္ကသိုလ်ကျောင်းစရိတ်ရှာရပုံများ ပြောပါတယ်။ တစ်ရက်မှ ၁၅၀ကျပ်လောက်ပဲ ရတယ်။
နေရတော့ လေးတိုင်စင်တဲကလေးထဲ ပလပ်စတစ်၊ဂုံနီအိတ်တွေကာထားရတယ်။ အိပ်ရတာက သိကြားမင်းရဲ့ ဗန္ဓုကမ္ဗလာမြကျောက်ဖြာပေါ်မဟုတ်ပဲ ဆရာမှိုင်းရဲ့ ပံသုကဗလာမြက်ခြောက်ဖျာပေါ်မှာပေါ့လေ။ မြေကြီးပေါ် မြက်တွေခင်းပြီးအိပ်ရရဲ့။
စားရတော့ ငါးစင်ရိုင်းခြောက်ကျော်နဲ့ စွန်ထန်ဟင်းရေ။ သောက်ရတဲ့ရေက လူသေကောင်၊ခွေးသေကောင်၊ အမှိုက်ပေါင်းစုံ မြောလာတဲ့ ဥရုချောင်းရေ။ ကလေးဘဝ မူလတန်းကျောင်းနားရင် အနားက ရေကန်ထဲသွားပြီး ရေသောက်ရတာတောင် အမှတ်ရသေးရဲ့။ ကန်ထဲဆင်း ကိုယ်သောက်မယ့်နားက ရေကို အမှော်ကင်းအောင် ချေးရေ သေးရေ ဟိုသွား၊ ရွှေရေ ငွေရေ ဒီလာ လို့ဆိုပြီး သောက်ခဲ့ရတယ်။ အခုလည်း ဥရုချောင်းထဲက ရေကို အဲဒီလို အော်ပြီး ခပ်သောက်ရတဲ့ကိန်းပဲ။ ချိုးတော့လည်း ဒီရေ၊ သောက်တော့လည်း ဒီရေဆိုတော့ တစ်ရက်မှာ ကျုပ် သွေးဝမ်းကိုက်ပါရောဗျ။ ဝမ်းသွားရင် သွေးတွေပါတာ။ အခု အိမ်သာထဲကထွက် အခုပြန်တက်ပြေးရနဲ့။ ဒီရောဂါကအတော်ဆိုးဗျို့။ အာဟာရကချို့တဲ့ သွေးဝမ်းက သွားဆိုတော့ လူလည်းပဲ မြော့မြော့ပဲ ကျန်တော့တယ်။
အဲဒီလို အိမ်သာထဲဝင်လိုက်ထွက်လိုက် တစ်နေကုန် လုပ်နေတာကို မောင်အိုက်ဆိုတဲ့ ကျင်းသားက မြင်တော့ သူက သိတယ်လေ။ ကျော်ငွေ ငါ့ကို ပိုက်ဆံ ၂၀၀ ပေးတဲ့။ အဲဒါ ပိုက်ဆံလေးယူပြီး သွားတယ်။ ခဏနေတော့ ပြန်လာပြီး ကြက်သွန်ဖြူ အတက်ကလေးထဲကိုသူဝယ်လာတဲ့ မီးခြစ်ဆံခေါင်းလောက် အရာလေးထည့်ပြီး မီးကင်တယ်။
ပြီးတော့ ရော့ကွ ဒါလေးမျိုလိုက်တဲ့။ သူမျိုဆိုတော့ မျိုချလိုက်တာပေါ့။ ပါးစပ်ကို ခါးကျန်ရစ်တာပဲ။ အဲဒါလည်း မျိုပြီးရော သွေးဝမ်းသွားတာလည်း ယူပစ်လိုက်သလိုပဲ ပျောက်သွားတာဗျား။ မောင်အိုက် ဘာတွေပါလို့တုန်းဟ ဆိုတော့ ဘိန်းမဲတဲ့။ ကောင်းလိုက်တဲ့ဆေးပဲ။ လူသားတွေ ဆေးဝါးအတွက်သာ သုံးရင် ကောင်းတယ်ဗျို့။ မူးယစ်ဆေးအဖြစ် သုံးနေကြလို့သာ နာမည်ပျက်နေတာ။ညပိုင်းရောက်တော့ ဗိုက်ကလည်း ဆာလာတာနဲ့ ဈေးတန်းဘက်သွားပြီး မုန့်စားတယ်။ အပြန်လမ်းမှာ မူးလာတာ။ ဟ ငါ ဘာတွေဖြစ်ကုန်ပြီလဲ။ အားပြတ်လို့ မူးလာတာလား။ ချက်ချင်းကြီးပေါ့။ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ကျောက်ကျင်းနှစ်ကျင်းကြားက ဖြတ်လာတာဆိုတော့ ကျင်းထဲပြုတ်ကြမှာစိုးလို့ လေးဘက်ထောက်သွားခဲ့ရရဲ့။ ငါ ဘာလို့များ မူးပါလိမ့်ဆိုတော့ ညနေခင်းက မျိုထားတဲ့ဘိန်းက အစွမ်းပြတာကိုး။ ညရောက်တော့လည်း အိပ်လို့ ကမရဘူး။ မျက်စိတွေကြောင်နေတယ်။မနက်လင်းတော့ လမ်းလျှောက်လို့ လျှောက်မှန်းတောင်မသိဘူး။ လူကို ပေါ့ပါးဖြတ်လတ်လို့ပေါ့။ ဒါကြောင့် လူတွေ ဖိုးဘိန်းစွဲကြတာကိုး။ နည်းနည်းလေး မျိုတာတောင် ပေါ့ပါးပြီး နေလို့ ကောင်းသေးတာကိုး။တော်သေးတာပေါ့။ကျုပ်က စိတ်ထိန်းနိုင်တော့ အဲဒီဘက် ရိုင်မသွားခဲ့ဘူး။ ဒါမှ မဟုတ်ရင် ဖိုးသမားဖြစ်ပြီး ဒေါ်ကြည်မြင့်ဝက်ခြံက ဝက်စာ ဖြစ်သွားရော့မယ်။ ကံကောင်းလို့။ နို့မို့ရင် မဟာဘွဲ့လေးတောင် ရမှာမဟုတ်ဘူး။ ဖိုးသမားသာဖြစ်ခဲ့လို့က အခုလို ပေါက်ကရလေးဆယ်လည်း ရေးနိုင်မှာမဟုတ်တော့ဘူး။ ကျုပ်အကို ဝမ်းကွဲ စိုးတင့်နဲ့အောင်မြင့်တော့ ဖိုးစွဲပြီး သေပါရောလား။ မူးယစ်ဆေးဝါးဆို ဘာမှမကောင်းဘူးနော်။ မမြီးစမ်းကြနဲ့နော်။

No comments:

Post a Comment