ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၆)
ကျနုပ်ကား
၅နှစ်သားမှ စ၍ ဘုန်းကြီး ကျောင်း၌ ကျောင်းအိပ်ကျောင်းစား ဘဝဖြင့် နေလာခဲ့ရာ ၁၂နှစ်သား
ရောက်မှ ပဉ္စမတန်းတက်မှ ဘုန်းကြီး ကျောင်းသားဘဝမှ လွတ်မြောက်ချေ တော့၏။
တက္ကသိုလ်ဘဝ အီးမေဂျာယူသကာလ Charles Dicken၏ Oliver Twist ကို သင်ရသော် ကျနုပ်၏ ဘုန်းကြီးကျောင်းသားဘဝပထမဆုံးနေ့နှင့် တူလှသဖြင့် သတိယမိသေး၏။ ထမင်းကလေး ကလေးလက်သီး ဆုပ်လောက် ခွဲတန်းရရာ မဝသဖြင့် ထပ်ယူမည်ရှိသော် သည့်ထက်ပိုမရ ဟုဆိုသဖြင့် ရသမျှနှင့်သာ တင်းတိမ် ရချေတော့၏။မင်္ဂလာတရား ၃၈ပါး နှင့်အညီ ခြိုးခြံချွေတာ တတ်အောင် များ သင်ပေးလေသလား မဆိုနိုင်ချေ

အနှီဘုန်းကြီးကျောင်းသားများကား
အလွန်အဆော့သန်ချေ၏။ထို့ထက်ဆိုးသည်ကား အလွန်ညစ်ပတ်ကုန်၏။
ဒုတိယတန်းတွင် တစ်ကျောင်းလုံး ယားနာကျကုန်ရာ ခန္ဓာကိုယ်တစ်ခုလုံး အပ်ပင်ချစရာနေရာ မရှိချေ။ ဤ၍ဤမျှထိ ညစ်ပတ်ကြကုန်၏။
တစ်ခါသော် မိုးရာသီ၌ ဖိနပ်မပါပဲ ရေထဲသွားခြင်း၊ခြေထောက်ကို သန့်ရှင်းအောင် မဆေးခြင်းကြောင့်
ကျနုပ်၏ ဘယ်ဘက်ခြေညှိုး၌ ယားယံသဖြင့် ပွတ်တိုက်ရာမှ အနာဖြစ်လာတော့သည်။ထိုအနာကို ဂရုမစစိုက်ပဲထားရာမှ ကိုရွှေယင် ကောင်က ဘယ်အချိန် ဥချသွားသည် မသိ။အဆိုပါအနားကား လောက်ကျ ချေတော့သည်။
ကိုမောင်လောက်တို့ကိုက်သဖြင့် ညသန်းခေါင်ယံရောက်သည်အထိ မအိပ်နိုင်ပဲ ငိုနေရ၏။
ကျနုပ် ငိုသံကြားသော် ဘုန်းတော်ကြီးလည်း နိုးလာပြီး အနာကို ဆေးထည့်ပေးပြီး သူ့အခန်းထဲခေါ်၍ အိပ်ခိုင်းသည်။ မနက်လင်းသော် မိခင်ကြီးကို အခေါ်လွှတ်၍ မည်သို့ မှာလိုက်သည် မသိချေ။အိမ်ရောက်သော် မိခင်ကြီးမှ အနာထဲသို ဓာတ်ဆီလောင်းထည့်ရာ အနာထဲမှ လောက်ကောင်များ တစ်ကောင်ပြီးတစ်ကောင် ကျလာရာ ကျောင်းမသွားမိအထိ ၁၄ ကောင် ရ၏။ ဤ၁၄ကောင်မျှသော လောက်ကောက်တို့ နှိပ်စက်၍ မအိပ်နိုင်ပဲ တစ်ညလုံးအော်ငိုနေရရာ
ခြေသလုံးတစ်ခုလုံး လောက်ကောင်တို့ အိမ်ဖွဲ့၍ စားသောက်နေသည်ကိုပင် သီးခံနိုင်သော မင်းတုန်းမင်းကြီးလက်ထက်က ထင်ရှားခဲ့သော မတ္တရာ ဆရာတော်ကြီးကား အံ့သြကြည်ညို၍ မဆုံးနိုင်ပေ။

No comments:
Post a Comment