Saturday, October 17, 2020

သဲထိတ်ရင်ဖို

 

"လေယာဉ်ပျံလာပြီဟေ့ မီးအိမ်ကို တွင်းထဲ မြန်မြန်ချ ကြဟ စကောနဲ့ ပိတ် စကောနဲ့ပိတ်"
လေယာဉ်ပျံက မြောက်ဘက် တောရကျောင်းဆီက လာနေသည်။ ကျွဲကြီးလို့ ခေါ်သည့် သည်အင်္ဂလိပ်ဗုံးကျဲ လေယာဉ်တွေက ညဘက်ရောက်ရောက်လာပြီး မီးရောင်မြင်ရင် စက်သေနတ်နဲ့ ၀င်ဝင် မွှေ့လေ့ရှိသည်။ မီးရောင် မပျောက်မချင်း ဟိုဘက်က ပြန်ဝေ့လာလိုက် သည်ဘက်က ပြန်ဝေ့လာလိုက်နှင့် အားရအောင် ပစ်ခတ်ပြီးမှ တရှောရှောနဲ့ ပြန်ထွက်သွားတတ်သည်။ သူတို့ရွာနတ်ကြီးတောထဲက အင်ပင်ကြီးတွေ လွတ်ရုံသာ ပျံလာလေ့ရှိပြီး များသောအားဖြင့် ကံထူးမရှိ ဂျပန်တပ်ကို လာလာပြီး ဗုံးကျဲတတ်သည်။ ပြီးခဲ့သည့်ရက်ကပင် ကံထူးမ အနောက်ဘက်အထွက်ရှိ ကုလားသင်းချိုင်း(ယခု အောင်ပညာစံ ဘော်ဒါနေရာ) ဆိုသည့်နေရာကို ဧရာမ ဗုံးကြီးတစ်လုံးချသွားလေရာ ဗုံးကျင်းကြီးပင်လျင် ဆယ်ပေ ဆယ့်ငါးပေခန့်နက်ပြီး အိမ်တစ်လုံးစာအကျယ်ခန့် ကျင်းကြီး ဖြစ်နေရစ်ခဲ့သည်။
ပြီးခဲ့သည့် တစ်ပတ်က သူတို့ ဇီးပေါက်ရွာက ခင်ညိုတို့ အပျိုပေါက်ကလေးတွေ အင်သုံးခွနတ်ကြီးဘေးက ယာတောထဲ မြေပဲ စွပ်နေကြသည်။ လမိုက်ညမို့ မှောင်မှောင်မဲမဲထဲ။ ဘာအလင်းရောင်မှ မရှိသမို့ ထင်းတုံးကြီးတွေထည့်ပြီး မီးဖိုကာ မီးရောင်ဖြင့် မြေပဲ စွပ်နေကြချိန်။
ဒက် ဒက် ဒက် ဒက် ဒက်
ဘယ်အချိန်က ရောက်လာသည်မသိလိုက်ရ။ အင်္ဂလိပ်လေယာဉ်ပျံက မီးရောင်ဆီ စိုက်ထိုးဆင်းလာကာ စင်သေနတ်နှင့် တလစပ် ပစ်တော့သည်။ ခင်ညိုတို့ ကောင်မလေးတစ်သိုက် ဖနောင့်နှင့် တင်ပါး တသားတည်း ဘယ်မှာကျပါလိမ့်မလဲ။ ဖနောင့်က တင်ပါးရှေ့က ရောက်အောင် မှောင်နဲ့မဲမဲထဲ ပြေးကြရတော့သည်။ မြွေပွေးက ပေါပါဘိနဲ့။ ဘယ် သည်အချိန် မြွေပွေး စဉ်းစားချိန် ရမည်နည်း။ အသက်ကို ဖက်နှင့် ထုတ်ချိန်တောင်မရ။ ပြေးမိပြေးရာ စွပ်ပြေးကြရသည်။ ကံကောင်းထောက်မသဖြင့် တစ်ယောက်မှ မသေကြ။ အင်္ဂလိပ်ကျွဲကြီးက မီးရောင်မြင်တော့ ဂျပန်တွေ စခန်းချနေသည် အထင်နှင့် ၀င်ဆော်သွားခြင်း ဖြစ်သည်။ ခင်ညိုတို့အဖြစ်ကို ကြားတော့ သူ့ဦးရအေက သြဘာပေးသည်။
"မှတ်ဟဲ့ မသာမကလေးတွေ သည်လိုဖြစ်မှာစိုးလို့ မီးတွေ စွတ်မထည့်နဲ့ မှာလိုက်သဟာ နားမှ မထောင်ပဲ။ ပျံတန်တန် နံ့တန့်တန့်နဲ့ နင့်အဖေ အင်္ဂလိပ်က ဗုံးချမသွားတာ ကျေးဇူးတင်ရဦးမယ်"
သည်လိုတွေက သည်ဂျပန်ခေတ်ထဲဝယ် ခဏခဏ တွေ့ကြရ
သဖြင့် တောသူတောင်သားတွေလည်း ကျီးလန့်စာစားဘ၀မျိုး။
အခုလည်း ရွာအရှေ့ထိပ်က ဒေါ်အုန်းစိန်က ခေတ်ကာလ မကောင်းပါဘူးဆိုမှ ဆုံးပြန်ရော။ သူ့အမျိုးသမီး အသုဘကို ဦးလူရင်နှင့် သားသမီးတတွက အငြိမ့်မင်းသမီး ငှါးပြီး အသုဘချချင်သည်။ ရွာရပ်က ခေတ်ကာလမကောင်းသဖြင့် မငှါးဖို့ နားချကြသေးသည်။ ပြောမရ တားမရသည့်အဆုံး အငြိမ့်မင်းသမီးငှါးပြီး အသုဘ ဧယျာဉ်ကျူးးသည်။ မင်းသမီးကလည်း နာမည်ကြီး ဧရင်ကျူးး မင်းသမီး တောသူမတင်ကြည်။(မှတ်ချက် တောသူမတင်ကြည်မဟုတ်ပါ မင်းသမီးနာမည်မေ့နေသဖြင့် ကျနုပ်တို့ခေတ်က နာမည်ကြီးမင်းသမီးကို ငှါးထည့်ရပါသည်။)
မင်းသမီးကလည်း ဧရင်ကျူးးက ကောင်းလိုက်တာ။ အဆိုအငို အပြော ဘယ်နေရာမှ ဟာကွက်မရှိ။ သိင်္ဂါသံကို ဆိုပြောသွားလိုက်သည်မှာလည်း အသံကလည်းကောင်းလိုက်ဘိခြင်း။ ဈာပနခြောက်မျိုးကို ရှင်းပြ အနိစ္စ ဒုက္ခ အနတ္တ မမြဲသော သည်ခန္ဓာကြီး ခန္ဓာရလျင် အိုရမည် နာရမည် လူ့ဘ၀ သေခြင်း နဲ့သာ အဆုံးသတ်ကြသည် စသဖြင့် ဆိုကောင်းငိုကောင်း နေတုန်း။
ညပိုင်းဆိုတော့ အောက်လင်းဓာတ်မီးကြီးတစ်လုံး ချိတ်ပြီး ကနေကြတဲ့အချိန်။ သို့ကလို လေယာဉ်ပျံလာပြီလည်း ဆိုကရော ။
လေယာဉ်ပျံလာရင် ဖွက်ဖို့ အရန်သင့်တူးထားသည့် တစ်ပေလောက်ကျယ်သည့် တွင်းကြီးထဲ အောက်လင်းမီးအိမ်ကြီး ပျာရိပျာယာချပြီး အထက်က စကောကြီးနဲ့ ပိတ်လိုက်တော့ ခဏချင်း လင်းနေရာက အမှောင်ကျသွားသည်။ လူတွေရော ဆိုင်းသမားတွေရော မင်းသမီးတွေရော ၀ရုန်းသုန်းကာ ထွက်ပြေးကြသည်။ သို့နှင့် ထိုတစ်ညအဖို့ အငြိမ့်က တစ်ခန်းရပ်သွားတော့သည်။ အင်္ဂလိပ်လေယာဉ်မှူးလည်း ခပ်လှမ်လှမ်းတုန်းက မီးရောင်မြင်ပါလျက် ချက်ချင်း မှောင်ကျသွားသည့် ရွာကို ဖြတ်ပျံသွားရင်း သည်ဗမာကောင်တွေ ညဏ်တော့ အတော်ပြေးသဟ ဟု စိတ်ထဲ တွေးတောပြီး သူတို့ပစ်မှတ်ရှိရာ ကံထူးမ ရှိ
ဂျပန်စစ်စခန်းကို အခဲမကျေ ထပ်မံ ဗုံးကျဲချကာ ပြန်သွားတော့သည်။
×××××××××××
ရွာဓလေ့ ရပ်ဓလေ့တွေက အင်မတန် သိမ်မွေ့ရှုပ်ထွေးလှသည်။ အသုဘ ခေါင်းအတွက် အုံတုံခုတ်ပြီး ထမ်းလာလျင် လမ်းမှာ မချကောင်း။ လမ်းမှာချလျင် နောက်တစ်ယောက် သေတတ်သည်။
အသုဘကျင်းသွားတူးလျင် တူရွင်းအသွားကို ရှေ့ဘက်လှည့်ပြီး ထမ်းသွားကြရသည်။
အရင်သေသည့် အသုဘမချခင် နောက်တစ်ယောက်ထပ်သေလျင် မြေမအားသဖြင့် နောက်သေသည့်မသာကို ချက်ချင်း သင်္ဂြိုဟ်ရသည်။ ရွာပြင်မှာ သေလျင် ရွာထဲမယူရ။ရွာပြင်မှာသာ ထားကြရသည်။
(၂၀၀၆ဧပြိ ၃ရက်က မိခင်ကြီး မန္တလေးဆုံးလေရာ ရွာပြန်သယ်ပြိး ရွာပြင်မှာ ခုနစ်ရက်ထားကာ သားတွေစုံအောင် စောင့်ရသည်။ မိခင်ကြီး အသုဘ မချမီ သုံးရက်အလိုတွင် ဒေါ်မိသွယ်ကြီးက ဆုံးပြန်သည်။ ဒေါ်မိသွယ် ကြီး ဆုံးချေသော် သားသမီးများ မစုံသေးသေည်ငြားလည်း ရွာဓလေ့အရ မြေမအားသဖြင့် နေ့ချင်း သင်္ဂြိုဟ်ရသည်။ သူတို့လည်း သူတို့ သားသမိးတွေစုံအောင် စောင့်ချင်ရှာပေမည်။ သို့သော် ကျနုပ် မိခင်ကြီးက မချရသေးသဖြင့် မြေမအားဟုဆိုကာ ဒေါ်မိသွယ်ကြီးကို နေ့ချင်း ပို့ကြရသည်။ ကျနုပ်ကား အယူမရှိသော်လည်း ရွာဓလေ့ကို ပယ်၍မရချေ။)
အသုဘချဖို့ အသုဘကြီးကို သင်းချိုင်းကုန်းသယ်လာလျင်လည်း လမ်းမှ မချရချေ။ အသုဘမှ မဟုတ်။ အသုဘတင်သည့် အေးကုတင်ကြီးပင်လျင် သင်းချိုင်းကုန်းမှ ဘုန်းကြိးကျောင်းပြန်ပို့လျင် လမ်းတွင် ချမနားကောင်းဟု ဆိုချေသည်။ ရွာဓလေ့တို့ကား သို့ကလို ရှုပ်ထွေးလှသည်။
×××××××
နောက်တစ်နေ့မနက်တွင်တော့ ရွာနီးချင်းတွေလည်း အသုဘအခန်းချ လာကြ။ ညတုန်းက အဖြစ်အပျက်တွေကို စမြုံပြန်လို့ မဆုံးနိုင်။ ဘယ်သူကတော့ မှောင်နဲ့မဲမဲ ပြေးလိုက်တာ ခလုတ်တိုက်လဲလို့ ဒူးကွဲပုံ၊ ဘယ်သူက မမြင်မစမ်းပြေးကာ အိမ်အစွန်းနဲ့တိုက်ပြီး နဖူးကွဲပုံ၊ ဘယ်သူကဖြင့် လုံချည်က ကျွတ်ကျနေရစ်ပြီး ပြေးရပုံ စသဖြင့် ပြောမဆုံးပေါင် တောသုံးတောင်။
နေ့လည် တစ်နာရီထိုးတော့ အသုဘချဖို့ ပြင်ကြရသည်။ များသောအားဖြင့် နေ့လည် တစ်နာရီခွဲနှစ်နာရီလောက်အချိန်မှာ အသုဘ ချလေ့ရှိကြသည်။ ဘုန်းတော်ကြီးများ နေ့ဆွမ်းကပ်ပြီး တမှေးတမှော ကျိန်စက်ပြီးချိန်လောက်သာ ရွာဓလေ့အရ အသုဘချလေ့ရှိကြသည်။
သာလွန်မင်းတရာကြီး၏ အသုဘအမိန့်စာတမ်းတွင်တော့ အခါလေးပါး၌ အသုဘမချရာ ဟု ဆိုထားသည်။ နေ့လေးချက်တီး ညလေးချက်တီး နေ့နှစ်ချက်တီး ညနှစ်ချက်တီး စသည့်အခါ လေးပါး၌ မချရာဟု ဆိုသည်။ လေးချက်တီးမှာ ယခုခေတ်နာရီဖြင့် မနက်၆နာရီ ညနေ၆နာရီကို ဆိုပြီး နှစ်ချက်တီးမှာ ညသန်းခေါင်နှင့် နေ့မွန်းတည့်ချိန် စသည့် အချိန်တို့တွင် အသုဘမချရဟု အမိန့်တော် ထုတ်ပြန်ထားသည်။
နေ့တစ်နာရီခွဲတော့ ဘုန်းကြီးပင့်မည့်သူက ထွက်သွားပြီ။ ကျန်သည့်သူများက အသုဘ နန်းညွန့်ကြိးကို ထမ်းကာ လူကြီးများ အဖွားကြီးများ လှူဖွယ်ဝတ္ထု ရွက်သည့် အမျိုးသမီးကြီးများ ရှေ့နောက်တန်းစီပြီး နောက်ဆုံးမှ အသုဘနန်းညွန့်ကြီးကို လူငယ်များက ထမ်းကာ ထွက်လာကြသည်။
နန်းညွန့်ဆိုသည်မှာ ကရ၀ိတ်မပါသော အသုဘ ပြသဒ်ကြီးကို ခေါ်သည်။ ကရ၀ိတ်ကြီးများပါလျင် လှည်းဘီးလေးဘီးပေါ် အသုဘပြသဒ်ကြီးတင်ကာ တွန်းကြရပြီး နန်းညွန့်မှာ ကရ၀ိတ်မပါပဲ ပြသဒ်ကြီးသာ ပါပြီး လူများက ထမ်းကာ ပို့ကြရသည်။ ပြသဒ်ထိပ်ဖူးမပါသည့် ခါးချိုးပြသဒ်နှင့်လည်း ချကြသေးသည်။ အဆိုပါ ခါးဖျိုးပြသဒ်ကိုတော့ သလွန်ခုံဟု ခေါ်ကြသည်။ အသုဘရှင်၏ ဆန္ဒပေါ်မူတည်ပြီး သို့ကလို ချလေ့ရှိကြသည်။ တစ်ခါတစ်ရံ အေးကုတင်ဟုခေါ်သည့် ကုတင်ပေါ်တင်ကာ ထမ်းချရသည့် အသုဘကလည်း ရှိသေးသည်။
ဒေါ်အုန်းစိန်၏ အသုဘပြသဒ်ကြီး ထမ်းလာကြရာ ဘုန်းတော်ကြီးများနှင့် အဆုံ။ ဘုန်းတော်ကြီးများက ရှေ့ကအကြွ။(ဘုန်းကြိးကျောင်းက ရွာလယ်နားတွင်ရှိပြီး အသုဘက ရွာအရှေ့ထိပ်မှ ဖြစ်သဖြင့် ဘုန်းတော်ကြီးပင့်အရင်သွားပြီးမှာ အသုဘက ထွက်ခဲ့ကြရသည်။ အသုဘကို ထမ်းလာလျင်လမ်းတွင်မနားကောင်းမချကောင်းဟုဆိုသည်။)
ဘုန်းကြီးများက ရှေ့ကအကြွ အသုဘလိုက်ပို့သည့်အတန်းကြီးက နောက်က အလိုက်။
ရော ရော ရော ရော ရော
ဟာ လေယာဉ်ပျံ လာပြီဟေ့ ပြေး ပြေး ပြေး
ဘယ်မှာလျင် အသုဘကြီး မြေကြီးပေါ် မချပဲ ထမ်းနေနိုင်ပါချေမည်နည်း။ သူကောင့်သား ကာလသားတွေ အသုဘကြီး မြေကြီးပေါ် ၀ုန်းကနဲ လွှတ်ထျကာ နောက်ကျသည့်ခြေထောက် သစ္စာဖောက် ဟု ဆိုကာ ထွက်ပြေးကြတော့သည်။ ဘုန်းတော်ကြီးတွေလည်း ဘယ်ဆီထွက်ပြေးကြသည် မသိ။ လူတွေလည်း ကြက်ပျောက်ငှက်ပျောက်။ လမ်းမကြီးပေါ် ထီးထီးကျန်ရစ်သည်ကား ဒေါ်အုန်းစိန်း၏ အသုဘအလောင်းကြီးတင်ထားသည့် အသုဘပြဿ ဒ်ကြီးသာ။

ဘုံဘဝမှာ ကြုံရပါ (၁)

 

ဘုံဘဝမှာ ကြုံရပါ (၁)
 
၁၉၉၁ခုနှစ်ရဲ့ မိုးရာသီ သမယမှာပေါ့လေ။ဆရာမှိုင်းလည်း ဘဝတစ်ကွေ့မှာ မိုးကောင်းမြို့မှာ တက္ကသိုလ်မဖွင့်ခင်စပ်ကြား ကျောင်းစားရိတ်ကလေးများ စုမိလိုစုမိငြား လက်သမားလုပ် ရုန်းကန်နေရသပေါ့။ဘယ့်နှယ်လုပ် ကျောင်းစားရိတ် စုမိနိုင်မှာတုန်း ရတဲ့ငွေနဲ့ ကုန်ကျစားရိတ် ကာမိအောင် မနည်းချွေတာ စားသောက်နေခဲ့ရဲ့။နေရတာက မိုးကောင်းမြို့ ဘူတာကြီးအရှေ့ဘက်က နောင်ကိုက်တော်ရပ်ကွက်ထဲက ဦးခင်အောင်တို့အိမ်။ရှမ်းနီတွေပေါ့။သူတို့အိမ် လက်သမားလုပ်ရင်း နေကြရတာကိုး။သူတို့တတွေက လွဲလောရွာမှာ နေတာဆိုတော့ အိမ်စောင့်ပေးရင်းနေရသပေါ့လေ။
တစ်ညတော့ ဘူတာကြီးအနောက်ဘက်က ဈေးကုန်းရပ်ထဲက ဗွီဒီယိုရုံက ပျဉ်းမငုတ်တို ဇာတ်ကားပြလို့ သူငယ်ချင်းတစ်ယောက်နဲ့ ညပိုင်း သွားကြည့်သပေါ့လေ။ဇာတ်လမ်းလေးက အထွဋ်အထိပ် ကောင်းခန်း လွမ်းခန်းရောက်လာ။ရဲဘော်မောင်တူး သေနတ်မှန်လို့ မိချိုရောက်လာတော့ ဆဲဆဲထင်ပါ့။ပေါ်တာ ပေါ်တာ တဲ့။
ဟိုက် သေပြီဟ။ဗွီဒီယိုရုံထဲဝင်ပြီး ပေါ်တာဝင်ဆွဲပြီဟ။
ဘာပြောကောင်းမတုန်း။နှစ်ယောက်သား နီးစပ်ရာ ပြူတင်းပေ့က်က ခုန်ချထွက်ပြေး ဝင်းထရံတွေကျော်ခွပြီး နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲဆိုပြီး ခွေးပြေးဝက်ပြေး ပြေးချလာလိုက်ရတာ။မြို့ဦးစေတီဘက်ကနေ ပတ်ပြီး နောင်ကိုက်တော်ရောက်အောင် ဘယ်လိုပြေးခဲ့မှန်းတောင် မသိပါဘူး။
အရေးထဲမှ ရေကလည်း ကြီးနေပြန်ရော။ရင်ခေါင်းလောက်ရှိတဲ့ ရေတွေထဲကနေ ဘယ်လိုလုပ် အိမ်ပြန်ရောက်လာမှန်းတောင် မမှတ်မိတော့ပါဘူး။အိမ်လည်းရောက်ရော။တစ်ကိုယ်လုံးလည်း ယားယံလို့။မယားပဲနေပါရိုးလား။မျှော့ အကောင် လေးငါးဆယ်လောက် တစ်ကိုယ်လုံး တွယ်နေလိုက်ကြတာ။လက်မလောက်ရှိတဲ့အကောင်ကြီးတွေ။သွေးတွေများဝလို့။ဗွီဒီယို အကြည့်ကောင်းလိုက်တာ ပေါ်တာအဆွဲခံရတော့မလို့။အပြေးကောင်းလို့ လွတ်လာလိုက်တာ။ကံကောင်းလို့။ကျုပ်အကိုရင်း အကြီးဆုံးကောင်ကတော့ နန့်စီးအောင်ဘူတာက အဆွဲခံရတာ ၂၁ရက်ကြာဆိုပါ့။ရော့ကက်လောင်ချာအလုံးကြီးထမ်းပြီး ရှေ့ဆုံးက သွားရတယ်တဲ့။လမ်းမရှိရင် သူက ဓားနဲ့ခုတ်ရှင်းပြီးမှ သွားရတယ်တဲ့။ကရင်ကြည်နယ်လို မြေမြှုပ်မိုင်းများရှိရင် ကျုပ်အကို ပြန်တောင်တွေ့ရမှာ မဟုတ်ဘူး။တစ်ခါကတော့ သည်အကိုပဲ ဆားမှော်နားက ကဝါးရံရွာမှာရောက်နေတုန်း ကေအိုင်အေက ရွာသားတွေ စစ်တပ်ကို ကူလို့ဆိုပြီး လာတိုက်တာ ရွာကပြည်သူ့စစ်နဲ့ တိုက်ကြတာ။ကျုပ်အကိုတော့ စားပွဲခြေထောက်ကြားထဲ ဝက်ဦးကုန်းပြီး ကျေးကန်ဘွားတော်ကြီးကယ်တော်မူပါ လို့ ဆိုနေရသတဲ့။အရေးအကြောင်း ဘုရားအမှတ်မရဘူး။ရွာက နတ် လှမ်းတနေသတဲ့။ကံကောင်းတာတစ်ခုက ကေအိုင်အေပစ်တဲ့ မော်တာကျည်က တဲတံစက်မြိကတ်မှာ ချိတ်နေပြီး မကွဲဖူး ဆိုပါ့။လူ့ကံများ တယ်ကြီးသကိုး။
ဝမ်းကွဲအကိုကောင်ကတော့ ပေါ်တာပါသွားတာ လမ်းမှာ ဟိုမေးသည်မေးနဲ့။မင်းတို့တိုက်ပွဲဖြစ်တာမြင်ဖူးသလာ လို့ ဗိုလ်ကြီးက မေးတယ်ဆိုပါ့။ဘယ်ကလာ ကျုပ်တို့ဆီ တန့်ဆည်နယ် စစ်သားတစ်နှစ်နေလို့ တစ်ယောက်မမြင်ဖူးဘူး။တိုက်ပွဲဆို ဝေးရော ဆိုတော့။မနက်ကျတော့ တိုက်ပွဲလေး ဘာလေးကြည့်ပေါ့ကွာ တဲ့။မနက်ကျတော့ ကေအိုင်အေစခန်း တက်သိမ်းတာ ကျုပ်အကိုတော့ ဝမ်းလျားမှောက်ပြီး အဖေကယ်ပါ အမေကယ်ပါ မြတ်စွာဘုရားကယ်တော်မူပါ တနေရသတဲ့။စခန်းလည်း သိမ်းပြီးရော ကြက်တွေဝက်တွေ ကြိုက်ရာ သတ်စားကြကွ လို့ ရဲဘော်တွေက ဆိုသတဲ့။
ဘဝတစ်ကွေ့ ရုံးကန်ခဲ့ရစဉ်က ပေါ်တာဆွဲလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာ မိုးကောင်း လုံးခင်း ဆိုင်းတောင် ဟိုအင်းတော်ကြီးဘေးက လုံးတုံ ။ကြုံပလေ ဘုံပွေတလွှားပေါ့လေ။ 
 
ဘုံဘဝမှာ ကြုံရပါ (၂)
 
ဖားကန့်မှာ မြေပြိုလို့ ရေမဆေး ရှာနေကြတဲ့ ကလေးတွေ သေကုန် ကြတယ်ကြားတော့ စိတ်ကို နည်းနည်းမှ မကောင်းဘူး။ ကျုပ်တူတော်မောင်တွေ အတော် များများကလည်း ရေမဆေးရှာပြီး အသက်မွေးဝမ်းကျောင်းနေကြရှာရဲ့။တိုင်းပြည်ဆင်းရဲတော့ လူတွေလည်း အသက်ဘေးနီးမှန်းသိရက်နဲ့ ရုန်းကန်နေကြရရှာတာပေါ့။ရှိတဲ့အဆီအနှစ်က ခရိုနီတွေ တရုတ်တွေ အကောင်ကြီးတွေပဲ မျိုဆို့ သွားကြပြီး တိုင်းပြည်ကိုတော့ ဆင်းရဲတွင်းထဲ ပစ်ချထားခဲ့ကြတယ်။ဒင်းတို့သံသရာကောင်တွေ သံသရာ မပါဘူး ထင်နေတယ်ထင်ပါ့။ခံကြပါလေ မျောကြပါလေ သံသရာကြော။
၉၀ ခုနှစ် ဆယ်တန်းအောင်တော့ မိုးကောင်းလက်သမား လုပ်နေရာက တက္ကသိုလ် စားရိတ်ရချင်လို့ လူပြော များလှတဲ့ ဖားကန့်ကို သီတင်းကျွတ်ပြီးစ ကန်ကလေးကုန်းက ကိုကြည်
လင်း က ထည့်ပေးလိုက်လို့ ဒေါ်နန်းပု ဆိုတဲ့ရှမ်းမကြီနဲ့ အာ့ဖန်ဆိုတဲ့ ကချင်မလေးနဲ့ လိုက်သွားရတယ်။ လမ်းမှာ သုံးညအိပ်ရရဲ့။ နန့်တိမ်း ရောက်တော့ ကေအိုင်အေ အကောက်စခန်းက အကြီးကြီး။အဲသည်မှာ ငွေ၄၅ကျပ်နဲ့ ဆန်တစ်ဗူး ပေးရရဲ့။ အာ့ဖန်က ကချင်လိုပြောပေးတော့ ပျုပ်လည်း မစစ်အဆေးမရှိ ဖြတ်ခွင့် ရသပေါ့လေ။ဒါနဲ့ ဖားကန့်ရောက် သွား နန့်မဖြစ်ရွာမှာ ညီအကိုဝမ်း ကွဲတွေ ကုန်စိမ်းထမ်းနေတာနဲ့ သွားနေပြီး ကုန်စိမ်ထမ်းရတယ်။ တစ်လကျော်ကျော်လောက် လုပ်တာ အလုပ်က နေ့တိုင်းမဖြစ်နဲ့ဆိုတော့ ငွေကလည်း မစုမိဘူး။ဒါနဲ့ ဖားကန့် ကြီးမှော်ထဲ ခေါက်စားထမ်းမယ်ဆိုပြီး ကန်ကလေးကုန်းက ဖိုးမှိုင်းနဲ့ ထွက်လာကြတယ်။တိုင်လေးလေးတိုင်ခုတ် ဂုံနီအိတ်တွေ။သစ်ကိုင်းတွေကာ မြေကြီးပေါ် မြက်ခြောက်တွေခင်းပြီး အိပ်ခဲ့ရရဲ့။သိကြားမင်းရဲ့ ပဏ္ဌု ကမ္ဗလာ မြကျောက်ဖျာ မဟုတ်ပဲ ဆရာမှိုင်းရဲ့ ပံသုကမ္ဗလာ မြက်ခြောက်ဖျာပေါ် စက်တော်ခေါ်ခဲ့ရပေသပေါ့လေ။ဘဝဆိုတာလည်း ဤသို့ရှိခဲ့ချေသည်တမုံ့။
ခေါက်စားထမ်းတော့ ကျောက်တွင်းထဲ လှေကားထစ်အတိုင်း အထစ်တစ်ရာ လောက်ဆင်း မြေစာတွေ စောကူ လို့ခေါ်တဲ့ ဂေါ်တောင်းထဲထည့် နှစ်ပြလောက်ဝေးတဲ့ ဥရုချောင်းဘေးသွားသွန် တစ်ခေါက်မှ တစ်ကျပ်။ကျောက်ခဲကြီးတွေသယ်ပစ်ရင် ခေါက်စားစားရေးကို လုံကမ္ဘာလို့အော်ပြောခဲ့ရင် နှစ်ကျပ်ရတယ်။တစ်နေ့လုံး လုက်မှ ဘာရမတုန်း အလွန်ဆုံး ၁၂၀ နဲ့ ၁၅၀ကြားပေါ့။ဒါတောင် ကျုပ်အများဆုံးရယ်။ဖိုးမှိုင်းနဲ့ ကိုတင်သိန်းတို့ ဦးဒေါနတို့ကတော့ ခေါက်စားစားရေးကို ပိုက်ဆံပေးပြီး ခေါက်ရေခိုးသတဲ့။တစ်နေကုန်ရင် ၁၂၀တော့ ရကြသပေါ့လေ။ကျုပ်ကတော့ ပြောပါတယ်။ငါ အဲသည်လို လုပ်စားဖို့ ဝါသနာမပါဘူး။အချောင်လည်း မရချင်ဘူး လို့ပြောပြီး ကိုယ့်လုပ်အားနဲ့ရတာလေးပဲ ယူခဲ့တယ်။သံသရာ မပါချင်ပါဘူး။အခုဂိုက်လိုက်တော့ ဧည့်သည်ကြည့်ချင်တယ်ဆို ပို့လိုက်တယ်။မကြည့်ချင်ရင် မပြတော့ဘူး။အနည်းပါး ရရင်လည်း လှူပစ်လိုက်တာပဲ။သမ္မာအာဇီဝထဲ ပါတယ် မထင်ပါဘူး။ဆက်ရန်
အဲသည်အချိန်တုန်းက ဖားကန့်ကြီးမှော်
နေရာအကောင်းဆုံးနေရာမှာ မောင်ကျော်ဘရဲ့ ကျင်းတွေက နေရာယူထားသပေါ့လေ။သံဆူးကြိုးတွေကာလို့ သူ့ကျင်းသားတွေပဲ စလောင်းတီဗွီနဲ့ ဇိမ်ကျနေတဲ့ခေတ်ကိုး။
သည်လိုနဲ့ ကျုပ်တို့ခေါက်စားသမားလေးတွေ ရုန်းကန်လာခဲ့ကြရတာ။သံတူရွင်းနဲ့ တူးတဲ့ခေတ်ဆိုတော့ ရေမဆေးရှာတဲ့လူဆိုတာ ဘယ်ရှိပါလိမ့်မတုန်း။နေ့လည်ခင်းကျတော့ ကျင်းကမ်းပါးရံကြီး ခေါင်းပြုပြီး အိပ်စက်နားနေကြပေါ့။
တစ်နေ့ဟာတော့ ကမ်းပါးယံကြီး ပြိုကြလာလိုက်တာ။အစကတဲက ကျောက်ခဲအသေးလေးတွေက ကျကျလာတာ။ဒါနဲ့ မသင်္ကာတော့ အိပ်နေတဲ့လူတွေက ထပြေးလာကြတယ်။ခနနေတော့ ဝုန်းကနဲ ပြိုကျပါလေရော။ခေါက်စားသမာျးတွ အိပ်တဲ့နေရာတည့်တည့်ပါ့။ကံကောင်းလို့။ပြေးချိန်ရလိုက်လို့။နေ့ခင်လည်း နေ့ခင်မို့ အရိပ်အယောင်သိပေလို့။နို့မို့ဆို လူတစ်ရာကျော်ပါသွားရော့မည်။ကျုပ်ကတော့ အဲသည်လို ကမ်းပါးယံနား ယောင်လို့တောင် မကပ်ခဲ့ဘူး။အစကတဲက ပြိုချေသော် ဆိုတဲ့ အတွေးနဲ့။အကယ်၍သာ အဲသည်တုန်းက မြေပြိုလို့သေခဲ့ကြရင် အဲသည်ဟာက ပထမဆုံး ဖြစ်ချေမည်။ကံကြီးကြပေလို့ပေါ့။
ဟိုနေ့က ကလေးတွေကြတော့ ညသန်းခေါင် အိပ်မောကြနေချိန်ဆိုတော့ ပြေးချနိလည်းမရ သိလည်းမသိလိုက်ကြ။ကိုယ်ချင်းစာပါ၏။နေ့လည်ပိုင်း အလုပ်ပင်ပန်းတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာကြမည်။အိပ်ပျော်ယင်း ထာဝရ အိပ်စက်သွားရှာကြသည်။ကောင်းရာသုဂတိ လားကြပါစေလို့သာ ဆန္ဓပြု တောင်းဆုချွေပါ၏။ဘဝဆက်တိုင်း သည်အဖြစ်မျိဖုးနဲ့ ကင်းဝေးနိုင်ကြပါစေ။ဝဋ်ကြွေးရှိခဲ့ကြရင်လည်း သည်မျှနဲ့ ကျေကြပါစေကွယ်။
 
ဘုံဘ၀မှာ ကြုံရပါ (၃)
 
ကျုပ်တို့ မိတ်ဆွေကြီး နယူးဇီလန်သားကြီးက သူနဲ့ ဘယ်လိုဆုံခဲ့ရသလဲ ဆိုတဲ့ အကြောင်း စာရေးပေးပါ။ စာအုပ်ထုတ်မလို့ ဆိုလို့ ကျုပ်လည်း ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေ ရေးပေးနေတာ သည်ရက်ပိုင်း မအားတာနဲ့ အစမသတ်နိုင်သေးဘူး။ သူ့ဆီရေးရင်းနဲ့မှ ကျုပ် မိုင်းတောထဲက ဖြတ်ခဲ့ရတာလေး သတိရမိလို့
ဘုံဘ၀မှာ ကြုံရပါ အပိုင်းသုံးကို ဆက်ရေးမလို့။
ကိုးဆယ်ခုနှစ် အောက်တိုဘာလ သတင်းကျွတ်အပြီး ဖားကန့်ကို မိုက်တိမိုက်ကန်း တက်သွားလိုက်တာ လမ်းမှာလည်း ကေအိုင်အေ အကောက်စခန်းတွေ ဖြတ်ပြီး အခွန်ဆောင်ရ ဟိုမေးသည်မေး မေးခံရတဲ့ခေတ်ကိုး။
စပ်မိလို့ ပြောရရင် ကေအိုင်အေတွေက ကချင်ပြည်နယ်က လူတွေဆိုရင် အလွယ်တကူ ဖြတ်ခိုင်းပြီး ကျန်တဲ့ဒေသကဆို မသွားခိုင်း ပြန်လွှတ်တယ်ဆိုလားပါ့။ ကျုပ်ကတော့ အာ့ဖန်ဆိုတဲ့ ကချင်မလေးက ပြောပေးလို့ ငွေလေးဆယ့်ငါ့ကျပ်ပဲ ဆောင်ရတယ် ဆန်တစ်ဗူးတောင် မပေးခဲ့ရဘူး။
ကျုပ်တို့ရွာ မြောက်ဘက်က လိပ်ခြံက လူက အနှီကေအိုင်အေစခန်း ဖြတ်တော့ ကေအိုင်အေကချင် ရဲဘော်က စကားဝဲ၀ဲနဲ့ မင်းက ဘယ်ကလဲ ဆိုတော့ ဟိုလိပ်ခြံသားကလည်း အူတိအူကြောင် စကားကလည်း အနောက်တာသားဆိုတော့ နည်းနည်း
ဝဲသကိုး။ ကျနော် လိပ်ခြံက လာတာ ဆိုတော့ အေး အေး သွား သွား လို့ ဆိုသတဲ့။
အဲသည်လိုနဲ့ ကျုပ်လည်း ဖားကန့်ရောက်သွား ကေအိုင်တွေ ဖိုးသမားတွေ ဖိုးရောင်းတဲ့သူတွေ ဖမ်းပြီး သတ်တဲ့ စပေါ့ချောင်းဖျား အရေးအခင်းကလည်း ပြီးကာစ ဆိုတော့ အလုပ်အကိုင်များ အင်မတန် ရှားတဲ့အချိန် အလုပ်အကိုင် မကောင်းတဲ့ အချိန်ကိုး။ အခုမှ မီဒီယာတွေကနေ လူအစုလိုက်အပြုံလိုက်သတ်တယ် ဘာညာ အော်နေတာ။ ကချင်တွေ သတ်တာ လေးငါးခြောက်ရာ တစ်ချိန်ထဲ တစ်နေရာထဲ သတ်ပစ်တာ ဘယ်သူမှတောင် မသိလိုက်ဘူး။
ကျုပ်လည်း ရောက်ပြီးရော ဘာလုပ်ငန်းမှ မကောင်းဘူး။ ဒါနဲ့ နန့်မဖြစ်မှ တစ်လလောက် ကုန်စိမ်းထမ်းနေတာ အလုပ်မဖြစ်တာနဲ့ ဖားကန့်ကြီးမှော်ထဲ ခေါက်စားထမ်းနေရတယ်။
ခေါက်စားထမ်းပြီး နှစ်လလောက်နေတော့ ရွာဘက်ကလူတွေ ရောက်လာတာ ကံထူးမမှာ နိုင်ငံခြားသားတွေ အများကြီး ရောက်နေတာ ရေနံလာရှာကြသတဲ့။ တစ်ချို့ရွာသားတွေ အလုပ်ဝင်လုပ်ကြသတဲ့။
ကျုပ်ကလည်း အင်္ဂလိပ်စာ ကြမ်းပိုး။ ဘာမှ စဉ်းစားမနေဘူး။ ရွာပြန်မယ် အဲသည်ထဲ အလုပ်ဝင်လျှောက်မယ် အင်္ဂလိပ်စကား ပြောကြည့်မယ် ဆိုပြီး တစ်ခါထဲ ဆုံးဖြတ်ပြီး ပြန်ဖို့ ပြင်တော့ပဲ။
ကန်ကလေးကုန်းက ဆန်းဝင်းကလည်း အတူပြန်မယ်ဆိုတာနဲ့ မပြန်ခင် နန့်မဖြစ် သွားလည်ကြတယ်။ နန့်မဖြစ်ရောက်တော့ ကျုပ်တို့ရွာသားတွေ ဟိုပင်တပ်ရင်း ခလရ ၃၇(၄၀)
ကောင်တွေနဲ့ ဘောလုံးကန်ဖို့ ချိန်းထားတာတဲ့ လူမရှိလို့ ၀င်ကန်ကြဥိးဆို
တာနဲ့ ၀င်ကန်ရတယ်။ ကျူပ်တို့က သုံးဂိုးလားမသိဘူး နိုင်တာ။ ပိုက်ဆံ ၂၀၀ကြေးဆိုတော့ စစ်သားတွေဆီက ပိုက်ဆံ ၂၀၀ ယူပြီး ကျုပ်အကိုတွေ အရက်သောက်ပစ်ကြရော။
နောက်မနက် ဖားကန့်ကနေ မရှိကထောင်ဘက်ကူးလာပြီး ခရိးထွက်မလို့ ရှိသေး လမ်းမပေါ်ကလူတွေ ၀ရုန်းသုန်းကား
ပြေးကြရော။ သေချာပြီ ပေါ်တာဆွဲနေတာ ဆိုပြီး သစ်စေးပင်လှ ဥိးသန်းအောင်တို့ လက်သမားအဖွဲ့ထဲ ၀င်ပြေးရတယ်။ ခနနေတော့ စစ်သားတွေ ပေါ်တာတွေ တစ်တန်းကြီး ။ အထမ်းတွေကလည်း မနည်းဘူး။ ဒါဏ်ရာရတဲ့ ရဲဘော်တွေ ပုဆိုးထဲ ထည့်ထမ်းလာကြတာ။
ဒါနဲ့ အခြေအနေ ငြိမ်သွားမှာ ဆက်ထွက်လာရတယ်။မှော်ကလုံရောက်တော့ ညအိပ်တယ်။ အဲသည်ခေတ်က မှော်ကလုံက နာမည်နဲ့။ မှော်က မှော်ကလုံ လောပန်းက ဦးဖိုးရုံ စားရတော့ ရွှေဖယုံ ဘာညာနဲ့ ကျင်းသားတွေ စာစပ်ထားတာ ။ မေ့ကုန်ပြီ။
နောက်ရက်မနက် မှော်ကလုံကနေ ထလာတာ ဆပ်ပြာကျင်းနားရောက်တော့ လားသမားလင်မယား ဆန်အိတ်တွေ လားပေါ်က ပြုတ်ကျလို့ ကျုပ်တို့ နှစ်ယောက်ုကိုကူညီပါဥိးဆိုတာနဲ့ ၀ိုင်းလုပ်ပေးနေတုန်း အာ့လားလား စစ်ကြောင်းကြိး ရောက်ချ လာပြန်ရော။ ပေါ်တာတွေ အထမ်းတွေကလည်း နှစ်ဆယ်ကျော် သုံးဆယ်ကျော်။ ကျုပ်တို့တော့ သွားပြီး တကယ့်ဟာနဲ့မှ လာတိုးနေရတယ် ပေါ်တာ အဆွဲခံရတော့မယ် ဆိုပြီး ဘုရားတနေရတယ်။ စစ်ကြောင်းကြီး အလယ်လောက်ရောက်တော့ စစ်ဗိုလ်နဲ့တူပါရဲ့ မင်တို့ အတက်လား အဆင်းလားတဲ့ ။ လားသမားလင်မယားက အတက်ပါဗိုလ်ကြီး တဲ့။ ဘာမှ ထပ်မမေးတော့ပဲ ဆက်ထွက်သွားကြရော။
စစ်ကြောင်းကြီးလည်းကုန်ရော လားသမားနှစ်ယောက်ကလည်း ဖားကန့်ဘက် ထွက်သွားကြရော။ ကျုပ်တို့နှစ်ယောက်လည်း ဆက်လာခဲ့ကြရော။ ခနနေတော့ နောက်စစ်ကြောင်းက ရောက်လာပြန်ရော။ အထမ်းတွေနဲ့ပဲ။ များလှပါလားဟ ပေါ့။ ကံကောင်းလို့ ဘုန်းကြိးတစ်ပါး နောက်ကရောက်လာတာနဲ့
ဘုန်းကြီူနောက်က ကပ္ပိယ လိုလို ကပ်လိုက်လာကြတာ။
နောက်ရက် နေ့လည်လောက်ရောကိတော့ ရောက်ပါပြီဗျာ ကေအိုင်အေးတို့ရဲ နာမည်ကြီး အကောက့်စခန်း ဝေခါတောင်ထိပ်က ဝေခါစခန်းကြီး။ ကေအိုင်အေတော့ တစ်ယောက်မှ မရှိတော့ဘူး။ စစ်တပ်က လာတိုက်ပြီး မိးရှို့ ထားလို့ တဲတွေအကုန်လုံး မီးလောင်ငုတ်တိုတွေပဲ ကျန်တော့ရဲ့။ သည်ျနေရာ ဒုက္ခ စတွေ့တော့တာပဲဗျိုး။
ခရီသည်များ အားလုံး လမ်းအတိုင်းသွားပါရန်။ ဘေးဘက်မသွားရ။ မိုင်းထောင်ထားသည်။ တဲ့။ စစ်တပ်က ရေးထားတဲ့ သတိပေးစာ။ လမ့်းကလေးက တောင်ထိပ်က ကွင်းပြင်ကလေ အလယ်ခေါင်တည့်တည့် လူသွားလမ်းဗျာ ကျယ်လှ သုံးပေပေါ့။ ဘေးမနင့်းရသာ ဆိုတာ အမှတ်အသားကလည်း မရှိ ၀ါးလုံးလည်း တားမထား ကြိုးလည်း တားမထား။ မြေမြှုပ်မိုင်းကလည်း ဘယ်နားထောင်ထားမှန်းမသိ။ မိုင်းဆိုတာ ဘယ်လိုဟာတုန်း မြင်ဖူးတာလည်း မဟုတ်။ ဒါနဲ့ အရိပ်အခြေကြည့်ပြီး ဖြတ်ရတယ်။ တစ်ဖက်က လားအုပ် လာမလာကလည်း ကြည့်ရသေးရဲ့။ လားအုပ်လာလို့ မိုင်းကွင်းထဲ ဖြတ်နေတုန်း ဘေးများ ရှောင်ပေးရရင် မောင်ကျော်ငွေတို့ ခန္ဓာကိုယ်ကြီး ဘယ်နားရှာရမှန်းတောင် သိမှာ မဟုတ်ဘူး။ ပြိးခဲ့တဲ့ ရက်လောက်က လားနစ်ကောင်က လန့်ပြီး ထွက်ပြေးတာ မိုင်းတောထဲ ဖြတ်လို့ သေသွားတယ် ဆိုလား ပြောကြတာ။
ကြောက်ကြောက်နဲ့ ဘုရားတ ဖြတ်လာရတာ ပေ ငါးရာလောက်များ ရှည်မလား မသိဘူး။ ဟိုဘက်ကမ်းကို ရောက်သွားရော။ အင်း ငါ့အသက်နဲ့ ခန္ဓာ အိုးစား မကွဲသေးဘူးဟ ပေါ့။
အဲသည်ကနေလာတော့ တွေပဗျာ မောင်မင်းကြီးသား ကေအိုင်အေတွေ ပျားအုံဆိုလား အဲသည်စခန်းမှာ စခန်းအသစ်ဆောက်နေတာ။ အကောက်ကောက် အဆင်းမှန်သမျှ နှစ်ယောက်လာရင် တစ်ယောက်သွား တစ်ယောက်ချန်ပြီး လုပ်အားပေးတဲ့။ သုံးယောက် လေးယောက်လာ တစ်ယောက်ပဲ အိတ်စောင့်ဖို့ချန်ပြီး ကျန်တဲ့လူ လုပ်အားပေးတဲ့။ စခန်း ၀ိုင်ဆောက်ရတာ။
ကျုပ်နဲ့ ဆန်းဝင်း နှစ်ယောက်လာတာ အနှီ ကေအိုင်အေက မင်းတို့ ဘယ်ကတုန်းတဲ့ ကျုပ်တို့ တန့်ဆည်ကပါ
ဆိုတော့ အေး အေး တန့်ဆည်သား လူမိုက်တွေ သွားကြ သွားကြ ရပြီ တဲ့။ တန့်ဆည်က ရဲသတ် အသဲကြော်စား နာမည်ကြီးတဲ့အချိန်ကိုး။
ရှေ့နားရောက်တော့ ခရီးသည်တွေ နှစ်ဆယ်လောက် ထိုင်စောင့်နေကြတယ်။ ခင်များတို့ လုပ်အား မပေးရဘူးလားတဲ့။ ကျုပ်တို့တော့ ဘာမှ မလုပ်ခဲ့ရဘူး ဆိုတော့ သည်တမနက်လုံး မင်းတို့ နှစ်ယောက်ပဲ လွတ်လာတာတဲ့။
သြော် တန့်ဆာည်သားများ အတော် ဘုန်းကံကြီးသကိုးဗျ လို့ က်ုယ့်ဘာသာ ချီးကျုးးရသေးရဲ့။ 
 
ဘုံဘဝမှ ကြုံရပါ (၄)
 
၁၉၉၂ကုန်ပိုင်း လောက်ကပေါ့။ဆရာမှိုင်းလည်း ဘဝတကွေ့မှာ တက္ကသိုလ် ကျောင်းစရိတ်ရှာယင်း လုံးခမှာ ကွန်းခိုနေရတဲ့အချိန်တုန်းကပေါ့။လက်သမားလုပ်တာက တစ်ရက်မှ ၁၈၀ ရတဲ့အချိန်။စက်လှေပေါ်လုပ်တော့ လုံးခင်းဖားကန့် တစ်ခေါက်ပြေး ၂၀၀ကျပ်ရသမို့ ဆရာမှိုင်းလည်း စက်လှေစပယ်ယာဘဝမှာ ကျင်လည်နေရသပေါ့။
အဲသည်အချိန်မှာ စက်လှေပိုင်ရှင်ရဲ့ မောင်ဝမ်းကွဲ ဦးအောင်သန်းက။ကျုပ်တို့ကတော့ စိုင်းလုံလို့ ခေါ်ကြသပ။သူက လက်သမားခ ကုန်မှာစိုးတော့ သူ့အိမ်ကို သူ့ဖာသာဆောက်တယ်။ပြူတင်းပေါ့က်တွေ လှေကားတွေကြတော့ မလုပ်တတ်တော့ ကျုပ် လုပ်ခိုင်းနဲ့ လေးငါးရက်လောက် စက်လှေပေါ် မလိုက်ပဲ အိမ်ကလေး အစသတ်ပေးလိုက်ရတယ်။ကျုပ်ကလည်း လက်သမားဆရာဘဝနဲ့ ကျင်လည်ခဲ့ရသေးသကိုးဗျ။
သည် စိုင်းလုံခေါ် ဦးအောင်သန်းက တစ်ညမှာ ကိုကျာ်ငွေ ကျုပ်နဲ့ ခဏလောက် လိုက်ခဲ့စမ်းပါ။သူက ဒီဇယ်ကလည်း ရောင်းသေးသကိုး။ ဒါနဲ့ ဥရုချောင်းထဲက လှေပေါ်ကို ဆင်းသွားရော။ကျုပ်လည်း ဘုမသိဘမသိနဲ့ လှေဥိးကနေ ထိုင်လိုက်သွားတာပေါ့။စကားတစ်လုံးမှ မပြေနဲ့နော် လို့ ဆိုပြီး သူက နောက်ကနေ လှေကို လှော်ပြီး ဥရုချောင်းကို နှစ်ပြလောက် စုန်လာခဲ့ကြတယ်။ချောင်းကွေ့နးရောက်တော့ အရှေ့ဘက်ကမ်းကို တိတ်တိတ်ကလေး လှော်လာခဲ့ကြတယ်။ဟိုဘက်ကမ်းရောက်တော့ ကမ်းပေါ်ကလူက ဆေးလိပ်မီးကလေး သောက်ပြတယ်။စိုင်းလုံလည်း လှေကို အဲသည် နား ထိုးစိုက်လိုက်တယ်။ပြီးတော့ ဒီဇယ်ပုံးတွေကို လှေပေါ်ကို ပြာရိပြာယာ တင်ပြီး သည်လဘက်ကမ် မြန်မြန် ပြန်လှော်ပြေး လာခဲ့ကြတယ်။အစိုးရ ကျောက်စိမ်းရုံးက ဝန်ထမ်းတွေ ဒီဇယ်ခိုးရောင်းတာတဲ့ဗျာ။ကျုပ်တို့ လှေရပ်တဲ့နေရာက ကျောက်စိမ်းရုံးတည့်တည့်။အဲသည်နေရာနဲ့ မလှမ်းမပမ်းမှာ စစ်တပ်က လုံခြုံရေးကင်း။ဘုရား ဘုရား။အသံကြားလို့ သေနတ်နဲ့ လှမ်းပစ်လိုက်မှဖြင့် ခက်ချေဦးမည်။ သူတို့တိုင်းပြည်ရဲ့ ဒီဇယ်ခိုးရောင်းတာရယ် စိုင်းလုံ အချောင်ဝယ်ချင်တာရယ်နဲ့ ကျုပ် ကြားထဲက ဘုမသိဘမသိ သေနတ်နဲ့ အပစ်မခံရတာပဲ ကံကောင်းလို့ ဆိုရမည်။သူတို့ကိုလည်း နှုတ်ပိတ်ပြီးသား နေမှာပါလေ။ပထမနှစ်မတက်ခင် ၃လလောက်အလိုက ဥရုချောင်းထဲ ည ကိုးနာရီလောက် ဘဝတစ်ကွေ့ ကြုံခဲ့ရတဲ့ အကြောင်းပေါ့လေ။
 
ဘုံဘ၀မှာ ကြုံရပါ(၅)
 
၁၉၉၃ခုနှစ် နှစ်ဦးပိုင်း။ တက္ကသိုလ်​တွေက ပိတ်ထားတော့ ဆရာမှိုင်းလည်း လုံးခင်း ဖားကန့်မှာ သောင်တင်နေရတဲ့အချိန်ပေါ့။ တက္ကသိုလ်ကျောင်းစားရိတ်ကလေး စုမိဖို့အရေး လုံးခင်းဖားကန့်ပြေးဆွဲနေတဲ့ စက်လှေပေါ်မှာ ဘ၀ကို ဖြစ်သန်းနေရတဲ့အချိန်ပေါ့။
လက်သမားလုပ်တာက တစ်ရက်မှ ၁၅၀ကျပ်သာရတဲ့အချိန်။ လုံးခင်းဖားကန်းတစ်ခေါက်သွားရရင် ၂၀၀ကျပ်ရတော့ လက်သမားလုပ်တာထက်တော့ ပိုဝင်ငွေ ကောင်းသကိုး။ တစ်ခါတစ်လေ သုံးခေါက်လောက်ပြေးရတော့ တစ်ရက် ၆၀၀ကျပ် ရတဲ့အခါလည်း ရသပေါ့လေ။ တစ်ခါတော့ လေးခေါက်ဆွဲတာ မိုးချုပ်သွားလို့ ဖားကန့်ကနေ မပြန်နိုင်လို့ ဖားကန့်ကျောက်တိုင်ကုန်းနားက ဦးအောင်နီရဲ့အိမ်အောက်တည့်တည့်မှာ လှေကပ်ပြီး လှေပေါ်မှာ ညအိပ်လိုက်ရရဲ့။
တစ်နေ့မနက်မှာတော့ ကျုပ် စက်လှေဆရာ ကုလား ခေါ် သန်းထွန်းက ကျော်ငွေရေ ငါ့တို့လှေ သည်နေ့ ကေအိုင်အေ ချောလိုက်ရမှာတဲ့။
သို့နှင့် ကျနုပ်တို့ နှင့်အတူ သက်လှေ လေးစီး ဆန်အိတ်များ တင်ဆောင်လျက် ကေအိုင်အေစခန်းရှိရာ ကန်ဆီးဖက်သို့. ဥတုချောင့းကို ဆန်တက်ခဲ့ရချေတော့သည်။ လုံးခင်း ဥက္ကဌ၏ ထောက်ခံစာကို ယူဆောင်ပြီး ဥတုချောင်းဖျားဘက်ဆီ ဆန်တက်လာခဲ့ရာ လမ်းတွင် ဆန်ခါမှော်အထိုင် တပ်စခန်းကို ၀င်ပြီး အကြောင်းကြားရသေးသည်။ ဥတုချောင်းဖျားဘက်တက်လျင် ဤတပ်မတော်စစ်စခန်းကို သတင်းပို့ပြီးမှ ဖြတ်သန်းသွားလာခွင့် ရှိသည်။ ထိုနေ့က ကေအိုင်အေနှင့် ဘယ်လိုများ ညှိထားသည်တော့မသိ။ ဤလောက်များပြားသော ဆန်အိတ်များကို အလွယ်တကူပင် သယ်ခွင့်ပြုလိုက်လေသည်။
သည်ဘက်ခြမ်းလာရသည်က ရေကြောင်းက လုံးခင်းရွာအထက်စနားရှိ နန့်စမ်းချောက်မရောက်မီ ရှင်းတစ်ခုကို ဖြတ်ရသည်ကလွဲလျင် သိပ်အခက်အခဲမရှိလှ။ ရှင်းဆိုသည်မှ ရေကြောင်းကျဉ်းပြီး ရေစီးကြောင်းက ဇောက်ထိုးစီးဆင်းနေသည့်နေရာကို ခေါ်သည်။ အဆင်းးအတက် စက်လှေကို ဒုက္ခအပေးဆုံးနေရာပင်။ အတက်တွင် စက်လှေအင်ဂျင်မကောင်းက အတော်ရုန်းပြီး တက်ရသည်။ အဆင်းတွင် အရှိန်မနိုင်က အန္တရာယ် အင်မတန်များလှသည်။
တစ်ခေါက်က ကျနုပ်တို့ စက်လှေမှ ရှေ့ကအသွားတွင် အခြားစက်လှေတစ်စီးက ခပ်လှမ်းလှမ်းမှ လိုက်လာသည်။ မှောစီစာရွာဘေးက ရှင်းအလွန်တွင် ကျနုပ်လည်း နောက်ဘက်လှည့် လိုက်လာချေရာ အဆိုပါ ကျနုပ်တို့နောက်မှ စက်လှေသည် အရှိန်မထိန်းနိုင်ပဲ ကမ်းပါးပေါ်တက်ပြေးသည်ကို တွေ့လိုက်ရချေသည်။ ဖားကန့်ဘက်ရှိ ရေကြောင်းခရီးကား သို့ကလို ဒုက္ခ ပေးတတ်လှသည်။
ကျနုပ်တို့စက်လှေ လေးစီးလည်း အထက်ဘက်သို့ ဆန်တက်လာရာ ကန်ဆိးမြို့ဟောင်းကို ကျော်လာသည်။ ကေအိုင်အေစခန်းက ဘယ်ဆီမှန်းမသိသေး။ ဤဒေသကား ကေအိုင်အေ ရင်း ၆ နယ်မြေပင်။
ဥတုချောင်းသည် ကျဉ်းသည်ထက်ကျဉ်းလာသည်။ နောက်ဆုံးတွင် ဟိုဘက်ကမ်းသည်ဘက်ကမ်းသည်ပင် ပေနှစ်ဆယ်မျှ မကျယ်တော့ချေ။ နောက်ဆုံးမတော့ ကေအိုင်အေရဲဘော်များ စောင့်နေသည့်နေရာသို့ ရောကိရှိလာရာ အရာရှိတစ်ယောက် ဝေါ်ကီတော်ကီဖြင့် စကားပြောနေသည်ကို တွေ့ရသည်။ ထိုနေရာတွင်ပင် ဆန်အိတ်များ ချပေးထားခဲ့ရပြီး စက်လှေကို ဆင်းတွန်းပြီး လှည့်ကာ လုံးခင်းသို့ ပြန်ခဲ့ရသည်။ အပြန်ခရီးတွင် ကျနုပ်လည်း ကုလားအား ငါ့အကိုတို့ဆီ ခဏ၀င်ရအောင်ကွာ ဟု ပြောကာ မှော်ချိုင်တွင် လွှဆွဲနေကြသည့် အကိုများ ဦးလေးများဆီ ၀င်ရောက်ကာ ထမင်းစားသောက်ပြီးမှ ပြန်ခဲ့ကြတော့သည်။
 
ဘုံဘ၀မှာ ကြုံရပါ(၆)
 
ဆယ်တန်းအောင်ပြီးတော့ သီတင်းကျွတ်လမှာ ဖားကန့် တက်ပြီး တက္ကသိုလ်​ ကျောင်းစားရိတ် ရှာစဉ်တုန်းကပင်။ဖားကန့်ကြီးမှော် ခေါက်စားထမ်းနေချိန်ကပင်။တစ်နေ့ မနက်ခင်း ဥရုချောင်းကမ်းဘေး ခေါက်စားထမ်းနေချိန် ကျင်းသားတစ်ယောက် ငှက်ဖျားဖျားနေလို့ ဖားကန့်ဘက်သွားပြီး ဆေးထိုးဖို့ အဖော်နှစ်ယောက်နဲ့ ဆင်းလာကြသည်။ဟိုဘက်ကမ်းကို လှေနဲ့ ကူးမယ်ဆိုတော့ လှေက မကောင်းဘူး ပေါက်နေတယ် ပြောတဲ့ကြားက တစ်ယောက်က လှေလှော် တစ်ယောက်က ရေခပ်ပက်ပြီး ငှက်ဖျားသမားက အလယ်က ထိုင် လိုက်သွားသည်။ဥရုချောင်းလယ်ရောက်တော့ လှေက မြုပ်သွားသည်။ငှက်ဖျားသမားက အားအင်ကလည်းမရှိ လှေမြုပ်သွားကတဲက မြုပ်သွားပြီး ပြန်ပေါ်မလာတော့။ရေစီးကလည်း ဖားကန့်ကြီးမှော်နဲ့ ဒေါ်ကြည်မြင့် ၀က်ခြံကြား အကွေ့ဆိုတော့ အတော်သန်သည်။လှေပေါ်က လူနှစ်ယောက်လည်း မနည်း ပြန်ကူးရသည်။ကမ်းပေါ်က ရေကူးကျွမ်းသူများ လိုက်ရှာကြသည်။ဘယ်လိုမှ ပြန်မတွေ့တော့။သူ့ဝဋ်ကြွေးဟုသာ ၀ဋ်ကြွေးကို ယိုးမယ်ဖွဲ့ရချေတော့သည်။
တစ်နေ့နေ့လည် ဖားကန့်ဘက် လမ်းလျောက်နေတုန်း ဆိုင်းတောင်နဲ့ ဖားကန့်ပြေးတဲ့ စက်လှေ မှောက်သည်ဆိုသည်။လောပန်း ပေါက်စကလေး။သူ့ဇနီးနဲ့သားကလေးက လှေမှောက်တဲ့ အထဲ ပါသွားပြီး အလောင်းတောင် ပြန်မရလိုက်။စိတ်ဖောက်သွားရှာသည်။ဥရုချောင်းကမ်းတစ်လျောက် ပြေးပြီး သူ့သားနဲ့ မယားကို အော်ခေါ်ပြီး လိုက်ရှာနေရှာသည်။သွားလေသူကလည်း ကံအကြောင်းကမလှ။ကျန်ရစ်သူမှာလည်း ဘ၀၀ဋ်ကြွေး မကင်းတော့ ရူးပြီးကျန်ရစ်ရှာသည်။မပဋာမြေလူးသည်က ဘုရားရှင်နဲ့တွေ့လို့ ကျွတ်တမ်း ၀င်နိုင်ရှာသေးသည်။
အခုလည်း ချင်းတွင်းမြစ်ကမ်းဘေး ကျန်ရစ်သူများ မပဋာမြေလူးသလို ခံစားနေရှာကြရော့မည်။ဝဋ်ကြွေးရှိသမျှ သည်ဘ၀သည်မျှနဲ့ ကျေကြပါစေဟုသာ ဆုတောင်းရတော့သည်။
ဒုတိယနှစ်တက်ဖို့ ဖားကန့်ငှက်ပျောတောထဲ ရေထမ်းရောင်းနေချိန်ကပင်။ညီဝမ်းကွဲတော်သူ မောင်သန်းရွန်းက ဆိုင်းတောင်နှင့် ဖားကန့်ကူးသည့် စက်လှေ မောင်းနေသည်။တစ်ညတွင် ဆိုင်းတောင်မှ ဖားကန့်ကို မှောင်မှ ခရီးသည် ၁၂ယောက်လောက်နှင့် မောင်းပြန်လာသည်။ဆန်းကြွယ်အထက်နားရောက်တော့ အကွေ့မှာ ကျောက်ဆောင်နဲ့ တိုက်ပြီး စက်လှေမှောက်သွားသည်။ဘယ်နှစ်ယောက် သေမှန်းလည်း မသိ။စက်လှေမောင်းသည့် မောင်သန်းရွန်းကတော့ မသေပဲ ဖားကန့်ကြီးထဲမှာ ပုန်းအောင်းနေသည်။လှေပိုင်ရှင်က သက်ဆိုင်ရာကို သူ့ဘာသာကြည့်ရှင်းမည်။အဆင်ပြေရာမှာပုန်းနေ ဘယ်မှ မသွားနဲ့ ဟု ပြောသည်ဆို၏။သူ့အကို မောင်ချစ်မဲကတော့ သူ့ညီကို ထွက်ပြေးဖို့ တနိုင်းဘက်ကို ပြေးဖို့ ပြော၏။သူုညီကို ပြောမရတော့ အကိုလုပ်သူက ငို၏။သေသွားသူတွေအတွက်တော့ မည်သူမျှ မစဉ်းစားကြ။မောင်းသူရော ပိုင်ရှင်ရော မိမိဖို့သာ စဉ်းစားကြကုန်၏။ထိုစဉ်က ထိုဒေသသည်လည်း တရားဥပဒေက စိုးမိုးမှုက သိပ်မရှိ။ကြာတော့ အားလုံးမေ့ပျောက်သွားကြသည်။တော်တော်တန်တန်ကိစ္စ ဘာမှ မသိလိုက်ကြ။ဘ၀ထိုထိုတို့သည်လည်း နေ့မြင်ညပျောက် ဆိုသလိုသာ။သံသရာကျင်လည်သရွေ့တော့ ၀ဋ်ကျွေးရှိက ပေးဆပ်နေကြရဦးမည်သာ။
 
ဘုံဘ၀မှာ ကြုံရပါ(၇)
 
အချိန်က ၁၉၉၀ခုနှစ် အောက်တိုဘာလ ဒုတိယပတ်။
နေရာက နန့်တိန်းရွာ။
သည်နန့်တိမ်းရွာဆိုသည့် နာမည်က ရင်းနှီးနေသည့်နာမည်။
အင်းတော်ကြီးသမိုင်းကို ဖတ်ဖူးသူများ နန့်တိမ်းအရှင်ကြီးအကြောင်း မှတ်မိကြပေလိမ့်မည်။
အင်းတော်ကြီးထဲရှိ ငါးများကို တစ်နှစ်တစ်ခါ ဆေးခပ်ပြီး စားခွင့်ရသည့် နနတ်မင်းကြီး။ အင်းတော်ကြီးဘေးတွင် နေထိုင်ကြသူတို့သည် နှစ်စဉ် ပြာသိုလတွင် ညပိုင်း တဒုတ်ဒုတ်ထုနေသံကြားလျင် မနက်လင်းလျင် အင်းတော်ကြီးထဲ ငါ့လိုက်ကောက်ရမည်ကို နားလည်ပြီးသားပင်။ အနှီတဒုတ်ဒုတ် ထုနေသံကား
နန့်တိမ်းနတ်မင်းကြီး ဆေးခပ်ရန် ဆေးမြစ်ထုသံပင်။ နတ်မင်းကြီးကား လောဘသိပ်မကြီးသဖြင့် သူဆေးခပ်သည့်ညတွင် အင်းတော်ကြီးထဲတွင် ငါးအသေနည်းပြီး သူ့ချွေးမ ခပ်သည့်ညတွင် ငါးများစွာ သေသည်ဟု ဆိုကြကုန်သည်။ ဤကား ဖတ်ခဲ့ဖူးသည့် အင်းတော်ကြီးရာဇ၀င်လာသည့် နန့်တိမ်းနတ်ကြီးအကြောင်းပင်တည်း။
ယခု မောင်ကျော်ငွေရောက်နေသည့်နေရာကား အဆိုပါ နန့်တိမ်းနတ်မင်းကြီး၏ နတ်နန်းကြီး တည်ရှိရာ နန့်တိမ်းရွာကြီးပင်တည်း။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ချင်သဖြင့် တစ်ခါဖူးမျှ မရောက်ဖူးသည့် ဖားကန့်သို့ မိုက်မိုက်ကန်းကန်း တက်လာခဲ့ခြင်းပင်။
မိုးကောင်းမှ အသိတစ်ယောက်က ထည့်ပေးလိုက်သဖြင့် သူ့အသိ ရှမ်းမကြီး ဒေါ်နန်းပုနှင့် ကချင်မလေး အပ်ဖန် တို့နှင့် လိုက်လာခဲ့ခြင်းပင်။ အမျိုးသမီးနှစ်ယောက်နှင့် လိုက်လာရသဖြင့် သူတို့နားပြန် နားလိုက်ရပြန် သူတို့ထိုင်ပြန် ထိုင်ရပြန် သည်နေ့တော့ သည်မှာပဲ အိပ်ကြမယ် မသွားနိုင်တော့ဘူး ဆိုပြန် အိပ်ရပြန်ချေသည်။ သို့နှင့် နန့်ယားနှင့် ကားမိုင်းကြား သုံးညတောင် အိပ်ခဲ့ရသောဟူ၏။ ပါလာသည့်ပိုက်ဆံက နှစ်ညအိပ်လောက်ဆို ဟုတ်သေး၏။ သုံးညအိပ်ရချေသော် နောက်ဆုံးရက်တွင် ၀ယ်စားရန်မကျန်တော့ချေ။ သို့နှင့် ငှက်ပျောသီးစား ရေသောက်၍သာ ခရီးဆက်ရတော့သည်။
နန့်တိမ်းရွာရောက်သော် လမ်းမကြီးပေါ်တွင် တဲကြီး ကန့်လန့်ခံ ဆောက်ထားသည်။ ပတ်ဝန်းကျင်တွင်လည်း တဲပေါင်းများစွာတို့ဖြင့် စည်ကားသည်ကို တွေ့ရသည်။ တဲများကား ရုန်းလက်များကို မိုးထားကြသည်။ ကန့်လန့်ဆောက်ထားသော တဲထဲသို့ မဖြတ်မီ ခရီးသွားများ အားလုံး တန်းစီကြရသည်။
ဤနေရာကား အခြားမဟုတ်။ ကေအိုင်အေတို့၏ အကောက်စခန်းကြီးပင် ဖြစ်ချေတော့သည်။
အပ်ဖန်မှ ကိုကျော်ငွေ လေးဆယ့်ငါးကျပ်ပေးပါ ဆို၍ ထုတ်ပေးလိုက်ရသည်။ ပြီးလျင် ကေအိုင်အေရဲဘော်တွေဆီ လက်မှတ်သွားဖြတ်သည်။ လူတစ်ယောက် လေးဆယ့်ငါ့ကျပ်နှင့် ဆန်နှစ်ဗူးကျဆီ အကောက်ပေးရသည်။ အပ်ဖန်ကား ကချင်လို ပြောပေးသဖြင့် ကျနုပ်ကား ဆန်နှစ်ဗူး မပေးခဲ့ရချေ။ ဖြတ်ပိုင်လေးတစ်ခု ပြန်ရသည်။ ဤဖြတ်ပိုင်းရှိလျင်ကား တစ်နှစ်အတွင်း အခွန်ပေးစရာ မလိုပဲ ဖြတ်သန်းနိုင်လေသည်။ ရဲကြီးစိုးရာအရပ်တွင် ဤဖြတ်ပိုင်းကို တွေ့ လျင်ကား သင်သည် ထောင်နန်းစံရပေလိမ့်မည်။
ကျနုပ်လည်း ဘ၀တွင် ပထမဦးဆုံး ကေအိုင်အေသူပုန်များအား တွေ့လိုက်ရခြင်းပင်။ သည်အရပ်သည်ဒေသကား သူတို့ကြီးစိုးရာ ဒေသဖြစ်သဖြင့် ရှောင်ကွင်း၍ မရချေ။ ပြေားမှားဆိုမှား ရှိပါက အသက်ပါ ပေးဆပ်ရသည့်နယ်မြေသာ။
ဤနန့်တိမ်းအကောက်ဂိတ်တွင်ပင် ကျုပ်တို့ရွာမှ ဦးစောရှောင်၏ အမျိုးသမီးဖြစ်သူ တောင်ကြောင်းသူ ဒေါ်မြသန်း၏ ဖခင်ကြီး အသတ်ခံလိုက်ရသော နေရာပင်။
ဦးအုန်းဖေ (နာမည်ဖော်မရ) ကား စစ်လွယ်အိတ်ကို လွယ် စစ်ဦးထုပ်ကိုဆောင်းကာ အများသူငါ ဖားကန့်ဆိုသဖြင့် ဖားကန့်ထွက်လာခဲ့ခြင်းပင်။ သည်လမ်းသည်ခရီး ကေအိုင်အေစခန်းကို ဖြတ်ရမည်ဆိုသည်ပဲ မသိချေရော့သလား မငိချေ။ ဤနန့်တိမ်းအကောက်ဂိတ်ရောက်သော် ကေအိုင်အေမှ စစ်တပ်ထောက်လှမ်းရေးမှ ဟု သံသယရှိသဖြင့် ဖမ်းဆီးကာ စစ်ဆေးသည်။ စစ်လွယ်အိတ်ထဲမှ တွေ့ရသည်က တန်ဆည်မြို့နယ် န၀တဗိုလ်မှူး၏ ထောက်ခံစာလက်မှတ်။
တစ်ခါထဲ ဖမ်းသွားရာက ပြန်ရောက်မလာခဲ့တော့။ သူနှင့်မတူ အခြား လေးငါးယောက်လည်း ပါသွားသည်။ တစ်ယောက်မှ သတင်းမကြားရတော့ချေ။
ကျနုပ်ကား အပ်ဖန်၏ ကောင်းမှုကြောင့် အမေးအမြန်းမရှိ ကေအိုင်အေစခန်းကို ဖြတ်သန်းခဲ့ရ၏။ ပြန်တွေးမိတော့ ကြက်သီးထချင်စရာ။ ကေအိုင်အေစခန်းတွေကို လေးကြိမ်ထက်မနည်း ရောက်ခဲ့ရသည်။ ဘာမှ မဖြစ်ခဲ့၍သာ သယမိတ်ဆွေတို့ သည်စာစုကို ဖတ်နေရခြင်းသာ။
ကျုပ်အကိုက လိုင်းပေါ် တက်မလာဘူးဆိုလို့ ရေးလိုက်ခြင်းသာ။ စာအုပ် ၁၀၀လောက် ကွန်ပျူတာထဲ ဒေါင်းလုပ်ဆွဲထားတာ တစ်ရက်လုံး ထိုင်ဖတ်နေလို့ လိုင်းပေါ် မရောက်ဖြစ်လှချေ။့

ဘုံဘဝမှာ ကြုံရပါ

 

ဘုံဘ၀မှာ ကြုံရပါ(၈)
 
၁၃၃၂ခု သီတင်းကျွန်လဆန်း ၈ရက်နေ့(8 Oct,1970) ကြာသာပတေးနေ့ ညနေ ၄နာရီ၌ မွေးဖွားသော ကျနုပ်သည် ၄၄နှစ်ပြည့်၍ ၄၅နှစ်ထဲသို့ တစ်ရက်စွန်းခဲ့ပြီ။ကျနုပ်ကားဗေဒင်ကိန်းခန်းအရ ဆိုသော် မရဏဖွားတည်း။
မရဏခွင် ဖွားမြင်လျင်
ငယ်စဉ်သေဆုံးများ။
မသေကြီးလွှမ်း ရွှေထီးလျှမ်း
ရဟန်းမင်းပုဏ္ဏား။
မသေရွှေထီး သေမြေကြီး
စွန့်ပြီးသွားတတ်ငြား။
မိမိမွေးရာ မနေပါ
ပြည်ရွာလှည့်လည်သွား။
စိုးရိမ်ကြောင့်ကြ ဖမိဘ
သောကအလွန်များ။ တဲ့။
ကျုပ်မှာ ကိုးတန်းအောင်တော့ ဆယ်တန်းတွဲဘက်ကျောင်း ကျောင်းလခပေးရမှာမို့ ရွှေကျင်လိုက်သွားတာ ငှက်ဖျားနှိပ်စက်သဖြင့် ဆေးရုံနှစ်ခါ ပြန်တက်ရတာ မသေလို့သာ သည်စာပေါက်ကရ လေးဆယ် ရေးနိုင်တာကလား။သစ်ပင်ပေါ်ကပြုတ်ကျ တာက ငါးခါ။သူငယ်တန်း၊ ၊နှစ်တန်း၊ငါးတန်း၊ကိုးတန်းနဲ့ ဆယ်တန်းအောင်
ပြီးတော့ စုစုပေါင်း ၅ခါ ပြုတ်ကျတာ။ကိုးတန်းအောင်တော့ ရွှေကျင်မလိုက်ခင် အင်ကြင်းပင် ပေ ၃၀ လောက်က ကျတာ ကံကောင်းလို့ မသေဘူး။
၅တန်းကနေ ၁၀တန်းထိ အသွားလေးမိုင် အပြန်လေးမိုင် ခြေလျင်လျောက် ကျောင်းတက်ခဲ့ရရဲ့။ကျုပ်နဲ့အတန်းတူ သူငယ်ချင်းတွေ စက်ဘီးစီးလာတာမြင်တော့ သိမ်ငယ်စိတ်နဲ့ လမ်းဘေးတောထဲကိုဝင်ပြီး မျက်ရည်ကျခဲ့ရတာတွေ ကျုပ် သတိယမိပါရဲ့။မုန်ဖိုးမရှိလို့ တနေကုန် ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရတာလည်း မှတ်မိပါရဲ့။
ပထမနှစ်တက်ဖို့ နန့်မဖြစ်ရွာနဲ့ ဖားကန် ကို့ ကုန်စိမ်းထမ်းခဲ့ရရဲ့ ။ကုန်စိမ်းထမ်းတော့ ထမ်းစမရှိပဲ ထမ်းတော့ ညသန်းခေါင် ကျော် နန့်မဖြစ်သင်္ချိုင်းကုန်းဘေး ဘယ်ဘက်လက်ပြင်အုံ အဆစ်လွဲသွားတာ တစ်ယောက်ထဲ ကူမယ့်ကယ်မယ့်လူမရှိနဲ့ နာလွန်းလို့မျက်ရည်ပေါက်ပေါက်ကျ ခဲ့ရတာကိုသတိရမိပါရဲ့။
အဲဒီကနေ ဖားကန့်ကြီးမှော်ထဲမှာ ခေါက်စားထမ်ခဲ့ရရဲ့။
ကျောက်တွင်း အနက်ကြီးထဲဆင်း ၂ပြလောက်ဝေးတဲ့ နေရာကို သွားပစ်မှ တစ်ခေါက်တစ်ကျပ်ရတာ ကိုလည်း ကျုပ် မှတိမိပါရဲ့။ကားခပေးစရာမရှိလို့ မိုးကောင်းကနေ ဖားကန့်ကို သုံးည အိပ်ပြီး ခြေလျင်လျောက်ခဲ့ရတာလည်း သတိယမိပါရဲ့။လုံခင်းမှာ လည်း လက်သမားလုပ်ခဲ့ရရဲ့။လက်သမားလုပ်လို့ ပိုက်ဆံမစုမိလို့ လုံးခင်းနဲ့ ဖားကန့်ကူးတဲ့ စက်လှေမှာစပယ်ယာ လုပ်ခဲ့ရရဲ့။ စက်လှေ ပေါ်လုပ်တုန်း ကေအိုင်အေက ချောဆွဲလို့ သူတို့စခန်း စက်လှေနဲ့ ဆန်လိုက်ပို့ ခဲ့ရသေး။စစ်တပ်က ငါ့ ကို
ပစ်လိုက်ရင် ငါ သေသွားနိုင်တယ်လို့ ပြန်ပြန်တွေးမိပါရဲ့။ ဒုတိယနှစ်အတွက် မှော်ရှန်ကနေဆန်ဝယ် ကျောပိုးသယ်ပြီး ဖားကန့်မှာ ရောင်းရှာခဲ့ရတယ်။ဒါနဲံလည်း ဝင်ငွေမကောင်းလို့ ဖားကန့်က ငှက်ပျော တောမှာ ရေထမ်း ရောင်းခဲ့ ရတယ်။ လူလည်းပဲ ဦးပုညရဲ့ ရေသည် လုံးလုံး ဖြစ်သွားတော့တာပဲ။ရေထမ်းရောင်းတာ ဝင်ငွေနည်းနည်းကောင်းလို့ ပိုတဲ့ ပိုက်ဆံလေး လက်စွပ်လုပ်ဝတ်ထားရတာ တတိယနှစ် ဂုဏ်ထူး တန်းရောက် တော့ ကျောင်းစရိတ် မရှိ တော့လို့ ရောင်းသုံး ရတယ်။အဲဒါနဲံ မလောက်လို့ နဒီမြန်မာဟိုတယ်မှာ တစ်လ ၁၀၅၀ကျပ်နဲ့ ဘဲလ်ဘွိုင် လုပ်ခဲံရရဲံ။ပထမနှစ် ဂုဏ်ထူးတန်း
အတွက် ဖားကန့်မှာ လက်သမား လုပ်ခဲ့ ရတယ်။ဒုတိယနှစ် ဂုဏ်ထူးတန်းအတွက် ဆိုင်းတောင်မှာ လက်သမား လုပ်ခဲ့ရ တယ်။ကျုပ် ဂိုက်သင်တန်းတက်ဖို့ ပိုက်ဆံစုဖို့ ဆီဒိုးနားဟိုတယ် လောင်ဒရီဌာနမှာ ဝင်လုပ်ပြီး ပိုက်ဆံစုခဲ့ရရဲ့။ဂိုက်သင်တန်းတက်ရင်း မလောက်လို့ ရန်ကုန်မှာ စာလိုက်သင်ရင်း ဝင်ငွေရှာခဲ့ရရဲ့။ကျုပ် မဟာဘွဲ့သာရရော ကျုပ်အိမ်က တစ်ပြားမှ မပေးနိုင်ဘူး။ကေအိုင်အေစခန်းတွေထဲကဖြတ်သွားရလိုသွားရ။သတိမိုင်းထောင်ထားသည် လမ်းပေါ်မှ သွားပါ ဆိုတဲ့ မှတ်တိုင် တွေဘေးကလည်း သွားခဲ့ရ။ ကေအိုင်အေဂိတ်တွေကို ငွေ၄၅ကျပ်နဲ့ ဆန်တစ်ဘူးပေးပြီးလည်း ဖြတ်ခဲ့ရ။ဟိုမအေပေးစစ်သားတွေ ပေါ်တာ ဆွဲလို့ ခွေးပြေး ဝက်ပြေး လည်း ပြေးးခဲ့ရ။ဘဝကြမ်းပုံများပြောပါတယ်။
တစ်ခါတစ်လေ ကိုယ်ဟာကိုယ်တောင် ငါ ဘယ်လိုလုပ်များ မဟာဘွဲ့ ရသွားပါလိမ့်။ရုန်းကန်ခဲ့ရသမျှဟာ အိပ်မက်တွေလို ပါပဲလား လို့ တွေးမိပါရဲ့။
ကျုပ်ငယ်တုန်းက အရွယ်နဲ့ မမျှအောင် ရုန်းကန်ခဲ့ရတဲ့ဒါဏ် တွေက အသက် ကြီးလာလေလေ ဒါဏ်တွေကပေါ်လေပါပဲ။ ကျန်းမာရေးလည်း သိပ်မကောင်းချင်တော့ဘူး။ ကျုပ်ကလေးနှစ်ယောက် ဘွဲ့ရပြီးရင်တော့ ကျုပ်ဘဝကို တရားလေးထိုင် အများအကျိုးအတွက်အပင်လေးတွေစိုက် ကလေး တွေ ကို အခမဲ့ စာသင်ပေးရင်း ဘဝရဲ့ နောက်ဆုံးအချိန်တွေကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တယ်။
 
ဘုံဘ၀မှာ ကြုံရပါ(၉)
 
၁၉၉၃ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကပေါ့လေ။ ဆရာမှိုင်း တက္ကသိုလ်တွေ မဖွင့်မီ လုံးခင်းမှာ စက်လှေ စပါယ်ယာအဖြစ် ဘ၀ကို ဖြတ်သန်းနေရတဲ့အချိန်တုန်းကပေါ့။
တစ်မနက်တော့ ကျုပ်နေတဲ့ အိမ်က ဂျစ်ကားမောင်းတဲ့ မောင်နိုင်က ကျော်ငွေ ငါ့ ကားစပယ်ယာမရှိဘူး။ သည်နေ့ ငါ့နောက် လိုက်ခဲ့စမ်းပါ တဲ့။ သည်ကောင်က အိမ်ရှင်ရဲ့ သမက်အငယ်ကောင်။ သူ့ ကားစပယ်ယာကောင် မန္တလေးသားက သည့်အရင်ရက်က လုံးခင်း မ၀င်ခင် လယ်ပြင်ဂိတ်နားမှား ကားတက်မောင်းလို့ တိုက်မိရာက ထွက်ပြေးသွားလို့ စပယ်ယာက မရှိတော့ ကျုပ်ခဏခဏ ခေါ်နေတာ။ ကျုပ်မှာ စက်လှေနောက်လိုက်သာက နေ့တွက်ရသေးရဲ့။ သူ့နောက်လိုက်တာ နေ့တွက်ကမရသေး အိက်ကပ်ထဲက စုထားတဲ့ ပိုက်ဆံလေးက ပါပါသွားသေးနဲ့။
အဲသာနဲ့ ကျုပ်လည်း ဘုမသိဘမသိ ဂျစ်ကားစပယ်ယာ ထလုပ်ပြီး လိုက်သွားရသပေါ့။ သူ့ကို လောပန်းတွေက အပြတ်ငှါးထားလို့တဲ့ လိုက်ပို့ရမှာတဲ့။ တရုတ်လောပန်းတွေ။ ငါးယောက်ခြောက်ယောက်လုပ်။ အမျိုးသမီးနှစ်ယောက်လား ပါသေးရဲ့။
မနက်လဘက်ရည်လေး သောက်ပြီး လိုက်လာခဲ့ရတာ။
ဘယ်ဆီ မောင်းသွားသတုန်း တောမှော်ဘက်ဆီ။ တောမှော်မရောက်ခင် တစ်နေရာရောက်တော့ ကားကို ဘယ်ဘက်ထဲ ချိုးပြီး လမ်းကလေးယောင်ယောင်အတိုင်း မောင်းလာလိုက်ကြတာ။ ဘယ်ရောက်လို့ ရောက်မှန်းကလည်း မသိဘူး။ လမ်းကလည်း လှည်းလမ်းသာသာ ။ လမ်းရယ်လို့တောင် ပီပီပြင်ပြင် မရှိပါဘူး။။ နောက်ဆုံးတော့ တောကြီးမျက်မဲ အလယ်တည့်တည့် မောင်းမရတော့ ရပ်ထားလိုက်ကရော။
ကျော်ငွေ မင်း ကားစောင့်နေရစ်တဲ့။
လူသွားလူလာ မရှိ။
နေပြောက်တောင် မထိုးတဲ့ တောကြီးမျက်မည်း အလယ်ခေါင်။
မောင်ကျော်ငွေနှင့် ဂျစ်ကားတစ်စင်းသာ ကျန်ရစ်တော့သည်။ ကားဆရာကလည်း လောပန်းတွေနောက် လိုက်သွားသည်။ မှော်အသစ်တွေ့လို့ သွားကြည့်ကြတာဆိုလား။ မနက် ၉ နာရီလောက်က သွားလိုက်တာ။ နေမွန်းတည့်လို့လည်း ပေါ်မလာ။
ကျုပ်မှာ သည်အချိန် ကေအိုင်အေတွေများ ရောက်လာရင် ငါ့ ဘယ့်နှယ်ရှင်းရပါ့။ ဆင်ရိုင်းအုပ်ကြီးများ ရောက်လာရင် ငါတော့ ပြေးမလွတ်နိုင်လောက်ဘူး။ ကျားကြီးများ ထွက်လာရင်
ငါ့မှာ ဘာလက်နက်မှ မရှိ။ ဒုက္ခပဲပေါ့။
ဟိုကောင်တွေ ပြန်မလာလေ။ ကျုပ်ကလည်း တစ်ယောက်ထဲ အော် အော်ဆဲပြီး မေတ္တာပို့လေ။ တစ်ယောက်ထဲ လေးငါးနာရီ ထိုင်နေရတာ။ စဉ်းစားသာကြည့်ပေတော့။ တောကလည်း နက်မှနက်။ ဗိုက်ကလည်းဆာ။ ဘေးနားကအပင်တွေကလည်း ဘာသီးမှ ခူးစားစရာမရှိ။
နေ့လည် ၂ နာရီလောက်မှ မောင်မင်းကြီးသားတွေ ပြန်ရောက်လာတော့တယ်။ အဲသည်ကမှ ပြန်မောင်းလာကြတာ ။ နေ့လည်စာဖြင့် သုံးနာရီကျော်မှ လုံးခင်းပြန်ရောက်မှ စားရတော့တာပဲ။
ဘုံဘ၀မှာ ကြုံရပါပေါ့လေ။
 
ဘုံဘဝမှာ ကြုံရပါ (၁၀)
 
၁၉၉၁ခုနှစ် ဒီဇင်္ဘာဆောင်းညတစ်ည။
ဆရာမှိုင်း အဲသည်အချိန်က မိုးကောင်းမှာ လက်သမားလုပ်ရင်း ဘ၀ကို ကျင်လည်ဖြတ်သန်းနေရချိန်ပင်။ ဘူတာ၏ အရှေ့နားက ဦးခင်အောင်တို့အိမ်တွင် အိမ်ဆောက်ပေးရင်း အိမ်စောင့်ရင်း ကျနုပ်တို့ လက်သမားအဖွဲ့တွေ ကွန်းခိုနေကြရသည်။ ဆရာမှိုင်း မိုးကောင်း ရောက်ကတဲက သည်အိမ်မှာပဲ နေခဲ့ရသည်။ (အိမ်ပြီးသွားလို့ အိမ်အပ်ပြီး တစ်ခြားအဖွဲ့တော်သားတွေ ပြောင်းသွားကြသော်ငြားလည်း ဦးခင်အောင်နှင့် ဒေါ်ထွေးကြည်က ဆရာမှိုင်းကို သူတို့အိမ်မှာပဲ အိမ်ခန်းတစ်ခန်းပေးပြီး ဆက်နေစေသည်။ ထမင်းကလည်း ကျွေးထားသေးသည်။ ဘ၀တစ်ကွေ့တွင် ခေတ္တခဏမျှ ခိုလှု့ခွင့် ပေးခဲ့ကြသည် သူတို့မိသားစုအား ကျေးဇူးတင်ရသည်။)
သို့ကလို လက်သမားအဖွဲ့တွေ အိမ်ဆောက်ပြီးစ မပြောင်းရြသေးခင်။ သူ့သမီးနဲ့ သူ့တူနှင့် တစ်ခြားကျောင်းသူမကလေး စုစုပေါင်း သုံးယောက်က ကျောင်းတက်ရတာ ဝေးတော့ သည်အိမ်မှာ လာပြီး ကျောင်းတက်သဖြင့် သူတို့ကို စောင့်ရှောက်ပေးရသည်။ ညပိုင်းတွင် အင်္ဂလိပ်စာ သင်ပေးရသည်။
ထိုတစ်ညနေကတော့ သူတို့ သုံးယောက် ရွာပြန်သွားကြသည်။
ည သန်းခေါင်ခန့်အချိန်။
ဆရာမှိုင်းတို့ အဖွဲ့တော်သားတွေ ဆောင်းအေးအေးမှာ ကွေးကောင်းနေသည့်အချိန်။
ဂျိန်း
ကျယ်လိုက်တဲ့ ပေါက်ကွဲသံ။ ပြင်းလိုက်တဲ့အရှိန်။ တစ်သက်နှင့်တစ်ကိုယ် သည်တစ်ခါသာ ကြားဖူးတော့သည်။ မိုးကောင်းနေတာက တောင်ထိပ်ကနေ အမြောက်ကတော့ ခဏခဏ ပစ်ခတ်သံကြားရသဖြင့် အမြောက်သံလောက်ကတော့ ရိုးနေပြီ။
သည်ပေါက်ကွဲသံက အမြောက်သံထက် ဆယ်ဆမက ပြင်းသည်။
ပေါက်ကွဲသံက ကျနုပ်တို့နှင့် မလှမ်းမကမ်း မိုးကောင်းမြို့အ၀င်စ ဘူတာ၏ တောင်ဘက်နားလောက်ဆီကပင်။
ဂျိန်း
ကွဲပြန်ပြီ။ မိုင်းကွဲသည့်အသံကြောင့် ဆရာမှိုင်းတို့ အိပ်နေသည့်အဆောင်ကြီး ငလျင်လှုပ်သလို တုန်ခါနေသည်၊
ဂျိန်း
တုန်နေသည့် အိမ်ကလေး ငြိမ်မယ်ကြံသေး နောက်တစ်လုံး ကွဲပြန်ပြီ။ တစ်မြို့လုံး ငရဲပွက်ချေပြီ။ ဆရာမှိုင်းတို့ နေသည့်ရပ်ကွက် မိုင်းကွဲသည့်နေရနှင့် အနီးဆုံး။ နောင်ကိုက်တော် တစ်ရပ်ကွက်လုံး ဆူဆူညံညံ ဖြစ်နေလေပြီ။ ခေါ်သံအော်သံများ ကြားနေရပြီ။
မိုင်းကြီးပဲ ရှစ်လုံးတိတိ ကွဲသည်။ မိုင်းကွဲသံပြီးတော့
တူး ဟူး ဟူး
မြည်သံထွက်လာပြီး စက္ကန့်ပိုင်းအကြာ ၀ုန်း ကနဲ့ ကွဲပြန်ပြီ။
လောင်ချာပစ်သံဟု ဆိုသည်။ ဘယ်နှစ်လုံး ပစ်မှန်းကို ရေမရတော့။ပြီးတော့ ဒက် ဒက် ဒက် နှင့် အဆက်မပြတ် ဆွဲသံ။ စက်ေ သနတ် ပစ်သံ။ တစ်နာရီနီးပါး ပစ်ခတ်ပြီး အသံဗလံများ ငြိမ်သွားသည်။
ကေအိုင်အေက မိုးကောင်းအ၀င် ဘူတာရွာနားက ချောင်းပေါ်က သံလမ်းတံတားကို လာရောက် တိုက်ခိုက် ဖျက်ဆီးလိုက်ခြင်းပင်။
အသံဗလံတွေ ငြိမ်သွားပြီး သုံးလေးနာရီကြာမှ ရဲဘော်တွေ ဗိုလ်ကြီးတွေ အော်ဟစ်ပြီး ဒေသခံ တပ်ရင်းက စစ်သားတွေ အသံကြားရတော့သည်။ မိုးကောင်းသားတွေကတော့ မေတ္တာပို့ကြသည်။ နင်တို့အဖေတွေက မိုင်းခွဲပြီးလို့ တောင်ပေါ်ပြန်တက်သွားရော့မယ်။ အခုမှ ထလိုက်ရသလား တဲ့၊ တိုက်ပြွဲဖစ်ပြီး သုံးနာရီ လေးနာရီကြာမှ ထွက်လိုက်သံကြားရသည်။
ဒါကြောင့် မိုးကောင်းသားတွေက သူတို့မြို့က တပ်ကို အမည်သညာ ပေးထားသည်။
ခွေးပြေးဝက်ပြေး ၇၄ တဲ့။
မိုးကောင်းက ၇၄
မိုးညှင်းက ၁၅
ဟိုပင်က ၃၇
ဆားမှော်က ၁၀၅
နမ္မတီးနားက တပ့သစ်တွေ ၂၅၄ ၂၅၆ ဆိုမှတ်တာပဲ။
ဖားကန့်ဆီနေလိုက်တာ သည်တပ်တွေထဲကဖြင့် ၂၂၂ နှစ်သုံးလုံး တပ်တစတပ်ပဲ အတိုက်အခိုက် ကောင်းတယ် နာမယ်ထွက်တာပဲ။
မနက်မိုးလင်းတော့ ကျုပ်ဘေး အိပ်နေတဲ့ နားထိုင်း သန်းတင်က မညတုန်းက အိမ်က သွပ်မိုးကလည်း ဆူညံနေအောင် သွပ်ပြန့်တာတဲ့။
တစ်မြို့လုံး ခြောက်ခြားနေသည့်အချိန်။ နားထိုင်းတစ်ယောက်ပဲ ဘာမှ မသိလိုက်။ သူပဲ ကောင်းရဲ့လို့ တွေးမိလိုက်ပါရဲ့။
ထူးဆန်းတာတစ်ခု မိုးကောင်းဗျူဟာက ဗျူဟာမှူးအဖွဲ သံလမ်းပြေး သံချပ်ကာယာဉ်ဖြင့် အခင်းဖြစ်ရာသို့ လိုက့သွားပြီး ကြည့်သည်။ လိုက်စစ်ဆေးပြီး ပြန်အလာ တံတားကနေ ထွက်လာပြီး ခဏနေတော့ သူတို့ သံလမ်းပြေး ကားနောက်မှ မိုင်းတစ်လုံး ထကွဲလိုက်ပြန်သည်။ ကေအိုင်အေ ထောင်ထားသည့်မိုင်း။ အသွားဖြတ်တုန်းက မကွဲ အပြန် ဖြတ်ပြန်လာမှ နောက်မှာ ကွဲကျန်ခဲ့သည်။ကံကောင်းလေစွ။
မနက်လင်းတော့ တပည့်သုံးယောက် ပြန်ရောက်လာသည်။ မျက်ရည်တွေနဲ့။ တုန်တုန်ရီရီ။ မတုန်ပဲ ရှိပါ့မလား ကေအိုင်အေကနေ သူတို့ရွာထဲက ဇိမ်ပြေနပြေ စက်သေနတ်နဲ့ လောင်ချာနဲ့ ဆွဲနေတာကိုး။
ဘာရယ်မဟုတ်ပါဘူး။ ဟိုနေ့က ပြင်ဦးလွင် လာတိုက်တာ တပ်တွေက လေးနာရီကျော်မှ ပြန်လိုက်နိုင်တာဆိုလို့လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ကြုံခဲ့ဖူးတာလေး ပေါ်လာလို့ ။
 
ဘုံဘဝမှာ ကြုံရပါ (၁၁)
 
ကျုပ် ၁၉၉၀ နှစ် အောက်တိုဘာလ ကုန်လောက်မှာ စပေါ့ချောင်းဖျား အရေးအခင်းပြီးကာစမှာ ဖားကန့် ရောက်သွားတယ်။စပေါ့ချောင်းဖျားအရေးအခင်းဆိုတာက ကေအိုင်အေက ဖားကန့်ကျောက်စိမ်းတွင်းနယ်တစ်ခွင်က ဖိုးသမား။ဖိုးရောင်းသူ။ သူများ မယား ကြာခိုသူပါမကျန် စပေါ့ချောင်း ဖျား ခေါ်ပြီး ရှင်းပစ်တဲ့အချိန်အခါ သမယကို ခေါ်ကြတာ။ဖားကန့်က နာမည်ကြီး မကြီးမငယ်တို့ညီအမ ကိုယ်ဝန်ဆောင်နဲ့ အသတ်ခံရတဲ့ အထဲ ပါသွားရော။ဖိုးရောင်းတာကိုး။
ကျုပ် ညီတော်မောင်ဝမ်းကွဲတစ်ယောက်တောင် တစ်အိမ်တစ်ယောက် မလိုက်မနေရ လိုက်ကြည့်ရမယ်လို့ အမိန့်ထုတ်လို့ လိုက်ကြည့်ခဲ့ရသေးသတဲ့။ဖိုးသမားတစ်ယောက် ကျည်တစ်တောင့် မသေလို့ စပေါ့ချောင်းထဲမြောလာရင် ချောင်းထဲကကေအိုင်အေ ရဲဘော်က ဝါးရင်းတုတ်နဲ့ ရိုက်သတ်သတဲ့။ကျေးရွာလူကြီးတွေလည်း ဖိုးသမားမှန်သမျှ ဖမ်းပေးရ မယ်အမိန့်ထုတ်လို့ ကေအိုင်အေ ကြောက်တော့ ဖမ်းပေးရတယ်။ နောက်ပိုင်း တပ်မတော်စစ်ကြောင်း ရောက်လာတော့ ဖမ်းပေးရကောင်း လား ကေအိုင်အေနဲ့ ဆက်သွယ်တယ် ဆိုပြီး အဖမ်းခံကြရ ပြန်ရော။ လုံးခင်း ဥက္ကဌလည်း ထောင်ကျပြန်ရော။ လုံးခင်းတုန်းက နေခဲ့ရတဲ့အိမ်က မကြီးတို့ရဲ့ အဖေဦးညွန့်မောင်လည်း ဖိုးသမားတွေ အသတ်ခံရတဲ့အထဲ ပါသွားရော။ကေအိုင်အေတွေ အဲသည်လို ရှင်းလိုက်ပေမယ့်လည်း ဖိုးသမား ဖိုးရောင်းတဲ့လူက ပျောက်မသွားတော့ပါဘူး။အမြစ်တွယ်သလို တွယ်နေပြီ။
၁၉၉၂ ဆောင်းရာသီတစ်မနက်မှာ ဆရာမှိုင်းလည်း တက္ကသိုလ်တွေ မဖွင့်သေးတော့ လုံးခင်းမှာ လက်သမားလုပ်နေရသပေါ့လေ။
တစ်မနက်မှာ လုံးခင်းဈေးထဲက ဦးစံခဲအိမ်ခေါင်ပေါ်တက်ပြီး သွပ်မိုးဖို့ပြင်နေချိန်ပေါ့လေ။
ဦးစံခဲက ကျုပ်တို့ဆောက်နေတဲ့အိမ်ကလေးရဲ့ဘေးက အခန်းလေးထဲမှာ နေကြတာ။တစ်မနက်လုံး မောင်စံခဲတစ်ယောက် ဟိုလူ့အော် သည်လူ့ဟောက်နဲ့ ဆဲဆိုနေတာ။ ကျုပ်က သိနေတယ်။သည်လူကြီး ရင်းထနေပြီဆိုတာ။ခဏနေတော့ သူ့သမီးလေးကိုချီပြီး အခန်းထဲ ဝင်လာတယ်။ကျုပ်က လည်း သည်လူကြီး ဘာများလုပ်မလို့ ပါလိမ့်ဆိုပြီး ကြည့်နေမိတယ်။ ဖြူဖြူအမှုန့်လေးတွေကို ရေနဲ့ဖျော်ပြီး ဆေးထိုးအပ်နဲ့စုပ်ယူ။ပြီးတော့ သူ့လက်က အကြောထဲ သွင်းနေလိုက်တာ။အပ်ကလေးလည်း အကြောထဲတည့်ရော။မောင်မင်းကြီးသား ပြုံးလာလိုက်တာ။သည်လူကြီး အဲသည်လိုပြုံးတာ တစ်ခါမှ မမြင်ဖူးဘူး။တက္ကသိုလ် အီးမေဂျာ ပထမနှစ်တက်တော့ လီယိုတော်စ်တွိုင်းရဲ့ မိုက်ကယ်ပြဇာတ်ကလေး သင်ရတော့ ဖိနပ်ချုပ်သမား မိုက်ကယ်ပြုံးတာ အဲသည်လိုပဲနေမှာ လို့တောင် အောက်မေ့မိပါရဲ့။ ဆေးလည်းသွင်ပြီးရော။မောင်စံခဲ အမူအယာက လုံးဝပြောင်းသွား ချေပြီ။သူ့သမီး နှစ်နှစ်သားလောက်ကို သမီးလေးရေ အချစ်တုံးလေးရေနဲ့ ချိုလိုက်တဲ့စကား။သြော် လူ တစ်ယောက်စိတ်ကို ချက်ချင်းကို ပြောင်းသွားစေပါလား။သွားရှာချေပြီ။နောက်ဆုံးအဆင့် ရောက်ရှာပြီပဲလေ။ လူ့လောကထဲ ကြာကြာနေရတော့ မည် မဟုတ်ချေတကား။
ကျုပ်တို့ရွာက ကျုပ်အကိုတစ်ဝမ်းကွဲ စိုတင့်လည်း ဖိုးနဲ့ဘဝဆုံး။ အကိုနှစ်ဝမ်းကွဲ အောင်မြင့်လည်း ဖိုးနဲ့ ဘဝဆုံးရှာကြပေါ့။ သူဌေး ဖြစ်ချင်လို့ ဖားကန့်တက် လာကြ။သူဌေးကား မဖြစ်ပါပဲ မူးယစ်ဆေးသားကောင်ဖြစ်ပြီး အသက်ဆုံးသွားကြသောသူတို့ကား ဘယ်နှစ်ယောက်များ ရှိသွားချေပြီ မသိချေတကား။
 
ဘုံဘဝမှာ ကြုံရပါ (၁၂)
 
၁၉၉၂နှောင်းပိုင်း ၁၉၉၃ နှစ်ဦးပိုင်း လောက်ကပေါ့လေ။ကျုပ်လည်း တက္ကသိုလ်တက်ဖို့ ကျောင်းစားရိတ် ကလေးရဖို့ လုံးခင်းနဲ့ ဖားကန့် ပြေးတဲ့ စက်ျလှပေါ်မှာ စက်လှေ စပယ်ယာလုပ်ပြီး ရှာဖွေနေရတဲ့ အချိန်အခါသမယပေါ့။လက်သမားတစ်နေကုန်လုပ်မှာ ၁၅၀ ပဲရတဲ့အချိန် စက်လှေပေါ်လိုက်တော့ ဖားကန့် လုံးခင်းအသွားအပြန်တစ်ခေါက်သွား
ရင် ၂၀၀ ရတယ်။ကျုပ်နဲ့ လှေမောင်း တဲ့ ကုလားခေါ်တဲ့ သန်းထွန်းဆိုတဲ့ ပိုင်ရှင်သမက်ကလည်း အတွဲက ညီတော့ တစ်ရက် ၂ခေါက်အနည်း ဆုံးရတော့ ကျုပ်အတွက် လက်သမား လုပ်တာထက် ပိုကိုက်သပေါ့လေ။ကျုပ် တက္ကသိုလ်သာ လာခဲ့ရတာ ငါရှာခဲ့တဲ့ငွေက လောက်မှလောက် ပါ့မလား။တိုးလိုတန်းလန်းနဲ့ပဲ ပြန်ပြေးရလေမလားနဲ့ တွေးပူနေရ သကိုး။တက္ကသိုလ်ဘဝ ကောင်း ကောင်းမပျော်နိုင်ပါဘူး။ ကြားထဲမှာ
ငွေပြတ်သွားရင် ဘယ်သူ့ဆီကမှ အကူအညီတောင်းမရနဲ့ ကျုပ်မှာလည်း စိတ်တထင့်ထင့်နဲ့ တက်ခဲ့ရရဲ့။ပထမနှစ်ပြီးတော့ စာရင်းပေါင်းကြည့်မှ ကျုပ် ကျောင်း စားရိတ် ၈၀၀၀ ပဲကုန်သကိုး။ အဲသည်ကျမှ သည်ငွေလောက်တော့ ဖားကန့်မှာ ငါရှာလို့ရတာပဲ ဆိုပြီး စိတ်အမောသက်သာရတော့တယ်။
အဲသည် လုံးခင်းက စက်လှေပေါ်လုပ်နေတော့ တစ်ရက်မှာ ကျုပ်နေတဲ့အိမ်က ဂျစ်ကားက စစ်တပ်က ချောဆွဲလေရော။လုံးခင်းမှာ အဲသည်တုန်းက ကားကလည်း လက်ချိုးရေလို့ရတဲ့အချိန်ကိုး။ဗျူဟာမှူးရှေ့တန်းလာစစ်မှာမို့ ဟတ်စကီး ဆင်းရင် ဗျူဟာမှူး နဲ့ လိုအပ်ရင် လိုက်ပေးဖို့ရာတဲ့ဗျ။ဂျစ်ကားမောင်းတဲ့သမက်အငယ်ကောင် မောင်နိုင် ကလည်း ငါ့ကားစပယ်ယာမရှိဘူး။ မင်းလိုက်ခဲ့ဦးကွ ဆိုလို့ ကျုပ်လည်း စက်လှေစပယ်ယာဘဝက ခနတဖြုတ် စုတေပြီး ဂျစ်ကားစပယ်ယာဘဝကို တစ်ခနတာ ပြေားင်းခဲ့ရသကိုး။ ဟတ်စကီးက လုံးခင်းကျောက်စိမ်း ရုံးနားက ရှေ့တန်တပ်ရင်း တောင် ကုန်းအခြေက စာသင်ကျောင်းဝင်း
ထဲ ဆင်းလာတယ်။ကျုပ်တို့လည်း ဂျစ်ကားပေါ်ကို ဟတ်စကီးပေါ်က ပါလာတဲ့ အထုတ်တွေအပိုးတွေ လက်ဆောင်ထုပ်တွေ တင်ပြီး သူတို့ခိုင်းတဲ့နေရာတွေ လိုက်ပို့ ပေးရသပေါ့လေ။မောင်နိုင်က အထုပ်ထဲကပါလာတဲ့ အသီးတွေ မုန့်ထုပ်တွေ နှိုက်ပြီး သူ့ တူးဘောက်ထဲ ထည့်တယ်။ငါတို့ ကားခက တစ်ပြားမှမရဘူးကွ။ အလကားလိုက်ရတာ။ဘာမှ မရတဲ့အတူတူ ရတာယူထားမယ်ကွတဲ့။ကျုပ်ကိုလည်း မင်းစားချင်တာ ယူထားတဲ့။ကျုပ်လည်း ပန်းသီး နှစ် လုံးသုံးလုံးလောက် ကောက်နှိုက်ထား ရတယ်။အဲသည်ခေတ်က အထမ်း အပိုးနဲ့ သွားရတဲ့ခေတ်ဆိုတော့ အစားအသောက်ကလည်း ဈေးက အင်မတန်ကြီးသကိုး။
အဲသည်လို ဟတ်စကီးလည်း ဆင်းပြီးရော ရှေ့တန်းက တာဝန်ခံ ဗိုလ်မှူးနဲ့ လေယာဉ်မှူးတို့ ပါတဲ့ပစ္စည်းစာရင်းအပ်ကြတယ်။ပြီးတော့ တာဝန်ခံ ဗိုလ်မှူးကို လေယာဉ်မှူးက ယောဉ်ဆီနှစ်ပေပါတောင်းတယ်။ကျုပ်ကတော့ ဟတ်စကီးထဲ ထည်မလို့ လား အောက်မေ့ပါတယ်။ ဘယ်ဟုတ်ပါ့မလဲကွယ်။မြို့ထဲက လောပန်းဆီ နှစ်ပေပါစလုံး ရောင်းစားသွားသဟဲ့။လောပန်းနဲ့ သူ့အဖွဲ့ကလည်း ယူလာတဲ့ ဂျစ်ကား ပေါ်တင်ပြီး မောင်းထွက်သွားလေရော။
ကျုပ်လည်း စိတ်မချမ်းမသာနဲ့ တိုင်းပြည်ဘဏ္ဍာတွေ သွားရှာပါပေါ့ လားဟဲ့ အိပ်ကပ်ထဲ လို့ တွေးပြီး စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့ရသပေါ့လေ။
ကြုံပလေ ဘုံဗွေပေါ့လေ။သခင်တင်မြစကား ငှားသုံးရရင်ဖြင့် ဘုံဘဝမှာ ကြုံရပါ ပေါ့လေ။
 
ဘုံဘဝမှာ ကြုံရပါ (၁၃)
 
လွမ်းမိပါ၏ နောင်ကိုက်တော်
ကိုးတန်းအေင်သော် ဆယ်တန်း ကျောင်းလခ တစ်လ ၂၅ ကျပ် ပေးရ မည်ဖြစ်၍ ရွှေကျင်လိုက် သွားရာ ငှက်ဖျားနှိပ်စက်သဖြင့် ဆေးရုံ နှစ်ခါ ပြန်တက်ရ၏။ ကျောင်းတွေဖွင့် နေသော်လည်း ဆေးရုံက မဆင်းရ သေး။ ထိုနှစ်က ကျောင်းနှစ်လကျော် နောက်ကျမှ တက်ရ၏။ ဆယ်တန်း လည်းကျလေ၏။နောက်တစ်နှစ်ပြန် တက်စတွင် အရေး အခင်းဖြစ်သဖြင့် ကျောင်းအားလုံး တစ်နှစ်ကျော် ပိတ်ခံရပြန်၏။သို့နှင့် ကျနုပ်လည်း မိုးကောင်းမြို့သို့ စတင်ရောက်ရှိ သွားတော့သည်။မိုးကောင်းရောက်သော် အစ၌ ဈေးကုန်းရပ်၌ နေရ၏။ နောက်ပိုင်းတွင် နောင်ကိုက်တော် ရပ်ကွက် ဦးခင်အောင်+ဒေါ်ထွေးကြည် တို့ အိမ်မှာ အိမ်စောင့်ရင်း နေရ၏။ မိုးကောင်းမြို့ နေခဲ့ရသည့် လေးငါးနှစ်ကာလတွင် နောင်ကိုက်တော်၌ သာ နေထိုင်ခဲ့ရသည်။
ကျနုပ်ကား တန့်ဆည်မှာ မွေးသော် ငြားလည်း မိုးကောင်းမှာ ကြီးပြင်း ရသည်ဟု ဆိုရချေမည်။ မိုးကောင်း တစ်မြို့လုံး လှည့်ပတ်၍ လက်သမား လုပ်ခဲ့ရ၏။ကျနုပ်မှာ အလုပ်မခိုကပ် သဖြင့် အိမ်ရှင်တိုင်းက သဘောကျ ကြ၏။အိမ်ရှင်များ သဘောကျသော် လည်း ပတ်ဝန်းကျင်ကား အတော် နားငြီးပေမည်။တွံ့တေးသိန်းတန် သီချင်းကို ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဆိုတတ်သောကြောင့်တည်း။
သို့ကလို မိုးကောင်း၌ လက်သမား နှစ်ရှည်လများ လုပ်သော်ငြား ပိုက်ဆံက မစုမိချေ။ မိုးကောင်း စရောက်ရောက်ချင်း တစ်ရက် ၁၂ ကျပ်ရ၏။မိုးကောင်းနောက်ဆုံးအချိန်တွင် တစ်ရက် ၈၅ကျပ်ရ၏။ နောက်ဆုံး မိုးကောင်း၌ ဆက်နေလျင် ကျနုပ် တက်ချင်သည့် တက္ကသိုလ် တက်နိုင်ဖို့ လမ်းမမြင်သဖြင့် ဖားကန့် သို့ ဒုတိယ အကြိမ် ထွက်သွားရ ချေတော့သည်။ ဤအကြိမ်သည် အတော်ဆိုး၏။ ပိုက်ဆံလမ်းစားရိတ် မရှိသဖြင့် မိုးကောင်းကနေ ဖားကန့်ထိ ခြေလျင် လျောက်ခဲ့ရ၏။လမ်းတွင် သုံးည အိပ်ရ၏။ထိုအချိန်မှစ၍ မိုးကောင်း သည် ဖြတ်သွားဖြတ်လာ သာ ရှိတော့၏။
လွမ်းမိပါ၏ ယဉ်စီနီမာရုံ။ဖူးချင်ပါသေးသည် ရွှေသာလျောင်း ဘုရား။သတိယနေပါသည် ဈေးကုန်းရပ်က ဂရိတ်စာပေ။ မြင်ယောင်မိပါသေးသည် ကျွန်းတော တံတားပေါ်က ဂျပန်ခေတ်က စက်သေနတ် ကျည်ဆံ ရာများ။နန့်ရင်းရပ် အရှေ့ရပ်။ရွာသစ် ဖိုးချစ်ကုန်း နတ်ကြီးကုန်း အိုးကုန်း။
ဘူတာရွာနားက တံတား ကေအိုင်အေ မိုင်းလာခွဲတာလည်း မှတ်မိပါသေး၏။ ဈေးကုန်းရပ်က ဗွီဒီယိုမှာ ပျဉ်မငုတ်တို ဇာတ်လမ်းလေး ကြည့်ကောင်းနေ တုန်း ပေါ်တဆွဲလို့ ထွက်ပြေးခဲ့တော့ နောင်ကိုက်တော်ကို ဘယ်လိုပြန် ရောက်လာမှန်းတောင် မသိ ခွေးပြေး ဝက်ပြေး ပြေးခဲ့ ရတာ လည်း သတိယမိပါ၏။အိမ်ရောက်တော့ မျှော့ အကောင် သုံးလေးဆယ် တွယ်လာ တာကိုလည်း သတိယမိပါ၏။ တစ်နှစ်မှ တစ်ခါတက်ရသည့် ဝေပုလ္လ တောင်ကိုလည်း သတိယပါ၏။ နန့်ရင်းချောင်း မိုးကောင်းချောင်းကို သတိယမိ၏။
တက္ကသိုလ်တက်ဖို့ လျောက်လွှ့ာတင် ရန် ဖားန့်မှ ပြန်အလာ ယောက်ဖ လုပ်သူက သူ့အကြွေး ၁၉၀၀ မပေးသဖြင့် ရဲတိုင်တောင်းရာ ရထားထွက်ခါနီး ရဲနှစ်ယောက်လာပြီး လက်မှတ်ထိုးပေးခဲ့ရတာလည်း နာကျည်းစွာ သတိယမိပါ၏။ဘဝ၏ အရသာသည်ကား ခါးသီးလှချေ တကား။ကျနုပ်နှင့် လုပ်ခတူသူ အင်ပင်အိုင်ရွာမှ ဝင်းမြင့်နှင့် လုပ်အားခ ၈၅ ကျပ်ခြင်း တူသော်ငြားလည်း ကျနုပ် ၄ခုပြီးမှ သူ တစ်ခုတောင် မပြီးသေးတာလည်း သတိယမိပါ၏။ဤမျှလောက် လုပ်ကိုင်ပေးခဲ့ရသည်ကို မထောက်။ ထိုပုဂ္ဂိုလ်ထက် တစ်ရက် ၅ကျပ်မျှ ပိုပေးဦးတော့ သူ့ငွေ ၁၉၀၀ သည် ၃နှစ်ကျော် ရွာမပြန်ပဲ မခိုမကပ် လုပ်ပေးရသည်နှင့် စာသော် ဘာမျှ ပြောပလောက်သည်မဟုတ်ချေ။သို့နှင့် ကျနုပ်လည်း ထိုစဉ်က အိပ်ကပ်ထဲ ၃၀၀၀၀ ကျော်ရှိသည်ကို မပေးခဲ့ချေ။
သို့ဖြစ်၍ ရဲတိုင်တောင်းခံရသည်။
ဦးခင်အောင် ဒေါ်ထွေးကြည်မိသားစု ကိုလည်း သတိယပါ၏။ဦးလှရွှေ ဒေါ်ချစ်ပု ကျော်မိုးထက် အားမီးတို့ မိသားစုကိုလည်း သတိယပါ၏။ အန်တီညွန့် မဖြူပြာ တို့ကိုလည်း သတိယပါ၏။
ဘာပဲပြောပြောလေ ခဏတဖြုတ် ခိုလှုံခွင့် ပေးခဲ့တဲ့ မိုးကောင်းကို ကျေးဇူးတင်၏။ပြန်ရောက်ဖို့ကား အိပ်မက်ပမာမျှသာ။
 
ဘုံဘဝမှာ ကြုံရပါ (၁၄)
 
လာမည့်စနေနေ့တွင် ရွာက သင်္ချိုင်းကုန်းကို သစ်မခုတ်
တောသို့ ပြောင်းရွှေ့ကြမည် ဟု အကိုဖြစ်သူက ဖုန်းဆက်လာ သည်။မင်းစိုက်ထားတဲ့အပင်တွေ ကတော့ စိန်ပန်းပင်တစ်ပင်ပဲ လမ်းနယ်ထဲ ကျန်ရစ်မည်။ကျန်အပင်တွေကတော့ မလွတ်ဘူးတဲ့ ။မြေအလဲအထပ်လုပ်တော့ သင်္ချိုင်ကုန်းက ယာကွက်ဖြစ်သွားပြီး စိုက်ထားတဲ့အပင်တွေ ခုတ်ပစ်ပေတော့မည်။ကျနုပ်အပင်တွေကိုတော့ နှမြောမိ၏။
သင်ချိုင်သုသန် ပြောင်းမည်ဆိုတော့ စိုရိမ်မိသည်။စိုးရိမ်သည်က တစ်ခြားမဟုတ် ဂျေမ သန်းထွန်း ဟန်သောင်း စတဲ့ ဘလွတ် ရွှတ်တ ပြောတတ်သည့် သူများ ပါမည်ကို စိုးရိမ်သည်။သူသန်ပြောင်းလျင် နာနာဘာဝ ဖုတ်တစ္ဆေများကိုပါ ပြောင်းခိုင်း ရသည် ဆို၏။အဆိုပါ နာနာဘာဝများကို ရွှတ်တီးရွှတ်နောက် သွားမစကြစေချင်။
ဒုတိယနှစ်စာမေးပွဲဖြေပြီးတော့ ပထမနှစ်ဂုဏ်ထူးတန်း တက်ဖို့ ကျောင်းစားရိတ်ရှာရန် ရွာကိုမပြန်နိုင်တော့ပဲ မန္တလေးကနေ ရိုးရိုးတန်းကနေ အထူးအမြန်ရထား စိးပြီး မိုးကောင်းကိုလာ ခဲ့ရ သည်။စတိုင်ပင်ရတဲ့ငွေကလေးထုတ်ပြီး လမ်းစားရိတ်လုပ်လာ ရသဖြင့် အထက်တန်းလည်း ရောင်လို့မျှမလှည့်နိုင်။မိုးကောင်းကနေ ကားမိုင်းကို ကားစီးပြီး ကားမိုင်းကနေ ဖားကန့်ကို ခြေတိုအောင် လျောက်ရတောသည်။ဖားကန့်ရောက်တော့ မရှီကထောင်ရှိ အမများရှိရာအသွား ဦးလေးဖြစ်သူ ဦးသန်းအောင် လက်သမားလုပ်နေသည့် အိမ်ဘေးက ဖြတ်သွားရသည်။သူကား အမေ့မောင် တစ်ဝမ်းကွဲပင်။ငါ့တူ လက်သမား လုပ်မှာဆို ဦးလေးဆီ ၀င်လုပ်စမ်းပါ ဦးလေး လူလိုနေလို့တဲ့။ဦးလေး ကျုပ်က သုံးလလောက်အချိန်ရတာ သုံးလလုံ့း အလုပ်မပြတ်ရင် လုပ်မယ် ဆိုပြီး ရောက်ရောက်ချင်း သူတို့ အလုပ်လုပ်နေတဲ့ ပြည်တိုင်းကျော် လဘက်ရည်ဆိုင်အသစ် ဆောက်ရာကို ၀င်လုပ်ရတော့သည်။
ဦးလေးမှာ အလုပ်ကလည်း အဆင်ပြေတော့ ဂျစ်ကားလေးတစ်စီး ထောင်ထားပြီး လိုင်းပြေးနေသေးသည်။ကားဆရာက ကိုတူး။စပယ်ယာက သူ့တို့ ကန်ကလေးကုန်းရွာသား မမဲညိုသား တင်ထွန်း။ဘယ်တော့မှ စကား အတည်မပြောချေ။ပြောင်ဖို့ ပျက်ဖို့သာ နားလည်၏။ခြေလက်ကလည်း ဘယ်တော့မှ အငြိမ်မနေ။ကမြင်းလွန်း လှသည်။မျောက်နှင့်စပ်မွေးလေရော့သဘား အသိ။ကျနုပ်တို့မှာ ဖားကန့်ဘက် လက်သမားလုပ်လျင် မရှီကထောင်ဘက်ကို ဦးလေးပိုင် လှေကလေးလှော်ပြီး ကူးရသည်။မြစ်ရိုးဘက်မှ
အကိုကြီးတစ်ယောက် သင်ပေးသဖြင့် ကျနုပ်လည်း ထိုအခါ
ကြမှ လှေလှော်တတ်တော့သည်။အဆိုပါ တင်ထွန်းမှာ လှေပေါ်ရောက်လျင် လှေကို လူးအောင် ကမြင်းသည်။သို့နှင့် ကျနုပ်မှာ သူ့ကို အမြဲတန်း လှေပေါ်မှ မောင်းချခဲ့ရသည်။
တစ်နေ့တွင် ကျနုပ် လောပန်းတစ်ဦးအိမ်ဆောက်ရာမှ ရေခဲရေနှင့် ဘာသွားစားမိသည်မသိ။သွေးဝမ်းကိုက်တော့သည်။အဆိုပါရောဂါကား အင်မတန်ဆိုးသည်။ဝမ်းသွားလျင် သွေးပါလာသည်။အခု အိမ်သာကထွက် အခုပြန်ဝင်ပြေးရပြန်သည်။သို့နှင့် အဆိုပါ တင်ထွန်းက ဘိန်းခန်းသိသည်ဆိုသဖြင့် ဘိန်းနည်းနည်း ၀ယ်ပေးရန် ပိုက်ဆံ၂၀၀ပေးလိုက်သည်။ခနနေတော့ ဘိန်းခန်းက ယူဘာသည်ဆိုသော အလုံးအား ကျနုပ်အား ပေးသည်။သို့နှင့် ကြက်သွန်ဖြူဥထဲ အဲုဒါလေးနည်းနည်းထည့် မီးကင်ပြီး မျိုချလိုက်သည်။သွေးဝမ်းကား မရပ်။သေချာပြီ။သည်ကောင် ပေးလိုက်တဲ့ ပိုက်ဆံ ဂျင်ထိုးပြီး မဟုတ်ကဟုတ်ကတွေ ယူလာပြီး ပေးသည်။နေ့လည်ပိုင်းမှ အိမ်ရှင်လောပန်းမှ ဟို အလုပ်မြန်မြန် သွက်သွက်လုပ်တတ်တဲ့ကောင်လေးက ဘာလို့ မလာတာလဲ မေးမြန်းရာမှ သိသွားပြီး သူရူနေသည့် ဘိန်းနည်းနည်းပေးပြီး ကြက်သွန်ဖြူဥနဲ့ စားခိုင်းသည်။ထိုအခါကြမှ သွေးဝမ်းလည်း ရပ်ချေတော့သည်။
သို့ကလို လက်သမားလုပ်နေရာ နှစ်လခန့်ကြာသော် ဦးလေးနှင့် သူ့လက်ထောက်က ရွာခန ပြန်သွားကြသည်လက်သမားအဖွဲ့၌ လူကြီးဆို၍ ကျနုပ်သာ ရှိတော့သည်။တစ်နေ့တွင် ဦးလေး၏ ဂျစ်ကားအား ဆန်းကြွယ်ရွာမှ သင်းချိုင်ပြောင်းရန်အတွက် ချောခေါ်သွားသည်။သင်းချိုင်းကုန်းရောက်တော့ အနှီမောင်တင်ထွန်းက ဘလွတ်ရွှတ်တ လျောက်ပြောသည်။
ဟိုကောင်တွေက ကားနောက်ကတက် ဟိုကောင်တွေက ဟိုဘက်နည်းနည်း တိုးကြ။ဟိုတစ်နေ့ကမှ သေတဲ့ ဟိုဆရာမကလေးက ငါ့ဘေး ရှေ့ခန်းလာ ထိုင် ဆိုပြီး လျှောက်ပြောခဲ့သည် ဆို၏။သို့ကလို သင်းချိုင်းကုန်း ရွှေ့ပြီးသော် ကားဆရာမောင်တူးနှင် စပယ်ယာ အနှီမောင်တင်ထွန်းတို့ နေ၀င်ပြီးစ ပြန်ရောက်လာကြသည်။သူတို့ရောက်ပြီး ဘာမကြာပင် အနှီ မောင်တင်ထွန်းက ထဖောက်တော့သည်။
ဟာ ကယ်ကြပါဦး ဖြူဖြူကြီး ငါ့ဆီလာနေပြီ။ဟာ လုပ်ကြပါဥိးနှင် ပြောင်းဆန်နေတော့သည်။ခက်ချေပြီ။ကျနုပ်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။သူ့ကိုသာ ချုပ်ကိုင် ဖိထားရသည်။ကြာလျင် မဖြစ်ချေဘူး ဆိုပြီး ကျနုပ်လည်း လက်သမားလုပ်သည့်အိမ်က ပြည်တိုင်းကျော် လဘက်ရည်ဆိုင်ပိုင်ရှင် ဦးအောင်လှိုင်ဆီ တန်းပြေးရသည်။သူကား ဘုန်းကြီးလူထွက် ဗေဒင်ယကြာနိုင်သည်။သူ့ဆီရောက်တော့ ဆရာကြိး အဲသည်လိုဖြစ်နေတယ် ကယ်ပါဥိး ဆိုတော့ ရေမန်းကလေးနဲ့ ပရိတ်ကြိုးကလေး ပေးလိုက်သည်။ကျနုပ်လည်း မောင်တင်ထွန်းရှိရာ အမြန်ပြန်ပြေးပြီး ရေမန်းနှင် ဖြန်း ရေမန်းတိုက် ပရိတ်ကြိုး စွပ်ပေးလိုက်မှ အနှိမောင်တင်ထွန်း ငြိမ်သွားတော့သည်။ဤကား သင်းချိုင်းပြောင်းရွှေ့သည့်အခါက ကြုံတွေ့ခဲ့ရသည့် ကျနုပ်၏ ကိုယ်တွေ့ပင်။
ရွာသူရွာသားများ စည်းမဖောက်ကြစေချင်။ဘလွတ်ရွှတ်တ နောက်ပြောင်မပြောကြစေချင်။

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၇)

 

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၇)
 
ဇမ္ဗူတစ်ခွင် လောကတစ်ဝှန်းလုံးကိုကွယ်
အပူအပင် သောကတွေ လွှမ်းဖုံးစေတဲ့
ကာလနာ အယုတ်တမ ကပ်ဘေးက
ကမ္ဘာ့ရွာကို ဒုက္ခ မပြတ်ပေးနေတော့သပါ့
ကိုမင်းရာရယ်
မသတီစရာ အသွင်နဲ့ အတိုင်းတိုင်းကို ပတ်နေတဲ့
သည်မသာဘုရင်ဗိုင်းရပ်က
ပြည်မြန်မာတစ်ခွင်ကို အပိုင်းပိုင်းပြတ်အောင်
ဝိုင်းသတ်နေသလား မသိပါဘူး ကိုမင်းရာရယ်
ပထမလှိုင်းက တခဏသာ ရိုင်းပေမယ့်
ဒုတိယလှိုင်းကြတော့
ကုကြည့်ရမယ့် လူနာတွေကလည်း တဒိုင်းဒိုင်းး
စုတိကျတဲ့သူတွေကလည်း တဗိုင်းဗိုင်းနဲ့ တက်လာပြန်
လက်ဗလာသာကျန်တော့တဲ့ ကျုပ်တို့ပြည်သူတွေလည်း
စုမိသမျှ ၀ိုင်းစားပြီး အနေဆိုးပြန်ရတဲ့အထဲ
တစ်မျိုးအကြံအဖန်နဲ့ အရိုးခံပြည်သူတွေကို
အတွင်းတိမ် ကျပြီး မမြင်တဲ့
ရသမျှ သွတ်ထားတဲ့
မဘသ ဖွတ်တွေက
အင်းစိန်ရမ ဆိုတဲ့
သမုတိမှိုင်းနဲ့ တိုက်လာပြန်သကိုး ကိုမင်းရာရဲ့
ကျုပ်တို့ ခင်များတို့ ဘ၀လည်း
စားဖို့ကလည်းအနိုင်နိုင်
ရောဂါဖြစ်လာရင် ဆေးဖိုးမပြောနှင့်
ဈေးဘိုးတောင်မှ အနိုင်နိုင်နိုင်နဲ့
အခြေအနေ ဆိုးဝါးပြီး ငရဲဝိုင်းနေရတဲ့အထဲ
ဟို မအေယိုးသားတွေရဲ့ မဲမှိုင်းက တမှောင့်ပါ့ ကိုမင်းရာရယ်။
ပါတီတွေ ဗလပွထောင်ပြီး
ဖွတ်သူခိုးဘုရင်တွေကို
ဘယ်လိုပင် ဇွတ်ထိုးကာတင်ပြီး ပွဲထုတ်ထုတ်
ယုတ်သမျှ ယုတ် အယုတ်ဆုံး
ပြုတ်ပြုတ်ပြုန်း နဲ့ပဲ ပွဲထုတ်ထုတ်
အတွင်းမှာ မသတီစရာတွေနဲ့ ပြည့်နေတဲ့
နှင်းဆီ နှင်းဆီနဲ့
တစ်မျိုးအသွင်နဲ့ မဲရှုပ်အောင်
ဖိုးဘုရင်နဲ့ပဲ ပွဲထုတ်ထုတ်
၃၄ပါတီမကလို့
နင်တို့်အဘ မအေယိုးပါ ခေါ်ပြီး ပွဲထုတ်ထုတ်
ငါတို့ပြည်သူက မကြည်ဖြူသမျှတော့
ဲမဲကတော့ မရှုပ်ဘူးဟေ့
ဒင်းတို့တစ်တွေ ယပြဲစုပ်ဖို့သာ ကြံကြတော့ဟဲ့။
ကျုပ်တို့ပြည်သူအများကလည်း
နောက်တစ်ခါ ငရဲမလားရအောင်
အသဲကြားက မဲတစ်ပြားကို
လဗြဲစားတွေကိုများ လွဲမှားလို့များ မပေးလိုက်ကြနဲ့ဟဲ့
အရေးမခိုက်သမို့ နောက်တစ်ဖန် တစ်ယောက်မကျန်
မွဲသွားပြန်ဦးမယ်ဟဲ့နော်လို့
ကိုမင်းရာရေ သတိလေးတော့ ပေးကြပါဦးစို့ရဲ့။
ပြည်မြန်မာ တန်ခိုး
သည်ကမ္ဘာမှာ တိုးပွားလာစေဖိုး
အမျိုးသားတို့ရေ
သည်တစ်ခါ ညီညာကာ
ကြိုးစားလိုက်ကြပါဦးစို့
တိုင်းမြန်ပြည်အရေး
ဝိုင်းကြံစည်ကာ ဖေးလိုက်ကြပါစို့
အမေစုမျက်နှာလန်းစေဖို့
သပြေနုနဲ့ မေတ္တာဖြန်းပက်ပြီး
အသဲကြားက မဲပြားတွေကို
မကွဲမပြားစေပဲ
မိဘတို့ရဲ့
ရှိသမျှမဲ
သတိတယနဲ့သာ အားခဲပြီး
အမေစုအထဲသာ
ဝေစုတွေစွဲကာ တအားနွှဲပြီး ထည့်လိုက်ကြပါစို့ရဲ့လို့
မှိုင်းဆရာသခင်
တိုင်းမန္တလာတစ်ခွင်ကနေ
ချစ်သဒ္ဒါတရားနဲ့ မေတ္တာစကား
ပါးလိုက်ရပါသည် ကိုမင်းရာရေ။

ဘုံဘ၀မှာ ကြုံရပါ(၁၆)

 

ဘုံဘ၀မှာ ကြုံရပါ(၁၆)
 
သိက္ခာနှင့် မလဲခဲ့သည့် ထိုတစ်ကျပ်။
ထို့အတွက်တော့ ဘ၀မှာ စိတ်ထဲတွင် သန့်စင်နေသည်။
အချိန်က ၁၉၉၁ နှစ်ဦးပိုင်းကာလ။
ဆရာမှိုင်းတစ်ယောက် ဖားကန့်ကြီးမှော်ထဲ ခေါက်စားထမ်းပြီး ဘ၀တစ်ကွေ့ကို ဖြတ်သန်းနေရတဲ့အချိန်။
ထိုစဉ်က ကျောက်တူးကြသည်ဆိုသည်က တစ်လံလောက်ရှည်သည့် သံတိုင်ကြီးများက လက်ကကိုင်၍ လက်နှင့်တူးနေကြရသည့်အချိန်။
မှော်က မှော်ကလုံ
လောပန်းက ဦးဖိုးရုံ
စားရတော့ ရွှေဖရုံ။
အကြံကုန်ရင် သံတိုင်ရောင်း
ဆန်ကုန်တော့ လောပန်းပြောင်း ဆိုသည့် အချိန်။
ကျင်းသားတွေက သူတို့ဘ၀တွေကို သို့ကလို စာစပ်ထားကြသည်။
ဖားကန်တစ်ခွင် ကြည့်လေရာရာ စိမ်းစိုနေသေးသည့်အချိန်။ ဘယ်သဘာဝပတ်ဝန်းကိင်မှ ပြောသလောက် မထိခိုက်သေးချေ။ ကြည့်လေရာရာ ပြာမှိုင်းသော တောင်တန်းကြီးများက သဘာဝအလှတရားကို ဖန်တီးပေးနေသယောင်။ သို့သော် အနယ်နယ်အရပ်ရပ်က စီးပွားလာရှာသူတွေ များပြားလာသဖြင့်
သစ်တောဝါးတော ပြုန်းတီးမှု အနည်းငယ်တော့ ရှိပေလိမ့်မည်။ တောင်တန်းတောင်ကုန်းတွေကတော့ တစ်ခုမှ မပြုန်းတီးသေးချေ ။ လက်နှင့်တူးကြရသည်ဖြစ်ရာ တောင်ကုန်းကြီးတွေကို မတူးနိုင်။ မြေပြန့်ကြသော နေရာများကိုသာ တူးနေကြရသည်။
ဖားကန့်ကြီးမှော်ဆိုသည်ကား ဖားကန့်နှင့် မျက်နှာချင်းဆိုင်ရှိ ဥရုချောင်းတစ်ဘက်ကမ်း မရှိကထောင်ရွာ၏ အနောက်ဘက်ကပ်လျက်က တောင်ကုန်းအမြင့်ကြီး၏ အနောက်ဘက်ကို ခေါ်သည်။ အဆိုပါတောင်ကုန်းကြီးနှင့် ဥရုမြစ်ဘေး ကြားထဲရှိ ရွာငယ်တစ်ရွာစာလောက်ရှိသည့် နေရာကို ဖားကန့်ကြီးမှော်ဟု ခေါ်ကြသည်။
အဆိုပါ ဖားကန့်ကြီးမှော်၏ အရှေ့ဘက်ခြမ်း တောင်စောင်းတွင်ကား ခေါက်စားတဲကလေးများ ပြည့်ညပ်နေသည်။ ခေါက်စားတဲဆို၍ တဲအကြီးကြီးများဟု မထင်လိုက်ပါနှင့်။ တိုင်လေးတိုင်ကို စိုက်ပြီး ရုန်းရွက်မိုး သို့မဟုတ် ပလပ်စတစ်မိုးပြီး ပီနန်အိတ် ၊ ဂုံနီအိတ် သို့မဟုတ် သစ်သီးသစ်ရွက်ထည့်သည့် အိတ်များဖြင့် ကာရံထားကြသည့် တဲကလေးတွေသာ။ အနယ်နယ်အရပ်ရပ်မှ စီးပွားလာရှာကြရာ ဘ၀တွေကို ဖြစ်သလို ရုန်းကန်နေကြရခြင်းပင်။ အဆိုပါ ခေါက်စားတဲများ၏ အနောက်ဘက်နားတွင်တော့ မောင်ကျော်ဘ၏ ကျင်းသားများနေသည့် တဲကြီး။ သံဆူးကြိုးတွေ ကာထားသည်။ စလောင်းတီဗွီနှင့် စည်းစိမ်အပြည့်။ ခေါက်စားသမားများ အခြားကျင်းသားတဲများနှင့်ကတော ငရဲပြည်နှင့် နတ်ပြည်။ ကွာချင်တိုင်း ကွာလှသည်။ အနှီမောင်ကျော်ဘကား ထိုအချိန်က မြစ်ကြီးနား မြောက်ပိုင်းတိုင်း တိုင်းမှူးဘ၀ကိုး။ ဖားကန့်ကြီးမှော်၏ အကောင်းဆုံးနေရာကို မောင်ကျော်ဘက အပိုင်သိမ်းထားခြင်းပင်။
ကျနုပ်ကား အနှီကျော်ဘကျင်းသားတဲ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ကျင်းသားတဲတစ်ခု၏ ဘေးနားတွင် တဲကလေးထိုးကား ခေါက်စားထမ်းနေရသည်။ လေးတိုင်စင်တဲကလေးကို
ပလပ်စတစ်၊ဂုံနီအိတ်တွေကာထားရတယ်။ အိပ်ရတာက သိကြားမင်းရဲ့ ဗန္ဓုကမ္ဗလာမြကျောက်ဖြာပေါ် မဟုတ်။ ဆရာမှိုင်းရဲ့ ပံသုကဗလာ မြက်ချောက်ဖျာပေါ်မှာ။ မြေကြီးပေါ် မြက်ခြောက်တွေခင်းပြီးအိပ်ရရဲ့။ အဲသည်ကျင်းသားတွေတဲနားမှာ တဲဆောက်နေသဖြင့် သူတို့ကျင်းမှာ ခေါက်စားထမ်းပေးရမည်။ ဈေးနှုန်းကတော့ သိပ်မကောင်း။
ထိုအချိန်က ဖားကန့်သည် စပေါ့ချောင်းဖျား အရေးအခင်းပြီးစ ဖြစ်သဖြင့် အားလုံး ကျပ်တီးနေကြသည့်အချိန်။ ခေါက်စားထမ်းခကလည်း ဟိုဘက်နှစ်တွေကလို မရကြတော့။ ကျနုပ်ကား အဆိုပါ အကြပ်အတီးဆုံးကာလ၌ ရောက်သွားခြင်းပင်။
ခေါက်စားသမားတွေက စာချိုးထားသည်။
စားပြီးသောက်ပြီး ခြေသလုံးကြီး။
အိမ်ပြန်လက်ဆောင် မက်ကလောင်။
တစ်နေကုန် ကျောက်ကျင်းထဲ ဆင်းပြီး စောကူခေါ်သည့် ဂေါ်တောင်း နှစ်ခုထဲ မြေစာတွေ ထည့်ပြီး ထမ်းပိုနှင့် လျှိုထမ်းကာ ကျင်းထဲက တက်ပြီး တစ်ပြခွဲ နှစ်ပြလောက် ဝေးသည့် ဥရုချောင်းဘေး သွားသွန်ရသည်၊ သို့ကလို ကျောက်ကျင်းထဲ ဆင်းလိုက်တက်လိုက် အခေါက် ရှစ်ဆယ်တစ်ရာလောက် လုပ်နေရသဖြင့် အဘယ်မှာလျင် ခြေသလုံးသည် မကြီးပဲ နေနိုင်ပါချေမည်နည်း။ တစ်နေကုန် ပင်ပင်ပန်းပန်းလုပ်ရတော့ ညောင်းညာကိုက်ခဲလာသည်။ အရေးပေါ် ဆေးဝါးကတော့ နို့ဆီဗူးဖင်နှင့် ဂုတ်တွေ လက်မောင်းတွေကို ဖြစ်ရသည့် မက်ကလောင် ခြစ်ခြင်းသာ။ တစ်ခါတစ်လေ လက်မနှင့် လက်ညှိုးဖြင့် ညှပ်ကာ လည်ပင်းကို ဆွဲရသည်လည်း ရှိသေးသည်။ သို့ကလို လုပ်လိုက်မှ ပေါ့ပါးလာသည်။ ဆရာမှိုင်းလည်း မက်ကလောင် အခြစ်ခံခဲ့ရသည်မှာ အခေါက်ပေါင်း မည်ရွေ့မည်မျှ ရှိသည်ကိုပင် မမှတ်မိတော့ချေ။
သို့ကလို ခေါက်စားထမ်းကြတော့ ကျနုပ်နှင့်အတူ ကန်ကလေးကုန်းက ဦးဒေါန ကိုတင်သိန်းနှင့် ကျနုပ်နှင့် ဆယ်တန်းအတူအောင်သည့် ဖိုးမှိုင်းတို့ အတူထမ်းကြသည်။ မနက် ခေါက်စာစထမ်းမည်ဆိုလျင် ခေါက်စားစာရေးဆီမှာ အမည်စာရင်းပေးပြီး တုံကင်နံပတ်ပြားကလေး ယူရသည်။ ကျင်းထဲမှ ခေါက်စားထမ်းလာပြီး အနှီခေါက်စားစာရေးရှေ့ကဖြတ်လျင် မိမိနံပါတ်ကို အော်ပြောခဲ့ရသည်။ ကျောက်ခဲကြီးကို ထမ်းခဲ့လျင်တော့ လုံကဘာ ဟု အော်ပြောခဲ့လျင် နှစ်ခေါက်စာ ပေးသည်။ နှစ်ပြလောက်ဝေးသည့် ချောင်းဘေး သွားသွန်မှ တစ်ခေါက်လျင် တစ်ကျပ်သာရသည်။ တစ်နေကုန်တော့မှ ၁၂၀သာ ရသည်။ ဒါတောင် ကျုပ်အများဆုံး ရတာရယ်။
ညနေပိုက်ဆံထုတ်တော့ ဖိုးမှိုင်းတို့ ကိုတင်သိန်းတို့အုပ်စု တစ်ရာနီးနီးရနေသည်။ သည်လူတွေ ဘာမှလည်း အားကျိုးမာန်တက် မလုပ်ပဲ ဘယ့်နှယ်ရပါလိမ့်။ သူတို့အလွန်ဆုံး ရလှမှ ၆၀လောက် ၇၀လာက်ပေါ့။ ကျုပ်က တွေးမိသည်။ ဘယ့်နှယ် ကျုပ် သုံးခေါက်ပြန်လို့တောင် သူတို့တစ်ခေါက်မပြန်သေးပေါ့။ နောက်မှ မေးကြည့်တော့ ခေါက်စားစာရေးနှင့် ပင်းပြီး ခေါက်ရေ ခိုးသည် တဲ့။ သူတို့ရတဲ့အထဲက ခေါက်စားစာရေးကို၂၀/၂၅ ပြန်ပေးရသည်တဲ့။ မင်းလုပ်ချင်ရင် မနက်ဖန် ငါတို့ပြောပေးမယ်တဲ့။
တော်ပါ ကွယ်။ ပိုက်ဆံတစ်ကျပ်တစ်ပြားနှင့် ငါ့သိက္ခာတော့ အပဲ့မခံနိုင်ပါဘူး။ သူများဆီကငွေလည်း ငါအချောင်မရချင်ဘူး။ ငါ့လိပ်ပြာလည်း ငါမလုံဘူး။ သည်လိုမျိုလည်း ငါ လုပ်မစားချင်ဘူး။ ဘယ်တော့မှလည်း မလုပ်ဘူးကွာ ဆိုပြီး သူတို့လို လိုက်မလုပ်ခဲ့ချေ။ မင်း အတော် အတဲ့အကောင်ပဲတဲ့။ အင်း သူတို့ပြောသလို ကျုပ်ကလည်း ဘယ်နေရာဖြစ်ဖြစ် အတော် အ ခဲ့ချေသည်။ သို့သော် သို့ကလို အ ခဲ့သဖြင့် ယနေ့ထိ ကိုယ့်စိတ်ကို သံသယကင်းသည်။ ဖြူစင်သေးသည်။
ညပိုင်းတွင် ထမ်းကြပြန်တော့ ခေါက်စားသမား တစ်ရာနှစ်ရာလောက် မီးပြောင်းတွေအောက်မှာ ထမ်းကြတော့ ဦးဒေါနကြီး ဘယ့်နှယ် ငါ့ထက် ပိုက်ဆံတွေ ပိုပိုရနေပါလိမ့်။ မသင်္ကာတာနှင့် ကျုပ်က လိုက်ကြည့်တော့။
ဦးဒေါန မြေစာတွေ မသွန်ပဲ ပြန်လာပြီး ခေါက်စားစာရေးရှေ့က ပြန်ဖြတ် သူ့နံပါတ် ပြန်အော်။ အတော်ကို ဇိမ်ကျနေချေသကိုး။ သူကား မြေစာတစ်ထမ်းနှင့် ကျင်းကိုလည်းမပြန် ဥရုချောင်းထဲလည်း မသွန်ပဲ မြေစာတစ်ထမ်းနှင့်သာ ညတွက် စည်နေတော့ချေသည်။
သူတို့ဟာနှင့် သူတို့တော့ ဟုတ်နေကြသည်။ ကျုပ်ဖြင့် ကိုယ့်စိတ်ကိုယ်ကို မလုံတာ။ အ တယ်ပြောလည်း ကျုပ်
ခံရတော့မည်။
၂၀၀၇ မှာ ဟိုတယ်လောကကို ကျောခိုင်းပြီး ရွာက ယာတောထဲ စိတ်အပန်းဖြေဖို့ တစ်လလောက်သွားနေသည်။ ရွာက သူငယ်ချင်းတွေက သည်ကောင် ဟိုတယ်မန်နေဂျာလုပ်ပြီး ခိုးဖွက်လာလို့ တောထဲလာပုန်းနေသည်တဲ့။ ဟိုတယ်က ထွက်မယ်ဆိုတော့ ပိုင်ရှင်အမကြီးကို အမကြီးဆီက ကျုပ်ယူထားတာ ကြိမ်ခုံတစ်လုံးပဲ။ အဲသာ ကျုပ်က ပိုက်ဆံပေးမယ်ပြောထားပြီးသား ။ အဲသည်တစ်ခုပဲ အကြွေးရှိမယ်လို့ ပြောပြီး ဘယ်လောက်ပေးရမလဲ အမဆိုပြီး ရှင်းရတယ်။ မယူပါဘူး ဟိုအမကြီးကလဲ။ သူတို့ဟိုတယ် ကျုပ်ဘယ်လောက် လုပ်ပေးခဲ့သလဲ
သူသိတာပေါ့။ သူတို့ဟိုတယ် ကျေးဇူးရှိပါတယ် ကျုပ်မှာ။ မြေကွက်ကလေး နှစ်ကွက်ရလိုက်လို့။ မခိုးပါဘူး ငါ့လူတွေ။ ကျုပ်ဖာသာ လေယာဉ်ဘက်မှတ် သင်္ဘောလက်မှတ် ဒေါ်လာငွေလဲ ဟိုတယ်ခရီးစဉ် စီစဉ်ပြီး ရောင်းလို့ရတဲ့အမြတ်ငွေနဲ့ ၀ယ်နိုင်သာပါ။
သူများ ပစ္စည်း မတရားယူရင် တစ်မျိုးမျိုးနဲ့ ပြန်ကုန်တာဟ ဒကာကြီးရတဲ့။ တစ်ခေါက်က သကြ့င်္န်မှာ တရားထိုင် တော့ ဘုန်းကြီးတစ်ပါးနဲ့ စကားစပ်မိလို့ ဘုန်းကြီးက မိန့်တာ။ သူတို့ဆီက လူတစ်ယောက် နိုင်ငံတော်က ကျောင်းအတွက် ပေးတဲ့ငွေ ရပ်ကျေးဥက္ကဌနဲ့ ပေါင်းပြီး ဘတ်လိုက်တာ ။ သူ့သား ဆိုင်ကယ်လဲတာ ကျိုးကန်းပြီး ဘုန်းတဲ့ငွေ ကုန်ပါရောလားတဲ့။ သည်ဟာတင်ကုန်တာ မဟုတ်ဘူး ဒကာကြီးရ သည်ဟာတွေက သံသရာမှာ နောက်ကနေ တန်းလန်းလိုက်နေတာ သူတို့မသိဘူးတဲ့။
ဒကာကြီး ပြောတဲ့ ငွေတစ်ကျပ်နဲ့ သိက္ခာတော့ အကျမခံနိုင်းဘုးဆိုတာ။ အဲဒါကမှ သိက္ခာရှိသေးတာ ဒကာကြီးရ ။

ဘုံဘ၀မှာ ကြုံရပါ(၁၅)

 

ဘုံဘ၀မှာ ကြုံရပါ(၁၅)
 
၁၉၉၀ဒီဇင်္ဘာလလောက်မှာ ကိုကြီး ဖားကန့်ကြီးမှော်ထဲ ခေါက်စားထမ်းနေတုန်းကပေါ့။ ကေအိုင်အေတွေ စပေါ့ချောင်းဖျားမှာ ဖိုးရှူတဲ့သူ၊ရောင်းတဲ့သူတွေ အကုန်သတ်ပြီးစ အချိန်ဆိုတော့ ပိုက်ဆံက အတော်ရှားနေတဲ့ အချိန်ပေါ့။ကျောက်တွင်းအနစ်ကြီးထဲက မြေစာတွေသယ်ပြီး နှစ်ပြလောက်ထမ်းပို့မှ ငွေလေး တစ်ကျပ်ပဲရတယ်။ ကျောက်ခဲကြီးတွေ ထမ်းရင် လုံကဘာ လို့ အော်ပြောခဲ့ နှစ်ကျပ်ရတယ်။ ထမ်းရတာခြင်းအတူတူမို့ ကျုပ်လည်း ကျောက်တုန်းတွေ ထမ်းတာများတယ်။ တက္ကသိုလ်ကျောင်းစရိတ်ရှာရပုံများ ပြောပါတယ်။ တစ်ရက်မှ ၁၅၀ကျပ်လောက်ပဲ ရတယ်။
နေရတော့ လေးတိုင်စင်တဲကလေးထဲ ပလပ်စတစ်၊ဂုံနီအိတ်တွေကာထားရတယ်။ အိပ်ရတာက သိကြားမင်းရဲ့ ဗန္ဓုကမ္ဗလာမြကျောက်ဖြာပေါ်မဟုတ်ပဲ ဆရာမှိုင်းရဲ့ ပံသုကဗလာမြက်ခြောက်ဖျာပေါ်မှာပေါ့လေ။ မြေကြီးပေါ် မြက်တွေခင်းပြီးအိပ်ရရဲ့။
စားရတော့ ငါးစင်ရိုင်းခြောက်ကျော်နဲ့ စွန်ထန်ဟင်းရေ။ သောက်ရတဲ့ရေက လူသေကောင်၊ခွေးသေကောင်၊ အမှိုက်ပေါင်းစုံ မြောလာတဲ့ ဥရုချောင်းရေ။ ကလေးဘဝ မူလတန်းကျောင်းနားရင် အနားက ရေကန်ထဲသွားပြီး ရေသောက်ရတာတောင် အမှတ်ရသေးရဲ့။ ကန်ထဲဆင်း ကိုယ်သောက်မယ့်နားက ရေကို အမှော်ကင်းအောင် ချေးရေ သေးရေ ဟိုသွား၊ ရွှေရေ ငွေရေ ဒီလာ လို့ဆိုပြီး သောက်ခဲ့ရတယ်။ အခုလည်း ဥရုချောင်းထဲက ရေကို အဲဒီလို အော်ပြီး ခပ်သောက်ရတဲ့ကိန်းပဲ။ ချိုးတော့လည်း ဒီရေ၊ သောက်တော့လည်း ဒီရေဆိုတော့ တစ်ရက်မှာ ကျုပ် သွေးဝမ်းကိုက်ပါရောဗျ။ ဝမ်းသွားရင် သွေးတွေပါတာ။ အခု အိမ်သာထဲကထွက် အခုပြန်တက်ပြေးရနဲ့။ ဒီရောဂါကအတော်ဆိုးဗျို့။ အာဟာရကချို့တဲ့ သွေးဝမ်းက သွားဆိုတော့ လူလည်းပဲ မြော့မြော့ပဲ ကျန်တော့တယ်။
အဲဒီလို အိမ်သာထဲဝင်လိုက်ထွက်လိုက် တစ်နေကုန် လုပ်နေတာကို မောင်အိုက်ဆိုတဲ့ ကျင်းသားက မြင်တော့ သူက သိတယ်လေ။ ကျော်ငွေ ငါ့ကို ပိုက်ဆံ ၂၀၀ ပေးတဲ့။ အဲဒါ ပိုက်ဆံလေးယူပြီး သွားတယ်။ ခဏနေတော့ ပြန်လာပြီး ကြက်သွန်ဖြူ အတက်ကလေးထဲကိုသူဝယ်လာတဲ့ မီးခြစ်ဆံခေါင်းလောက် အရာလေးထည့်ပြီး မီးကင်တယ်။
ပြီးတော့ ရော့ကွ ဒါလေးမျိုလိုက်တဲ့။ သူမျိုဆိုတော့ မျိုချလိုက်တာပေါ့။ ပါးစပ်ကို ခါးကျန်ရစ်တာပဲ။ အဲဒါလည်း မျိုပြီးရော သွေးဝမ်းသွားတာလည်း ယူပစ်လိုက်သလိုပဲ ပျောက်သွားတာဗျား။ မောင်အိုက် ဘာတွေပါလို့တုန်းဟ ဆိုတော့ ဘိန်းမဲတဲ့။ ကောင်းလိုက်တဲ့ဆေးပဲ။ လူသားတွေ ဆေးဝါးအတွက်သာ သုံးရင် ကောင်းတယ်ဗျို့။ မူးယစ်ဆေးအဖြစ် သုံးနေကြလို့သာ နာမည်ပျက်နေတာ။ညပိုင်းရောက်တော့ ဗိုက်ကလည်း ဆာလာတာနဲ့ ဈေးတန်းဘက်သွားပြီး မုန့်စားတယ်။ အပြန်လမ်းမှာ မူးလာတာ။ ဟ ငါ ဘာတွေဖြစ်ကုန်ပြီလဲ။ အားပြတ်လို့ မူးလာတာလား။ ချက်ချင်းကြီးပေါ့။ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ကျောက်ကျင်းနှစ်ကျင်းကြားက ဖြတ်လာတာဆိုတော့ ကျင်းထဲပြုတ်ကြမှာစိုးလို့ လေးဘက်ထောက်သွားခဲ့ရရဲ့။ ငါ ဘာလို့များ မူးပါလိမ့်ဆိုတော့ ညနေခင်းက မျိုထားတဲ့ဘိန်းက အစွမ်းပြတာကိုး။ ညရောက်တော့လည်း အိပ်လို့ ကမရဘူး။ မျက်စိတွေကြောင်နေတယ်။မနက်လင်းတော့ လမ်းလျှောက်လို့ လျှောက်မှန်းတောင်မသိဘူး။ လူကို ပေါ့ပါးဖြတ်လတ်လို့ပေါ့။ ဒါကြောင့် လူတွေ ဖိုးဘိန်းစွဲကြတာကိုး။ နည်းနည်းလေး မျိုတာတောင် ပေါ့ပါးပြီး နေလို့ ကောင်းသေးတာကိုး။တော်သေးတာပေါ့။ကျုပ်က စိတ်ထိန်းနိုင်တော့ အဲဒီဘက် ရိုင်မသွားခဲ့ဘူး။ ဒါမှ မဟုတ်ရင် ဖိုးသမားဖြစ်ပြီး ဒေါ်ကြည်မြင့်ဝက်ခြံက ဝက်စာ ဖြစ်သွားရော့မယ်။ ကံကောင်းလို့။ နို့မို့ရင် မဟာဘွဲ့လေးတောင် ရမှာမဟုတ်ဘူး။ ဖိုးသမားသာဖြစ်ခဲ့လို့က အခုလို ပေါက်ကရလေးဆယ်လည်း ရေးနိုင်မှာမဟုတ်တော့ဘူး။ ကျုပ်အကို ဝမ်းကွဲ စိုးတင့်နဲ့အောင်မြင့်တော့ ဖိုးစွဲပြီး သေပါရောလား။ မူးယစ်ဆေးဝါးဆို ဘာမှမကောင်းဘူးနော်။ မမြီးစမ်းကြနဲ့နော်။

ဘုံဘ၀မှာ ကြုံရပါ(၈)

 

ဘုံဘ၀မှာ ကြုံရပါ(၈)
 
၁၉၉၃ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကပေါ့လေ။ ဆရာမှိုင်း တက္ကသိုလ်တွေ မဖွင့်မီ လုံးခင်းမှာ စက်လှေ စပါယ်ယာအဖြစ် ဘ၀ကို ဖြတ်သန်းနေရတဲ့အချိန်တုန်းကပေါ့။
တစ်မနက်တော့ ကျုပ်နေတဲ့ အိမ်က ဂျစ်ကားမောင်းတဲ့ မောင်နိုင်က ကျော်ငွေ ငါ့ ကားစပယ်ယာမရှိဘူး။ သည်နေ့ ငါ့နောက် လိုက်ခဲ့စမ်းပါ တဲ့။ သည်ကောင်က အိမ်ရှင်ရဲ့ သမက်အငယ်ကောင်။ သူ့ ကားစပယ်ယာကောင် မန္တလေးသားက သည့်အရင်ရက်က လု့းခင်း မ၀င်ခင် လယ်ပြင်ဂိတ်နားမှား ကားတက်မောင်းလို့ တိုက်မိရာက ထွက်ပြေးသွားလို့ စပယ်ယာက မရှိတော့ ကျုပ်ခဏခဏ ခေါ်နေတာ။ ကျုပ်မှာ စက်လှေနောက်လိုက်သာက နေ့တွက်ရသေးရဲ့။ သူ့နောက်လိုက်တာ နေ့တွက်ကမရသေး အိက်ကပ်ထဲက စုထားတဲ့ ပိုက်ဆံလေးက ပါပါသွားသေးနဲ့။
အဲသာနဲ့ ကျုပ်လည်း ဘုမသိဘမသိ ဂျစ်ကားစပယ်ယာ ထလုပ်ပြီး လိုက်သွားရသပေါ့။ သူ့ကို လောပန်းတွေက အပြတ်ငှါးထားလို့တဲ့ လိုက်ပို့ရမှာတဲ့။ တရုတ်လောပန်းတွေ။ ငါးယောက်ခြောက်ယောက်လုပ်။ အမျိုးသမီးနှစ်ယောက်လား ပါသေးရဲ့။
မနက်လဘက်ရည်လေး သောက်ပြီး လိုက်လာခဲ့ရတာ။
ဘယ်ဆီ မောင်းသွားသတုန်း တောမှော်ဘက်ဆီ။ တောမှော်မရောက်ခင် တစ်နေရာရောက်တော့ ကားကို ဘယ်ဘက်ထဲ ချိုးပြီး လမ်းကလေးယောင်ယောင်အတိုင်း မောင်းလာလိုက်ကြတာ။ ဘယ်ရောက်လို့ ရောက်မှန်းကလည်း မသိဘူး။ လမ်းကလည်း လှည်းလမ်းသာသာ ။ လမ်းရယ်လို့တောင် ပီပီပြင်ပြင် မရှိပါဘူး။။ နောက်ဆုံးတော့ တောကြီးမျက်မဲ အလယ်တည့်တည့် မောင်းမရတော့ ရပ်ထားလိုက်ကရော။
ကျော်ငွေ မင်း ကားစောင့်နေရစ်တဲ့။
လူသွားလူလာ မရှိ။
နေပြောက်တောင် မထိုးတဲ့ တောကြီးမျက်မည်း အလယ်ခေါင်။
မောင်ကျော်ငွေနှင့် ဂျစ်ကားတစ်စင်းသာ ကျန်ရစ်တော့သည်။ ကားဆရာကလည်း လောပန်းတွေနောက် လိုက်သွားသည်။ မှော်အသစ်တွေ့လို့ သွားကြည့်ကြတာဆိုလား။ မနက် ၉ နာရီလောက်က သွားလိုက်တာ။ နေမွန်းတည့်လို့လည်း ပေါ်မလာ။
ကျုပ်မှာ သည်အချိန် ကေအိုင်အေတွေများ ရောက်လာရင် ငါ့ ဘယ့်နှယ်ရှင်းရပါ့။ ဆင်ရိုင်းအုပ်ကြီးများ ရောက်လာရင် ငါတော့ ပြေးမလွတ်နိုင်လောက်ဘူး။ ကျားကြီးများ ထွက်လာရင်
ငါ့မှာ ဘာလက်နက်မှ မရှိ။ ဒုက္ခပဲပေါ့။
ဟိုကောင်တွေ ပြန်မလာလေ။ ကျုပ်ကလည်း တစ်ယောက်ထဲ အော် အော်ဆဲပြီး မေတ္တာပို့လေ။ တစ်ယောက်ထဲ လေးငါးနာရီ ထိုင်နေရတာ။ စဉ်းစားသာကြည့်ပေတော့။ တောကလည်း နက်မှနက်။ ဗိုက်ကလည်းဆာ။ ဘေးနားကအပင်တွေကလည်း ဘာသီးမှ ခူးစားစရာမရှိ။
နေ့လည် ၂ နာရီလောက်မှ မောင်မင်းကြီးသားတွေ ပြန်ရောက်လာတော့တယ်။ အဲသည်ကမှ ပြန်မောင်းလာကြတာ ။ နေ့လည်စာဖြင့် သုံးနာရီကျော်မှ လုံးခင်းပြန်ရောက်မှ စားရတော့တာပဲ။
ဘုံဘ၀မှာ ကြုံရပါပေါ့လေ။

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၈)

 

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃၈)
 
ဘိန်းဓာပြတော့ ထိန်းချလိုက်ပတဲ့ ကိုမင်းရာရေ
ကြားမိတဲ့စကား အားရှိလှသဗျား ကိုမင်းရာရေ
ဖိုးရောင်းပြီး အချိုးပြောင်း ချမ်းသာလာတာများ
ဗရမ်ဗတာအကောင် ဖိုးဘုရင်က
တစ်မျိုးအသွင်နဲ့ ငရဲရွာကနေပြန်လာပြီး
မဲမသမာဖို့အကြံနဲ့ ပါတီထောင်
မြန်မာပြည်ဘောင်ကို
ပထွေးလက် ပေးဆက်ဖို့ ကြံနေတာကိုးဗျ။
ရာရာစစ ကိုမင်းရာရယ်
ပထွေးတရုတ် ဂွေး
ပြေးစုပ်ဖို့အတွေးနဲ့
တြိဂံတောင်ကြားကနေ အယောင်ယောင်အမှားမှားနဲ့
မကြံစည်မအပ်ရာ မြန်ပြည် နတ်ရွာကိုလာပြီး
ဖွတ်သူခိုးဘုရင်တွေ ဇွတ်ထိုးတင်တာနဲ့
အသဲ ဘ၀င်ကိုင်ပြီး မဲယှဉ်ပြိုင်ဖို့
ဗုံးဘုရင်အကြမ်းဖက်သမားတွေနှယ်
အမေစုကိုများ
ပခုံးယှဉ်ပြိး လှမ်းတက်ချင်လို့ ရမလား ကိုမင်းရာရယ်။
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး နဲ့
ဇွတ်အော်ကာ ဘိန်းစိုက်လာတဲ့အကောင်တွေက
ဖွတ်အဖော်တွေနဲ့ ယိမ်းတိုက်ပြီး
လွှတ်တော်ကို သိမ်းပိုက်ချင်လို့ ရမလား ကိုမင်းရာရယ်။
တပူတော့ အေးပေါ့ ကိုမင်းရာရေ
ဗလောင်းဗလဲနဲ့
တဇောက်ကန်းဘုရင်
ပေါက်ပန်းပင်ကြီးကို
မြောင်းထဲ ဆွဲချဖို့နဲ့
သူခိုးသူဝှက်တွေကို ထိုးနှက်ပြီး
သင်းတို့ရဲ့ ဆိုးယုတ်တဲ့အကြံတွေကို
မျိုးဖြုတ်ဖို့ပဲ ကျန်ပါတော့တယ်။
အဲသည်တော့ ကိုမင်းရာရေ
တိုင်းခွင်မြန်မာ အနာဂတ်ဖြိုးစေဖို့
မှိုင်းသခင်ဆရာ စာစပ်ကာ ချိုးလိုက်မယ်
ကြယ်ဖြူ ပေါ် ခေါင်းတင်တဲ့
ဒေါင်းဘုရင်ကို မဲပေးပါမှ
အမွဲဘေးက အမြန်လွတ်မှာမို့
ပြည်မြန်မာ တန်ခိုး
သည်ကမ္ဘာမှာ တိုးပွားလာစေဖို့
အမျိုးသားတို့ရေ
သည်တစ်ခါ ညီညာကာ
ကြိုးစားလိုက်ကြပါဦးစို့
တိုင်းမြန်ပြည်အရေး
ဝိုင်းကြံစည်ကာ ဖေးလိုက်ကြပါစို့
အမေစုမျက်နှာလန်းစေဖို့
သပြေနုနဲ့ မေတ္တာဖြန်းပက်ပြီး
အသဲကြားက မဲပြားတွေကို
မကွဲမပြားစေပဲ
ဖွတ်သူခိုးတွေကို မောင်းထုတ်ဖို့
ခေါင်းရှူပ်ခံကာ စဉ်းစားမနေကြပါနဲ့
မိဘတို့ရဲ့ ရှိသမျှမဲ
သတိတယနဲ့သာ အားခဲပြီး
အမေစုအထဲသာ ဝေစုတွေစွဲကာ
တအားနွှဲပြီး ထည့်လိုက်ကြပါစို့ ကိုမင်းရာ။