ဘုံဘ၀မှာ ကြုံရပါ(၈)
၁၉၉၃ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကပေါ့လေ။ ဆရာမှိုင်း တက္ကသိုလ်တွေ မဖွင့်မီ လုံးခင်းမှာ စက်လှေ စပါယ်ယာအဖြစ် ဘ၀ကို ဖြတ်သန်းနေရတဲ့အချိန်တုန်းကပေါ့။
တစ်မနက်တော့ ကျုပ်နေတဲ့ အိမ်က ဂျစ်ကားမောင်းတဲ့ မောင်နိုင်က ကျော်ငွေ ငါ့ ကားစပယ်ယာမရှိဘူး။ သည်နေ့ ငါ့နောက် လိုက်ခဲ့စမ်းပါ တဲ့။ သည်ကောင်က အိမ်ရှင်ရဲ့ သမက်အငယ်ကောင်။ သူ့ ကားစပယ်ယာကောင် မန္တလေးသားက သည့်အရင်ရက်က လု့းခင်း မ၀င်ခင် လယ်ပြင်ဂိတ်နားမှား ကားတက်မောင်းလို့ တိုက်မိရာက ထွက်ပြေးသွားလို့ စပယ်ယာက မရှိတော့ ကျုပ်ခဏခဏ ခေါ်နေတာ။ ကျုပ်မှာ စက်လှေနောက်လိုက်သာက နေ့တွက်ရသေးရဲ့။ သူ့နောက်လိုက်တာ နေ့တွက်ကမရသေး အိက်ကပ်ထဲက စုထားတဲ့ ပိုက်ဆံလေးက ပါပါသွားသေးနဲ့။
အဲသာနဲ့ ကျုပ်လည်း ဘုမသိဘမသိ ဂျစ်ကားစပယ်ယာ ထလုပ်ပြီး လိုက်သွားရသပေါ့။ သူ့ကို လောပန်းတွေက အပြတ်ငှါးထားလို့တဲ့ လိုက်ပို့ရမှာတဲ့။ တရုတ်လောပန်းတွေ။ ငါးယောက်ခြောက်ယောက်လုပ်။ အမျိုးသမီးနှစ်ယောက်လား ပါသေးရဲ့။
မနက်လဘက်ရည်လေး သောက်ပြီး လိုက်လာခဲ့ရတာ။
ဘယ်ဆီ မောင်းသွားသတုန်း တောမှော်ဘက်ဆီ။ တောမှော်မရောက်ခင် တစ်နေရာရောက်တော့ ကားကို ဘယ်ဘက်ထဲ ချိုးပြီး လမ်းကလေးယောင်ယောင်အတိုင်း မောင်းလာလိုက်ကြတာ။ ဘယ်ရောက်လို့ ရောက်မှန်းကလည်း မသိဘူး။ လမ်းကလည်း လှည်းလမ်းသာသာ ။ လမ်းရယ်လို့တောင် ပီပီပြင်ပြင် မရှိပါဘူး။။ နောက်ဆုံးတော့ တောကြီးမျက်မဲ အလယ်တည့်တည့် မောင်းမရတော့ ရပ်ထားလိုက်ကရော။
ကျော်ငွေ မင်း ကားစောင့်နေရစ်တဲ့။
လူသွားလူလာ မရှိ။
နေပြောက်တောင် မထိုးတဲ့ တောကြီးမျက်မည်း အလယ်ခေါင်။
မောင်ကျော်ငွေနှင့် ဂျစ်ကားတစ်စင်းသာ ကျန်ရစ်တော့သည်။ ကားဆရာကလည်း လောပန်းတွေနောက် လိုက်သွားသည်။ မှော်အသစ်တွေ့လို့ သွားကြည့်ကြတာဆိုလား။ မနက် ၉ နာရီလောက်က သွားလိုက်တာ။ နေမွန်းတည့်လို့လည်း ပေါ်မလာ။
ကျုပ်မှာ သည်အချိန် ကေအိုင်အေတွေများ ရောက်လာရင် ငါ့ ဘယ့်နှယ်ရှင်းရပါ့။ ဆင်ရိုင်းအုပ်ကြီးများ ရောက်လာရင် ငါတော့ ပြေးမလွတ်နိုင်လောက်ဘူး။ ကျားကြီးများ ထွက်လာရင်
ငါ့မှာ ဘာလက်နက်မှ မရှိ။ ဒုက္ခပဲပေါ့။
ဟိုကောင်တွေ ပြန်မလာလေ။ ကျုပ်ကလည်း တစ်ယောက်ထဲ အော် အော်ဆဲပြီး မေတ္တာပို့လေ။ တစ်ယောက်ထဲ လေးငါးနာရီ ထိုင်နေရတာ။ စဉ်းစားသာကြည့်ပေတော့။ တောကလည်း နက်မှနက်။ ဗိုက်ကလည်းဆာ။ ဘေးနားကအပင်တွေကလည်း ဘာသီးမှ ခူးစားစရာမရှိ။
နေ့လည် ၂ နာရီလောက်မှ မောင်မင်းကြီးသားတွေ ပြန်ရောက်လာတော့တယ်။ အဲသည်ကမှ ပြန်မောင်းလာကြတာ ။ နေ့လည်စာဖြင့် သုံးနာရီကျော်မှ လုံးခင်းပြန်ရောက်မှ စားရတော့တာပဲ။
ဘုံဘ၀မှာ ကြုံရပါပေါ့လေ။
No comments:
Post a Comment