Thursday, January 21, 2016

ဗဟုသုတ

မနေ့က ကျုပ်သမီးနဲ့ လမ်းလျှောက်တော့ သမီးက မေးတယ်။သမီးတို့ ခုနှစ်က ဘာပြုလို့ အနောက်တိုင်း ခုနှစ်ထက် နည်းနေရတာလဲ အဖေ တဲ့။သမီးကို ကျုပ်က ဆရာဝန် ဖြစ်အောင် ကြိုးစား။ အဖေဖြစ်အောင် ထားပေး မယ်ပြော တော့ ဆရာဝန် မလုပ်ချင်ဘူး။ဝါသနာ မပါဘူး။အဖေ့လို ဂိုက်ပဲ လုပ်ချင်တာ တဲ့။ အေးကြရော။ အလုပ်ဆိုတာလည်း ဝါသနာပါမှ ကောင်းသကိုး။ဒါနဲ့ သမီးမေးသမျှကို ပြန်ရှင်းပြရရဲ့။
သက္ကရာဇ်ဆိုတာ သက္က+ရာဇ ဆိတဲ့ သာကီဝင်မင်းတို့ စတင်ရေတွက်သောခုနှစ် ကိုခေါ်တယ်။
မဟာသမတမင်းလက်ထက်ကနေ စတင် ရေတွက်လာခဲ့တာ မြတ်စွာဘုရားရဲ့ ဘိုးတော် အဉ္ဇနာမင်းကြီးလက်ထက် ဒေဝီလ ရသေ့ကြီးနဲ့ တိုင်ပင်ပြီး သက္ကရာဇ် ၈၆၄၇ကနေ ၈၆၄၅ကို နှုတ်ပြီး နှစ်ခုအကြွင်းထားကာ ပြန်လည်စတင် ရေတွက်ခဲ့တဲ့ခုနှစ်ကို မဟာသက္ကရာဇ် လို့ ခေါ်ကြတယ်။
အဲသည်မဟာသက္ကရာဇ် ၁၄၈ခုမှာ မြတ်စွာဘုရး ပရိနိဗ္ဗာန်စံဝင်တော်မူလို့ အဇာတသတ်မင်းကြီးက ရှင်မဟာကဿဖနဲ့ တိုင်ပင်ပြီး ဘုရားရှင် ပရိနိဗ္ဗာန်ပြုတာ မှတ်ရ လွယ်အောင် မဟာသက္ကရာဇ်ကို ဖယ်ပြီး တစ်ကနေ စတင်ရေတွက်ခဲ့တာကို သာသနာ သက္ကရာဇ်လို့ ခေါ်ကြတယ်။
သာသနသက္ကရာဇ် ၆၂၄ ခုနှစ် သရေခေတ္တရာပြည် သုမုန္ဒရီမင်းကြီးက ၆၂၂ကိုနှုတ်ပြီး ၂ခုကြွင်းထားကာ သက္ကရာဇ် ဖြိုခဲ့ပြန်တယ်။ဒါကြောင့် မြန်မာ သက္ကရာဇ်ဟာ သာသနာ ၆၂၄ ခုနှစ်မှာ နှစ်ခုနှစ်ဖြစ်သွားပြန်တယ်။
အဲသည် နှစ်ခုကနေ ရေတွက်လာကြတာ မြန်မာသက္ကရာဇ် ၅၆၂ မှာ ကုဂံမင်းဆက် ၅၅ပါးရဲ့ ၂၀ပါးမြောက် ပုပ္ပါးစောရဟန်းက ၅၆၀ကို နှုတ်ပြီး ၂ခုကြွင်းထားပြီး နှစ်ခုနှစ်ကနေ စတင်ရေတွက်ခဲ့ပြန်တယ်။အခု ကျုပ်တို့ မြန်မာ သက္ကရာဇ်က အဲသည် ပုပ္ပါးစောရဟန်းမင်းကြီး ဖြိုခဲ့တဲ့ နှစ်ကနေ စတင်ရေတွက်ခဲ့တဲ့နှစ်ပဲပေါါ့။
အဲသည်တော့ သုမုန္ဒရီမင်းက ၆၂၂နှစ်နဲ့ ပုပ္ပါးစောရဟန်းက ၅၆၀ ဆိုတော့ စုစုပေါင်း ၁၁၈၂ နှစ်ကို သာသနာသက္ကရာဇ်ထဲကနေ ဖြိုပစ်လိုက်တာပေါ့။ ဒါကြောင့် ရှေးပညာရှိတွေက မြန်မာသက္ကရာဇ်ကနေ သာသနာသက္ကရာဇ်ကို သိချင်ရင် ဧကေး ဧကေး အဋ္ဌ ဒွေး ( ၁၁၈၂)ပေါင်းလို့ နှောင်းလူတွေ အလွယ်တကူ သိအောင် စာစပ်ပေးထားခဲ့ကြတယ်။အခု ၁၃၇၇ဆိုတော့ ၁၁၈၂ ပေ့င်းလိုက်တော့ သာသနာ သက္ကရာဇ် ၂၅၅၉ ခုနှစ်ကို ရသပေါ့။
သည်ကြားထဲမှာ တစ်ခြားသက္ကရာဇ် ဖြိုခဲ့ကြတဲ့ မင်းတွေလည်း သုံးလေးပါးလောက်ရှိသေးတယ်။ဒါပေမယ့် သူတို့ဖြိုခဲ့တာတွေက မပြိုခဲ့ဘူး။
နောက်ဆုံးဖြိုခဲ့တာက အင်းဝခေတ်က မိုးညှင်းမင်းတရားကြီးပင်။
မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၇၉၉ခုနှစ်တွင် သမားဟူးရားများနှင့် တိုင်ပင်ရာ သက္ကရာဇ်ဖြိုကိန်းကျကြောင်း လျောက်တင်ကြ၏။သက္ကရာဇ် မဖြိုသော် ဘာဖြစ်မည်နည်း။ဖြိုသော် ဘာဖြစ်မည်နည်း ဟု မေးရာ သက္ကရာဇ် မဖြိုသော် မြို့ရွာမငြိမ်သက်။သတ္တဝါတို မချမ်းသာ။သက္ကရာဇ်ဖြိုသော် သက္ကရာဇ်ဖြိုသောမင်းတို့ကား ယင်းဖြိုသည့်နှစ်တွင်ပင် ကံတော်ကုန်ရစမြဲပါဘုရားဟု လျောက်သော် ငါသေမှာကြောက်၍
မဖြိုချေသော် ရာဇဝင် ရိုင်းရစ်တော့မည် ဟု ဆိုပြီးသော် သက္ကရာဇ် နှစ်ခုကြွင်းထား၍ ဖြိုခဲ့လေသည်။သို့သော် သက္ကရာဇ်ကား မပြိုခဲ့ချေ။ထိုမင်းကြီးကား နောက်တစ်နှစ်တွင် ကံတော်ကုန်၏။
ဘိုးတော် ဦးဝိုင်းသည်လည်း သက္ကရဇ်ဖြိုဖို့ အမတ်ကြီး ဦးပေါ်ဦးကို တိုင်ပင်၏။အမတ်ကြီးမှ သက္ကရာဇ်ဖြိုသည်မှာ ဖြိုကိန်းကျမှ ဖြိုရကြောင်း။မင်းဧကရာဇ်က သက္ကရာဇ်ဖြိုသော် ရှိသမျှသော လူသတ္တဝါတို့ လိုက်နာရကြောင်း။အခု မင်းကြီး သက္ကရာဇ်ဖြိုသော် မလိုက်နာမည့်သူများ ရှိနေကြောင်းပါဘုရား ဟု လျောက်တင်၏။ဘိုးတော်ဦးဝိုင်းလည်း ငါလိုဘုရင်အမိန့်ကို မည်သူက မလိုက်နာမှာတုန်းဟ ပေါ်ဦးရ ဟုမိန့်ရာ သစ်ပင်နှင့် ခွေးများပါဘုရား။အရှင်မင်းကြီး သက္ကရာဇ်ဖြိုသော်လည်း သစ်ပင်တို့ကား သူ့အချိန်နဲ့သူ ပွင်းမှာပါဘုရား။ခွေးတွေကလည်း ပူးချိန်တန် ပူးကြမှာပါဘုရား ဟုလျောက်တင်သဖြင့် ဘိုးတော်ဦးဝိုင်းလည်း သက္ကရာဇ် ဖြိုမည့် အကြံကို လက်လျော့ လိုက်ရသည်ဆို၏။
ဤကား မြန်မာ သက္ကရာဇ်အကြောင်းသာ။ှ

No comments:

Post a Comment