Thursday, November 19, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၂)


သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၂)

အပေးမှောက်ကာ လွဲလေမှဖြင့်
ပြေးကောက်စရာမရှိအောင် မွဲပြန်ဦးမဟဲ့လို့
အတွေးခြောက်တွေ မရဲတရဲနှင့်
ချွေးပေါက်တွေ တရွှဲရွှဲနဲ့
အပြေးရောက်ကာ နွှဲခဲ့ကြရတဲ့
ရွေးကောက်ပွဲ ကန္တာရ ခရီးပန်းတိုင်ကလည်း
မြန်မကြာ သမယက အပြီးစခန်းတိုင်ခဲ့ပြီမို့
ပြည်သူတွေ ရည်ရော်ကာ တမ်းတခဲ့ကြတဲ့
ပြည်တော်သာစရာ လမ်းစကလေးကိုဖြင့်
မှန်းဆကာ မျှော်လို့ရပြီမို့
ညစ်ထူကြီးတွေ မလာနိုင်အောင်
စစ်ကူပြီး အညာမြေမှာ တုမရအောင် ဟောရှာတဲ့
စစ်သူကြီး မဟာဗေလုဝစတဲ့
တုယှဉ်ကာ တကယ်မရနီုင်တဲ့
အနုပညာသည် မောင်နှမတွေကိုရော
တိုင်းမြန်ပြည် အရွှေ့အပြောင်းမှာ
နှိုင်းစံမမှီ မမေ့စကောင်းတဲ့
ဝိုင်းကြံစီကာ အမေ့အပြောင်းကို
တစေ့တစောင်းကနေ ဖြေ့ပေါင်းပေးကြတဲ့
ချွေးတသွင်သွင် တပြိုက်ပြိုက်နဲ့ မနားရှာပဲ
မနှေးယှဉ်ကာ လိုက်ထားပေးကြတဲ့ 
အနှေးယာဉ် ဆိုက်ကားဆရာတွေကိုရော
ရိုင်းပင်းကာမနားတမ်းညီကူစောင်မခဲ့ကြတဲ့
တိုင်းရင်းသား ပြည်သူမောင်နှမအားလုံးကိုရော
မှိုင်းသခင်ဆရာက နှိုင်းမမြင်သာအောင်
ကျေးဇူးတွေ ကမ္ဘာမက အရမ်းတင်ပြီး
ဂါရ၀ပန်းဆင်ခဲ့ပါကြောင်းနှင့်
ပြည်မြန်မာ တစ်ဝှမ်းလုံး
ကြည်ရွှင်စရာတွေ လွှမ်းဖုံးလို့
အရမ်းပြုံးနီုင်ခဲ့ကြပြီမို့
ပြေရွာတစ်ခွင် ၀ိုင်းညီကာ ပေးလာခဲ့ကြလို့
ဖေသခင်ဆရာ မှိုင်းဋီကာ ရေးစရာ မလိုတော့ပြီမို့ 
တိုင်းပြည်ရွာ အနာဂတ်အရေးကို
မှိုင်းဋီကာနဲ့ စာစပ်ကာ ရေးသမျှ ပြောသမျှတွေထဲက
မနောဝမှာ သဘောမကျစရာ လွန်တာများများရှိခဲ့ရင်ဖြင့်
မှိုင်းသခင်ဆရာ ၀န္တာမိပါကြောင်းနဲ့
မှိုင်းဋီကာလည်း နိဌိတံပြီဖြစ်ပါကြောင်းနဲ့
မြန်ပြည်သူအပေါင်းလည်း က္ကိစ္ဆိတံ ပဌိတံ တုံယှံ ခိပ္ပမေဝ
သမိဇ္ဈတု ပါစေကြောင်း ဆုတောင်းကာချွေရင်း
ဖေသခင်မှိုင်းဆရာလည်း ပြေတစ်ခွင်တိုင်းမြန်မာ
အပြေးတကယ် အတင်းတရိပ်ရိပ်နဲ့ မကြာယခု တိုးတက်စေဖို့
ကလေးသူငယ်တွေကို အင်္ဂလိပ်စာ ဒါနပြု သင်ပေးရင်း 
ရွှေမြန်မာ အရွှေ့အပြောင်းမှာ တစေ့စောင်းကနေ
တတပ်တအားနဲ့ မရပ်မနား လှမ်းတက်ကာ
ထမ်းရွက်တော့မည် ဖြစ်ပါကြောင်းနှင့်
ပြည်သူပြည်သားအပေါင်း ရွှေပြည်မြန်မာ
အထီးကျန် အကျည်းမတန်ရလေအောင်
ရက်တစ်ရာလောက် ဆက်ခါသာ သီးခံကြစေလိုကြောင်း
မှိုင်းသခင်ဆရာက တိုင်းခွင်မြန်မာသာအောင်
မေတ္တာစာခွေ ဆက်သကာချွေလိုက်ပါကြောင်း။

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၁)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၁)

မြန်မာပြည်တစ်လွှားလောက် 
ပါတီတွေရာချီကာများတာလောက်
ကမ္ဘာအပြည်ပြည် သွားရှာရင်တောင်
ဝဠာဟီအောင် ရှားလိမ့်မကွဲ့ 
ပါတီတွေ မှိုလိုပေါတာကြောင့်
နာမည်တွေ လိုဂိုတွေ ရောနှောလိုက်ပုံကလည်း
ပြောပြလို့ မယုံချင်စရာပါ့ ကိုမင်းရာ။
တစ်ခေါက်အတိတ်တုန်းဆီက
ခမောက်တံဆိပ်တုံးကို
အမေစု အခြေပြုကာသုံးပြန်တော့
ငတုံးငဖျံ လူ့မစင်သပေါက်တွေက
စုသခင် ခမောက်ကို
အတုဝင်ကာ နှောက်ပြန်သမို့
နောက်တစ်ဖန် အသစ်ရှာဖွေပြီး
မြန်မာပြေ မသာငပွေ ဖွတ်အပေါင်းဘေးကနေ
ဇွတ်ပြောင်းကာ ကယ်မ ယူဖို့အရေး
ခွပ်ဒေါင်းနဲ့ကြယ်အလှအဖြူတစ်လုံးကို
ချယ်သကာ ယူလို့သုံးလိုက်ပြန်တော့လည်း
ငတုံးငမိုက်ငဖျံငနဲတွေရဲ့ ဒေါင်းအတုတွေက                                                                                                          ထောင်းထုလို့ မကုန်အောင် များပြန်သကိုး ကိုမင်းရာရဲ့။
ပေါင်းလုပ်ကာနေကြတဲ့
အလောင်းဖုတ်မသာတွေရဲ့
ဒေါင်းအရှုပ်မဟာကြောင့်
့ပြည်သူတွေ ခေါင်းကုပ်ကာ တွေဝေနေရမယ့်အရေး
ပြေမြန်မာ အသက်မက ချစ်ရင်ဖြင့်
ဝေဖန်ကာ တွက်ဆစစ်ဖို့ကောင်းသဟဲ့။
ဒေါင်းများတဲ့ဒါဏ် ခေါင်းစားကာ ခံနေရတဲ့အထဲ
ကော်မရှင် သပေါက်ငနဲက
ပေါ်တင်ပင် သောက်တလွဲ လုပ်ပြန်သဟဲ့။
စုအမေကို အနုချွေဖို့ရွယ်ပြီး
မဖွယ်မရာ အကြံဆိုးတွေနဲ့
ကြယ်ဝါနဲ့ ကလဖန် ထိုးပြန်သဟဲ့
အပြန်အခါခါ တိုးလို့ ညစ်ပတ်လည်း
ဖွတ်သူခိုးတွေ မြန်မကြာခင် အမြစ်ပြတ်စေရမယ်ကွဲ့။
ပြည်ရွာတစ်ဝှမ်းလုံး မကြည်မသာနဲ့
အရမ်းမုန်းနေကြပြီမို့
အနှီသဘက်ခြင်္သေ့တွေကို 
သည်တစ်သက် မမြင်တွေ့ရလေအောင်
ဖွတ်တစ်သင်းဘေးကနေ လွတ်ကင်းကာဝေးရအောင်
ပြည်ရွာတစ်ဝှမ်း ညီညာစွာ လှမ်းနေကြပြီမို့
မသမာတဲ့အကြောင်းနဲ့
အဝါရောင်ပြောင်းလည်း အခါနှောင်းခဲ့ပြီကွဲ့
ဝါချင်ဝါ ဖြူချင်ဖြူ ငါတို့ မအ မထူတော့ပြီမို့
ငါတို့ပြည်သူတစ်သိုက်
ခွပ်ဒေါင်းကြယ်ဝါနဲ့ တိုက်လိုက်မယ်
ဖွတ်အပေါင်း အပါယ်ရွာကို ငယ်ပါပိုက်လို့ပြေးစေသတည်း။

Wednesday, November 11, 2015

ဗဟုသုတ


ပြီးခဲ့တဲ့ တစ်ပါတ်က အမေ့မောင် တစ်ဝမ်းကွဲ ဦးလေးဦးဖိုးရှိန် ဆုံး၏။အမေ့အဖေဦးလှရင်နှင့် သူ့အဖေဦးလူတုတ်က ညီအကိုအရင်း။မောင်နှမ ရှစ်ယောက်ရှိသတဲ့။မောင်နှမ ရှစ်ယောက်မှာ မိန်းကလေးတစ်ယောက်ပဲပါတာ။ကျန်တာက ညီအကိုချည်းပဲ ၇ယောက်။
၁။ဦးအောင်မာ
၂။ဦးဖိုးလှ
၃။ဦးလူတုတ်
၎။ဒေါ်အေးရင်
၅။ဦးလှဖေ
၆။ဦးလှရင်
၇။ဦါ်းလှတင်
၈။ဦးလှခင်။

ဦးလူတုတ်+ဒေါ်ဖွားတော် မှ 
၁။ဦးလူစ
၂။မတင်နု
၃။ဦးလူရ
၎။ဦးဖိုးစိန်
၅။ဦးဖိုးအိမ်
၆။ဦးဖိုးရှိန် တို့ကို မွေးလေ၏။
လွန်ခဲ့သော အနှစ် ၆၀ခန့်ကပင်။ရဲဘော်ဖြူတို့ အုပ်စိုးမှုအောက်မှ လွတ်စ။အစိုးရ အာဏာ စတည်ခါစ အချိန်လောက်ပင်ဖြစ်မည်။
အနှီဦးလေး ဦးဖိုးရှိန်၏ အဖေ ဦးလူတုတ်မှာ ထန်းပင်ပေါ်မှ ပြုတ်ကျပြီး ပေါင်ကျိုးသွားသဖြင့် ဆွေမျိုးသားချင်းများ အနှီခေတ်အခါကာလက ကံထူးမဒေသ၌ တစ်စင်းထဲသာရှိသေးသော ကံထူးမရွာမှ ဦးခင်မောင်၏ ကားကို ငှား၍ ကားဆရာဦးငပုမှ မောင်းနှင်ကာ တန့်ဆည် ဆေးရုံသို့ ဆေးကုရန် ဦးလူတုတ်အား သယ်လာခဲ့ကြသည်။ဆေးရုံရောက်သော် ဆရာဝန်ကြီးမှ လူနာ၏ ဒါဏ်ရာပြင်းလွန်းသည်။သူ့တန့်ဆည် ဆေးရုံ၌ ခွဲစိတ်ပစ္စည်းမစုံ။သူ့ထက် ပိုစုံသော ရေးဦးဆေးရုံသို့ ဆက်သွားကြဖို့ ညွှန်ကြား၏။ကားဆရာမှ ရေဦးသို့ ဆက်မောင်း၍ လမ်း၌ မတော်တဆ လူနာ သူ့ကားပေါ်သေမည် စိုးသဖြင့် ရေဦးကို လိုက်မပို့နိုင်ဟု ငြင်းဆိုပြီး ကားကို ကံထူးမသို့ ပြန်မောင်းသွား၏ ။ဆရာဝန်ကြီးလည်း အရေးကြီးလူနာကို လိုက်မပို့နိုင်ရကောင်းလား ဟု ရဲစခန်းအား အကြောင်းကြားကာ ထိုကားကို လိုက်ဖမ်းစေ၏။ ခဏနေသော် ကားလည်း ပြန်ရောက်လာ၏။ဆရာဝန်ကြီးမှ အမှုလုပ်သဖြင့် အဆိုပါကားမှာ ထောင် သုံးလကျသွားပြီး ရဲစခန်း၌ သုံးလ ဘယ်မှ မမောင်းရပဲ ထိုးထားရချေ၏။
ဆရာဝန်ကြီးလည်း မိမိ၏ ကားဖြင့် ဦးလူတုတ်အား ရေဦး ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေး၏။ ထိုခေတ်က ဆရာဝန်ကြီးများကား အတုယူလေးစားဖွယ်ပင်။
သို့သော်လည်း အနှီအဖိုး ဦးလူတုတ်မှာလည်း ရေဦးဆေးရုံ၌ မကြာမီ သေဆုံးသွားချေ၏။သို့နှင့် အသုဘချရန် ရွာသို့ ပြန်သယ်ခဲ့ကြလေသည်။
အသုဘချမည်ဟု ဆွေမျိုးသားချင်းများ တိုင်ပင်ကြသောအခါ သားများက ဆိုင်းနှင့် အငြိမ့်ငှား၍ အသုဘချချင်၏။ဦးကြီးဦးထွေများက ကျန်ရစ်သူ ခယ်မအား အကြွေးပိုမည် ဖြစ်သောကြောင့် မငှားဖို့ ပြော၏။သို့နှင့် သားဖြစ်သူများမှာ ဆိုင်မငှားရသဖြင့် စိတ်ကွက်နေကြ၏။
အသုဘချမည်ဆိုပြီး ဘုန်းကြီးများလည်း ကြွလာကြပြီး သင်္ချိုင်းကုန်းသို့ သွားကြမည်လုပ်တော့ အသုဘအခေါင်းကြီးကား မရှိတော့ချေ။ဘယ်ရောက်သွားမှန်း မသိကြ။ရေဦးသေခဲ့တာဆိုတော့ ရွာပြင်မှာ ထုတ်ထားရခြင်းဖြစ်သည်။သို့နှင့် ဒေါင်းတောက်အောင်ရှာကြတော့ သင်္ချိုင်းကုန်းထဲမှာ အသုဘကို မမြုပ်တမြုပ် မြှုပ်ထားကြတော့သည်။သို့နှင့် အကြောင်းစုံ လိုက်လံ စုံစမ်းတော့ သားတွေက ဆိုင်းမငှားရလို့ ဆိုပြီး အသုဘခေါင်းကြီးကို ညသန်းခေါင်ကျော် လှည်းနဲ့တိုက်ပြီး သင်းချိုင်းထဲ သွားမြှုပ်ကြသတဲ့။ရှုပ်ပါပေ့ ငါ့ဦးရအေတွေနှယ်။
သို့နှင့် ရွာက မကျေနပ်သဖြင့် တိုင်ကြားရာ ဦးလူစ ဦးလူရ ဦဖိုးအိမ်နှင့် ညီတစ်ဝမ်းကွဲ ဦးသန်းရှောင်တို့ ထောင် ခြောက်လဆီ ကျသွားချေတော့၏။အခုကား အဆိုပါ ဦးလေးများအားလုံး အကုန်ဆုံးကုန်ကြချေပြီ။သည်ဇာတ်လမ်းကိုလည်း ကျနုပ်မှ မှတ်တမ်းမတင်လျင် မည်သူမျှ သိကြတော့မည် မဟုတ်ချေ။
ကျနုပ်၏ အဖိုးနှင့်ဦးလေးဦးကြီးများကား ဤသို့လျင် ရှိခဲ့ချေသည်တကား။

ဗဟုသုတ

အတိတ်။နိမိတ်။တဘောင်။စနည်း တဲ့။
ယနေ့ခေတ် လူငယ်ကလေးများကား ဤပညာရပ်များကို စိတ်မဝင်စားကြ တော့ချေ။ လေ့လာလိုက်စားသူ လည်း မရှိတော့ချေ။ကျနုပ်တို့တိုင်းပြည်ကား ဤပညာရပ်များနှင့် ကင်း၍ မရချေ။ခေတ်နောက်ပြန်ဆွဲနေသည်ဟု ဆိုချင်ကြပေမည်။
ကျနုပ်တို့ ဒုတိယတန်းကျောင်းသား ဘဝက ဖြစ်သည်။ တစ်ယောက်ယောက်က မိမိနာမည်ကို ခေါ်လိုက်လျင် ဗျို ဗျာ ဟု မည်သုမျှ မထူးကြ။နာမည်ခေါ်လျင် အနံ့ အသက် ဟု ထူးကြသည်။လူကြီးသူမများက သည်ကလေးတွေ နိမိတ်မရှိ နမာမရှိ ဟု ဆဲကုန်၏။ထိုနှစ်က စ၍ မိုးသုံးနှစ်ခေါင်လေရာ တစ်နယ်လုံး ဆန်ရေစပါး ရှားပါးကုန်ပြီး ဆန်ပြုတ်သောက်ကြရကုန်၏။ဆန်ပြုတ်တွင် ဆန်ကား ပါသည်ဆိုရုံ အနံ့အသက်ပမာမျှသာ။
၈၈ ဖြစ်ခါနီးတွင် ကလေးတွေ ဆိုကြပြန်ပြီ။ အတုံးအတစ်တဲ့။မကောင်းလိုက်သည့်နိမိတ်။၈၈ဖြစ်လာပြီး အတုံးလိုက်အတစ်လိုက် ခုတ်ကုန်ကြတော့ရာ ရဲကိုသတ် အသည်းကြော်စားသည်ထိ ဖြစ်ကုန်၏။
၂၀၀၇ ရွှေဝါရောင်မတိုင်မီက ကျနုပ်ကလေးနှစ်ယောက်နှင့် အရပ်ထဲက ကလေးများ ကစားရင်း
ရဲဘော်တွေတန်းဆီ ဗိုလ်ကြီး အီးပေါက်သည်။
ရှေ့ပိုင်းက ရဲဘော် ခါချဉ်ကိုက်လို့အော်
နောက်ပိုင်းက ရဲဘော် ချီးပေါက်လို့အော် တဲ့။
မကြာပါချေ ။ရဟန်းသံဃာတော်များ မြို့ထဲတန်းစီကြွပြီး မေတ္တာသုတ်ရွတ်ကြကုန်ရာ ခါခဉ်ကောင်မက များပြားလှသော စစ်သားများ ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးခံကြရတော့သည်။နောက်ပိုင်းကရဲဘော် ချီးပေါက်လို့အော် ဆိုသည့်အတိုင်း ကျောင်းတွေ ညပိုင်းဝင်စီးခံကြရပြီး ဘုန်းကြီးတွေ ထောင်ချခံရတော့သည်။
အချို့သော တဘေါင်များကား မကြာသောကာလတွင် တဘောင်အတိုင်းဖြစ်လာတတ်ပြီး အချို့မှာ အချိန်ကြာမှ ဖြစ်လာ တတ်သည်။ ရှေးလူကြီးများက
တဘောင်ဆိုသည်မှာ ဆွေးမှ တဲ့။တဘောင်ပေါ်ပြီး လူတွေမေ့လောက်မှ တဘောင်ထဲကအတိုင်း ဖြစ်လာတတ်သည်တဲ့။
ကျနုပ်တို့ကလေးကတဲက ဆိုခဲ့သည့်
တရုတ်ကပိ ရှမ်းကအိ 
ရှိသည့်ဗမာ အနောက်မှာ ဟူသည့် တဘောင်ကား ယခုမှန်လာတော့သည်။ရှမ်းပြည်ကား ပြောစရာမလိုတော့။မန္တလေးကား မြို့လယ်ခေါင် စကားထဲထည့် ပြောမနေနဲ့တော့။သင်ပန်းကုန်း ထွန်တုံး အောင်ပင်လယ် အကြိုအကြားမကျန် တရုတ်တို့ ဝါးမျိုကုန်ပြီ။အနောက်တခါးက်ုသာ လက်ညှိုးတထိုးထိုး အော်နေကြသည်။အရှေ့တံခါး ပေါ်က်မှ ကြောက်ခမန်းလိလိ ဝင်လာသည်ကိုတော့ မမြင်ကြချေ။
တဘောင်အရဆိုသော် 
ကုလားနှင့် ငါး အရုပ်ရေးပြရမည် ဟုဆို၏။
ရနကုန် မန္တလေးတွင် စွယ်တော်နှစ်ဆူ တည်စဉ်က 
ဘုရားနှစ်ဆူ ဘွဲ့တော်တူ
ပြည်သူလည်းမွဲ တပ်လည်းကွဲ ဟူသော တဘောင်ပေါ်လာ၏။ တပ်ဆိုသည်မှာ အစုအဖွဲကို ညွှန်းဆိုခြင်းပင်တပ်ဟုဆိုတိုင်း စစ်တပ်ကို မဆိုလိုချေ။
ယခုသော် တပ်ကား ကွဲချေပြီ။မည်သည့်တပ်ကို ညွှန်းသနည်းဆိုသော် သံဃာတော်တပ်ကြီးပင်။ဖွတ်တွေ သပ်လျှိုသည့်ဒါဏ် မရှုမလှ ခံလိုက်ရချေပြီ။သူတို့ခါးပိုက်ထဲရောက်သွားသည့် မယောင်ရာ ဆီလူးနေသည့် အဖွဲ့ကတစ်ဖက်။ ရွှေဝါရောင်ကတစ်ဖက်။
ဗုဒ္ဓဘာသာမှန်လျင်တော့ ကံကြီးငါးပါး ထိုက်သည့် ကိစ္စကို သိတန်ရာသည်။ သံဃာဂိုဏ်းခွဲလျင် မြင်ရမည်ကား အဝီဇိမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ကမ္ဘာမပျက်မချင်း သင့်အား လက်ခံထားမည် ဟူသော ဆိုင်းဘုတ်ကြီးပင်။ လူ့ဘဝခဏလာ အကုသိုလ် ဗလဗွနှင့် ပြန်ကြဦးမှာပါတကား။

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၆)

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၆)

ကျနုပ်ကား ၅နှစ်သားမှ စ၍ ဘုန်းကြီး ကျောင်း၌ ကျောင်းအိပ်ကျောင်းစား ဘဝဖြင့် နေလာခဲ့ရာ ၁၂နှစ်သား ရောက်မှ ပဉ္စမတန်းတက်မှ ဘုန်းကြီး ကျောင်းသားဘဝမှ လွတ်မြောက်ချေ တော့၏။
တက္ကသိုလ်ဘဝ အီးမေဂျာယူသကာလ Charles Dicken၏ Oliver Twist ကို သင်ရသော် ကျနုပ်၏ ဘုန်းကြီးကျောင်းသားဘဝပထမဆုံးနေ့နှင့် တူလှသဖြင့် သတိယမိသေး၏။ ထမင်းကလေး ကလေးလက်သီး ဆုပ်လောက် ခွဲတန်းရရာ မဝသဖြင့် ထပ်ယူမည်ရှိသော် သည့်ထက်ပိုမရ ဟုဆိုသဖြင့် ရသမျှနှင့်သာ တင်းတိမ် ရချေတော့၏။မင်္ဂလာတရား ၃၈ပါး နှင့်အညီ ခြိုးခြံချွေတာ တတ်အောင် များ သင်ပေးလေသလား မဆိုနိုင်ချေ

အနှီဘုန်းကြီးကျောင်းသားများကား အလွန်အဆော့သန်ချေ၏။ထို့ထက်ဆိုးသည်ကား အလွန်ညစ်ပတ်ကုန်၏။
ဒုတိယတန်းတွင် တစ်ကျောင်းလုံး ယားနာကျကုန်ရာ ခန္ဓာကိုယ်တစ်ခုလုံး အပ်ပင်ချစရာနေရာ မရှိချေ။ ဤ၍ဤမျှထိ ညစ်ပတ်ကြကုန်၏။
တစ်ခါသော် မိုးရာသီ၌ ဖိနပ်မပါပဲ ရေထဲသွားခြင်း၊ခြေထောက်ကို သန့်ရှင်းအောင် မဆေးခြင်းကြောင့်
ကျနုပ်၏ ဘယ်ဘက်ခြေညှိုး၌ ယားယံသဖြင့် ပွတ်တိုက်ရာမှ အနာဖြစ်လာတော့သည်။ထိုအနာကို ဂရုမစစိုက်ပဲထားရာမှ ကိုရွှေယင် ကောင်က ဘယ်အချိန် ဥချသွားသည် မသိ။အဆိုပါအနားကား လောက်ကျ ချေတော့သည်။
ကိုမောင်လောက်တို့ကိုက်သဖြင့် ညသန်းခေါင်ယံရောက်သည်အထိ မအိပ်နိုင်ပဲ ငိုနေရ၏။
ကျနုပ် ငိုသံကြားသော် ဘုန်းတော်ကြီးလည်း နိုးလာပြီး အနာကို ဆေးထည့်ပေးပြီး သူ့အခန်းထဲခေါ်၍ အိပ်ခိုင်းသည်။ မနက်လင်းသော် မိခင်ကြီးကို အခေါ်လွှတ်၍ မည်သို့ မှာလိုက်သည် မသိချေ။အိမ်ရောက်သော် မိခင်ကြီးမှ အနာထဲသို ဓာတ်ဆီလောင်းထည့်ရာ အနာထဲမှ လောက်ကောင်များ တစ်ကောင်ပြီးတစ်ကောင် ကျလာရာ ကျောင်းမသွားမိအထိ ၁၄ ကောင် ရ၏။ ဤ၁၄ကောင်မျှသော လောက်ကောက်တို့ နှိပ်စက်၍ မအိပ်နိုင်ပဲ တစ်ညလုံးအော်ငိုနေရရာ 
ခြေသလုံးတစ်ခုလုံး လောက်ကောင်တို့ အိမ်ဖွဲ့၍ စားသောက်နေသည်ကိုပင် သီးခံနိုင်သော မင်းတုန်းမင်းကြီးလက်ထက်က ထင်ရှားခဲ့သော မတ္တရာ ဆရာတော်ကြီးကား အံ့သြကြည်ညို၍ မဆုံးနိုင်ပေ။

တရားဓမ္မ

သူ့နာမည်အရင်းက ကျော်အောင်။ သို့သော်လည်း အများကခေါ်တော့ ရွှေမန်း။ရွှေမန်းကျော်အောင်ကလည်း နာမည်ကြီးတဲ့အချိန်။ကျုပ်တို့ရဲ့ ဇီးပေါက်ရွာသား အနှီ မောင်ကျော် အောင်ကလည်း မင်းသားရူး။ ပွဲလမ်း သဘင် ကစရာရှိလျင် ပန်တြာ မြင့်အောင် ခွေဖွင့်ပြီး လှည်းပေါ်ကနေ အမြဲတန်း သူက ကစမြဲ။ တစ်ခါလာ လည်း သည်အက နောက်တစ်ခါလာ လည်း သည်အက။ သို့နှင့် ကျုပ်က လည်း ရွာထဲ ပြုပြင် ပြောင်းလဲရေး သမားတစ်ဦးလို။ တစ်နှစ် ကျနုပ် ဆယ်တန်းအောင်စ လူငယ်တွေစု၍ သင်္ကြန်တွင်း တစ်ခြားရွာတွေကို ရေလှူသွားတော့ ကျုပ်လည်း ကျုပ်ညီမဝမ်းကွဲ တင်တင်ခိုင်နှင် မြဆွေ မ က'ချင် နှစ်ယောက်ကို ကခိုင်း လိုက်သည်။ ထိုကတဲက မောင်ကျော်အောင်လည်း မင်းသားကြီး ဘဝမှ အနားယူသွားရ တော့သည်။
လွန်ခဲ့သောနှစ် ၃၅နှခန့်က။ မောင်ကျော်အောင်တစ်ယောက် ဗုံသာတောမှာ ခိုင်းနွားတွေ ယူပြီး ယာထွန်သည်။(ဗုံသာတောဆိုသည်က ရှေးယခင် ဗုံကြီးသံများ လွှမ်းခဲ့စဉ် တစ်ဘက်လယ်တောနှင့် အပြိုင် ဗုံကြီးတီးကြရာ သည်ဘက်တောမှ နိုင်သဖြင့် ဗုံသာတော တစ်ဘက်က ရှုံးသဖြင့် ဗုံရှုံးတော ဟု ရှေးအစဉ် အဆက် မှည့်ခေါ်ခဲ့ကြခြင်းဖြစ်သည်။) နေ့ခင်းကြတော့ နွားတွေကို ယာဘေးက မြက်ခင်းထဲ မှာ လွှတ်ကျောင်းထား သည်။ ခိုင်းနွား တစ်ကောင်က အတော်ဆော့ ၏။ ဂဏှာကမငြိမ်။ဟိုပြေးသည်ပြေးနှင့်ဆိုတော့ မောင်ကျော်မောင် ဒေါသက ထိပ်တက်လာသည်။သို့နှင့် ဒေါသော အတ္တံ န ဇာနာတိ ဆိုသလို။ဒေါသက ထွက်လာတော့ ဘာမှ မစဉ်းစား သည်လောက်ဆော့တဲ့နွားဆိုပြီး ပါလာတဲ့ ဓားမကြီးနဲ့ နွားကြီး ဒခေါက် ကြော ကို ခုတ်ဖြတ်ချ လိုက်သည်။ ခိုင်းနွားကြီးလည်း နေရာတွင် ပုံလျက်လဲကျသွားပြီး မထနိုင်တော့။ မိဘများ လည်း အဆိုပ့ ခိုင်းနွားကြီးကို ဟင်း ပေါ်၍ ရောင်းစားလိုက်ရတော့သည်။
ဆောင်းရာသီ စပါးရိတ်ချိန်ရောက်လာ ချေ၏။အနှီ မောင်ကျော်မောင်လည်း စပါးရိတ်ကြရတော့သည်။သူက နွားချိုနှင့် လုပ်ထားသော တပိုး တတူတူမှုတ်၍ စပါးရိတ် ထွက်ဖို့ အချက်ပေးနေကျ။တမနက်တော့ သူက အနည်းငယ် နောက်ကျနေ၏။ရှေ့လူတွေနောက် မှီဖို့ တံဇဉ်ကို ကျောမှာ ချိတ်ပြီး အပြေးကလေး လိုက်သည်။တောက တံဇဉ်က အရိုးက အကောက်။ အသွားနှင့် အရိုးက အင်္ဂလိပ်စာလုံး အက်စ်s ကလေးလို။ မောင်ကျော်အောင် ပြေးယင်း လွှားယင်း ဒေါ်သိန်းရှင် အိမ်မြောက် ဘက်အရောက် တံဇဉ်က ပြုတ်ကျ သွားသည်။ကံကဆိုးချင်တော့ အရိုးက ရှေ့ခြေထောက်က ညှို့သကျေးရိုးကို ချိတ်မိပြီး အသွားဘက်က နောက်ခြေ ထောက် ခြေသလုံးကို ချိတ်မိသည်။ ပြေးယင်းနဲ့ ခြေထောက်ကလည်း အလှမ်းဆိုတော့ တံဇဉ်သွားက နောက်ခြေသလုံးက ဖနောင့်ကြောကို ဖြတ်ချလိုက်သည်။သွားပြီ။နေရာတင် ပုံလျက် လဲကျသွားပြီး မထနိုင်တော့။ ဆေးရုံကို ပြေးတင်ရသည်။ အနောပျောက်တော့ ခြေတစ်ဖက် မသန်ရှာတော့။ထော့နိုင်းထော့နိုင်းနဲ့။
ဝဋ်ဆိုသည်မှာ နှစ်မကူးချေတကား။

ပြုံးတော်မူ(၃၁)

ပြုံးတော်မူ(၃၁)


သီတင်းကျွတ်ဖို့ကလည်း နီးလာပြီ။
သည်ရာသီ ရောက်ပြန်တော့ မွေးရပ် မြေကို လွမ်းချင်လာ၏။ကောက်ညှင်းစပါးကို သဲဒယ်အိုးထဲထည့်လှော်ပြီး ရလာတဲ့ ပေါက်ပေါက်ပွင့်တွေကို မောင်းဆုံနဲ့ ထောင်း။ရလာတဲ့ အမှုန့်ကိုမှ ထန်းလျက်နဲ့နယ်ပြီး ဆုပ်ရတဲ့ အနုဆုပ်ကလေးကိုလည်း တမ်းတ လာပြန်၏။တစ်ရွာနဲ့တစ်ရွာ မီးသွား လှူကြရတဲ့ တောဓလေ့လေးကိုလည်း လွမ်းမိပြန်၏။မိဘဘိုးဘွားတို့အား အနုဆုပ်၊လဘက်အုပ်၊ဖယောင်းတိုင်စသဖြင့် လက်ဆွဲခြင်းလေးထဲထည့်၍ တောဓလေ့အလျောက်ကလေးဘဝက သွားရောက်ကန်တော့ ခဲ့ကြရသည် 
ကိုလည်း လွမ်းမိပြန်၏။
စိတ်အစဉ်ကား လျင်မြန်လွန်းလှချေ တကား။ သီးတင်းကျွတ် အကြောင်း တွေးရင်းမှ ဒေါ်အုန်းမြိုင်အကြောင်း ကလည်း ပေါ်လာပြန်၏။
တစ်ခုသော သီတင်းကျွတ်၌ မဝင်းစိန်တို့ ညီအမတစ်တွေ သူတို့ ဒွေကြီး ဒေါ်အုန်းမြိုင်ကို သွာရောက် ကန်တော့ကြ၏။ဒေါ်အုန်းမြိုင်ကလည်း ရာဇဝင်က မသေး။ အရာရာနဲ့ အကြောင်းကြောင်း ဆိုသလို။ တောသူတောင်သားဆိုတော့ ရိုးလွန်းအလွန်း လှသည်။သူ့တူမတွေ လာကန်တော့ကြတော့ ဆုကလည်း မပေးတတ်။သို့နှင့် ကြားဖူးနားဝရှိသမျှ ပါးစပ်ထဲပေါ်ရာ ပေးချလျုက်သည်။ဤကဲ့သို့ လူကြီးသူမတို့ အား ကန်ျတာ့ရသော အကျိုးအားကြောင့် အနာမျိုး ၉၆ပါးတို့နှင့် ပြည့်စုံကြပါစေဗျား တဲ့။ဟိုတူမတွေကလည်း ကြောင်ပြီး ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဆိုပြီး နောက်ပြန်ထွက်အလာ တစ်ယောက်က ခွေးနက်ကြီး တက်နင်းတော့ ခွေးနက်ကြီးက ကိုက်လိုက်ပါလေရော။ပေးတဲ့
ဆုနဲ့များ ချက်ချင်းပြည့် လေရောသလားပါ့။

Tuesday, November 10, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၀)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၀)

ပြည်သူတွေ အပြေးလျှောက်ကာနွှဲကြမယ့်
ရွေးကောက်ပွဲကြီးကလည်း
တဖြေးဖြေးနဲ့ရောက်တော့မှာ မလွဲပါ့ ကိုမင်းရာ။
စင်္ကာပူက အနိုင်အရှုံးရလဒ်ကိုကြားရတော့
ဘဝင်မှာပူကာ မှိုင်မပြုံးနိုင်တာကို အစသတ်ပေးလိုက်သလိုမို့
တိုင်းတော်တစ်လွှားက ဝိုင်းမျှော်ကာထားတဲ့ အဖြေတစ်ရပ်ပေမို့
ကျေနပ်စရာလည်းကောင်းပေသပါ့
ကိုမင်းရာ။

ကော်မရှင်နာ ဗိုလ်ပြုတ်ငဖျံတွေကိုဖြင့်
အပိုအလုပ်အရှုပ်ခံကာ မပြောချင်တော့ပါဘူး
နှောင်းမြန်မာ သာယာလှပစေဖို့
ကျောင်းဆရာ ဆရာမ အမိတို့ကိုဖြင့်
အဂတိ ကင်းကင်းဝေးဝေးနဲ့
ဆောင်ကြဉ်းလို့ ပေးစေချင်ကြောင်း
တိုင်းပြည်မြန်မာ အနာဂတ်အရေးအတွက်
မှိုင်းဋီကာနဲ့ ကဗျာစပ်လို့ ရေးလိုက်ချင်သေးတယ် ကိုမင်းရာ။
ရွေးကော်ပေါက်စကလေးတွေရဲ့
အတွေးချော်ကာ ကြောက်မနေကြနဲ့ဟဲ့
အရေးမျှော်ကာ ထောက်ကြပါကွဲ့
တွေးမျှော်ကာ ထောက်ကြပါကွဲ့။
ပြောင်းစရာ အခြေအနေရောက်ပြီမို့
နှောင်းလာတွေ အခြေမောက်ရအောင်
ကျောင်းဆရာမတစ်တွေရဲ့
အကြောင်းရှာပြီး တွေဝေကာ ကြောက်မနေကြနဲ့ဟဲ့။
နှောင်းမြန်မာတစ်လွှား အနာဂတ်လှစေဖို့
ကျောင်းဆရာအများ သမာသမတ်ကျကြပါကွဲ့။
ခင်များတို့ ကျုပ်တို့အချိန်မှာ
ယားလို့တောင်ကုပ်ဖို့ အချိန်မရှိခဲ့ပေမယ့်
သားမြေးမြစ်တို့အတွက် အားဆေးလေးတစ်ခွက်ဖြစ်ပါစေကွဲ့။
အရှုပ်ထုတ်တွေကို ချိုးနှိမ်ကာပစ်ဖို့အရေး
အလုပ်ပြုတ်မှာကိုလည်း စိုးရိမ်ကာ တွေးမနေကြပါနဲ့
ဖွတ်ငညစ်လထူ ငယွင်းမှားတွေကိုများ
ဇွတ်နှစ်ကာ ကူဖို့ စဉ်းစားမနေကြပါနဲ့
ရာဇဝင်သမိုင်းတစ်ခေတ်မှာ စာတင်ကာ မရိုင်းရစ်ရလေအောင်
မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့အတွက်
အကြောက်တရားတွေကို ချိုးဖျက်ကာပစ်ပြီး
တိုင်းမြန်မာ ကမ္ဘာပတ်နိုင်အောင်
သမာသမတ်ကျကြပါစေကြောင်း
မှိုင်းသခင်ဆရာက တိုင်းခွင်မြန်မာ သာစေကြောင်း                                                                                                 မေတ္တာစာခွေများ ဆက်သကာချွေကာ ပါးလိုက်ရပါတယ် ကိုမင်းရာ။


သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၉)


သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၉)
တိုင်းမြန်ပြည် ပြည်ထောင်တစ်ဝှမ်းမှာဖြင့်
နှိုင်းစံမမှီ အနီရောင်တွေ လွှမ်းတာမြင်ရတော့
မှိုင်းသခင်ဆရာ နှိုင်းမမြင်သာအောင်
ရွှင်လန်းဝမ်းသာ ဖြစ်ရပေတယ် ကိုမင်းရာ။
ထမံသီ နယ်တစ်ဝှမ်းမှာလည်း
အလံနီတွေ လွှမ်းခဲ့ပါပေါ့။
ခန္တီမြေကလည်း စခန်းကြီးပြီး တွေဝေမနေပါဘူး
အမေစုရဲ့ စရိုက်ဓလေ့ကို
သေလုမတတ် အကြိုက်တွေ့ကြရသဟ။
အမုန်းသတင်းတွေနဲ့ ဘယ်လောက်ပြောပြော
ဟုမ္မလင်းနယ်တစ်ကြောကလည်း 
အပြုံးချင်းဖလှယ်ကာ နှောကြပုံကဖြင့်
ပြောစမှတ်တွင်ရစ်ပေါ့ ကိုမင်းရာ။
ပန်းကုန်းလာပေးတဲ့ ကောင်လေးကို
အရမ်းမုန်းကာ ရှောင်မပြေးပဲ
နွေးထွေးစွာ ကမ်းလင့်လို့ကြိုတာဟာဖြင့်
အရမ်းတင့်သမို့ ကြည်ညိုစရာပါ့ ကိုမင်းရာ။
စုသခင်ကို တုယှဉ်ကာ မဖြစ်တာကြောင့်
ခုတင်္ဂကလေး စုဘဝင်ဝမှာ ဆွေးစေရော့ဟဲ့လို့
အမေသခင်ပြန်မဖြစ်အောင် လေယာဉ်ပျံနဲ့က ညစ်သေးသမို့
အမေသခင်တစ်ပါးမှာဖြင့် လေယာဉ်ငှားလို့ပြန်ခဲ့ရသဟဲ့။
ကချင်မနောကွင်းတောင် ပေးမဟောရဲတဲ့
အမြင်သဘောကျဉ်းတဲ့ ခွေးငပေါအမဲတွေရဲ့
စနစ်ကြီးအမှားကို အသစ်ကြီးထွာားမလာစေဖို့
မြစ်ကြီးနားပြည်သူတွေကလည်း
ညီတူတူ ကြည်ဖြူစွာပေါင်းစည်းလို့
ကောင်းချီးပေးဝန်းရံကြပုံကဖြင့်
စနစ်အယုတ်ကို အမြစ်ပြုတ်အောင်
ပေါင်းစည်းပြီး တွန်းလှန်ကြစို့လို့
ပြည်တစ်ဝှမ်းကို ရည်မှန်းပြီး 
အကျိုးမျှော် နှိုးဆော်လိုက်သလိုပ ကိုမင်းရာ။
သူခိုးသူတောင်းစားဓားပြတွေနဲ့
အမျိုးအပေါင်း ငနွားလဒတွေကြောင့်
ညှိုးသယောင်းထနေတဲ့တိုင်းပြည်ကို
အချိုးပြောင်းကာ ချမ်းသာတာမြင်ချင်ကြတဲ့
မိုးကောင်းက ရှမ်းဗမာကချင်တွေ ကြိုပုံကလည်း
ဝမ်းသာစရာအသွင်မို့ လန်းဖြာကာ ရွှင်ရပေသဗျ ကိုမင်းရာ။
ဟိုပင်တစ်လွှားကလည်း
ကြိုချင်သူများတာကြောင့်
ငတို(သူခိုး)ဘုရင်ဓားပြသူတောင်းစားတွေကို 
ဒင်းတို့ကို မလိုချင်ဘူး ပြောင်းသွားကြလို့
အကြောင်းကြားပြလိုက်သလိုပါ့ ကိုမင်းရာ။
မိုးညှင်းမင်းစလုံရဲ့နယ်ဘက်ကလည်း
အမျိုးအသင်းပင်း အကုန်ထွက်ပြီး
ယုံရခက်အောင် အားပေးကြသဟ။
ဗန်းမော်တစ်ခွင် ခရီးတစ်ထောက်ကလည်း
ပျော်ရွှင်စရာ ချီးမြှောက်ကြလို့
အတော်ပင် ခရီးရောက်လှသပါ့ ကိုမင်းရာ။
မိုးမိတ်မှာလည်း တိုးကျိတ်ရတာ မနည်းပါ့
မိုးမောက်ကလည်း တိုးမပေါက်အောင်များလှသမို့
အားရဝမ်းသာ ရှိပေသဗျ။
တိုက်ကြီးတစ်ခွင် အကြိုထောက်ပုံက
ငမိုက်ကြီးတွေ ရှိုက်ကြီးတငင် ငိုလောက်သဟဲ့။
လှည်းကူးကို လာထားမယ်ဆိုတော့
ငနဲတွေရူးပြီး ဗျာများကုန်သဟဲ့
လရောင်မလင်းတဲ့ ညသန်းခေါင်အတွင်းမှာ
ညအမှောင်အတွင်းကို ဓားပြကောင်တွေဆင်းပြီး
သူခိုးမင်းကတက်ပြားတောင် လက်ဖျားခါလောက်တဲ့
ဥာဏ်သူခိုးနဲ့ အကြံဆိုးကြံပြီး
ဇွတ်အကြံယုတ်နဲ့ ဖွတ်အလံစုတ်ကို
ခိုးပြီးတောင်ထောင်ရသဟဲ့ ကိုမင်းရာ။
ဖောင်ကြီးဘက်မှာလည်း ပြောင်ကြီးတို့ 
အရှက်မဟာကွဲလောက်သဟဲ့
အနှီရဲမွန်ကလည်း
အနီအရဲတွေနှင့် အလွန်လှသမို့
သည်တစ်ပွဲအတွက် အပီနွှဲဖို့
သွန်ချလိုက်သလိုပါ့ ကိုမင်းရာ။
အမေစု သွားရောက်ရာနေရာတိုင်း
မသွေယခု အများရောက်ကာ
အားမြှောက်ကာ ပေးကြသမို့
အနီရောင်အစွမ်းနဲ့
ပြည်ထောင်တစ်ခုလုံး လန်းစေရမယ်ဟဲ့။
ဤသို့ဤနှယ် အားပေးတာမြင်ပါရင်ကယ်နဲ့
ပယ်မဲတွေ ဝယ်မဲတွေနဲ့ မဲညစ်ပြီး
တလွဲဖြစ်အောင် မကြံကြနဲ့ဟဲ့
ငရဲဖြစ်မယ့် အကောင်တွေရဲ့
သည်တစ်ခါတော့ ပြည်တစ်ရွာလုံးက
-ဗြဲ-ထစ်တောင်မှ မခံဘူးဟေ့နော်။
ဇွတ်မတရား တွယ်ကပ်နေမယ့်
ဖွတ်ကျားတွေကို ပယ်သတ်ဖို့
ဖွတ်တစ်သင်းဘေးကနေ လွတ်ကင်းကာဝေးစေဖို့
ကောင်းနိမိတ်အသွယ်သွယ်ယူပြီး
ဒေါင်းထိပ်က ကြယ်ဖြူနဲ့
ဖွတ်အမှိုက်တစ်သင်းကို ဇွတ်တိုက်ကာ ခွင်းကြစို့ရဲ့
ပြည်မြန်တစ်ခွင် ဒေါင်းအလံတလူလူလွှင့်လို့
နောင်ကောင်းရန် အောင်မောင်းသံ တဒူဒူဆင့်လို့
ကိုမင်းရာရေ
ဒေါင်းတံဆိပ်နဲ့
သြောင်းနိမိတ်ဇေယျာ သွန်းစေဗျား။

သခင်ပိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၈)

သခင်ပိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၈)

အရူးတွေစိတ်ချမ်းသာရင်
တိုင်းပြည်အေးချမ်းသတဲ့ကိုမင်းရာရဲ့။
အားဏာရူး တဏှာရူး ဥစ္စာရူး
ဘဝင်ရူးဆိုတဲ့ အရူးတွေထဲမှာဖြင့်
ကျုပ်တို့ဆီက ဝင်(ဝန်)ကြီးတွေမှာဖြင့်
အထင်ကြီးစရာအချက် တစ်ကွက်မှ မရှိဘူး ကိုမင်းရာရဲ့။
အရူးလေးပါးရောယှက်ကာထားတော့
ပြောထွက်လာသမျှစကားကလည်း
မနောပျက်စရာတွေကများနေပါပေါ့။
မနေ့ကလည်း ဟိုခွေးရူးခွေးကန်းက
အတွေးထူး အတွေးဆန်းတွေနဲ့
သွေးရူးသွေးတန်းတွေပြောလို့ပါလား။
ခရိုနီတရုတ် ဗိုလ်အညှီအပုပ်တွေ
စိုပြည်ကာအဟုတ် ချမ်းသာဖို့အရေး
ပရမ်းပတာနဲ့ ငကန်းမသာ အမျိုးသဘက်တွေပါမရှောင်
အရိုးအရွက်ပါမကျန်အောင်
ခိုးဝှက်ကာဖျောင်ကြလို့
ပြောင်သလင်းခါ မွဲပြာကြတာကို
ကျုပ်တို့အပေါ် လွှဲကာချနေပါပေါ့လား
ကိုမင်းရာရဲ့။
ကျုပ်တို့တစ်တွေ အသုံးအဖြုန်းကြီးသုံးစွဲလို့
လုံးလုံးကြီး မွဲရသတဲ့ကွယ်။
ဘယ့်နှယ်ကွယ် မဆိုင်တဲ့အပေါက်
ဂလိုင်နဲ့ ခေါက်ပြန်ပါပေါ့။
ငါးသိန်းမက အကြွေးအများကြီးတင်တာ
အများမိန်းမတစ်တွေ ဖိနပ်တွေ လေးငါးရံစီးတာကြောင့် ဆိုပါလား။
ကြပ်မသာတွေက မပြတ်တစ်ခါနိုင်ရင်
ဖိနပ်ပါ လိုင်စင်နဲ့ချပေးမတဲ့ဟဲ့။
တစ်ရံပျက်လို့ တစ်ရံဆက်ချင်ရင်
အကြံခက်ရဦးမှာက
အပြန်ပြန်မနိတ်ပါ ပြေစာများမရသေးရင်ဖြင့်
အံကျိတ်ကာ ခြေဗလာဖဝါးနှင့်
မနေသာသွားနေကြရမယ့်ကိန်းပါလား ကိုမင်းရာ။
သံတမန်ယဉ်ကျေးမှုကို
အဖန်ဖန်အစဉ်ရှေးရှုလို့
အနမ်းနဲ့နှုတ်ဆက်တာတွေကို
ငကန်းဖုတ်သဘက်မသာတစ္ဆေက
အရမ်းသရုပ်ပျက်သယောင်ဆိုပြန်ရောဟဲ့။
နမ်းဖက်တာသာ သရုပ်ပျက်တယ်ဆိုရင်ဖြင့်
ကျုပ်တို့တိုးဂိုက်တွေ
အလုပ်တောင် ထွက်ရမလိုပါ့။

မိုးမင်းကြီးဖျက်ခဲ့လို့
ကိုးနဝင်းကြီးပျက်ခဲ့တာတောင် မမှတ်သေးဘူး ကိုမင်းရာရဲ့။
ပတ္တမြားဈေးသစ်ကလည်း အလကားနေယင်း ဘေးဖြစ်ရသဟ။
ယတြာလျှောက်ယုံတဲ့ ခွေးငညစ်တွေကြောင့်
ဗမာကျောက်ဖရုံဘေးဖြစ်ရှာကြပါပေါ့။
အင်းစိန်ဈေး အင်စိန်ဈေးဆိုတော့ ဒင်းတို့တစ်တွေ
ဆင်းချိန်တန်ပြီ ပြေးကြတောလို့ ဆိုသဟ။
ပြောင်းလည်းချိန်တန်ပြီပြောတော့
မြောင်းထဲကန်ချဖို့ကောင်းတဲ့
ဗလောင်းဗလဲဥာဏ်နဲ့
ဓားပြသူတောင်းစားတွေက
အစိမ်းနုရောင်ဝတ်ပြီး ဟန်ပြ ပြောင်းထားကြသတဲ့လေ။
တစ်ဖက်လူရဲ့ကံဇာတာစန်းလဂ်က
အပြန်တစ်ရာမက အရမ်းတက်နေရင်
ငကန်းငဝှက်တို့ရေ
အကြမ်းဖက်ဖို့
ကြံရွယ်ကာ တွေးမနေကြနဲ့
အမြန်ဖယ်ကာပေးပြီး
ပြေးဖို့သာပြင်ကြပါကွယ့်။
ကျောက်ဖရုံသီး ကျောက်ဖရုံသီးနဲ့
ဇာတ်ရှုပ်လှတဲ့ ယတြာငပွေကို 
စကပ်အုပ်လို့ အသာဖြေမနေကြပါနဲ့
ဖေဆရာမှိုင်း တစ်လေတစ်ခါရိုင်းလိုက်မယ်
ဖွားဖွားဒေါ်ဒေါ်မမများရဲ့
ကျောက်ဖရုံသီးအရေး သည်လောက်ရှုတ်လှတာ
ကန်တော့ပါရဲ့
ေ-ာက်ခုံကြီးဘေးက အမွှေးနဲ့သာ အုပ်လိုက်ကြပါတော့ဗျား။

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၇)


 သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၇)
တိုင်းမြန်ပြည် လူအများမှာဖြင့်
နှိုင်းစံမမှီ အပူများပုံက
လူကြားလို့တောင် မယုံချင်စရာပါ့။
စွမ်းအားရှင်ဘေး လက်ပတ်နီဘေး 
ခရိုနီဘေး တရုတ်ကြီးဘေးနဲ့
ရေဘေး လေဘေး ငွေဘေးအပြင်
မအေပေးတွေနှိပ်စက်တဲ့ မဲဘေးကတစ်ဖုံ
ငရဲခွေးတွေ မရမကဖန်လာတဲ့
မဘသဒါဏ်ကလည်း ခံရသေးသဟ။
အရွယ်တော်တူတဲ့ စွယ်တော်နှစ်ဆူကို
အနှစ်နှစ်ဆယ်ကျော်က အသစ်တည်တော်မူကြစဉ်က
ဘုရားနှစ်ဆူ ဘွဲ့တော်တူ ပြည်သူလည်းမွဲ တပ်လည်းကွဲ ဆိုတဲ့
အတိတ်တဘောင်စကား
နိမိတ်ဆောင်ကာ ကြားခဲ့ပါပေါ့လား ကိုမင်းရာရဲ့။
သည်နိမိတ်လာ အသံဟာဖြင့် 
ပြည်ထိတ်စရာ မှန်လာပါပေါ့လား
ကိုမင်းရာရဲ့။
ဖွတ်ငဖျံမသာငနဲတွေ
ဇွတ်ကြံကာခွဲချလိုက်လို့
သံဃာတွေ ကွဲသွားလိုက်တာ့
ဖွတ်ခြင်္သေ့တွေ
မချွတ်ဘဝင်တွေ့ကုန်ပါရောလား ကိုမင်းရာ။
မဘသ မဘသနဲ့
အစက မရှိရိုးအမှန်ပါ ကိုမင်းရာရဲ့
ဟိုမအေရိုးတွေ ဇွတ်မတရားသုံးလာတဲ့
မွတ်ကုလားမုန်းတဲ့ ဖွတ်ကျားကတုံး
ဇမ္ဗုငတုံးအယုတ်မသာကို ခုတုံးလုပ်ကာသုံးပြီး
ဖွတ်ငတိတွေ ပြုတ်ဆော်နံကာမှ
ထုတ်ဖော်ကာ ကြံဆလာတဲ့
ငဖျံဓားပြတွေရဲ့ အာဏာလေးအတွက် ခိုင်းထားတဲ့
ဘာသာရေးအဖျက်မှိုင်းဗျ ကိုမင်းရာရဲ့။
ရှေးအကြောင်း ထောက်ဆကာမျှော်လိုက်တော့
ယောက်ဖတော် ဥာဏ်ဗလာနဲ့
ပဉ္ဇင်းငနဲတောင်
သံဃာတော်တွေကို သင်းခွဲတော့
သံသရာထောင် အဝီဇိငရဲတွင်းကို
မလွဲဆင်းခဲ့ရသေးတာပဲ ကိုမင်းရာ။
ဒေဝဒတ်တောင်
အနေမတတ်ကာ သင်းခွဲတော့
အသေမမြတ်ပေါင် တွင်းထဲဆင်းရသေးသဟ
ဘုရားမကြိုက် သိကြားမကြိုက်နဲ့
အမှားစရိုက်နဲ့ ငနွားတစ်သိုက်ရဲ့
ဒင်းတိုလည်း သွားလိုက်ကြဦးဟဲ့
အဝီဇိငရဲလို့သာ ဆိုလိုက်ချင်သဟ။

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၆)


သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၆)
မှိုင်းဋီကာ ၉/၁၀ မှ အဆက်
တောအရက်ကလေး တစ်ခွက်သောက်လိုက်တော့
အကြောတက်သမျှကလေးပျောက်ပြီး
အပြောသွက်ကာ အာမခြောက်ပြီမို့ 
တိုင်းပြည်မြန်မာ မျှော်ကာမေးနေတဲ့
မှိုင်းဋီကာကျော် ကဗျာလေးတွေနဲ့
မသာသပေါက်တွေအကြောင်း
စာကောက်ကာကြောင်းကြပါဦးစို့ရဲ့။
အိုးကြီးအိုးငယ် အသွယ်သွယ်နှင့်
အရန်သင့်တည်ထား
မီးပွါးတွေကလည်း တဖွားဖွားနဲ့
ဘယ်သူ့အတွက်များလဲလို့
ခင်များမေးမယ့်အကြံ
ကျုပ်အမှန်ပင်သိပါရဲ့ သခင်မှိုင်းရဲ့။
သည်အိုးတွေဟာဖြင့်
ကော်မရှင်ဥက္ကဌနှင့် ငနဲသူခိုးတွေကို
ကြော်ကင်ကာ ဖုတ်ကြမယ့် ငရဲအိုးတွေပေါ့ ကိုယ်တော်မှိုင်းရဲ့။
မီးပြင်းမပြင်းကတော့
သင်တို့လူ့ပြည်က အဏုမြူမီးတောင်
သူ့ဆီက အတုယူမှီးထားရသဟဲ့။
အဂတိတွေတပွေ့တပိုက်နဲ့
အတွေးချော်ကာမိုက်နေကြတဲ့
ရွေးကော်တစ်သိုက်
ခွေးလိုအော်ကာ ဆိုက်လာကြရင်
မနှေးကြော်ကာ မြှိုက်ကင်ကြဖို့
ပါးကွက်သားတွေကလည်း
လက်ယားနေကြပြီ ကိုမှိုင်းရဲ့။
ဖွတ်ငတိအတွက် ငဝက်ကဒါဏ်ခံတဲ့
တဝက်မက မမှန်မကန်နဲ့
အဖက်ဖက်က အကြံအဖန်လုပ်နဲ့
ဆယ်သက်မက အဖန်ဖန်
အပြန်ပြန်ငရဲခံရကာ ဘဝင်ဆွေးရမယ့်အရေး
မရွှင်မအေးနှင့် ရင်လေးရမယ့်အရေး
ငတင်အေး သင်မသိသေးရောသလားပါ့
သခင်မှိုင်းရယ်။
ကော်မရှင် ဥက္ခဌက
ပေါ်တင်ပင် ယုတ်လှသဟဲ့လို့
ငါးတကာ ယိုတဲ့ချေး
ပုဇွန်ဆိတ်ခေါင်းပေါ် ပုံချဆိုသလို
အယုတ္တ အနတ္တကလည်း အဆဲခံရ
ငရဲစခန်းမှာလည်း မလွဲတန်းခံရဦးမှာမို့
ဟန်မကျကာ အသင်ဆွေးရမှာတော့
မြင်သေးသပါ့ ကိုယ်တော်မှိုင်းရာ။
မဲစာရင်း တစ်ပစ်မှားရင်
ငရဲတွင်းမှာ တစ်နှစ်လားရမဟဲ့
လူတစ်ရာ အနှစ်ခုနစ်ဆယ်နှုန်းနဲ့ဆို
လူမသမာ ငညစ်ကျယ်တို့
ဘဝရှုံးပြီဟဲ့
ငရဲတွင်းကနေ အမြစ်တွယ်လို့
ရုန်းတောင်မထွက်နိုင်ပေဘူး ကိုမှိုင်းရဲ့။
ငနဲသူခိုးတစ်သိုက်ကို တစ်ပွဲထိုး မိုက်မနေကြနဲ့
ငရဲအိုး အကြိုက်တွေ့သွားမယ်ဟဲ့။
ငနဲသဘက်သပေါက်တွေ
ငရဲကို ဆက်မကြောက်ကြရင်ဖြင့်
အလွဲအတိုင်း ဆက်လျှောက်ကြကွယ့် လို့
ဆရာမှိုင်း အခါတိုင်းလို စာစီသလို့
ပြောပါလေ။
အရင်အခေါက်တွေကလည်း
ပြင်မလောက်နိုင်အောင်လွဲ
သည်တစ်ခေါက်လည်း အနှီအခေါက်တွေထက်ကဲဆိုသလို
သောက်တလွဲချီးပါ့ ကိုမှိုင်းရဲ့။
ငရဲများ မရောက်ချင်ရင်ဖြင့်
ဖြဲခြောက်ထားတာ မဟုတ်ဘူးနော်
လဗြဲစားသပေါက်တွေကို
တလွဲအမှားအတိုင်း ဆက်မလျှောက်ကြနဲ့ဟဲ့လို့
ပြောလိုက်ပါ ဆရာမှိုင်းရာ။
ပြင်စရာ အချိန် ကျန်ပါသေးရဲ့
မရွှင်မသာနဲ့ အိမ်သူတွေ မကျန်ရစ်ရအောင်
ယမဆရာက တစ်လတာအချိန်ဆိုင်းမယ်ဟဲ့
တစ်လတာလွန်ရင်ဖြင့် ယမဆရာအလွန် မဟုတ်ကြောင်း
တစ်ခါဆောင်းကာ သတိပေးလိုက်ပါရဲ့
မသာငသောင်းနောက်ကို
ငတိတွေ ပြေးလိုက်ရမယ့်အကြောင်း
အသိပေးကာ ရေးလိုက်ပါတော့ ကိုယ်တော်မှိုင်းရေ။

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၅)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၂၅)

နောက်ဆုံးအကြိမ် မဲစာရင်းဇယားကို 
အပြင်းသွားကာ မြောင်းကူးပြီးကြည့်မိတော့ 
အကြောင်းမထူးပေါင်ကွယ်
ခေါင်းမူးအောင်ရှာရသဟဲ့ ကိုမင်းရာရဲ့။
ရှစ်တစ်ဆယ်ဆယ့်နှစ်မှာ မဲဇယားက
အပစ်တကယ်မဖြစ်ကာ မလွဲမှားခဲ့ပါဘူး ကိုမင်းရာရဲ့။
သည်ဆယ့်ငါးမှာ အနှီတကယ့်ငနွားတွေ                                                                                                                 ပြုတ်မှာသေချာလာမှ ယုတ်မာစွာ ဖွေရှာလာတဲ့ 
ဖုတ်မသာ မေတ္တာတုံး(မြစ်တတုံး)တွေရဲ့ 
အယုတ်တမာ ညစ်လုံးတွေပေါ့ ကိုမင်းရာရဲ့။
သည်တစ်ခါ မပြင်မိရင်ဖြင့်
ပြည်မြန်မာတစ်ခွင် မချိလောက်စရာမို့
ဦးနှောက်မနည်းကြနဲ့ဟဲ့
ကုန်းကောက်စရာမရှိအောင် မွဲသွားပြန်ဦးမယ်။
ငရဲဆင်းမယ့် ငနဲတစ်သင်းရဲ့ မလွဲမချင်း အပြန်ပြန်ပြုထားတဲ့
မဲစာရင်း မမှန်ကန်မှုကို
လဗြဲစားတစ်သင်းရဲ့ အကြံအဖန် မဖြစ်စေဖို့
မဲဇယားစာရင်းကို အပြန်အလှန် စစ်ချေပါကွဲ့
 နွားငညစ်တွေ ပေါင်းကြံကြလို့ 
ဇယားအသစ်ကလည်း ကပြောင်းကပြန်နဲ့ 
အမှားစနစ်တွေရဲ့ မကောင်းတဲ့ဒါဏ်ကို 
သားမြစ်တွေပါ ထောင်းလို့ မခံရအောင် 
ဟန်မကျတဲ့ မဲစာရင်းကို
ဇွဲတင်းကာ အရေးထားလို့ 
အပြေးသွားကာ ပြင်ကြပါကွဲ့လို့ 
မှိုင်းသခင် ဖေဆရာက 
တိုင်းတစ်ခွင် ဆွေသဟာအများကို
ပြေမြန်မာ စနစ်ယုတ်ကနေ ဝေးစေဖို့ 
စေတနာနဲ့ ကညစ်ထုတ်ကာ ရေးလိုက်ရပါတယ် ကိုမင်းရာ။                                                                                  (၁၆.၉.၂၀၁၅)