Thursday, July 31, 2014

ပြုံးတော်မူ(၂၃)

ကျုပ်အဒေါ် ဒေါ်တင်ဆနဲ့ ဒေါ်လှကြီး အပျိုဘ၀တုန်းက ညပိုင်းရောက်ရင် ဗိုင်းငင်ကြရသတဲ့။ရွာဓလေ့ရပ်ဓလေ့က ညပိုင်းမှာ အပျိုလေးတွေ ဗိုင်းငင်ရာ သက်ကယ်ပြစ်ရာကို လူပျိုလေးတွေက သွားလည်ပြီး ရည်းစား စကား ပြောကြရတာကိုး။အပျိုလှည့်တယ်လို့ ခေါ်ကြတာပေါ့။အပျိုမလေးတွေကလည်း သူတို့ကို ဘယ်သူကများလာပြီး ရည်းစား စကား လာပြောပါလိမ့်မလဲ ဆိုပြီး မျှော်ကြရတာကိုး။ဒီဓလေ့ကတော့ ဘိုးစဉ်ဘောင်ဆက်က စလာတာ။မခုထိ မပျောက်သေးဘူး။
ကျုပ်အဒေါ်အပျိုဟိုင်းကြီးတွေလည်း ဗိုင်းငင်ရင်း ရည်းစားမျှော်ကြရတာပေါ့။ဗိုင်းငင်တယ်ဆိုတာ ယာထဲကရတဲ့ ၀ါဂွမ်းကို အစေ့ထုတ် နူးညံ့ ပျော့ပြောင်းသွားအောင်ပြုပြီး စကောပေါ်တင် အတောင့်ကလေးတွေ လုပ်ရတာကိုး။အဲဒါကို ဗိုင်းတောင့်လို့ခေါ်တာ။အဲဒီ ဗိုင်းတောင့်ကို ရစ်နဲ့သုံးပြီး ဗိုင်းတောင့်ကနေ ချည်ပင် ဖြစ်အောင် ပြောင်းကြရတာ။အဲဒါကို ဗိုင်းငင်တယ် လို့ခေါ်တာ။(ဗိုင်းတောင့်ကို ရစ်နဲ့ လှည့်ပြီး
ရလာတဲ့ ချည်လုံးလေးကို ချည်ဝင်လို့ ခေါ်တယ်။ချည်ဝင်ကို ထောင်လိုက်ရင် ဘုရားပုံလေးဖြစ်သွားတယ်။ပုဂံက ဗူးဘုရာလိုမျိုးပေါ့။ယက်ဖောက်က ယက်ကန်းသမတွေ လွန်းထဲမှာ ထည့်ပြီး
ယက်ကန်းခတ်ရတဲ့ ချည်လုံးကိုခေါ်တယ်။တလောက ဆရာကြီး
တစ်ဦး ချည်ဝင်နဲ့ ယက်ဖောက်မှားပြီး ရှင်းပြနေလို့။
ဆရာကြီးဟာ တကယ့်ကို တော်ပါတယ်။ဒါပေမယ့် တောမှာမွေးတာမဟုတ်တော့ ချည်ဝင်က မမြင်ဘူးရှာတော့ ချည်ဝင်နဲ့ယက်ဖောက် မှားနေတယ်။)
အခုတော့ ဘယ်သူမှ မလုပ်ကြတော့ဘူး။မြင်ချင်ရင်တော့တန်ဆောင်မုန်းလဆန်း၁၄ရက်နေ့ ဘုရားကြီးထဲ
သွားကြည့်မှ ရတော့တယ်။
ကျုပ်အဒေါ်နှစ်ယောက် ည၇နာရီလောက်က ဗိုင်းစငင်တာ အချိန်ကလည်းစောသေးတော့ရစ်ကြီးက မြည်သတဲ့။
ကိုယ့်ထက်သာတာ ယူမယ် ကိုယ့်ထက်သာတာ ယူမယ် တဲ့။
ည၉နာရီလောက်ထိ ဘယ်သူမှ လာမလည်တော့ ရစ်ကြီးက မြည်သံပြောင်းသွားတယ်။
တန်းတူရင် ယူမယ် တန်းတူရင် ယူမယ် တဲ့။
နောက် ညဥ့်နက်ပိုင်း ၁၀နာရီကျော်လောက်ထိ ဘယ်လူပျိုကမှ မလာတော့ ရစ်ကြီးက ပြောင်းမြည်ပြန်သတဲ့။
ရတာယူမယ် ရတာယူမယ် တဲ့။
အရွယ်ကလေးရှိတုန်းတော့ ကိုယ့်ထက်သာတာယူမယ် တဲ့။နည်းနည်းလေး ဟိုင်းလာတော့ တန်းတူရင် ယူမယ် တဲ့။အသက်ကလေးရလာတော့ ရတာယူမယ် တဲ့။
ကျုပ်အဒေါ်တွေကို သူတို့ဦးလေးက သရော်တဲ့ ပုံပြင်လေးပေါ့။ငါ့ သူငယ်ချင်း အပျိုကြီးတွေလည်း ရတာယူမယ်ဖြစ်နေဥိးမယ်နော်။

No comments:

Post a Comment