Tuesday, July 8, 2014

ဗဟုသုတ

မြန်မာတို့၏ နာရီကား တစ်နေ့လျင် နာရီပေါင်း၆၀ ရှိ၏။နေ့တာညတာ ညီမျှသော တန်ခူးလနနှင့်သီတင်းကျွတ်လတို့တွင်
နေ့၃၀နာရီ ည၃၀ နာရီ အညီအမျှ ရှိ၏။ကျန်လများတွင် နေ့တာတိုရှည်လိုက်၍ နေ့နာရီညနာရီ မတူညီကြတော့ပေ။
က၀ိလက္ခဏာသတ်ပုံကျမ်း၌ နေ့နာရီနှင့် ညနာရီ အပိုင်းအခြားကို နှောင်းလူတို့ အလွယ်တကူ မှတ်မိနိုင်စေရန် 
သံပေါက်ဖြင့်စပ်ဆိုပြသထား၏။

ပတ်သံတာရှည် တီးသံမြည်၊
လက်ဆည်ကန်စာရေး။
တစ်ဆယ်ပိုးမည် ထမ်းပိုးရည်၊
ယင်းသည်နာရီပေး။
ဆယ့်နှစ်လလည် နေ့ဖို့ရည်၊
ညဥ့်သည်အကြွင်းဆေး။တဲ့။

တန်ခူးလအတွက် ပတ်ကိုယူပါလေ။ပတ်သည် ပဖဘဗမ ဖြစ်၍ ၅ဂဏန်းဖြစ်၏။

တစ်ဆယ်ပိုးမည် ဆိုသည့်အတွက် တစ်ဆယ်ပေါင်းသော် ၁၅ ရ၏။
ထမ်းပိုးရည်ဆိုသောကြောင့် ၂ဆပြုသောအခါ ၃၀ရ၏။
နေ့ဖို့ရည်ဆိုသောကြောင့် ထိုနာရီ၃၀ကား တန်ခူးလ၏နေ့နာရီပင် ဖြစ်၏။
ညဥ့်သည်အကြွင်းဆေး ဟု ဆိုသောကြောင့်  တစ်ရက်ရှိနာရီ ခြောက်ဆယ်ထဲမှ နေ့နာရီ၃၀ နှုတ်သော်
တန်ခူးလ၏ ညနာရီ ၃၀ ရ၏။
ဤကဲ့သို့ ဆက်လက်တွက်သွားပါသော် ကျန်သည့်လများကို အလွယ်တကူ သိရှိနိုင်ပေ၏။
သို့သော် လေးလမြောက်ဖြစ်သော ၀ါဆိုလ၏ ရှည် ဟူသည်ကား ရာဟုဂဏန်း ရှစ်ကိုယူပါလေ။၈ကို၁၀ပေါင်း၍ ၂ဆပြုသော် ၃၆ရ၏။ဝါဆိုလကား နေ့နာရီ ၃၆ ညနာရီ ၂၄ ရှိ၏။နေ့တာအရည်ဆုံးလပေ။ ပြာသိုလကား ကန် ဆိုသောကြောင် ၂ကို၁၀ပေါင်း ၂ဆပြုသော် ၂၄ရ၏။နေ့နာရီ 
၂၄ ညနာရီ ၃၆ ရ၏။ညတာအရှည်ဆုံးလပေ။

ပတ်သံတာရှည် တီးသံမြည် လက်ဆည်ကန်စာေ၇းကို ဂဏန်ဖြင့်ပြရသော် ၅ ၆ ၇ ၈ ၇ ၆ ၅ ၄ ၃ ၂ ၃ ၄ ဟူ၍ ဖြစ်၏။မိမိဘာသာ တွက်ချက်ကြည့်ကြပါကုန်။ စိတ်ဝင်စားသည်ဆိုပါက ပဟိုရ်စည် တီးခတ်ပုံကို ဆက်လက်ပြောပြပါဦးမည်။

No comments:

Post a Comment