Thursday, July 31, 2014

ပြုံးတော်မူ(၂၄)

ကျေးဇူးမတင် လင်မရ

ကျုပ်အဖွားဒေါ်အောင်မှီက မယ်သီလလူထွက် အပျိုကြီးဗျ။ရွာထဲက ဖိုးရဲကျား ပြောဖူးတာကတော့ အောင်မှီတို့
မယ်သီလဘ၀တုန်းက လမ်းမှာ သီချင်းဆိုသွားကြတာ။မယ်သီလပေါက်စ အပျိုပေါက်ကလေးတွေပေါ့။ဖိုးရဲကျားတို့နှင့်က အသက်ကလည်း ရွယ်တူကိုး။
ကျမအမယ်သီပါရှင်
ရွယ်တူမရတာကြောင့် မယ်သီလကိုတဲု့ လုပ်ရပါသရှင် တဲ့။
ကြီးလာတော့ မယ်သီလဘ၀က စုတေပြီး လူ့ဘ၀ပြန်ရောက်လာ ပိုးမယ့်ပန်းမယ့်သူက မရှိတော့ အပျိုကြီးဘ၀နဲ့ နေသွားရတယ်။
အသက် ၈၀ကျော်လာ မျက်စိကမမြင် တစ်ယောက်ထဲု ပြုစုမယ့်သူက မရှိနဲ့ အတော် ဒုက္ခရောက်ရှာသကိုး။တစ်နေ့တော့ အဖွားကပြောတယ်။ကန်ကလေးကုန်းရွာကတင်လေးကို ခေါ်ပေးကြစမ်းပါဟဲ့ တဲ့။သူကလည်း အပျိုကြီးကို။၃၀ကျော်၄၀နားနီးနီးပေါ့။ဒါနဲ့ မတင်လေးကို ခေါ်ပေးကြရတယ်။အိုကြီးအိုမ သေခါနီးမှ ဘာများပြောချင်ရှာပါလိမ့်ပေါ့။မတင်လေးလည်း ရောက်လာပြီး ဖွားကြီးမှီ ကျုပ်ကို ခေါ်တယ်ဆို။ကျုပ် တင်လေးပါ လို့ဆိုတော့ အဖွားက သေခါနီး မှာသွားရှာတယ်။ဟဲ့ တင်လေး ငါ့လိုများ အပျိုကြီး မလုပ်နဲ့နော်တဲ့။အသက်ကြီးလာတော့ ဒုက္ခရောက်လိုက်တာ ဟဲ့ တဲ့။ကဲ ကျုပ်သူငယ်ချင်း အပျိုကြီးတွေ မှတ်ကြလဟဲ့နော်။မတင်လေးလည်း အဖွားစကားနားထောင်ပြီး ပလူစ၀သားနဲ့ အိမ်ခေါင်ပြုသွားတာ။အခုတော့ မြေးတွေတောင်ရပေါ့။
အဖွားဆုံးတော့ ညနေ၄နာရီလောက်မှာ။ကျုပ်ကလည်း ကိုးတန်းရောက်ပြီ။ကျောင်းကအပြန် အဖွားကဆုံးတာ။သူ့တူမ ကျုပ်အဒေါ်ကလည်း နေ့ချင်းသဂြို ဟ်ချင်တာနဲ့ အသုဘချကြရတာပေါ့။ရွာဓလေ့ ရပ်ဓလေ့များ တယ်ရှုပ်သကိုး။ဘုန်းကြီးလူထွက်၊မယ်သီလလူထွက်၊ဘုန်းကြီးမိဘ၊ရဟန်းတကာတကာမသေရင် မီးရှို့ရမယ်ဆိုလို့ ကျုပ်မှာ အဖွားကို မီးရှို့မယ့်လူမရှိလို့ ရွာထဲက ဦးထွန်းပိုင်ရယ် ကိုကျော်မောင်ရယ် ကျုပ်ရယ် သုံးယောက်သား နေ၀င်ပြီးမှ မီးသဂြိုဟ် ရတယ်။လူတစ်ကိယ်လုံးပြာကျအောင် ရှို့ရတာဆိုတော့ ၁၀နာရီကျော်တာတောင် မပြီးသေးဘူး။တင်ပဆုံရိုးနဲ့ အဆုတ်ဆိုလား ရှို့လို့ကို မရနိုင်ဘူး။နောက်ဆုံးတော့ မိုးကလည်း ချုပ်လာတာနဲ့ အဲဒါကြီး နှစ်ခု တွင်းတူးပြီး မြှုပ်ပစ်ခဲ့ရတယ်။ကျုပ်ကလည်း အဖွားအကြောင်း လျောက်ပြောနေတာနဲ့ ကျုပ်ဇာတ်လမ်းတောင် ပျောက်သွားပြီ။
ကျုပ်ငယ်တုန်းက အားရင် အဖွားဒေါ်အောင်မှီဆီပဲ ရောက်သွားသဗျ။ပုံပြင်နားထောင်ချင်တာကိုး။အဖွားက ကျေးဇူးမတင် လင်မရ တဲ့။ဒီပုံပြင်ကိုပဲ
ခဏခဏ ပြောပြတတ်တယ်။သူကိုယ်တိုင်ပဲ ကျေးဇူးမတင် လင်မရခဲ့လို့လား မသိပါဘူး။
တစ်ခါက ဘုရင်ကြီးတစ်ပါးက နန်းတော်အသစ်ဆောက်မယ်လို့ အမတ်တွေကို တောထဲ သစ်ရှာခိုင်းတယ်။အမတ်တွေလည်း တောထဲရောက်ဘာပြီး သစ်ရှာကြတော့ ရုက္ခစိုး မင်ကြိးနေတဲ့ သစ်ပင်ဖြောင့်ဖြောင့်ကြီးကို ဘုရင့်နန်းတော်တိုင်ဆိုပြီး မှတ်ထားခဲု့ကြတယ်။ရုက္ခစိုးကြိးကလည်း သူ့ဘုံဗိမာန်ပျောက်ရတော့မယ်ဆိုပြီး မစားနိုင်မသောက်နိုင် တမှိုင်မှိုင်ဖြစ်နေတာပေါ့။အဲဒီလို မှိုင်နေတာကို ဘေးနားကသစ်ပင်က ရုက္ခစိုး မကြီးကမြင်တော့ ရှင်ဘာပြုလို့ နေ့တိုင်းမှိုင်နေရတာလဲ တဲ့။ရုက္ခစိုးကြိးက ငါ့သစ်ပင်ကို နန်းတော်တိုင်လာပြီး ခုတ်ကြတော့မှာ။သူတို့လာခုတ်ရင် ငါ့ဘုံပျောက်တော့မှာ ဆိုတော့ ရှင် သူတို့မခုတ်အောင် မလုပ်နိုင်ဘူးလားတဲ့။အဲဒီတော့ ရုက္ခစိုး ကြီးက ငါမတတ်နိုင်ဘူးဟ တဲ့။ဒါဆိုရင် ရှင့်သစ်ပင်ကို မခုတ်အောင် လုပ်ပေးမယ်။ရှင်ကျမကို ယူနိုင်မလား တဲ့။ဒီ ရုက္ခစိုးမက အရုပ်က နည်းနည်းဆိုးဆိုပဲ။အာကြမ်းလျှာကြမ်း၊ ပတ်ဝန်းကျင်နဲ့ကလည်း သိပ်မတည့်ဘူး။ဒါနဲ့ ရုက္ခစိုး မင်းကြီးကလည်း မတတ်နိုင်တဲ့အဆုံး သဘောတူ
လိုက်သတဲ့။
ဘုရင့်လူတွေ သစ်ပင်ခုတ်ဖို့ရောက်ဘာတော့ ရုက္ခစိုးမကြီးက ရှူးပျံကြီး ဖန်ဆင်းပြီး လူတွေမြင်အောင်ပျံပြီး ရုက္ခစိုး မင်းကြိးရဲ့ သစ်ပင်ပေါ် တက်ပြလိုက်တယ်။ခပ်မြင့်မြင့်ရောက်တော့ ကိုယ်ယောင်ဖျောက်လိုက်တယ်။ဘုရင့်လူတွေလည်း ငါတို့မှတ်ခဲ့တုန်းက ကောင်းသလားလို့ဟာ အခုတော့ ရှူးပျံကြ်ီးတောင် ပျောက်သွားပြီ။သစ်ပင်က အခေါင်းရှိတယ်။မခုတ်ကြနဲ့တော့ ဆိုပြီး ပြန်သွားကြတယ်။ဘုရင့်လူတွေ ပြန်သွားတော့ ရုက္ခစိုး မကြီးက ရုက္ခစိုး စိုးကြိးကို ကဲ ရှင့် ဘုံဗိမာန်ကို မဖျက်စီးအောင် လုပ်ပေးပြီးပြီ။ရှင့်ကတိအတိုင်း ရှင်ကျမကို ယူပေတော့လို့ဆိုတော့ ရုက္ခစိုး မင်းကြိးက ဘာဆိုင်လို့လဲ ။သူတို့ဟာသူတို့ မကြိုက်လို့ မခုတ်ပဲ သွားကြတာ။နင့်ကို ငါ မယူနိုင်ပါဘူးတဲ့။ကဲ ပြီးကြရော။ရုက္ခစိုးမကြီးမှာ ကျေးဇူးလည်း အတင်မခံရဘူး။လင်လည်းမရဘူးတဲ့။
အဲဒါပဲ ဗျာ ကျေးဇူးမတင် လင်မရ
ဆိုတဲ့ စကားပေါ်ပေါက်လာတာ။
ပုံပြောခိုင်းသော သူငယ်ချင်းများသို့။
 

ပြုံးတော်မူ(၂၃)

ကျုပ်အဒေါ် ဒေါ်တင်ဆနဲ့ ဒေါ်လှကြီး အပျိုဘ၀တုန်းက ညပိုင်းရောက်ရင် ဗိုင်းငင်ကြရသတဲ့။ရွာဓလေ့ရပ်ဓလေ့က ညပိုင်းမှာ အပျိုလေးတွေ ဗိုင်းငင်ရာ သက်ကယ်ပြစ်ရာကို လူပျိုလေးတွေက သွားလည်ပြီး ရည်းစား စကား ပြောကြရတာကိုး။အပျိုလှည့်တယ်လို့ ခေါ်ကြတာပေါ့။အပျိုမလေးတွေကလည်း သူတို့ကို ဘယ်သူကများလာပြီး ရည်းစား စကား လာပြောပါလိမ့်မလဲ ဆိုပြီး မျှော်ကြရတာကိုး။ဒီဓလေ့ကတော့ ဘိုးစဉ်ဘောင်ဆက်က စလာတာ။မခုထိ မပျောက်သေးဘူး။
ကျုပ်အဒေါ်အပျိုဟိုင်းကြီးတွေလည်း ဗိုင်းငင်ရင်း ရည်းစားမျှော်ကြရတာပေါ့။ဗိုင်းငင်တယ်ဆိုတာ ယာထဲကရတဲ့ ၀ါဂွမ်းကို အစေ့ထုတ် နူးညံ့ ပျော့ပြောင်းသွားအောင်ပြုပြီး စကောပေါ်တင် အတောင့်ကလေးတွေ လုပ်ရတာကိုး။အဲဒါကို ဗိုင်းတောင့်လို့ခေါ်တာ။အဲဒီ ဗိုင်းတောင့်ကို ရစ်နဲ့သုံးပြီး ဗိုင်းတောင့်ကနေ ချည်ပင် ဖြစ်အောင် ပြောင်းကြရတာ။အဲဒါကို ဗိုင်းငင်တယ် လို့ခေါ်တာ။(ဗိုင်းတောင့်ကို ရစ်နဲ့ လှည့်ပြီး
ရလာတဲ့ ချည်လုံးလေးကို ချည်ဝင်လို့ ခေါ်တယ်။ချည်ဝင်ကို ထောင်လိုက်ရင် ဘုရားပုံလေးဖြစ်သွားတယ်။ပုဂံက ဗူးဘုရာလိုမျိုးပေါ့။ယက်ဖောက်က ယက်ကန်းသမတွေ လွန်းထဲမှာ ထည့်ပြီး
ယက်ကန်းခတ်ရတဲ့ ချည်လုံးကိုခေါ်တယ်။တလောက ဆရာကြီး
တစ်ဦး ချည်ဝင်နဲ့ ယက်ဖောက်မှားပြီး ရှင်းပြနေလို့။
ဆရာကြီးဟာ တကယ့်ကို တော်ပါတယ်။ဒါပေမယ့် တောမှာမွေးတာမဟုတ်တော့ ချည်ဝင်က မမြင်ဘူးရှာတော့ ချည်ဝင်နဲ့ယက်ဖောက် မှားနေတယ်။)
အခုတော့ ဘယ်သူမှ မလုပ်ကြတော့ဘူး။မြင်ချင်ရင်တော့တန်ဆောင်မုန်းလဆန်း၁၄ရက်နေ့ ဘုရားကြီးထဲ
သွားကြည့်မှ ရတော့တယ်။
ကျုပ်အဒေါ်နှစ်ယောက် ည၇နာရီလောက်က ဗိုင်းစငင်တာ အချိန်ကလည်းစောသေးတော့ရစ်ကြီးက မြည်သတဲ့။
ကိုယ့်ထက်သာတာ ယူမယ် ကိုယ့်ထက်သာတာ ယူမယ် တဲ့။
ည၉နာရီလောက်ထိ ဘယ်သူမှ လာမလည်တော့ ရစ်ကြီးက မြည်သံပြောင်းသွားတယ်။
တန်းတူရင် ယူမယ် တန်းတူရင် ယူမယ် တဲ့။
နောက် ညဥ့်နက်ပိုင်း ၁၀နာရီကျော်လောက်ထိ ဘယ်လူပျိုကမှ မလာတော့ ရစ်ကြီးက ပြောင်းမြည်ပြန်သတဲ့။
ရတာယူမယ် ရတာယူမယ် တဲ့။
အရွယ်ကလေးရှိတုန်းတော့ ကိုယ့်ထက်သာတာယူမယ် တဲ့။နည်းနည်းလေး ဟိုင်းလာတော့ တန်းတူရင် ယူမယ် တဲ့။အသက်ကလေးရလာတော့ ရတာယူမယ် တဲ့။
ကျုပ်အဒေါ်တွေကို သူတို့ဦးလေးက သရော်တဲ့ ပုံပြင်လေးပေါ့။ငါ့ သူငယ်ချင်း အပျိုကြီးတွေလည်း ရတာယူမယ်ဖြစ်နေဥိးမယ်နော်။

Sunday, July 20, 2014

ဗဟုသုတ

ဖေ့စ်ဘုတ်ထဲက comment တွေ ဖွင့်ကြည့်ရင်တစ်ဖက်နဲ့တစ်ဖက် ဆဲလိုက်ကြတာ မိုးမွှန်လို့ပဲ။ဆဲတတ်သူများနဲ့တစ်ညနေ မဟုတ်ပဲ ဆဲတတ်သူများနဲ့ တစ်ရက်တာ ဒါမှ မဟုတ် ဆဲတတ်သူတို့ ပျော်ရွှင်ရာ ဖေ့စ်ဘုတ်ကမ္ဘာ လို့ပဲ ပြောရတော့မယ်။ကျုပ်တို့လည်းတောမှာမွေးတာဆိုတော့ ဆဲနည်းမျိုးစုံ ဘယ်ကျူရှင်မှ တက်စရာ မလိုဘူး။အကုန်တတ်ပေါ့။ကဲ ကျုပ်မိတ်ဆွေတွေရော ဆဲတတ်ကြပါသလား။ကျုပ် ခင်များတို့ကို ဆဲနည်းသင်ပေးမလို့။

ကျမ်းဂန်လာ ဆဲနည်း(၁၀)မျိုး
ရှိတယ်။အက္ကောသ၀တ္ထု(၁၀)မျိုး
လို့ခေါ်တယ်။

၁။ဇာတိ=သူတောင်စားမျိုး။
စဏ္ဍာလမျိုး ဟူ၍ ဇာတိကိုစွဲပြီးဆဲရေးခြင်။

၂။နာမ=ငယုတ်မာ၊ငတုံး စသဖြင့်နာမည်တပ်၍ ထိပါးဆဲရေးခြင်။

၃။ဂေါတ္ထ=ကျွန်သား၊သားပေါက်သား စသဖြင့်အနွယ်ကို ခိုက်ပြီးဆဲရေးခြင်း။

၎။ကမ္မ=ချေးကျုံးစားတဲ့အကောင်၊ဂျဒူးဝါးလား စသဖြင့် အလုပ်အကိုင်ကိုစွဲပြီး ဆဲရေးခြင်း။

၅။သိပ္ပ=ခါးပိုက်နှိုက်ပါရဂူ၊ဖောက်ထွင်းဝိဇ္ဇာ၊သူခိုး စသဖြင့် အတတ်ပညာကို အစွဲပြု၍ ဆဲရေးခြင်း။

၆။အာဗာဓ=ရှူနာရှိုက်ကုန်း၊လိပ်ခေါင်း၊ဖာကျိုး စသဖြင့် ရောဂါဝေဒနာကို အကြောင်းပြု၍ ဆဲရေးခြင်း။

၇။လိင်္ဂ=ဂျပု ဂျရှည်၊ဖက်တီး စသဖြင့် အသွင်သဏ္ဌာန် ကို အစွဲပြ၍ ဆဲရေးခြင်း။

၈။ကိလေသ=တဏှာရူး၊ဒေါသအိုး စသဖြင့် ကိလေသာတစ်ပါးပါးကို အကြောင်းပြ၍ ဆဲရေးခြင်း။

၉။အာပတ္တိ=ပါရာဇိက၊တစ်သက်တစ်ကျွန်းထောင်ကျ ၊ကြိုးပေးရမယ့်အကောင် စသဖြင့် ကျူးလွန်တဲ့ ပုဒ်မကို စွဲပြီး ဆဲရေးခြင်း။

၁၀။အက္ကောသ=နင့်အဖေ၊နင့်အမေ၊ခွေးသား၊၀က်မြေး စသဖြင့် ဆဲရေးခြင်း။

ဤကား ကျမ်းဂန်လာ ဆဲနည်း
၁၀မျိုးပင် ဖြစ်ချေ၏။မိမိတို့ ဆဲလိုက်သည့် စကားလုံးသည် မည်သည့်ဆဲနည်းတွင်ပါသလဲ ရှာကြည့်ပါလေကုန်။

ဗဟုသုတ

အာဏာပါးကွက်သားဟူသည်

ရှေးမြန်မာဘုရင်များ လက်ထက်တွင် ရာဇ၀တ်ပစ်ဒဏ်(၈)မျိုးရှိလေ၏။
သတ်၊ဖြတ်၊ကွက်၊မှတ်၊
ပို့၊ဖြည့်၊ထမ်း၊အပ်။ ဟူ၍ မှတ်ကြလေကုန်။

၁။သတ်=အဆုံးစီရင်သည်။

၂။ဖြတ်=ခြေလက်ဖြတ်ခြင်းကို
စီရင်သည်။

၃။ကွက်=ပါး၌ ဆေးနက်ကွက်ထိုးပြီးလျင် အာဏာသူသတ်(အာဏာပါးကွက်သား)အဖြစ်ချထား၍ အသက်ကို ချမ်းသာပေးသည်။

၎။မှတ်=မကောင်းသောအကျင့်ကို ပြုကျင့်သူဟု ဖော်ပြလျက် နဖူး၌ဖြစ်စေ အများပြည်သူတို့မြင်နိုင်အောင် ဆေးနက်စာတမ်း
ထိုးမှတ်ထားခြင်းကို စီရင်သည်။

၅။ပို့=ငှက်တော ခွေးတော ရောဂါထူပြောသော သစ်တောလေးရပ်သို့
ပို့စေ စီရင်သည်။

၆။ဖြည့်=ဘုရားကျွန်၊ကျောင်းကျွန်မှာဖြစ်စေ၊စဏ္ဍာလတို့မှာဖြစ်စေ ဖြည့်သွင်းရန် စီရင်သည်။

၇။ထမ်း=ယုံကြည်ရသော သားတော်၊မှူးတော်မတ်တော်တို့၏စစ်တပ် ရှိရာသို့ လိုက်ပါထမ်းရွက်စေရန်
ဏီရင်ရသည်။

၈။အပ်=မှူးကြီးမတ်ကြီးတို့၏အိမ်မှာ အပ်ထားစေ စီရင်သည်။

တရားဓမ္မ

မှတ်သားထားမိသော စာတစ်စု

လူတို့၏အတ္တဘောကို ရခြင်းသည် ဘ၀သမ္ပတ္တိ မည်၏။သားသမီး ကျေးကျွန်ကျွဲနားမြင်း
ရွှေငွေပုလဲပတ္တမြား ရထားဗိမာန် စသည်တို့သည် ဘောဂသမ္ပတ္တိ
မည်၏။ထိုသမ္ပတ္တိ နှစ်ပါးတို့တွင် ပညာရှိတို့သည် ဘ၀သမ္ပတ္တိကို
သာ၍ ချစ်ခင်စုံမက်သောကြောင့်ဘ၀သမ္ပတ္တိကို ပျက်စီးစေတတ်သော ဘောဂသမ္ပတ္တိ တည်းဟူသော ပစ္စည်းဥစ္စာများကို
မတရားသဖြင့် မရှာကြလေကုန်။

ပညာမဲ့သောသူတို့သည်ကား
ဘောဂသမ္ပတ္တိကို သာ၍ ချစ်ခင်စုံမက်ကြသောကြောင့် လူ့ဘဝ
နတ်ဘ၀တည်းဟူသော ဘဝ
သမ္ပတ္တိ တို့ကို အပျက်ခံ၍ ဘောဂသမ္ပတ္တိ တည်းဟူသော
ပစ္စည်းဥစ္စာများကို မတရားသဖြင့်
ရှာကြလေကုန်၏။

အပါယ်လေးဘုံ၌ ရှိကုန်သော
သတ္တ၀ါတို့သည် ဘောဂသမ္ပတ္တိ
အတွက် ဒုစရိုက်မှုတို့ကိုပြုမိကြ
သဖြင့် ဘ၀သမ္ပတ္တိ မှ ဆုတ်ယုတ်၍ ဘ၀၀ိပတ္တိုကြီးနှင့်
တွေ့ရှာကြကုန်သည်။

လောက၌ လှေသင်္ဘောမှောက်လျင် ရလောက်သော ချိတ်ကြိုးတို့ဖြင့် ဆွဲငင်၍ လှန်လျင် ရနိုင်သေး၏။ဘ၀တစ်ခု မှောက်ခဲ့သည်ရှိသော် တော်တော်နှင့်ဘ၀လှန်၍ မရနိုင်တော့ချေ။
သို့ဖြစ်၍ ဒုလ္လဘ မနုဿဂတိကို
ယခုလို ရရှိကြကုန်သော သူအပေါင်းတို့သည်လည်း ဘ၀ မမှောက်ရလေအောင် အထူး
သတိထားရန် သင့်ပေသည်။
လူ့ဘ၀ကို မှောက်ပစ်သောသူများလှသောကြောင့်
လူ့ဘုံမှစုတေ၍ လူ့ဘုံသို့တဖန် ပြန်၍ဖြစ်ကြသော သတ္တ၀ါတို့
နည်းပါးလှကြောင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရဟန်းတို့ကို လက်သည်းဖျားပေါ်၌ရှိသော မြေမှုန့်အနည်းငယ်နှင့်မဟာပထ၀ီမြေကြီးကို ဥပမာပြု၍ ဟောတော်မူ၏။လက်သည်းဖျားပေါ်ရှိ မြေမှုန့်သည် မဟာပထ၀ီ
မြေကြီးနှင့် နှိုင်းစာသော် အလွန့်အလွန်ပင် နည်းပါးလှသကဲ့သို့
လူ့ဘ၀ကို ရသော သတ္တ၀ါတို့
နည်းပါးလှလေ၏။
မဟာပထ၀ီမြေကြီးသည် အလွန်များသကဲ့သို့ အပါယ်လေးဘုံတို့၌
အဖန်ဖန်တလည်းလည်း ဖြစ်ကြကုန်သော သတ္တ၀ါတို့ကား
အလွန်ပင်များပြားလှသည်ဟူ၍ မြတ်စွာဘုရား ဟောတော်မူသော ဒေသနာတော်ကို အထူး
နှလုံးသွင်းလျက် ဆိုအပ်ခဲ့ပြီးသော မကောင်းမှုဒုစရိုက်များကို
ပယ်၍ ဒါနသီလ ဘာဝနာ အစရှိသော ပုညကြိယာများကို ကြိုးစားအားထုတ်ကုန်ရာ၏။

(ဒါန အလှူပေးခြင်း

သီလ သီတင်းသီလဆောက်တည်ခြင်း

ဘာဝနာ ကမ္မဌာန်းဘာဝနာကို စီဖြန်းခြင်း

ပတ္တိဒါန မိမိကုသိုလ်ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်း

ပတ္တနုမောဒနာ သူတစ်ပါးတို့၏ကုသိုလ်ကို သာဓုခေါ်ခြင်း စသဖြင့် ပုညကြိယာ၁၀ပါးရှိ၏၊)

တရားဓမ္မ

ဒါန သီလ ဘာဝနာ

ဒါနသည်ကား မျိုးစေ့စပါးနှင့်တူ၏။
သီလကား လယ်နှင့်တူ၏။
ဘာဝနာကား မိုးနှင့်တူ၏။
ဒါန သာရှိ၍ သီလဘာဝနာကင်းသောသူသည် မျိုးစပါးသာရှိ၍
လယ်လည်းမရှိ မိုးလည်းမရွာသောသူနှင့်တူ၏။
သီလသာရှိ၍ ဒါနဘာဝနာကင်းသောသူသည် လယ်သာရှိ၍ မျိုးစပါးလည်းမရှိ၊မိုးလည်းမရွာသောသူနှင့်တူ၏။
ဘာဝနာသာရှိ၍ ဒါနသီလ ကင်းသောသူသည် မိုးသာရွာ၍
မျိုးစပါးလည်းမရှိ လယ်လည်း
မရှိသောသူနှင့်တူ၏။
တနည်းဆိုရသော် ဒါနသည် ရိက္ခာနှင့်တူ၏။သီလသည် လမ်းခရီးနှင့်တူ၏။ဘာဝနာကား မျက်စိနှင့်တူ၏။
ဒါနသာရှိသောသူကား မျက်ကန်းနှင့်တူ၏။မျက်ကန်းသည် ရိက္ခာ
သာပါ၍ ခရီလမ်းမှန်ကိုလည်း မသွားတတ်။ချုံတောကိုသာ ၀င်လေ၍ ကျား၊သစ်၊ခြင်္သေ့ဘေးအန္တရာယ်နှင်သာတွေ့ရပြီး
ဒုက္ခတွေ့ရသကဲ့သို့ ၀ဋ်၌သာကျင်လည် မဂ်ဖိုလ်ကိုမရနိုင်ပဲဒုက္ခတွေ့လျက် ရှိချေ၏။ဒါနသီလ
ရှိပြန်ပါလည်း ဘာဝနာ ကင်းချေက ရိက္ခာ လည်းပါ၏။လမ်း
ကိုလည်းသွားပါ၏။ခရီးအပိုင်းအခြားကို မသိ၍ ခရီးမရောက် ကြာလေဝေးလေ ဝေးသကဲ့သို့ ဘာဝနာနှင့်ကင်း၍ နိဗ္ဗာန် နှင့်မနီး။သံသရာမှာ အဓွန့်ရှည်စွာ ကျင်လည်ကြရကုန်သည်။
ဘာဝနာသာ အားထုတ်၍ ဒါနသီလ မပါချေကလည်း
မျက်စိကသာမြင်၍ ရိက္ခာလည်း
မပါ လမ်းကိုလည်းမသွားတတ်။စိတ်ကိုသာ အားကိုး၍ သွားသောကြောင့် အငတ်ငတ်အမွတ်မွတ်နှင့် နေရသောသူနှင့်တူ၏။ထို့ကြောင့် ဒါနသီလဘာဝနာ
သုံးခုလုံး ညီညွတ်မှသာ လျောက်ပတ်ပေ၏။
 

Sunday, July 13, 2014

ဗဟုသုတ

ယခင်တစ်ပါတ်က မြန်မာနာရီ၆၀ အကြောင်းကို မိတ်ဆွေတို့အား ဝေမျှပေးခဲ့ပြီ။ယခုတဖန် ဗဟိုစည် တီးခတ်ပုံအကြောင်း ဆက်လက် ဖော်ပြပါဦးမည်။
မြန်မာ ဘုရင်တို့၏နန်းတော်တွင် ဗဟိုရ်စင်ဟူ၍ ရှိလေသည်။မျှော်စင်ထိပ်တွင် စည်ကြီးတစ်လုံးကို ချိတ်ဆွဲထား၏။ယင်းကို ဗဟိုရ်စည်ဟု ခေါ်လေ၏။
ရှင်ဘုရင်များအုပ်ချုပ်စဉ်အခါက အခါကြားဗဟိုဟူ၍ နေ့လေးကြိမ် ညလေးကြိမ် တစ်ရက်လျင် ဗဟိုစည်ကြီးအား ၈ကြိမ် တီးရလေသည်။
နေ့တာတိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ နေ့နာရီကို လေးပိုင်းပိုင်း၍ တစ်ပိုင်းလျင် တစ်ဗဟို တီးရ၏။
ညတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။နေ့တာအတိုဆုံးလတွင် ၆နာရိတွင် တစ်ဗဟိုရ်ဖြစ်ပြီး နေ့တာအရှည်ဆုံးလတွင် ၉နာရီ တစ်ဗဟိုရ် ဖြစ်လေ၏။
နေ့တာညတာညီမျှသော တန်ခူးလတွင် နံနက်နေထွက်သည်ကစ၍ ရေနာရီတစ်နာရီလျင် မောင်းတစ်ချက် နှစ်နာရီလျင် မောင်း၂ချက်၊အစဉ်အတိုင်းတီးသွားပြီး ၇နာရိခွဲတွင် ခေါင်းလောင်းသံ ၁၁ချက် ဗဟိုစည်သံ ၁၁ ချက် တစ်လှည့်စီ တီးရ၏။ယင်းကို နေ့တစ်ချက်တီးဟုခေါ်လေ၏။ယနေ့ခေတ်နာရီနှင်ဆိုသော် မနက် ၉နာရီအချိန်ပင်။ဤတစ်ချက်တီးချိန်သည် လွှတ်တော်စသော ရုံးလုပ်ငန်းတို့ စချိန်ပင်။
တစ်ချက်တီးပြီးလျင် ရေနာရီ တစ်နာရီကြာလျင် တစ်မောင်းထုရပြန်၏။၇နာရခွဲကြာလျင် ခေါင်းလောင်းသံ ၂၂ချက် ဗဟိုစည် ၂၂ချက် တစ်လှည့်စီ တီးရ၏။ယင်းကို နေ့ ၂ချက်တီး ဟုခေါ်သည်။ယနေ့ခေတ် မွန်းတည့်၁၂နာရအချိန်ပင်။နောက် ၇နာရီခွဲကြာလျင် ခေါင်းလောင်းနှင်ဗဟိုရ်စည် ၃၃ချက်စီ တီးရ၏။ယင်းကို သုံးချက်တီးဟုခေါ်သည်။ညနေ ၃နာရီနှင့် ညီမျှ၏။ရုံးဆင်းချိန်ပင်။နောက်ထပ် ၇နာရီခွဲကြာလျင် ခေါင်းလောင်းနှင့်ဗဟိုစည် ၄၄ချက်စီတီးရ၏။ယင်းကို လေးချက်တီးဟုခေါ်သည်။၎ချက်တီးကားနေ၀င်ချိန်နှင့်အကိုက်ပင်ဖြစ်၏။လေးချက်တီးလျင်ကား နန်းတော်သို့ဝင်သော တံခါးပေါက်များအနက် အလယ်ပေါက်များကို ပိတ်ကြရ၏။
ညတွင်လည်း အထက်ပါနည်းအတိုင်း တီးခတ်သွားကြရ၏။ညတစ်ချက်တီးတွင်နန်းတော်တံခါးပေါက်များ အားလုံး ကို ပိတ်ကြရ၏။မည်သူမျှ ၀င်ထွက်၍ မရတော့ချေ။ဝင်လိုထွက်လိုငြားသော် မြိုဝန်၏စာချွန်ပါမှ ရ၏။
ညသန်းခေါင်တွင် ၂ချက်တီး။မနက်၃နာရီခန့်တွင် ၃ချက်တီး၊နနက်နေထွက်လျင် ၄ချက်တီးဟုခေါ်သည်။နန်းတော်တံခါးများပြန်ဖွင့်ကြကုန်၏။
မနက်၃နာရခန့်တွင် ခေါင်းလောင်း၃၃ချက် ဗဟိုရ်စည် ၃၃ချက် တစ်လှည့်စီတီးရ၏။ယင်းကို ၃ချက်တီးဟု ခေါ်သည်။လှိုင်ထိပ်ခေါင်တင်၏ စိန်ခြူးကြာညောင်ဘောဘယ်မှ သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး လင်းပြန်လုနော် ဆိုသည်မှာ ဤသုံးချက်တီးအချိန်ကို ရည်ညွှန်းဖွဲ်ဆိုခြင်းပင်။
မှတ်သားဖွယ်ရာတစ်ခုမှာ ရှေးယခင်က ဘုရင်တစ်ပါးကို အခြားဘုရင် လာရောက်သိမ်းပိုက်ခံရလျင် အသိမ်းပိုက်ခံဘုရင်၏ နန်းတော်ပြဿဒ်အထက်ရှိ ထီးတော်ကိုဖြုတ်ချပြီး ဗဟိုရ်စည်ကိုလည်း ထိုးဖောက်ပစ်ကြသည်။ဤသည်ကိုပင် ထီးကျိုးစည်ပေါက်သည် ဟု ဆို၏။သူ့ကျွန်ဖြစ်သည် တစ်ပါးသူ၏အောက်သို့ ကျရောက်သည်ဟုဆိုလိုခြင်းပင်။နန်းတော်ဆောင်အထက်ရှိ မှန်ကင်းတို့ကိုလည်း ဖြုတ်ချကြကြောင်းး ကိုလည်း မှတ်သားဖူးသည်။ဤသည်ကိုပင် မှန်ကင်းတလှည့် ထင်းတလှည့်ဟု ခေါ်ဆိုကြခြင်းပင်။(ထီးဖြုတ်ချကြောင်းကို မှန်နန်းရာဇ၀င်ကြီး၌ အနောက်ဘက်လွန်မင်းက တောင်ငူဘုရင်နတ်ရှင်နောင်၏ ထီးနန်းအား သိမ်းပိုက်ပြီးသော် လက်အောက်ခံဘုရင်အဖြစ် ထီးကိုဖြုတ်ချကြောင်း ဆို၏။သိမ်းပိုက်ခံ ဘုရင်တို့သည် မိမိတို့ ပြန်လည်တော်လှန်နိုင်ပါက ထီးတော်ကို အသစ်ပြန်တင်ကြောင်းလည်း မှတ်သားဖူးသည်။စကားချပ်)

Tuesday, July 8, 2014

ဗဟုသုတ

မြန်မာတို့၏ နာရီကား တစ်နေ့လျင် နာရီပေါင်း၆၀ ရှိ၏။နေ့တာညတာ ညီမျှသော တန်ခူးလနနှင့်သီတင်းကျွတ်လတို့တွင်
နေ့၃၀နာရီ ည၃၀ နာရီ အညီအမျှ ရှိ၏။ကျန်လများတွင် နေ့တာတိုရှည်လိုက်၍ နေ့နာရီညနာရီ မတူညီကြတော့ပေ။
က၀ိလက္ခဏာသတ်ပုံကျမ်း၌ နေ့နာရီနှင့် ညနာရီ အပိုင်းအခြားကို နှောင်းလူတို့ အလွယ်တကူ မှတ်မိနိုင်စေရန် 
သံပေါက်ဖြင့်စပ်ဆိုပြသထား၏။

ပတ်သံတာရှည် တီးသံမြည်၊
လက်ဆည်ကန်စာရေး။
တစ်ဆယ်ပိုးမည် ထမ်းပိုးရည်၊
ယင်းသည်နာရီပေး။
ဆယ့်နှစ်လလည် နေ့ဖို့ရည်၊
ညဥ့်သည်အကြွင်းဆေး။တဲ့။

တန်ခူးလအတွက် ပတ်ကိုယူပါလေ။ပတ်သည် ပဖဘဗမ ဖြစ်၍ ၅ဂဏန်းဖြစ်၏။

တစ်ဆယ်ပိုးမည် ဆိုသည့်အတွက် တစ်ဆယ်ပေါင်းသော် ၁၅ ရ၏။
ထမ်းပိုးရည်ဆိုသောကြောင့် ၂ဆပြုသောအခါ ၃၀ရ၏။
နေ့ဖို့ရည်ဆိုသောကြောင့် ထိုနာရီ၃၀ကား တန်ခူးလ၏နေ့နာရီပင် ဖြစ်၏။
ညဥ့်သည်အကြွင်းဆေး ဟု ဆိုသောကြောင့်  တစ်ရက်ရှိနာရီ ခြောက်ဆယ်ထဲမှ နေ့နာရီ၃၀ နှုတ်သော်
တန်ခူးလ၏ ညနာရီ ၃၀ ရ၏။
ဤကဲ့သို့ ဆက်လက်တွက်သွားပါသော် ကျန်သည့်လများကို အလွယ်တကူ သိရှိနိုင်ပေ၏။
သို့သော် လေးလမြောက်ဖြစ်သော ၀ါဆိုလ၏ ရှည် ဟူသည်ကား ရာဟုဂဏန်း ရှစ်ကိုယူပါလေ။၈ကို၁၀ပေါင်း၍ ၂ဆပြုသော် ၃၆ရ၏။ဝါဆိုလကား နေ့နာရီ ၃၆ ညနာရီ ၂၄ ရှိ၏။နေ့တာအရည်ဆုံးလပေ။ ပြာသိုလကား ကန် ဆိုသောကြောင် ၂ကို၁၀ပေါင်း ၂ဆပြုသော် ၂၄ရ၏။နေ့နာရီ 
၂၄ ညနာရီ ၃၆ ရ၏။ညတာအရှည်ဆုံးလပေ။

ပတ်သံတာရှည် တီးသံမြည် လက်ဆည်ကန်စာေ၇းကို ဂဏန်ဖြင့်ပြရသော် ၅ ၆ ၇ ၈ ၇ ၆ ၅ ၄ ၃ ၂ ၃ ၄ ဟူ၍ ဖြစ်၏။မိမိဘာသာ တွက်ချက်ကြည့်ကြပါကုန်။ စိတ်ဝင်စားသည်ဆိုပါက ပဟိုရ်စည် တီးခတ်ပုံကို ဆက်လက်ပြောပြပါဦးမည်။

ဗဟုသုတ

အတိတ်၊နိမိတ်၊တဘောင်၊စနည်း တဲ့။
ကလေးစကား၊အရူးစကား။သဘင်သည်စကား တဲ့။
ကလေးတွေကလည်း ဘယ်ကဘယ်လို စိတ်ကူးရလို့ ဆိုကြတယ်မသိ။သူတို့ဆိုတဲ့ သီချင်းတွေက ရှေု့ဖြစ်တော့မယ့် ဟာတွေကို ပြောပြနေတာပဲ။၂၀၀၇ မတိုင်ခင်က ကျုပ်ကလေးတွေ အားနေရင် 
ရဲဘော်တွေတန်းစီ
ဗိုလ်ကြီး အီးပေါက်သည်
ရှေ့ဆုံးကရဲဘော်
ခါချဉ်ကိုက်လို့အော်
နောက်ဆုံးကရဲဘော်
အီးပေါက်လို့အော်။
ရဲဘော်တွေ တန်းစီဆိုတဲ့အတိုင်း ဘုန်းကြီးတွေရော စစ်သားတွေရော မြို့ထဲမှာ တန်းစီကုန်တာပဲ။ခါချဉ်က အနီေ၇ာင် ဘုန်းကြီးတွေပဲ ညွှန်းသလား ပဲ။
မြစ်ဆုံကိစ္စကြတော့ မင်းကွန်းဘက်က ကလေးတွေဆိုကြပြန်ရော။
ဝက်သားစားလို့ ဗိုက်နာ
ဧရာဝတီ မကြိုက်ပါ တဲ့။သူတို့ဆိုနေတာက အရှည်ကြီး။အကုန် မမှတ်မိလိုက်ဘူး။နိုင်ငံခြားသားဧည့်သည်တွေနဲ့ သွားနေရတာဆိုတော့ ရေးမှတ်ဖို့ အချိန် မရလိုက်ဘူး။ဝက်သားစားတာက တရုတ်တွေပဲ

။သဘင်သည်ဆိုတာက အခုခေတ်တော့ ရုပ်ရှင်လောက အဆိုတော်လောက
အားလုံးကို ညွှန်းဆိုတာပေါ့။အနုပညာသည်တွေရဲ့ စကားတစ်ခွန်း သီချင်းတစ်စိတ်တစပိုင်းလူကြားထဲမှာ
အသုံးများလာပြီဆိုရင်တော့ တဘောင်ဖြစ်ရောပဲ။လာမယ်ကြာမယ် လာမယ်ကြာမယ်နဲ့ နိမိတ်မရှိ နမာမရှိ ပြောခဲ့ကြတာ
အခုထိ ကျုပ်တို့ လိုချင်တဲ့ ဒီမိုကရေစီ ရောက်မလာသေးဘူး။
သေပြီဆရာ သေပြီဆရာ ဆိုတော့ ဗိုလ်ခင်ညွန့် ပြုတ်သွားပါလေရောလား။
အိုလေ့ လုပ်ပါဟေ့ ရေအိုးလေး လုပ်ပါဟေ့ တဲ့။
သောက်ကျိုးနည်း အဲဒီတုန်းက မန္တလေးမှာ လောင်လိုက်တဲ့မီး။ရေအိုးလေး လုပ်ပါဟေ့ ဆိုပြီး ဆိုကြတော့ ရတနာပုံဈေးကြီးပါ ပါသွားပါလေရောလား။
အဲဒီတုန်းက ရန်ကုန်က ကျုပ်ဆရာဆီကို ဒါတွေ မဖြစ်ခင်ကစ ဒိအကြောင်းတွေကို အင်္ဂလိပ်လို ရေးပို့ပေးထားတယ်။အိမ်မှာတောင် ကော်ပီရှိသေးရဲ့။အခုတော့ ကျုပ်ဆရာ ဦးတင်မောင်လွင်လည်း မရှိရျာတော့ပါဘူး။ဆရာရေ အိုလေ့ ဆိုတာ အုမေဋိတ် အမလေး လို့ပြောတာ လုပ်ပါဟေ့ ဆိုတာ လုပ်ကြပါဦး ကယ်ကြပါဦးလို့ ပြောတာ။ဆိုးဆိုးဝါးဝါးကြီးတစ်ခုတော့ လာဦးမှာဗျ လို့ ရေးခဲ့တာ။ဘာကြာသတုန်း နာဂစ်ကြိး ၀င်မွှေ သွားတာ သေကုန်ကြပါလေရော။
အခုတော့ ဘယ်ဘိသိတ်ဆရာက စပ်ဆိုလိုက်တယ် မသိပါဘူး။
ပေါ် ပေါ့် ပေါ် မလုံ မလုံ
ပေါ် ပေါ့် ပေါ် မလုံ မလုံ တဲ့။
တစ်ခုခုကိုတော့ ပြောနေတာပဲ။
ဒင်းတို့ ရှုပ်ခဲ့သမျှ
ဒင်းတို့ ဖွနေသမျှ
ဒင်းတို့မွှေနေသမျှု
အကုန်လုံး မလုံတော့ဘူး ပေါ်တော့မှာ လို့ပဲ ပြောချင်သလားတော့ မသိတော့ဘူး။
တိုင်းသူပြည်သားအပေါင်းတို့ သတိရှိရှိ နဲ့ နေနိုင်ကြပါစေ။