Saturday, October 17, 2020

ဘုံဘဝမှာ ကြုံရပါ (၁)

 

ဘုံဘဝမှာ ကြုံရပါ (၁)
 
၁၉၉၁ခုနှစ်ရဲ့ မိုးရာသီ သမယမှာပေါ့လေ။ဆရာမှိုင်းလည်း ဘဝတစ်ကွေ့မှာ မိုးကောင်းမြို့မှာ တက္ကသိုလ်မဖွင့်ခင်စပ်ကြား ကျောင်းစားရိတ်ကလေးများ စုမိလိုစုမိငြား လက်သမားလုပ် ရုန်းကန်နေရသပေါ့။ဘယ့်နှယ်လုပ် ကျောင်းစားရိတ် စုမိနိုင်မှာတုန်း ရတဲ့ငွေနဲ့ ကုန်ကျစားရိတ် ကာမိအောင် မနည်းချွေတာ စားသောက်နေခဲ့ရဲ့။နေရတာက မိုးကောင်းမြို့ ဘူတာကြီးအရှေ့ဘက်က နောင်ကိုက်တော်ရပ်ကွက်ထဲက ဦးခင်အောင်တို့အိမ်။ရှမ်းနီတွေပေါ့။သူတို့အိမ် လက်သမားလုပ်ရင်း နေကြရတာကိုး။သူတို့တတွေက လွဲလောရွာမှာ နေတာဆိုတော့ အိမ်စောင့်ပေးရင်းနေရသပေါ့လေ။
တစ်ညတော့ ဘူတာကြီးအနောက်ဘက်က ဈေးကုန်းရပ်ထဲက ဗွီဒီယိုရုံက ပျဉ်းမငုတ်တို ဇာတ်ကားပြလို့ သူငယ်ချင်းတစ်ယောက်နဲ့ ညပိုင်း သွားကြည့်သပေါ့လေ။ဇာတ်လမ်းလေးက အထွဋ်အထိပ် ကောင်းခန်း လွမ်းခန်းရောက်လာ။ရဲဘော်မောင်တူး သေနတ်မှန်လို့ မိချိုရောက်လာတော့ ဆဲဆဲထင်ပါ့။ပေါ်တာ ပေါ်တာ တဲ့။
ဟိုက် သေပြီဟ။ဗွီဒီယိုရုံထဲဝင်ပြီး ပေါ်တာဝင်ဆွဲပြီဟ။
ဘာပြောကောင်းမတုန်း။နှစ်ယောက်သား နီးစပ်ရာ ပြူတင်းပေ့က်က ခုန်ချထွက်ပြေး ဝင်းထရံတွေကျော်ခွပြီး နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲဆိုပြီး ခွေးပြေးဝက်ပြေး ပြေးချလာလိုက်ရတာ။မြို့ဦးစေတီဘက်ကနေ ပတ်ပြီး နောင်ကိုက်တော်ရောက်အောင် ဘယ်လိုပြေးခဲ့မှန်းတောင် မသိပါဘူး။
အရေးထဲမှ ရေကလည်း ကြီးနေပြန်ရော။ရင်ခေါင်းလောက်ရှိတဲ့ ရေတွေထဲကနေ ဘယ်လိုလုပ် အိမ်ပြန်ရောက်လာမှန်းတောင် မမှတ်မိတော့ပါဘူး။အိမ်လည်းရောက်ရော။တစ်ကိုယ်လုံးလည်း ယားယံလို့။မယားပဲနေပါရိုးလား။မျှော့ အကောင် လေးငါးဆယ်လောက် တစ်ကိုယ်လုံး တွယ်နေလိုက်ကြတာ။လက်မလောက်ရှိတဲ့အကောင်ကြီးတွေ။သွေးတွေများဝလို့။ဗွီဒီယို အကြည့်ကောင်းလိုက်တာ ပေါ်တာအဆွဲခံရတော့မလို့။အပြေးကောင်းလို့ လွတ်လာလိုက်တာ။ကံကောင်းလို့။ကျုပ်အကိုရင်း အကြီးဆုံးကောင်ကတော့ နန့်စီးအောင်ဘူတာက အဆွဲခံရတာ ၂၁ရက်ကြာဆိုပါ့။ရော့ကက်လောင်ချာအလုံးကြီးထမ်းပြီး ရှေ့ဆုံးက သွားရတယ်တဲ့။လမ်းမရှိရင် သူက ဓားနဲ့ခုတ်ရှင်းပြီးမှ သွားရတယ်တဲ့။ကရင်ကြည်နယ်လို မြေမြှုပ်မိုင်းများရှိရင် ကျုပ်အကို ပြန်တောင်တွေ့ရမှာ မဟုတ်ဘူး။တစ်ခါကတော့ သည်အကိုပဲ ဆားမှော်နားက ကဝါးရံရွာမှာရောက်နေတုန်း ကေအိုင်အေက ရွာသားတွေ စစ်တပ်ကို ကူလို့ဆိုပြီး လာတိုက်တာ ရွာကပြည်သူ့စစ်နဲ့ တိုက်ကြတာ။ကျုပ်အကိုတော့ စားပွဲခြေထောက်ကြားထဲ ဝက်ဦးကုန်းပြီး ကျေးကန်ဘွားတော်ကြီးကယ်တော်မူပါ လို့ ဆိုနေရသတဲ့။အရေးအကြောင်း ဘုရားအမှတ်မရဘူး။ရွာက နတ် လှမ်းတနေသတဲ့။ကံကောင်းတာတစ်ခုက ကေအိုင်အေပစ်တဲ့ မော်တာကျည်က တဲတံစက်မြိကတ်မှာ ချိတ်နေပြီး မကွဲဖူး ဆိုပါ့။လူ့ကံများ တယ်ကြီးသကိုး။
ဝမ်းကွဲအကိုကောင်ကတော့ ပေါ်တာပါသွားတာ လမ်းမှာ ဟိုမေးသည်မေးနဲ့။မင်းတို့တိုက်ပွဲဖြစ်တာမြင်ဖူးသလာ လို့ ဗိုလ်ကြီးက မေးတယ်ဆိုပါ့။ဘယ်ကလာ ကျုပ်တို့ဆီ တန့်ဆည်နယ် စစ်သားတစ်နှစ်နေလို့ တစ်ယောက်မမြင်ဖူးဘူး။တိုက်ပွဲဆို ဝေးရော ဆိုတော့။မနက်ကျတော့ တိုက်ပွဲလေး ဘာလေးကြည့်ပေါ့ကွာ တဲ့။မနက်ကျတော့ ကေအိုင်အေစခန်း တက်သိမ်းတာ ကျုပ်အကိုတော့ ဝမ်းလျားမှောက်ပြီး အဖေကယ်ပါ အမေကယ်ပါ မြတ်စွာဘုရားကယ်တော်မူပါ တနေရသတဲ့။စခန်းလည်း သိမ်းပြီးရော ကြက်တွေဝက်တွေ ကြိုက်ရာ သတ်စားကြကွ လို့ ရဲဘော်တွေက ဆိုသတဲ့။
ဘဝတစ်ကွေ့ ရုံးကန်ခဲ့ရစဉ်က ပေါ်တာဆွဲလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာ မိုးကောင်း လုံးခင်း ဆိုင်းတောင် ဟိုအင်းတော်ကြီးဘေးက လုံးတုံ ။ကြုံပလေ ဘုံပွေတလွှားပေါ့လေ။ 
 
ဘုံဘဝမှာ ကြုံရပါ (၂)
 
ဖားကန့်မှာ မြေပြိုလို့ ရေမဆေး ရှာနေကြတဲ့ ကလေးတွေ သေကုန် ကြတယ်ကြားတော့ စိတ်ကို နည်းနည်းမှ မကောင်းဘူး။ ကျုပ်တူတော်မောင်တွေ အတော် များများကလည်း ရေမဆေးရှာပြီး အသက်မွေးဝမ်းကျောင်းနေကြရှာရဲ့။တိုင်းပြည်ဆင်းရဲတော့ လူတွေလည်း အသက်ဘေးနီးမှန်းသိရက်နဲ့ ရုန်းကန်နေကြရရှာတာပေါ့။ရှိတဲ့အဆီအနှစ်က ခရိုနီတွေ တရုတ်တွေ အကောင်ကြီးတွေပဲ မျိုဆို့ သွားကြပြီး တိုင်းပြည်ကိုတော့ ဆင်းရဲတွင်းထဲ ပစ်ချထားခဲ့ကြတယ်။ဒင်းတို့သံသရာကောင်တွေ သံသရာ မပါဘူး ထင်နေတယ်ထင်ပါ့။ခံကြပါလေ မျောကြပါလေ သံသရာကြော။
၉၀ ခုနှစ် ဆယ်တန်းအောင်တော့ မိုးကောင်းလက်သမား လုပ်နေရာက တက္ကသိုလ် စားရိတ်ရချင်လို့ လူပြော များလှတဲ့ ဖားကန့်ကို သီတင်းကျွတ်ပြီးစ ကန်ကလေးကုန်းက ကိုကြည်
လင်း က ထည့်ပေးလိုက်လို့ ဒေါ်နန်းပု ဆိုတဲ့ရှမ်းမကြီနဲ့ အာ့ဖန်ဆိုတဲ့ ကချင်မလေးနဲ့ လိုက်သွားရတယ်။ လမ်းမှာ သုံးညအိပ်ရရဲ့။ နန့်တိမ်း ရောက်တော့ ကေအိုင်အေ အကောက်စခန်းက အကြီးကြီး။အဲသည်မှာ ငွေ၄၅ကျပ်နဲ့ ဆန်တစ်ဗူး ပေးရရဲ့။ အာ့ဖန်က ကချင်လိုပြောပေးတော့ ပျုပ်လည်း မစစ်အဆေးမရှိ ဖြတ်ခွင့် ရသပေါ့လေ။ဒါနဲ့ ဖားကန့်ရောက် သွား နန့်မဖြစ်ရွာမှာ ညီအကိုဝမ်း ကွဲတွေ ကုန်စိမ်းထမ်းနေတာနဲ့ သွားနေပြီး ကုန်စိမ်ထမ်းရတယ်။ တစ်လကျော်ကျော်လောက် လုပ်တာ အလုပ်က နေ့တိုင်းမဖြစ်နဲ့ဆိုတော့ ငွေကလည်း မစုမိဘူး။ဒါနဲ့ ဖားကန့် ကြီးမှော်ထဲ ခေါက်စားထမ်းမယ်ဆိုပြီး ကန်ကလေးကုန်းက ဖိုးမှိုင်းနဲ့ ထွက်လာကြတယ်။တိုင်လေးလေးတိုင်ခုတ် ဂုံနီအိတ်တွေ။သစ်ကိုင်းတွေကာ မြေကြီးပေါ် မြက်ခြောက်တွေခင်းပြီး အိပ်ခဲ့ရရဲ့။သိကြားမင်းရဲ့ ပဏ္ဌု ကမ္ဗလာ မြကျောက်ဖျာ မဟုတ်ပဲ ဆရာမှိုင်းရဲ့ ပံသုကမ္ဗလာ မြက်ခြောက်ဖျာပေါ် စက်တော်ခေါ်ခဲ့ရပေသပေါ့လေ။ဘဝဆိုတာလည်း ဤသို့ရှိခဲ့ချေသည်တမုံ့။
ခေါက်စားထမ်းတော့ ကျောက်တွင်းထဲ လှေကားထစ်အတိုင်း အထစ်တစ်ရာ လောက်ဆင်း မြေစာတွေ စောကူ လို့ခေါ်တဲ့ ဂေါ်တောင်းထဲထည့် နှစ်ပြလောက်ဝေးတဲ့ ဥရုချောင်းဘေးသွားသွန် တစ်ခေါက်မှ တစ်ကျပ်။ကျောက်ခဲကြီးတွေသယ်ပစ်ရင် ခေါက်စားစားရေးကို လုံကမ္ဘာလို့အော်ပြောခဲ့ရင် နှစ်ကျပ်ရတယ်။တစ်နေ့လုံး လုက်မှ ဘာရမတုန်း အလွန်ဆုံး ၁၂၀ နဲ့ ၁၅၀ကြားပေါ့။ဒါတောင် ကျုပ်အများဆုံးရယ်။ဖိုးမှိုင်းနဲ့ ကိုတင်သိန်းတို့ ဦးဒေါနတို့ကတော့ ခေါက်စားစားရေးကို ပိုက်ဆံပေးပြီး ခေါက်ရေခိုးသတဲ့။တစ်နေကုန်ရင် ၁၂၀တော့ ရကြသပေါ့လေ။ကျုပ်ကတော့ ပြောပါတယ်။ငါ အဲသည်လို လုပ်စားဖို့ ဝါသနာမပါဘူး။အချောင်လည်း မရချင်ဘူး လို့ပြောပြီး ကိုယ့်လုပ်အားနဲ့ရတာလေးပဲ ယူခဲ့တယ်။သံသရာ မပါချင်ပါဘူး။အခုဂိုက်လိုက်တော့ ဧည့်သည်ကြည့်ချင်တယ်ဆို ပို့လိုက်တယ်။မကြည့်ချင်ရင် မပြတော့ဘူး။အနည်းပါး ရရင်လည်း လှူပစ်လိုက်တာပဲ။သမ္မာအာဇီဝထဲ ပါတယ် မထင်ပါဘူး။ဆက်ရန်
အဲသည်အချိန်တုန်းက ဖားကန့်ကြီးမှော်
နေရာအကောင်းဆုံးနေရာမှာ မောင်ကျော်ဘရဲ့ ကျင်းတွေက နေရာယူထားသပေါ့လေ။သံဆူးကြိုးတွေကာလို့ သူ့ကျင်းသားတွေပဲ စလောင်းတီဗွီနဲ့ ဇိမ်ကျနေတဲ့ခေတ်ကိုး။
သည်လိုနဲ့ ကျုပ်တို့ခေါက်စားသမားလေးတွေ ရုန်းကန်လာခဲ့ကြရတာ။သံတူရွင်းနဲ့ တူးတဲ့ခေတ်ဆိုတော့ ရေမဆေးရှာတဲ့လူဆိုတာ ဘယ်ရှိပါလိမ့်မတုန်း။နေ့လည်ခင်းကျတော့ ကျင်းကမ်းပါးရံကြီး ခေါင်းပြုပြီး အိပ်စက်နားနေကြပေါ့။
တစ်နေ့ဟာတော့ ကမ်းပါးယံကြီး ပြိုကြလာလိုက်တာ။အစကတဲက ကျောက်ခဲအသေးလေးတွေက ကျကျလာတာ။ဒါနဲ့ မသင်္ကာတော့ အိပ်နေတဲ့လူတွေက ထပြေးလာကြတယ်။ခနနေတော့ ဝုန်းကနဲ ပြိုကျပါလေရော။ခေါက်စားသမာျးတွ အိပ်တဲ့နေရာတည့်တည့်ပါ့။ကံကောင်းလို့။ပြေးချိန်ရလိုက်လို့။နေ့ခင်လည်း နေ့ခင်မို့ အရိပ်အယောင်သိပေလို့။နို့မို့ဆို လူတစ်ရာကျော်ပါသွားရော့မည်။ကျုပ်ကတော့ အဲသည်လို ကမ်းပါးယံနား ယောင်လို့တောင် မကပ်ခဲ့ဘူး။အစကတဲက ပြိုချေသော် ဆိုတဲ့ အတွေးနဲ့။အကယ်၍သာ အဲသည်တုန်းက မြေပြိုလို့သေခဲ့ကြရင် အဲသည်ဟာက ပထမဆုံး ဖြစ်ချေမည်။ကံကြီးကြပေလို့ပေါ့။
ဟိုနေ့က ကလေးတွေကြတော့ ညသန်းခေါင် အိပ်မောကြနေချိန်ဆိုတော့ ပြေးချနိလည်းမရ သိလည်းမသိလိုက်ကြ။ကိုယ်ချင်းစာပါ၏။နေ့လည်ပိုင်း အလုပ်ပင်ပန်းတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာကြမည်။အိပ်ပျော်ယင်း ထာဝရ အိပ်စက်သွားရှာကြသည်။ကောင်းရာသုဂတိ လားကြပါစေလို့သာ ဆန္ဓပြု တောင်းဆုချွေပါ၏။ဘဝဆက်တိုင်း သည်အဖြစ်မျိဖုးနဲ့ ကင်းဝေးနိုင်ကြပါစေ။ဝဋ်ကြွေးရှိခဲ့ကြရင်လည်း သည်မျှနဲ့ ကျေကြပါစေကွယ်။
 
ဘုံဘ၀မှာ ကြုံရပါ (၃)
 
ကျုပ်တို့ မိတ်ဆွေကြီး နယူးဇီလန်သားကြီးက သူနဲ့ ဘယ်လိုဆုံခဲ့ရသလဲ ဆိုတဲ့ အကြောင်း စာရေးပေးပါ။ စာအုပ်ထုတ်မလို့ ဆိုလို့ ကျုပ်လည်း ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေ ရေးပေးနေတာ သည်ရက်ပိုင်း မအားတာနဲ့ အစမသတ်နိုင်သေးဘူး။ သူ့ဆီရေးရင်းနဲ့မှ ကျုပ် မိုင်းတောထဲက ဖြတ်ခဲ့ရတာလေး သတိရမိလို့
ဘုံဘ၀မှာ ကြုံရပါ အပိုင်းသုံးကို ဆက်ရေးမလို့။
ကိုးဆယ်ခုနှစ် အောက်တိုဘာလ သတင်းကျွတ်အပြီး ဖားကန့်ကို မိုက်တိမိုက်ကန်း တက်သွားလိုက်တာ လမ်းမှာလည်း ကေအိုင်အေ အကောက်စခန်းတွေ ဖြတ်ပြီး အခွန်ဆောင်ရ ဟိုမေးသည်မေး မေးခံရတဲ့ခေတ်ကိုး။
စပ်မိလို့ ပြောရရင် ကေအိုင်အေတွေက ကချင်ပြည်နယ်က လူတွေဆိုရင် အလွယ်တကူ ဖြတ်ခိုင်းပြီး ကျန်တဲ့ဒေသကဆို မသွားခိုင်း ပြန်လွှတ်တယ်ဆိုလားပါ့။ ကျုပ်ကတော့ အာ့ဖန်ဆိုတဲ့ ကချင်မလေးက ပြောပေးလို့ ငွေလေးဆယ့်ငါ့ကျပ်ပဲ ဆောင်ရတယ် ဆန်တစ်ဗူးတောင် မပေးခဲ့ရဘူး။
ကျုပ်တို့ရွာ မြောက်ဘက်က လိပ်ခြံက လူက အနှီကေအိုင်အေစခန်း ဖြတ်တော့ ကေအိုင်အေကချင် ရဲဘော်က စကားဝဲ၀ဲနဲ့ မင်းက ဘယ်ကလဲ ဆိုတော့ ဟိုလိပ်ခြံသားကလည်း အူတိအူကြောင် စကားကလည်း အနောက်တာသားဆိုတော့ နည်းနည်း
ဝဲသကိုး။ ကျနော် လိပ်ခြံက လာတာ ဆိုတော့ အေး အေး သွား သွား လို့ ဆိုသတဲ့။
အဲသည်လိုနဲ့ ကျုပ်လည်း ဖားကန့်ရောက်သွား ကေအိုင်တွေ ဖိုးသမားတွေ ဖိုးရောင်းတဲ့သူတွေ ဖမ်းပြီး သတ်တဲ့ စပေါ့ချောင်းဖျား အရေးအခင်းကလည်း ပြီးကာစ ဆိုတော့ အလုပ်အကိုင်များ အင်မတန် ရှားတဲ့အချိန် အလုပ်အကိုင် မကောင်းတဲ့ အချိန်ကိုး။ အခုမှ မီဒီယာတွေကနေ လူအစုလိုက်အပြုံလိုက်သတ်တယ် ဘာညာ အော်နေတာ။ ကချင်တွေ သတ်တာ လေးငါးခြောက်ရာ တစ်ချိန်ထဲ တစ်နေရာထဲ သတ်ပစ်တာ ဘယ်သူမှတောင် မသိလိုက်ဘူး။
ကျုပ်လည်း ရောက်ပြီးရော ဘာလုပ်ငန်းမှ မကောင်းဘူး။ ဒါနဲ့ နန့်မဖြစ်မှ တစ်လလောက် ကုန်စိမ်းထမ်းနေတာ အလုပ်မဖြစ်တာနဲ့ ဖားကန့်ကြီးမှော်ထဲ ခေါက်စားထမ်းနေရတယ်။
ခေါက်စားထမ်းပြီး နှစ်လလောက်နေတော့ ရွာဘက်ကလူတွေ ရောက်လာတာ ကံထူးမမှာ နိုင်ငံခြားသားတွေ အများကြီး ရောက်နေတာ ရေနံလာရှာကြသတဲ့။ တစ်ချို့ရွာသားတွေ အလုပ်ဝင်လုပ်ကြသတဲ့။
ကျုပ်ကလည်း အင်္ဂလိပ်စာ ကြမ်းပိုး။ ဘာမှ စဉ်းစားမနေဘူး။ ရွာပြန်မယ် အဲသည်ထဲ အလုပ်ဝင်လျှောက်မယ် အင်္ဂလိပ်စကား ပြောကြည့်မယ် ဆိုပြီး တစ်ခါထဲ ဆုံးဖြတ်ပြီး ပြန်ဖို့ ပြင်တော့ပဲ။
ကန်ကလေးကုန်းက ဆန်းဝင်းကလည်း အတူပြန်မယ်ဆိုတာနဲ့ မပြန်ခင် နန့်မဖြစ် သွားလည်ကြတယ်။ နန့်မဖြစ်ရောက်တော့ ကျုပ်တို့ရွာသားတွေ ဟိုပင်တပ်ရင်း ခလရ ၃၇(၄၀)
ကောင်တွေနဲ့ ဘောလုံးကန်ဖို့ ချိန်းထားတာတဲ့ လူမရှိလို့ ၀င်ကန်ကြဥိးဆို
တာနဲ့ ၀င်ကန်ရတယ်။ ကျူပ်တို့က သုံးဂိုးလားမသိဘူး နိုင်တာ။ ပိုက်ဆံ ၂၀၀ကြေးဆိုတော့ စစ်သားတွေဆီက ပိုက်ဆံ ၂၀၀ ယူပြီး ကျုပ်အကိုတွေ အရက်သောက်ပစ်ကြရော။
နောက်မနက် ဖားကန့်ကနေ မရှိကထောင်ဘက်ကူးလာပြီး ခရိးထွက်မလို့ ရှိသေး လမ်းမပေါ်ကလူတွေ ၀ရုန်းသုန်းကား
ပြေးကြရော။ သေချာပြီ ပေါ်တာဆွဲနေတာ ဆိုပြီး သစ်စေးပင်လှ ဥိးသန်းအောင်တို့ လက်သမားအဖွဲ့ထဲ ၀င်ပြေးရတယ်။ ခနနေတော့ စစ်သားတွေ ပေါ်တာတွေ တစ်တန်းကြီး ။ အထမ်းတွေကလည်း မနည်းဘူး။ ဒါဏ်ရာရတဲ့ ရဲဘော်တွေ ပုဆိုးထဲ ထည့်ထမ်းလာကြတာ။
ဒါနဲ့ အခြေအနေ ငြိမ်သွားမှာ ဆက်ထွက်လာရတယ်။မှော်ကလုံရောက်တော့ ညအိပ်တယ်။ အဲသည်ခေတ်က မှော်ကလုံက နာမည်နဲ့။ မှော်က မှော်ကလုံ လောပန်းက ဦးဖိုးရုံ စားရတော့ ရွှေဖယုံ ဘာညာနဲ့ ကျင်းသားတွေ စာစပ်ထားတာ ။ မေ့ကုန်ပြီ။
နောက်ရက်မနက် မှော်ကလုံကနေ ထလာတာ ဆပ်ပြာကျင်းနားရောက်တော့ လားသမားလင်မယား ဆန်အိတ်တွေ လားပေါ်က ပြုတ်ကျလို့ ကျုပ်တို့ နှစ်ယောက်ုကိုကူညီပါဥိးဆိုတာနဲ့ ၀ိုင်းလုပ်ပေးနေတုန်း အာ့လားလား စစ်ကြောင်းကြိး ရောက်ချ လာပြန်ရော။ ပေါ်တာတွေ အထမ်းတွေကလည်း နှစ်ဆယ်ကျော် သုံးဆယ်ကျော်။ ကျုပ်တို့တော့ သွားပြီး တကယ့်ဟာနဲ့မှ လာတိုးနေရတယ် ပေါ်တာ အဆွဲခံရတော့မယ် ဆိုပြီး ဘုရားတနေရတယ်။ စစ်ကြောင်းကြီး အလယ်လောက်ရောက်တော့ စစ်ဗိုလ်နဲ့တူပါရဲ့ မင်တို့ အတက်လား အဆင်းလားတဲ့ ။ လားသမားလင်မယားက အတက်ပါဗိုလ်ကြီး တဲ့။ ဘာမှ ထပ်မမေးတော့ပဲ ဆက်ထွက်သွားကြရော။
စစ်ကြောင်းကြီးလည်းကုန်ရော လားသမားနှစ်ယောက်ကလည်း ဖားကန့်ဘက် ထွက်သွားကြရော။ ကျုပ်တို့နှစ်ယောက်လည်း ဆက်လာခဲ့ကြရော။ ခနနေတော့ နောက်စစ်ကြောင်းက ရောက်လာပြန်ရော။ အထမ်းတွေနဲ့ပဲ။ များလှပါလားဟ ပေါ့။ ကံကောင်းလို့ ဘုန်းကြိးတစ်ပါး နောက်ကရောက်လာတာနဲ့
ဘုန်းကြီူနောက်က ကပ္ပိယ လိုလို ကပ်လိုက်လာကြတာ။
နောက်ရက် နေ့လည်လောက်ရောကိတော့ ရောက်ပါပြီဗျာ ကေအိုင်အေးတို့ရဲ နာမည်ကြီး အကောက့်စခန်း ဝေခါတောင်ထိပ်က ဝေခါစခန်းကြီး။ ကေအိုင်အေတော့ တစ်ယောက်မှ မရှိတော့ဘူး။ စစ်တပ်က လာတိုက်ပြီး မိးရှို့ ထားလို့ တဲတွေအကုန်လုံး မီးလောင်ငုတ်တိုတွေပဲ ကျန်တော့ရဲ့။ သည်ျနေရာ ဒုက္ခ စတွေ့တော့တာပဲဗျိုး။
ခရီသည်များ အားလုံး လမ်းအတိုင်းသွားပါရန်။ ဘေးဘက်မသွားရ။ မိုင်းထောင်ထားသည်။ တဲ့။ စစ်တပ်က ရေးထားတဲ့ သတိပေးစာ။ လမ့်းကလေးက တောင်ထိပ်က ကွင်းပြင်ကလေ အလယ်ခေါင်တည့်တည့် လူသွားလမ်းဗျာ ကျယ်လှ သုံးပေပေါ့။ ဘေးမနင့်းရသာ ဆိုတာ အမှတ်အသားကလည်း မရှိ ၀ါးလုံးလည်း တားမထား ကြိုးလည်း တားမထား။ မြေမြှုပ်မိုင်းကလည်း ဘယ်နားထောင်ထားမှန်းမသိ။ မိုင်းဆိုတာ ဘယ်လိုဟာတုန်း မြင်ဖူးတာလည်း မဟုတ်။ ဒါနဲ့ အရိပ်အခြေကြည့်ပြီး ဖြတ်ရတယ်။ တစ်ဖက်က လားအုပ် လာမလာကလည်း ကြည့်ရသေးရဲ့။ လားအုပ်လာလို့ မိုင်းကွင်းထဲ ဖြတ်နေတုန်း ဘေးများ ရှောင်ပေးရရင် မောင်ကျော်ငွေတို့ ခန္ဓာကိုယ်ကြီး ဘယ်နားရှာရမှန်းတောင် သိမှာ မဟုတ်ဘူး။ ပြိးခဲ့တဲ့ ရက်လောက်က လားနစ်ကောင်က လန့်ပြီး ထွက်ပြေးတာ မိုင်းတောထဲ ဖြတ်လို့ သေသွားတယ် ဆိုလား ပြောကြတာ။
ကြောက်ကြောက်နဲ့ ဘုရားတ ဖြတ်လာရတာ ပေ ငါးရာလောက်များ ရှည်မလား မသိဘူး။ ဟိုဘက်ကမ်းကို ရောက်သွားရော။ အင်း ငါ့အသက်နဲ့ ခန္ဓာ အိုးစား မကွဲသေးဘူးဟ ပေါ့။
အဲသည်ကနေလာတော့ တွေပဗျာ မောင်မင်းကြီးသား ကေအိုင်အေတွေ ပျားအုံဆိုလား အဲသည်စခန်းမှာ စခန်းအသစ်ဆောက်နေတာ။ အကောက်ကောက် အဆင်းမှန်သမျှ နှစ်ယောက်လာရင် တစ်ယောက်သွား တစ်ယောက်ချန်ပြီး လုပ်အားပေးတဲ့။ သုံးယောက် လေးယောက်လာ တစ်ယောက်ပဲ အိတ်စောင့်ဖို့ချန်ပြီး ကျန်တဲ့လူ လုပ်အားပေးတဲ့။ စခန်း ၀ိုင်ဆောက်ရတာ။
ကျုပ်နဲ့ ဆန်းဝင်း နှစ်ယောက်လာတာ အနှီ ကေအိုင်အေက မင်းတို့ ဘယ်ကတုန်းတဲ့ ကျုပ်တို့ တန့်ဆည်ကပါ
ဆိုတော့ အေး အေး တန့်ဆည်သား လူမိုက်တွေ သွားကြ သွားကြ ရပြီ တဲ့။ တန့်ဆည်က ရဲသတ် အသဲကြော်စား နာမည်ကြီးတဲ့အချိန်ကိုး။
ရှေ့နားရောက်တော့ ခရီးသည်တွေ နှစ်ဆယ်လောက် ထိုင်စောင့်နေကြတယ်။ ခင်များတို့ လုပ်အား မပေးရဘူးလားတဲ့။ ကျုပ်တို့တော့ ဘာမှ မလုပ်ခဲ့ရဘူး ဆိုတော့ သည်တမနက်လုံး မင်းတို့ နှစ်ယောက်ပဲ လွတ်လာတာတဲ့။
သြော် တန့်ဆာည်သားများ အတော် ဘုန်းကံကြီးသကိုးဗျ လို့ က်ုယ့်ဘာသာ ချီးကျုးးရသေးရဲ့။ 
 
ဘုံဘဝမှ ကြုံရပါ (၄)
 
၁၉၉၂ကုန်ပိုင်း လောက်ကပေါ့။ဆရာမှိုင်းလည်း ဘဝတကွေ့မှာ တက္ကသိုလ် ကျောင်းစရိတ်ရှာယင်း လုံးခမှာ ကွန်းခိုနေရတဲ့အချိန်တုန်းကပေါ့။လက်သမားလုပ်တာက တစ်ရက်မှ ၁၈၀ ရတဲ့အချိန်။စက်လှေပေါ်လုပ်တော့ လုံးခင်းဖားကန့် တစ်ခေါက်ပြေး ၂၀၀ကျပ်ရသမို့ ဆရာမှိုင်းလည်း စက်လှေစပယ်ယာဘဝမှာ ကျင်လည်နေရသပေါ့။
အဲသည်အချိန်မှာ စက်လှေပိုင်ရှင်ရဲ့ မောင်ဝမ်းကွဲ ဦးအောင်သန်းက။ကျုပ်တို့ကတော့ စိုင်းလုံလို့ ခေါ်ကြသပ။သူက လက်သမားခ ကုန်မှာစိုးတော့ သူ့အိမ်ကို သူ့ဖာသာဆောက်တယ်။ပြူတင်းပေါ့က်တွေ လှေကားတွေကြတော့ မလုပ်တတ်တော့ ကျုပ် လုပ်ခိုင်းနဲ့ လေးငါးရက်လောက် စက်လှေပေါ် မလိုက်ပဲ အိမ်ကလေး အစသတ်ပေးလိုက်ရတယ်။ကျုပ်ကလည်း လက်သမားဆရာဘဝနဲ့ ကျင်လည်ခဲ့ရသေးသကိုးဗျ။
သည် စိုင်းလုံခေါ် ဦးအောင်သန်းက တစ်ညမှာ ကိုကျာ်ငွေ ကျုပ်နဲ့ ခဏလောက် လိုက်ခဲ့စမ်းပါ။သူက ဒီဇယ်ကလည်း ရောင်းသေးသကိုး။ ဒါနဲ့ ဥရုချောင်းထဲက လှေပေါ်ကို ဆင်းသွားရော။ကျုပ်လည်း ဘုမသိဘမသိနဲ့ လှေဥိးကနေ ထိုင်လိုက်သွားတာပေါ့။စကားတစ်လုံးမှ မပြေနဲ့နော် လို့ ဆိုပြီး သူက နောက်ကနေ လှေကို လှော်ပြီး ဥရုချောင်းကို နှစ်ပြလောက် စုန်လာခဲ့ကြတယ်။ချောင်းကွေ့နးရောက်တော့ အရှေ့ဘက်ကမ်းကို တိတ်တိတ်ကလေး လှော်လာခဲ့ကြတယ်။ဟိုဘက်ကမ်းရောက်တော့ ကမ်းပေါ်ကလူက ဆေးလိပ်မီးကလေး သောက်ပြတယ်။စိုင်းလုံလည်း လှေကို အဲသည် နား ထိုးစိုက်လိုက်တယ်။ပြီးတော့ ဒီဇယ်ပုံးတွေကို လှေပေါ်ကို ပြာရိပြာယာ တင်ပြီး သည်လဘက်ကမ် မြန်မြန် ပြန်လှော်ပြေး လာခဲ့ကြတယ်။အစိုးရ ကျောက်စိမ်းရုံးက ဝန်ထမ်းတွေ ဒီဇယ်ခိုးရောင်းတာတဲ့ဗျာ။ကျုပ်တို့ လှေရပ်တဲ့နေရာက ကျောက်စိမ်းရုံးတည့်တည့်။အဲသည်နေရာနဲ့ မလှမ်းမပမ်းမှာ စစ်တပ်က လုံခြုံရေးကင်း။ဘုရား ဘုရား။အသံကြားလို့ သေနတ်နဲ့ လှမ်းပစ်လိုက်မှဖြင့် ခက်ချေဦးမည်။ သူတို့တိုင်းပြည်ရဲ့ ဒီဇယ်ခိုးရောင်းတာရယ် စိုင်းလုံ အချောင်ဝယ်ချင်တာရယ်နဲ့ ကျုပ် ကြားထဲက ဘုမသိဘမသိ သေနတ်နဲ့ အပစ်မခံရတာပဲ ကံကောင်းလို့ ဆိုရမည်။သူတို့ကိုလည်း နှုတ်ပိတ်ပြီးသား နေမှာပါလေ။ပထမနှစ်မတက်ခင် ၃လလောက်အလိုက ဥရုချောင်းထဲ ည ကိုးနာရီလောက် ဘဝတစ်ကွေ့ ကြုံခဲ့ရတဲ့ အကြောင်းပေါ့လေ။
 
ဘုံဘ၀မှာ ကြုံရပါ(၅)
 
၁၉၉၃ခုနှစ် နှစ်ဦးပိုင်း။ တက္ကသိုလ်​တွေက ပိတ်ထားတော့ ဆရာမှိုင်းလည်း လုံးခင်း ဖားကန့်မှာ သောင်တင်နေရတဲ့အချိန်ပေါ့။ တက္ကသိုလ်ကျောင်းစားရိတ်ကလေး စုမိဖို့အရေး လုံးခင်းဖားကန့်ပြေးဆွဲနေတဲ့ စက်လှေပေါ်မှာ ဘ၀ကို ဖြစ်သန်းနေရတဲ့အချိန်ပေါ့။
လက်သမားလုပ်တာက တစ်ရက်မှ ၁၅၀ကျပ်သာရတဲ့အချိန်။ လုံးခင်းဖားကန်းတစ်ခေါက်သွားရရင် ၂၀၀ကျပ်ရတော့ လက်သမားလုပ်တာထက်တော့ ပိုဝင်ငွေ ကောင်းသကိုး။ တစ်ခါတစ်လေ သုံးခေါက်လောက်ပြေးရတော့ တစ်ရက် ၆၀၀ကျပ် ရတဲ့အခါလည်း ရသပေါ့လေ။ တစ်ခါတော့ လေးခေါက်ဆွဲတာ မိုးချုပ်သွားလို့ ဖားကန့်ကနေ မပြန်နိုင်လို့ ဖားကန့်ကျောက်တိုင်ကုန်းနားက ဦးအောင်နီရဲ့အိမ်အောက်တည့်တည့်မှာ လှေကပ်ပြီး လှေပေါ်မှာ ညအိပ်လိုက်ရရဲ့။
တစ်နေ့မနက်မှာတော့ ကျုပ် စက်လှေဆရာ ကုလား ခေါ် သန်းထွန်းက ကျော်ငွေရေ ငါ့တို့လှေ သည်နေ့ ကေအိုင်အေ ချောလိုက်ရမှာတဲ့။
သို့နှင့် ကျနုပ်တို့ နှင့်အတူ သက်လှေ လေးစီး ဆန်အိတ်များ တင်ဆောင်လျက် ကေအိုင်အေစခန်းရှိရာ ကန်ဆီးဖက်သို့. ဥတုချောင့းကို ဆန်တက်ခဲ့ရချေတော့သည်။ လုံးခင်း ဥက္ကဌ၏ ထောက်ခံစာကို ယူဆောင်ပြီး ဥတုချောင်းဖျားဘက်ဆီ ဆန်တက်လာခဲ့ရာ လမ်းတွင် ဆန်ခါမှော်အထိုင် တပ်စခန်းကို ၀င်ပြီး အကြောင်းကြားရသေးသည်။ ဥတုချောင်းဖျားဘက်တက်လျင် ဤတပ်မတော်စစ်စခန်းကို သတင်းပို့ပြီးမှ ဖြတ်သန်းသွားလာခွင့် ရှိသည်။ ထိုနေ့က ကေအိုင်အေနှင့် ဘယ်လိုများ ညှိထားသည်တော့မသိ။ ဤလောက်များပြားသော ဆန်အိတ်များကို အလွယ်တကူပင် သယ်ခွင့်ပြုလိုက်လေသည်။
သည်ဘက်ခြမ်းလာရသည်က ရေကြောင်းက လုံးခင်းရွာအထက်စနားရှိ နန့်စမ်းချောက်မရောက်မီ ရှင်းတစ်ခုကို ဖြတ်ရသည်ကလွဲလျင် သိပ်အခက်အခဲမရှိလှ။ ရှင်းဆိုသည်မှ ရေကြောင်းကျဉ်းပြီး ရေစီးကြောင်းက ဇောက်ထိုးစီးဆင်းနေသည့်နေရာကို ခေါ်သည်။ အဆင်းးအတက် စက်လှေကို ဒုက္ခအပေးဆုံးနေရာပင်။ အတက်တွင် စက်လှေအင်ဂျင်မကောင်းက အတော်ရုန်းပြီး တက်ရသည်။ အဆင်းတွင် အရှိန်မနိုင်က အန္တရာယ် အင်မတန်များလှသည်။
တစ်ခေါက်က ကျနုပ်တို့ စက်လှေမှ ရှေ့ကအသွားတွင် အခြားစက်လှေတစ်စီးက ခပ်လှမ်းလှမ်းမှ လိုက်လာသည်။ မှောစီစာရွာဘေးက ရှင်းအလွန်တွင် ကျနုပ်လည်း နောက်ဘက်လှည့် လိုက်လာချေရာ အဆိုပါ ကျနုပ်တို့နောက်မှ စက်လှေသည် အရှိန်မထိန်းနိုင်ပဲ ကမ်းပါးပေါ်တက်ပြေးသည်ကို တွေ့လိုက်ရချေသည်။ ဖားကန့်ဘက်ရှိ ရေကြောင်းခရီးကား သို့ကလို ဒုက္ခ ပေးတတ်လှသည်။
ကျနုပ်တို့စက်လှေ လေးစီးလည်း အထက်ဘက်သို့ ဆန်တက်လာရာ ကန်ဆိးမြို့ဟောင်းကို ကျော်လာသည်။ ကေအိုင်အေစခန်းက ဘယ်ဆီမှန်းမသိသေး။ ဤဒေသကား ကေအိုင်အေ ရင်း ၆ နယ်မြေပင်။
ဥတုချောင်းသည် ကျဉ်းသည်ထက်ကျဉ်းလာသည်။ နောက်ဆုံးတွင် ဟိုဘက်ကမ်းသည်ဘက်ကမ်းသည်ပင် ပေနှစ်ဆယ်မျှ မကျယ်တော့ချေ။ နောက်ဆုံးမတော့ ကေအိုင်အေရဲဘော်များ စောင့်နေသည့်နေရာသို့ ရောကိရှိလာရာ အရာရှိတစ်ယောက် ဝေါ်ကီတော်ကီဖြင့် စကားပြောနေသည်ကို တွေ့ရသည်။ ထိုနေရာတွင်ပင် ဆန်အိတ်များ ချပေးထားခဲ့ရပြီး စက်လှေကို ဆင်းတွန်းပြီး လှည့်ကာ လုံးခင်းသို့ ပြန်ခဲ့ရသည်။ အပြန်ခရီးတွင် ကျနုပ်လည်း ကုလားအား ငါ့အကိုတို့ဆီ ခဏ၀င်ရအောင်ကွာ ဟု ပြောကာ မှော်ချိုင်တွင် လွှဆွဲနေကြသည့် အကိုများ ဦးလေးများဆီ ၀င်ရောက်ကာ ထမင်းစားသောက်ပြီးမှ ပြန်ခဲ့ကြတော့သည်။
 
ဘုံဘ၀မှာ ကြုံရပါ(၆)
 
ဆယ်တန်းအောင်ပြီးတော့ သီတင်းကျွတ်လမှာ ဖားကန့် တက်ပြီး တက္ကသိုလ်​ ကျောင်းစားရိတ် ရှာစဉ်တုန်းကပင်။ဖားကန့်ကြီးမှော် ခေါက်စားထမ်းနေချိန်ကပင်။တစ်နေ့ မနက်ခင်း ဥရုချောင်းကမ်းဘေး ခေါက်စားထမ်းနေချိန် ကျင်းသားတစ်ယောက် ငှက်ဖျားဖျားနေလို့ ဖားကန့်ဘက်သွားပြီး ဆေးထိုးဖို့ အဖော်နှစ်ယောက်နဲ့ ဆင်းလာကြသည်။ဟိုဘက်ကမ်းကို လှေနဲ့ ကူးမယ်ဆိုတော့ လှေက မကောင်းဘူး ပေါက်နေတယ် ပြောတဲ့ကြားက တစ်ယောက်က လှေလှော် တစ်ယောက်က ရေခပ်ပက်ပြီး ငှက်ဖျားသမားက အလယ်က ထိုင် လိုက်သွားသည်။ဥရုချောင်းလယ်ရောက်တော့ လှေက မြုပ်သွားသည်။ငှက်ဖျားသမားက အားအင်ကလည်းမရှိ လှေမြုပ်သွားကတဲက မြုပ်သွားပြီး ပြန်ပေါ်မလာတော့။ရေစီးကလည်း ဖားကန့်ကြီးမှော်နဲ့ ဒေါ်ကြည်မြင့် ၀က်ခြံကြား အကွေ့ဆိုတော့ အတော်သန်သည်။လှေပေါ်က လူနှစ်ယောက်လည်း မနည်း ပြန်ကူးရသည်။ကမ်းပေါ်က ရေကူးကျွမ်းသူများ လိုက်ရှာကြသည်။ဘယ်လိုမှ ပြန်မတွေ့တော့။သူ့ဝဋ်ကြွေးဟုသာ ၀ဋ်ကြွေးကို ယိုးမယ်ဖွဲ့ရချေတော့သည်။
တစ်နေ့နေ့လည် ဖားကန့်ဘက် လမ်းလျောက်နေတုန်း ဆိုင်းတောင်နဲ့ ဖားကန့်ပြေးတဲ့ စက်လှေ မှောက်သည်ဆိုသည်။လောပန်း ပေါက်စကလေး။သူ့ဇနီးနဲ့သားကလေးက လှေမှောက်တဲ့ အထဲ ပါသွားပြီး အလောင်းတောင် ပြန်မရလိုက်။စိတ်ဖောက်သွားရှာသည်။ဥရုချောင်းကမ်းတစ်လျောက် ပြေးပြီး သူ့သားနဲ့ မယားကို အော်ခေါ်ပြီး လိုက်ရှာနေရှာသည်။သွားလေသူကလည်း ကံအကြောင်းကမလှ။ကျန်ရစ်သူမှာလည်း ဘ၀၀ဋ်ကြွေး မကင်းတော့ ရူးပြီးကျန်ရစ်ရှာသည်။မပဋာမြေလူးသည်က ဘုရားရှင်နဲ့တွေ့လို့ ကျွတ်တမ်း ၀င်နိုင်ရှာသေးသည်။
အခုလည်း ချင်းတွင်းမြစ်ကမ်းဘေး ကျန်ရစ်သူများ မပဋာမြေလူးသလို ခံစားနေရှာကြရော့မည်။ဝဋ်ကြွေးရှိသမျှ သည်ဘ၀သည်မျှနဲ့ ကျေကြပါစေဟုသာ ဆုတောင်းရတော့သည်။
ဒုတိယနှစ်တက်ဖို့ ဖားကန့်ငှက်ပျောတောထဲ ရေထမ်းရောင်းနေချိန်ကပင်။ညီဝမ်းကွဲတော်သူ မောင်သန်းရွန်းက ဆိုင်းတောင်နှင့် ဖားကန့်ကူးသည့် စက်လှေ မောင်းနေသည်။တစ်ညတွင် ဆိုင်းတောင်မှ ဖားကန့်ကို မှောင်မှ ခရီးသည် ၁၂ယောက်လောက်နှင့် မောင်းပြန်လာသည်။ဆန်းကြွယ်အထက်နားရောက်တော့ အကွေ့မှာ ကျောက်ဆောင်နဲ့ တိုက်ပြီး စက်လှေမှောက်သွားသည်။ဘယ်နှစ်ယောက် သေမှန်းလည်း မသိ။စက်လှေမောင်းသည့် မောင်သန်းရွန်းကတော့ မသေပဲ ဖားကန့်ကြီးထဲမှာ ပုန်းအောင်းနေသည်။လှေပိုင်ရှင်က သက်ဆိုင်ရာကို သူ့ဘာသာကြည့်ရှင်းမည်။အဆင်ပြေရာမှာပုန်းနေ ဘယ်မှ မသွားနဲ့ ဟု ပြောသည်ဆို၏။သူ့အကို မောင်ချစ်မဲကတော့ သူ့ညီကို ထွက်ပြေးဖို့ တနိုင်းဘက်ကို ပြေးဖို့ ပြော၏။သူုညီကို ပြောမရတော့ အကိုလုပ်သူက ငို၏။သေသွားသူတွေအတွက်တော့ မည်သူမျှ မစဉ်းစားကြ။မောင်းသူရော ပိုင်ရှင်ရော မိမိဖို့သာ စဉ်းစားကြကုန်၏။ထိုစဉ်က ထိုဒေသသည်လည်း တရားဥပဒေက စိုးမိုးမှုက သိပ်မရှိ။ကြာတော့ အားလုံးမေ့ပျောက်သွားကြသည်။တော်တော်တန်တန်ကိစ္စ ဘာမှ မသိလိုက်ကြ။ဘ၀ထိုထိုတို့သည်လည်း နေ့မြင်ညပျောက် ဆိုသလိုသာ။သံသရာကျင်လည်သရွေ့တော့ ၀ဋ်ကျွေးရှိက ပေးဆပ်နေကြရဦးမည်သာ။
 
ဘုံဘ၀မှာ ကြုံရပါ(၇)
 
အချိန်က ၁၉၉၀ခုနှစ် အောက်တိုဘာလ ဒုတိယပတ်။
နေရာက နန့်တိန်းရွာ။
သည်နန့်တိမ်းရွာဆိုသည့် နာမည်က ရင်းနှီးနေသည့်နာမည်။
အင်းတော်ကြီးသမိုင်းကို ဖတ်ဖူးသူများ နန့်တိမ်းအရှင်ကြီးအကြောင်း မှတ်မိကြပေလိမ့်မည်။
အင်းတော်ကြီးထဲရှိ ငါးများကို တစ်နှစ်တစ်ခါ ဆေးခပ်ပြီး စားခွင့်ရသည့် နနတ်မင်းကြီး။ အင်းတော်ကြီးဘေးတွင် နေထိုင်ကြသူတို့သည် နှစ်စဉ် ပြာသိုလတွင် ညပိုင်း တဒုတ်ဒုတ်ထုနေသံကြားလျင် မနက်လင်းလျင် အင်းတော်ကြီးထဲ ငါ့လိုက်ကောက်ရမည်ကို နားလည်ပြီးသားပင်။ အနှီတဒုတ်ဒုတ် ထုနေသံကား
နန့်တိမ်းနတ်မင်းကြီး ဆေးခပ်ရန် ဆေးမြစ်ထုသံပင်။ နတ်မင်းကြီးကား လောဘသိပ်မကြီးသဖြင့် သူဆေးခပ်သည့်ညတွင် အင်းတော်ကြီးထဲတွင် ငါးအသေနည်းပြီး သူ့ချွေးမ ခပ်သည့်ညတွင် ငါးများစွာ သေသည်ဟု ဆိုကြကုန်သည်။ ဤကား ဖတ်ခဲ့ဖူးသည့် အင်းတော်ကြီးရာဇ၀င်လာသည့် နန့်တိမ်းနတ်ကြီးအကြောင်းပင်တည်း။
ယခု မောင်ကျော်ငွေရောက်နေသည့်နေရာကား အဆိုပါ နန့်တိမ်းနတ်မင်းကြီး၏ နတ်နန်းကြီး တည်ရှိရာ နန့်တိမ်းရွာကြီးပင်တည်း။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ချင်သဖြင့် တစ်ခါဖူးမျှ မရောက်ဖူးသည့် ဖားကန့်သို့ မိုက်မိုက်ကန်းကန်း တက်လာခဲ့ခြင်းပင်။
မိုးကောင်းမှ အသိတစ်ယောက်က ထည့်ပေးလိုက်သဖြင့် သူ့အသိ ရှမ်းမကြီး ဒေါ်နန်းပုနှင့် ကချင်မလေး အပ်ဖန် တို့နှင့် လိုက်လာခဲ့ခြင်းပင်။ အမျိုးသမီးနှစ်ယောက်နှင့် လိုက်လာရသဖြင့် သူတို့နားပြန် နားလိုက်ရပြန် သူတို့ထိုင်ပြန် ထိုင်ရပြန် သည်နေ့တော့ သည်မှာပဲ အိပ်ကြမယ် မသွားနိုင်တော့ဘူး ဆိုပြန် အိပ်ရပြန်ချေသည်။ သို့နှင့် နန့်ယားနှင့် ကားမိုင်းကြား သုံးညတောင် အိပ်ခဲ့ရသောဟူ၏။ ပါလာသည့်ပိုက်ဆံက နှစ်ညအိပ်လောက်ဆို ဟုတ်သေး၏။ သုံးညအိပ်ရချေသော် နောက်ဆုံးရက်တွင် ၀ယ်စားရန်မကျန်တော့ချေ။ သို့နှင့် ငှက်ပျောသီးစား ရေသောက်၍သာ ခရီးဆက်ရတော့သည်။
နန့်တိမ်းရွာရောက်သော် လမ်းမကြီးပေါ်တွင် တဲကြီး ကန့်လန့်ခံ ဆောက်ထားသည်။ ပတ်ဝန်းကျင်တွင်လည်း တဲပေါင်းများစွာတို့ဖြင့် စည်ကားသည်ကို တွေ့ရသည်။ တဲများကား ရုန်းလက်များကို မိုးထားကြသည်။ ကန့်လန့်ဆောက်ထားသော တဲထဲသို့ မဖြတ်မီ ခရီးသွားများ အားလုံး တန်းစီကြရသည်။
ဤနေရာကား အခြားမဟုတ်။ ကေအိုင်အေတို့၏ အကောက်စခန်းကြီးပင် ဖြစ်ချေတော့သည်။
အပ်ဖန်မှ ကိုကျော်ငွေ လေးဆယ့်ငါးကျပ်ပေးပါ ဆို၍ ထုတ်ပေးလိုက်ရသည်။ ပြီးလျင် ကေအိုင်အေရဲဘော်တွေဆီ လက်မှတ်သွားဖြတ်သည်။ လူတစ်ယောက် လေးဆယ့်ငါ့ကျပ်နှင့် ဆန်နှစ်ဗူးကျဆီ အကောက်ပေးရသည်။ အပ်ဖန်ကား ကချင်လို ပြောပေးသဖြင့် ကျနုပ်ကား ဆန်နှစ်ဗူး မပေးခဲ့ရချေ။ ဖြတ်ပိုင်လေးတစ်ခု ပြန်ရသည်။ ဤဖြတ်ပိုင်းရှိလျင်ကား တစ်နှစ်အတွင်း အခွန်ပေးစရာ မလိုပဲ ဖြတ်သန်းနိုင်လေသည်။ ရဲကြီးစိုးရာအရပ်တွင် ဤဖြတ်ပိုင်းကို တွေ့ လျင်ကား သင်သည် ထောင်နန်းစံရပေလိမ့်မည်။
ကျနုပ်လည်း ဘ၀တွင် ပထမဦးဆုံး ကေအိုင်အေသူပုန်များအား တွေ့လိုက်ရခြင်းပင်။ သည်အရပ်သည်ဒေသကား သူတို့ကြီးစိုးရာ ဒေသဖြစ်သဖြင့် ရှောင်ကွင်း၍ မရချေ။ ပြေားမှားဆိုမှား ရှိပါက အသက်ပါ ပေးဆပ်ရသည့်နယ်မြေသာ။
ဤနန့်တိမ်းအကောက်ဂိတ်တွင်ပင် ကျုပ်တို့ရွာမှ ဦးစောရှောင်၏ အမျိုးသမီးဖြစ်သူ တောင်ကြောင်းသူ ဒေါ်မြသန်း၏ ဖခင်ကြီး အသတ်ခံလိုက်ရသော နေရာပင်။
ဦးအုန်းဖေ (နာမည်ဖော်မရ) ကား စစ်လွယ်အိတ်ကို လွယ် စစ်ဦးထုပ်ကိုဆောင်းကာ အများသူငါ ဖားကန့်ဆိုသဖြင့် ဖားကန့်ထွက်လာခဲ့ခြင်းပင်။ သည်လမ်းသည်ခရီး ကေအိုင်အေစခန်းကို ဖြတ်ရမည်ဆိုသည်ပဲ မသိချေရော့သလား မငိချေ။ ဤနန့်တိမ်းအကောက်ဂိတ်ရောက်သော် ကေအိုင်အေမှ စစ်တပ်ထောက်လှမ်းရေးမှ ဟု သံသယရှိသဖြင့် ဖမ်းဆီးကာ စစ်ဆေးသည်။ စစ်လွယ်အိတ်ထဲမှ တွေ့ရသည်က တန်ဆည်မြို့နယ် န၀တဗိုလ်မှူး၏ ထောက်ခံစာလက်မှတ်။
တစ်ခါထဲ ဖမ်းသွားရာက ပြန်ရောက်မလာခဲ့တော့။ သူနှင့်မတူ အခြား လေးငါးယောက်လည်း ပါသွားသည်။ တစ်ယောက်မှ သတင်းမကြားရတော့ချေ။
ကျနုပ်ကား အပ်ဖန်၏ ကောင်းမှုကြောင့် အမေးအမြန်းမရှိ ကေအိုင်အေစခန်းကို ဖြတ်သန်းခဲ့ရ၏။ ပြန်တွေးမိတော့ ကြက်သီးထချင်စရာ။ ကေအိုင်အေစခန်းတွေကို လေးကြိမ်ထက်မနည်း ရောက်ခဲ့ရသည်။ ဘာမှ မဖြစ်ခဲ့၍သာ သယမိတ်ဆွေတို့ သည်စာစုကို ဖတ်နေရခြင်းသာ။
ကျုပ်အကိုက လိုင်းပေါ် တက်မလာဘူးဆိုလို့ ရေးလိုက်ခြင်းသာ။ စာအုပ် ၁၀၀လောက် ကွန်ပျူတာထဲ ဒေါင်းလုပ်ဆွဲထားတာ တစ်ရက်လုံး ထိုင်ဖတ်နေလို့ လိုင်းပေါ် မရောက်ဖြစ်လှချေ။့

No comments:

Post a Comment