Saturday, January 30, 2016

ဗဟုသုတ

လွန်ခဲ့သောနှစ်အနည်းငယ်က ၂၀၀၇ ခုနှစ်လောက်က ဖြစ်မည်။ကျနုပ်၏ မိခင်ကြီးသေဆုံးပြီး နောက်တစ်နှစ် ရွာကို အလယ်ပြန်စဉ်ကပင်။ လိပ်ခြံရွာက နှစ်တစ်ရာပြည့်ပွဲလုပ်သည်ဟု ကြားသိ ရလေသည်။ကျနုပ်မှာ အံ့သြမကုန်ချေ။လိပ်ခြံရွာကား အဘယ်မှာ နှစ်တစ်ရာ ကပါမည်နည်း။ နှစ်တစ်ထောင်ပြည့် လုပ်သည်ဆိုလျင် ကျနုပ် အံ့အာားသင့်မည်မဟုတ်ချေ။ဆရာဦးကျော်ရှင်း၏ ရွှေအလယ်ကြောင်း စာအုပ်တွင် လိပ်ခြံရွာမှာ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်စဉ်ကတဲက ရှိနေသည်ဟုဆိုချေသည်။သူတွေ့ရှိသော အထောက်အထားများအရဆိုလျင်ပင် လိပ်ခြံရွာအပါအ၀င် သစ္စေးခြောက်ရွာ ဇီးပေါက် အင်းပက်လက် စသည့် ရွှေကျင် ၁၃ရွာများမှာ ညောင်ရမ်းမင်းကြီး လက်ထက်ကပင် တည်ရှိနေပြီး ဖြစ်သည်။သို့ပါလျက် အဘယ့်ကြောင့် နှစ်တစ်ရာပြည့်ဟု ဆိုကြပါချေသနည်း။ကျနုပ်ဖတ်ခဲ့ရသော ပုရပိုက်များ အရဆိုရလျင်ပင် လိပ်ခြံရွာသည် နှစ်ပေါင်း နှစ်ရာကျော် သုံးရာ ရှိချေပြီ။
တစ်ဖန်ကျနုပ်ဖခင်ကြီးမှ ဖိတ်စာကလေးတစ်စောင် သိမ်းထားရာမှ ထုတ်ပြပြန်သည်မှာ ရွာသစ်ကုန်း ဘုန်းတော်ကြီးတစ်ပါးအား ချီးမြှောက်ပူဇော်ပွဲ ဖိတ်စာဖြစ်လေသည်။ထိုဖိတ်စာက ဆိုထားသည်မှာ ၎င်းတို့ ရွာသစ်ကုန်းကျေးရွာမှာ သီပေါမင်း ပါတော်မူပြီးနောက် အင်းပက်လက်ရွာမှ ယခုလက်၇ှိနေရာသို့ ပြောင်းရွှေ့လာခဲ့ကြရာမှ ရွာသစ်ကုန်းယူ၍ ပေါ်ပေါက်လာသည် ဆိုပြန်ချေ၏။အနှိရွာသစ်ကုန်းကား အဘယ်မှာလျင် သီပေါမင်း ပါပြီးမှ တည်သည် ဟုတ်ပါမည်နည်း။သီပေါမင်းမပါမီ မင်းတုန်းမင်းလက်ထက် ၁၂၃၃ခု နယုန်လဆန်းနေ့စွဲဖြင့် ကန်ကလေးကုန်းရွာ အမယ်အိ၏ အသုဘကူငွေ စာရင်း၌ ရွာသစ်ကုန်း(ယသစ်ကုံးရွာ)ရွာသား စာရင်း၌ ထိုရွာသားလေးယောက်၏ ကူငွေကို တွေ့ရချေသည်။ထိုနှစ်မတိုင်မီ ၁၂၃၁ခုနှစ်ပုရပိုက်တွင် အဆိုပါ ရွာသစ်ကုန်းရွာသားလေးဦးမှာ အင်းပက်လက်ရွာလူဦးရေ စာရင်း၌ ရှိနေချေသေး၏။၁၂၃၃ရောက်မှ ရွှေကျင်၁၃ရွာစာရင်း ရွာသစ်ကုန်းစာရင်းတွင် အင်းပက်လက်မှ ပြောင်းရွှေ့လာသော အိမ်ခြေဆယ်အိမ်ကို စတင် တွေ့ရှိရလေသည်။သို့ဆိုလျင် အဆိုပါ ၇ွာသစ်ကုန်းရွာမှာ ၁၂၃၃ ခုနှစ်တွင်ပင် စတင်၍ အင်းပက်လက်ရွာမှ ခွဲထွက်လာခြင်းပင်။အဘယ်မှာလျင် သီပေါမင်းပါပြီးမှ ဟုတ်ပါချေမည်နည်။သမိုင်းဆိုသည်ကား ရမ်းသန်းရေး၍ မရစကောင်းချေ။အထောက်အထားတစ်ခုခု အခိုင်အမာ ပြနီုင်မှ သမိုင်းအမှန်ကို ရချေမည်။
တစ်နေ့က ညီတော်မောင် မောင်သိန်းလှိုင်နှင့် သူတို့ရွာမှ ကိုစိုးတင့်တို့နှင့် ချက်တင်မှ စကားပြောဖြစ်၏။သူတို့ရွာကို နှစ်တစ်ရာပြည့်ပွဲ လုပ်ရန် စိုင်းပြင်းနေသည်ဆို၏။ကျနုပ်လည်း ဒုတိယ လိပ်ခြံ လာပြန်ချေပြီ ဟု တွေးမိ၏။သူတို့ကိုလည်း ကျနုပ် အငြင်းအခုန် မလုပ်လိုချေ၊သူတို့ရွာကား ၁၂၈၅ခုနှစ်တွင် သစ္စေးပင်လှရွာမှ ခွဲထွက်ခဲ့သည် ဟု ဆိုလေ၏။သစ္စေးပင်လှမှ ခွဲထွက်ခဲ့သည် ဆိုလျင် အဘယ့်ကြောင့် သစ္စေးပင်လှရွာသစ်ဟု မခေါ်ပဲ သစ်ရာပင်ရွာသစ်ဟု ခေါ်ချေသနည်း။ စဉ်းစားစရာပင်။ကျနုပ်တို့ လူမျိုးကား မှတ်တမ်းမှတ်ရာ အင်မတန် အားနည်းခဲ့ချေသည်။ ညီတော်မောင် မောင်သိန်းလှိုင်ကတော့ ဇာတာခွင်များပင် ပို့လိုက်ချေ သေးသည်။ဘုန်းတော်ကြီး ဦေးသာပါကကတော့ ရွာကျောင်းမှာ ရွာသမိုင်းအကြောင်း ကျောက်စာရေးထိုးသည်ဆို၏။အဆိုပါ ကျောက်စာကား နှောင်းခေတ်ကြမှ ရေးထိုးထားခြင်းသာ။ရွာတည်တည်ခြင်း ရေးထိုးထားခဲ့သည့် ကျောက်စာ ဟုတ်ဟန်မတူချေ။
ကနုပ် ပုရပိုက်များကို တစ်ခုခြင်း ဖတ်ရှုကြည့်ခဲကလေရာ တစ်ခုသော ပုရပိုက်၌ သစ်ရာပင်ရွာသူကြီး နေမျိုးရာဇသူခေါ် ဦးသာပို ဟူ၍ တွေ့ရလေသည်။ဤပုဂ္ဂိုလ်ကား နှယ်နှယ်ရရ ဟုတ်တန်မတူချေ။သား သတိုး၊ကျွန် နေမျိုး ဟု ဆိုချေသည်။နေမျိုး ဘွဲ့ရသော ပုဂ္ဂိုလ်များကား ဘုရင်မိဖုရားနှင့် အတော် နီးစပ်ခဲ့ဟန်တူသည်။မောင်သိန်းလှိုင်က ရွာတည်စဉ်က မန္တလေးရောက်ဖူးသူများ စတင်တည်ခဲ့သဖြင့် ၎င်းတို့ရွာမှာ မန္တလေးမြို့ကဲ့သို့ အကွက် ကျသည်ဆို၏။ ဤသစ်ရာပင်ရွာသူကြီး နေမျိုးရာဇသူဘွဲ့ခံ ဦးသာပိုကား အသျှင် နန်းမတော်မိဖုရား ပင်တိုင်တော် ဘွဲ့ပါ မြင်းတပ်စစ်ကဲ နေမျိုးရာဇသူဟု ဆိုချေ၏။နန်းမတော်မိဖုရားကား စုဖုရားလတ်ပင်ဖြစ်သည်။ သိုကဆိုလျင် ဦးသာပိုလည်း မန္တလေးမြို့သို့ ရောက်ဖူးမည် မလွဲဟုထင်သည်။ကျနုပ်တို့ ဇီးပေါက်ရွာမှပင် တောင်ထားဝယ် အမှုထမ်းများရှိခဲ့ဖူးလေသည်ကို ပုရပိုက်ထဲ၌ တွေ့ရှိရချေသေးသည်။
ဤဦးသာပိုကို ၁၂၄၅ ခု ၁၂၄၆ခု ၁၂၅၁ ခု စသည့် နေ့စွဲပါ ပုရပိုက်များ၌ တွေ့ရှိနေရ၏။သို့ဆိုချေသော် ပုရပိုက်ထဲပါရှိသည့် သစ်ရာပင်ရွာသည် ယခု သစ်ရာပင်ရွာသစ် မတိုင်မီကပင် အခိုင်အမာ ရှိခဲ့ချေသည်။ပုရပိုက် အထောက်အထား အခိုင်အမာနှင့် တွက်ချက်လျင်ပင် သစ်ရာပင်ရွာသည် နှစ် ၁၅၀ကျော်ချေပြီ။သည့်ထက်မကပင် စောချေဦးမည်။ သို့ဆိုလျင် ၇ွာဟောင်းနေရာကား ဘယ်နေရာမှာ ရှိခဲ့ချေသနည်။ သစ်ရာပင်ရွာဟောင်းရှိခဲ့၍သာ သစ်ရာပင်ရွာသစ်ဟူ၍ ဖြစ်လာချေသည် မဟုတ်တုံလော။ စဉ်းစားစရာပင်။ရွာမှာ အိမ်ထောင်ကျသော သစ်ရာပင်ရွာသား ဦးဖိုးဝင်းကို မေးချေသော် ရွာဟောင်းကုန်းကာ ကျပ်တီးကုန်းကမောက်နေရာဟု ပြောသံ ကြားဖူးခဲ့သည်ဟုဆိုသည်။ သို့ဆိုသော် ၇ွာဟောင်းနေရာကား အဘယ်နေရာနည်း။ရှာဖွေကြပါလေကုန်။
ယခု ကျနုပ်မိတ်ဆွေများ ဖတ်ရှုလေ့လာဝေဖန်နိုင်ရန် ပုရပိုက်မူရင်း ဓာတ်ပုံများနှင့် စာများ အလွယ်တကူ ဖတ်ရှုနိုင်ရန် ရေးသားပေးပါသည်။ဝေဖန်ကြပါလေကုန်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သက္ကရာဇ် ၁၂၄၅ခု ၀ါခေါင်လ္ဆန်း ၅ရက်နေ့တွင် ကျောင်းတကာဦးတေဥ သစ်ရာပင်ရွာသူကြီး ဦးသာပို ခေါင်စောက်ရွာသူကြီးဦးသဲ နန်းတောင်ရုံသူကြီးဥိးစိုးတို့က ယခုကျံစည်ကျသည့် သစ္စေးတော ဆောက်လက် အခွန်အုပ်အရာ ငွေ၁၅၀ဆောင်ရါက်ရန်ရှိသည်ဖြစ်ပါ၍ ကြေးနန်းဆရာကိုရွှေခွန် ညီမောင်နက်တို့ ခံဝန်ယူပေးပါ။ခြုပ်နေ့က ၄၅ခုနှစ် သီတင်းကျွတ်လဆန်း၅၇က်နေ့တိုင်ရောံလျင် ငွေရင်းညွန့်၃၀၀ဆပ်ပေးပါမည်။နောင် ကျွနုပ်တို့ ကြံစည်ကြသည့်ဌာန တစုံတရာပြက်ကွက်၍ မပေးမဆပ်နေလျင် ကျွနုပ်တို့ ရာဆိုင်းပိုင်ထိုက်သည့် သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာရပ်များကို ခံဝန်သူဦးပေါ်သစ်က သိန်းရူရောင်းချပေါင်နှံ ရင်းညွန့်ငွေ၃၀၀ကို ပြေကြေအောင် မြီရှင်ခ့ ဆပ်ပေးပါတော့ဆို၍ ခံဝန်ယူပေးလိုက်သည်ကကာလ သိရှိသူ မောင်လူအို။ပင်းတယ ဆင်ခေါင်းရွာ မြေတိုင်း မောင်ရှင်း။စာစီစာရေးကြေးနန်းဆရာ နော်ရထာသူရိန်။
+++++++++++++++++++++++++++++++++++++++++++++++++++++
သက္ကရာဇ် ၁၂၄၆ခု ပြာသိုလဆန်း ၇ ရက်နေ့တွင် မြေဒူးမြို့ ဗိုလ်ခတော် မပိုး သ္မီးမညွန့်တို့ထံ ရှေုကျင်၁၃ရွာအ၀င် ကန်ကလေးကုန်းရွာနေ ကျောင်းတကာဦးတေဥ ကျောင်းတကာ ဦးပေါ်သစ် ခေါင်စောင်ရွာသူကြီးဦးသဲ၊ရွှေမှူး ဦးချမ်းသာ၊နနွန်းတောသူကြီးမောင်စို၊သစ်ရာပင်ရွာအမှူး ဦးသာပို တို့က သစ္စေးဆောင်လက်ခွန်ဆောင်ရန် ငွေအသုံးလိုပါသည်။ငွေ၁ိသုံးဒင်္ဂါး၁၀၀လျင် စပါးတင်း ၂၅၀င်္(တင်း) နှုန်းနှင့် ပေးသွင်းပါမည်။ငွေ၂၀၀ပေးမနှင့်ပါ။ငွေ၂၀၀အဖိုး စပါး၅၀၀င်္ကို တပို့တွဲလအတွင်း တပရင်းမြို့စီရင်စုရွာသစ်ရွာနေ ဗိုလ်ခတော်သမီး ရှင်ဖွားယူ လင်မောင်လူကြီးတို့ အိမ်ရောံ သွင်းပေးပါမည်။သက္ကရာဇ်ချုပ်မှတ်ခံယူကြသည့်အတိုင်း မတည် ပျက်ကွက်ချွတ်ယွင်းရှိ မပေးမသွင်း နိုင်လျင် အစိုးရတို့ထံ အပ်နှံတောင်းခံရရှိလျင် ကုံသမျှစရိပ်နှင့်တကွ ငွေ၂၀၀အဖိုး စပါး၅၀၀င်္ကို ပြေကြေအောင် ရွာသစ်ရွာရှိ ရှင်ဖွားယူ လင်မောင်လူကြီး တို့အိမ်ရောံ ပေးသွင်းပါမည်။ဦးတေဥ ဦးပေါ်သစ် ဦးသဲ၊ ဦးချမ်းသာ၊ဦးစို၊ဦးသာပို တို့ သဘောတူ သက္ကရာဇ် ထားကျသည်ကာလ စာစီစာရေး လွှတ်စာရေး မောင်တို။
++++++++++++++++++++++++++++++++++++++++++++++++++++
၁၂၄၅ခုနှစ် တုတိယ၀ါဆိုလပြည့်ကျော်၁၄ရက်နေ့တွင် မြေခုရွာသူကြီးဦးရွှေလုံနှင့် ကန်ကလေးကုန်း ရွာ ကျောင်းတကာအစီရင်ဦးပေါ်သစ်တို့ သဘောတူစာချုပ်။ကျောင်းတကာသူကြီးဦးေ၇ွှလုံးက မြေခုရွာနယ်မြေကို ရီုးယာသူကြီးမှံသည့်အတိုင်း သူကြီးအရာကိုယအောင် လျှောံထားပြောဆိုပါ။ အထက်က ခရိုင်ကျေးပေးတို့ ရွှေမှူးငဘုန်း သူကြီးငကြွက်ဖြူတို့ကို ကျေးထွက်မှုစကား လျောံထားပြောဆိုရာ ကုန်ငွေစရိပ်များကို လေးစုစု၍ တစုငွေကို ကျနုပ်ကျခံသုံးပေးပါမည်။ မြေခုရွာသူကြီး အရာကို လျောံထားပြောဆိုရာကုန်ကျရန်စရိပ်ငွေများကိုလည်း ကျနုပ်သူကြီးက တလုံတ၀ထည်း ထုပ်ပေးကျကုန်ပါမည်။နောင်မြေခုခရိုင်ကို သူကြီးအရာနှင့် ကြီးစိုးရရှိလျင် မြေခုရွာနယ်မြေ၄ရပ် ဂရပ်အတွင်း သူကြီူတို့ စားရိုးစားစင် တရာဦးရေ ခိုင်ငွေ ပနာကွံဖိုးများကို ၄စုစု၍ တစုငွေကို ကျောင်းတကာအစီရင်ဦးပေါ်သစ်သို့ ဝေပေးပါမည်။သူကြီးဦးရွှေလုံးက ပြောဆိုရှိ၍ ခရိုင်ကျေးပေးတို့နှင့် သူကြီးဖြစ်အောင်လျောံထားပြောဆိုပါမည်။နောင်စာချုပ်အတိုင်းမတည်။တဥိးဥိးက ပေါက်ပျံရှိလျင် ပေါက်ပျံသူက တည်ညိန်သူသို့ စာချုပ်ြပစ်ဒါန်ငွေ ၁ိသုံး ဒ၈်ါးပျားရေ ၆၀ငွေကို ပေးပါမည်။၂ဦးသဘောတူစယချုပ်လ္ဘံလှန်စားကျသည်။ကာလသိရှိသူ ရေရှင်နွားကူတောာင်ကြောင်း ရွာ သူကြီးဦးဘဲ။ကျေးမှုံတခါးဗိုလ် နေမျိုးဗလသူရိန်။ ကျောင်းတကာဦးတေဥ စာစီခေါင်တုံး၇ွာသူကြီးရွှေည်။စာရေး အသျှင်နန်းမတော်မိဖုရားခေါင်ကြီး ပင်တိုင်တော်ဘွဲ့ပါ ကျွန်တော်မျိုး မြင်းတပ်စစ်ကဲ သစ်ရာပင်ရွာသူကြီး နေမျိုးရာဇသူ။

Tuesday, January 26, 2016

သခင်ကိုယ်တော်မှိုင် မှိုင်းဋီကာ(၃၅)

သခင်ကိုယ်တော်မှိုင် မှိုင်းဋီကာ(၃၅)

အရှုပ်တော်ပုံအနန္တကို
ထုတ်ဖော်ကာ ကြံဆလာပြန်သမို့                                                                                                                     တိုင်းပြည်မြန်မာအကြောင်းတွေးလိုက်တော့
မှိုင်းဋီကာနဲ့ စောင်းလို့သာ ရေးချင်ပြန်သကွဲ့
အာရကန်ပြည်နှယ် ဒေါက်တာက
ရှာကြံလီဆယ်ကာ ဆီနှယ်အပေါက်ရှာလာပြန်သဟဲ့
ငါ့ပြည်နယ် ငါချယ်လှယ်ရမှ လက်ခံနိုင်မတဲ့
အမတ်မင်းပါတီက တပ်တွင်းက မသာတွေဆီ
တိုင်းပြည်ကြီး ဗလာချီကာ ဝိုင်းသမခံထားရတာတောင်
ညာညီကာ မှိုင်းမနေချင်သေးသလားဟဲ့
ဖွတ်တစ်သင်း မစင်တွေဘေးကသာ
လွတ်ကင်းဖို့ အရင်တွေးဆကြပါဦးဟဲ့
မယောင်ရာ ဆီရှာကာ မလိမ်းကြပါနဲ့ဦးဟ
နောင်တစ်ခါတစ်ချီ အာဏာသိမ်းသွားပြန်မဟဲ့
အမတ်အစုပ်ပလုတ်က ကပ်ရှုပ်လာတာကတစ်မျိုး
ကလေးသူခိုး ကလေးသူခိုးနဲ့
မအေရိုးတွေ သွေထိုးလာတဲ့ ဘေးဆိုးကတစ်ဖုံ
လွှတ်တော်ဥက္ကဌနေရာကို
ဇွတ်ဖော်ကာ ထုတ်ပြစေချင်ကြတာကတစ်မျိုးနဲ့
တိုင်းမြန်မာတစ်ခွင်အရေး                                                                                                                                
မှိုင်းဆရာသခင်တွေးလိုက်တော့                                                                                                                         အမယ်မင်း ကိုမင်းရာရယ်                                                                                                                              တိုင်းဝဠာအပြင်သာ ပြေးလိုက်ချင်တော့သဟဲ့။

Thursday, January 21, 2016

ဗဟုသုတ

မနေ့က ကျုပ်သမီးနဲ့ လမ်းလျှောက်တော့ သမီးက မေးတယ်။သမီးတို့ ခုနှစ်က ဘာပြုလို့ အနောက်တိုင်း ခုနှစ်ထက် နည်းနေရတာလဲ အဖေ တဲ့။သမီးကို ကျုပ်က ဆရာဝန် ဖြစ်အောင် ကြိုးစား။ အဖေဖြစ်အောင် ထားပေး မယ်ပြော တော့ ဆရာဝန် မလုပ်ချင်ဘူး။ဝါသနာ မပါဘူး။အဖေ့လို ဂိုက်ပဲ လုပ်ချင်တာ တဲ့။ အေးကြရော။ အလုပ်ဆိုတာလည်း ဝါသနာပါမှ ကောင်းသကိုး။ဒါနဲ့ သမီးမေးသမျှကို ပြန်ရှင်းပြရရဲ့။
သက္ကရာဇ်ဆိုတာ သက္က+ရာဇ ဆိတဲ့ သာကီဝင်မင်းတို့ စတင်ရေတွက်သောခုနှစ် ကိုခေါ်တယ်။
မဟာသမတမင်းလက်ထက်ကနေ စတင် ရေတွက်လာခဲ့တာ မြတ်စွာဘုရားရဲ့ ဘိုးတော် အဉ္ဇနာမင်းကြီးလက်ထက် ဒေဝီလ ရသေ့ကြီးနဲ့ တိုင်ပင်ပြီး သက္ကရာဇ် ၈၆၄၇ကနေ ၈၆၄၅ကို နှုတ်ပြီး နှစ်ခုအကြွင်းထားကာ ပြန်လည်စတင် ရေတွက်ခဲ့တဲ့ခုနှစ်ကို မဟာသက္ကရာဇ် လို့ ခေါ်ကြတယ်။
အဲသည်မဟာသက္ကရာဇ် ၁၄၈ခုမှာ မြတ်စွာဘုရး ပရိနိဗ္ဗာန်စံဝင်တော်မူလို့ အဇာတသတ်မင်းကြီးက ရှင်မဟာကဿဖနဲ့ တိုင်ပင်ပြီး ဘုရားရှင် ပရိနိဗ္ဗာန်ပြုတာ မှတ်ရ လွယ်အောင် မဟာသက္ကရာဇ်ကို ဖယ်ပြီး တစ်ကနေ စတင်ရေတွက်ခဲ့တာကို သာသနာ သက္ကရာဇ်လို့ ခေါ်ကြတယ်။
သာသနသက္ကရာဇ် ၆၂၄ ခုနှစ် သရေခေတ္တရာပြည် သုမုန္ဒရီမင်းကြီးက ၆၂၂ကိုနှုတ်ပြီး ၂ခုကြွင်းထားကာ သက္ကရာဇ် ဖြိုခဲ့ပြန်တယ်။ဒါကြောင့် မြန်မာ သက္ကရာဇ်ဟာ သာသနာ ၆၂၄ ခုနှစ်မှာ နှစ်ခုနှစ်ဖြစ်သွားပြန်တယ်။
အဲသည် နှစ်ခုကနေ ရေတွက်လာကြတာ မြန်မာသက္ကရာဇ် ၅၆၂ မှာ ကုဂံမင်းဆက် ၅၅ပါးရဲ့ ၂၀ပါးမြောက် ပုပ္ပါးစောရဟန်းက ၅၆၀ကို နှုတ်ပြီး ၂ခုကြွင်းထားပြီး နှစ်ခုနှစ်ကနေ စတင်ရေတွက်ခဲ့ပြန်တယ်။အခု ကျုပ်တို့ မြန်မာ သက္ကရာဇ်က အဲသည် ပုပ္ပါးစောရဟန်းမင်းကြီး ဖြိုခဲ့တဲ့ နှစ်ကနေ စတင်ရေတွက်ခဲ့တဲ့နှစ်ပဲပေါါ့။
အဲသည်တော့ သုမုန္ဒရီမင်းက ၆၂၂နှစ်နဲ့ ပုပ္ပါးစောရဟန်းက ၅၆၀ ဆိုတော့ စုစုပေါင်း ၁၁၈၂ နှစ်ကို သာသနာသက္ကရာဇ်ထဲကနေ ဖြိုပစ်လိုက်တာပေါ့။ ဒါကြောင့် ရှေးပညာရှိတွေက မြန်မာသက္ကရာဇ်ကနေ သာသနာသက္ကရာဇ်ကို သိချင်ရင် ဧကေး ဧကေး အဋ္ဌ ဒွေး ( ၁၁၈၂)ပေါင်းလို့ နှောင်းလူတွေ အလွယ်တကူ သိအောင် စာစပ်ပေးထားခဲ့ကြတယ်။အခု ၁၃၇၇ဆိုတော့ ၁၁၈၂ ပေ့င်းလိုက်တော့ သာသနာ သက္ကရာဇ် ၂၅၅၉ ခုနှစ်ကို ရသပေါ့။
သည်ကြားထဲမှာ တစ်ခြားသက္ကရာဇ် ဖြိုခဲ့ကြတဲ့ မင်းတွေလည်း သုံးလေးပါးလောက်ရှိသေးတယ်။ဒါပေမယ့် သူတို့ဖြိုခဲ့တာတွေက မပြိုခဲ့ဘူး။
နောက်ဆုံးဖြိုခဲ့တာက အင်းဝခေတ်က မိုးညှင်းမင်းတရားကြီးပင်။
မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၇၉၉ခုနှစ်တွင် သမားဟူးရားများနှင့် တိုင်ပင်ရာ သက္ကရာဇ်ဖြိုကိန်းကျကြောင်း လျောက်တင်ကြ၏။သက္ကရာဇ် မဖြိုသော် ဘာဖြစ်မည်နည်း။ဖြိုသော် ဘာဖြစ်မည်နည်း ဟု မေးရာ သက္ကရာဇ် မဖြိုသော် မြို့ရွာမငြိမ်သက်။သတ္တဝါတို မချမ်းသာ။သက္ကရာဇ်ဖြိုသော် သက္ကရာဇ်ဖြိုသောမင်းတို့ကား ယင်းဖြိုသည့်နှစ်တွင်ပင် ကံတော်ကုန်ရစမြဲပါဘုရားဟု လျောက်သော် ငါသေမှာကြောက်၍
မဖြိုချေသော် ရာဇဝင် ရိုင်းရစ်တော့မည် ဟု ဆိုပြီးသော် သက္ကရာဇ် နှစ်ခုကြွင်းထား၍ ဖြိုခဲ့လေသည်။သို့သော် သက္ကရာဇ်ကား မပြိုခဲ့ချေ။ထိုမင်းကြီးကား နောက်တစ်နှစ်တွင် ကံတော်ကုန်၏။
ဘိုးတော် ဦးဝိုင်းသည်လည်း သက္ကရဇ်ဖြိုဖို့ အမတ်ကြီး ဦးပေါ်ဦးကို တိုင်ပင်၏။အမတ်ကြီးမှ သက္ကရာဇ်ဖြိုသည်မှာ ဖြိုကိန်းကျမှ ဖြိုရကြောင်း။မင်းဧကရာဇ်က သက္ကရာဇ်ဖြိုသော် ရှိသမျှသော လူသတ္တဝါတို့ လိုက်နာရကြောင်း။အခု မင်းကြီး သက္ကရာဇ်ဖြိုသော် မလိုက်နာမည့်သူများ ရှိနေကြောင်းပါဘုရား ဟု လျောက်တင်၏။ဘိုးတော်ဦးဝိုင်းလည်း ငါလိုဘုရင်အမိန့်ကို မည်သူက မလိုက်နာမှာတုန်းဟ ပေါ်ဦးရ ဟုမိန့်ရာ သစ်ပင်နှင့် ခွေးများပါဘုရား။အရှင်မင်းကြီး သက္ကရာဇ်ဖြိုသော်လည်း သစ်ပင်တို့ကား သူ့အချိန်နဲ့သူ ပွင်းမှာပါဘုရား။ခွေးတွေကလည်း ပူးချိန်တန် ပူးကြမှာပါဘုရား ဟုလျောက်တင်သဖြင့် ဘိုးတော်ဦးဝိုင်းလည်း သက္ကရာဇ် ဖြိုမည့် အကြံကို လက်လျော့ လိုက်ရသည်ဆို၏။
ဤကား မြန်မာ သက္ကရာဇ်အကြောင်းသာ။ှ

Saturday, January 9, 2016

ဘ၀ဇာတ်ခုံ

ဘုံဘဝမှာ ကြုံရပါ (၄)
၁၉၉၂ကုန်ပိုင်း လောက်ကပေါ့။ဆရာမှိုင်းလည်း ဘဝတကွေ့မှာ တက္ကသိုလ် ကျောင်းစရိတ်ရှာယင်း လုံးခင်းမှာ ကွန်းခိုနေရတဲ့အချိန်တုန်းကပေါ့။လက်သမားလုပ်တာက တစ်ရက်မှ ၁၈၀ ရတဲ့အချိန်။စက်လှေပေါ်လုပ်တော့ လုံးခင်းဖားကန့် တစ်ခေါက်ပြေး ၂၀၀ကျပ်ရသမို့ ဆရာမှိုင်းလည်း စက်လှေစပယ်ယာဘဝမှာ ကျင်လည်နေရသပေါ့။
အဲသည်အချိန်မှာ စက်လှေပိုင်ရှင်ရဲ့ မောင်ဝမ်းကွဲ ဦးအောင်သန်းက။ကျုပ်တို့ကတော့ စိုင်းလုံလို့ ခေါ်ကြသပ။သူက လက်သမားခ ကုန်မှာစိုးတော့ သူ့အိမ်ကို သူ့ဖာသာဆောက်တယ်။ပြူတင်းပေါ့က်တွေ လှေကားတွေကြတော့ မလုပ်တတ်တော့ ကျုပ် လုပ်ခိုင်းနဲ့ လေးငါးရက်လောက် စက်လှေပေါ် မလိုက်ပဲ အိမ်ကလေး အစသတ်ပေးလိုက်ရတယ်။ကျုပ်ကလည်း လက်သမားဆရာဘဝနဲ့ ကျင်လည်ခဲ့ရသေးသကိုးဗျ။
သည် စိုင်းလုံခေါ် ဦးအောင်သန်းက တစ်ညမှာ ကိုကျာ်ငွေ ကျုပ်နဲ့ ခဏလောက် လိုက်ခဲ့စမ်းပါ။သူက ဒီဇယ်ကလည်း ရောင်းသေးသကိုး။ ဒါနဲ့ ဥရုချောင်းထဲက လှေပေါ်ကို ဆင်းသွားရော။ကျုပ်လည်း ဘုမသိဘမသိနဲ့ လှေဥိးကနေ ထိုင်လိုက်သွားတာပေါ့။စကားတစ်လုံးမှ မပြေနဲ့နော် လို့ ဆိုပြီး သူက နောက်ကနေ လှေကို လှော်ပြီး ဥရုချောင်းကို နှစ်ပြလောက် စုန်လာခဲ့ကြတယ်။ချောင်းကွေ့နးရောက်တော့ အရှေ့ဘက်ကမ်းကို တိတ်တိတ်ကလေး လှော်လာခဲ့ကြတယ်။ဟိုဘက်ကမ်းရောက်တော့ ကမ်းပေါ်ကလူက ဆေးလိပ်မီးကလေး သောက်ပြတယ်။စိုင်းလုံလည်း လှေကို အဲသည် နား ထိုးစိုက်လိုက်တယ်။ပြီးတော့ ဒီဇယ်ပုံးတွေကို လှေပေါ်ကို ပြာရိပြာယာ တင်ပြီး သည်လဘက်ကမ် မြန်မြန် ပြန်လှော်ပြေး လာခဲ့ကြတယ်။အစိုးရ ကျောက်စိမ်းရုံးက ဝန်ထမ်းတွေ ဒီဇယ်ခိုးရောင်းတာတဲ့ဗျာ။ကျုပ်တို့ လှေရပ်တဲ့နေရာက ကျောက်စိမ်းရုံးတည့်တည့်။အဲသည်နေရာနဲ့ မလှမ်းမပမ်းမှာ စစ်တပ်က လုံခြုံရေးကင်း။ဘုရား ဘုရား။အသံကြားလို့ သေနတ်နဲ့ လှမ်းပစ်လိုက်မှဖြင့် ခက်ချေဦးမည်။ သူတို့တိုင်းပြည်ရဲ့ ဒီဇယ်ခိုးရောင်းတာရယ် စိုင်းလုံ အချောင်ဝယ်ချင်တာရယ်နဲ့ ကျုပ် ကြားထဲက ဘုမသိဘမသိ သေနတ်နဲ့ အပစ်မခံရတာပဲ ကံကောင်းလို့ ဆိုရမည်။သူတို့ကိုလည်း နှုတ်ပိတ်ပြီးသား နေမှာပါလေ။ပထမနှစ်မတက်ခင် ၃လလောက်အလိုက ဥရုချောင်းထဲ ည ကိုးနာရီလောက် ဘဝတစ်ကွေ့ ကြုံခဲ့ရတဲ့ အကြောင်းပေါ့လေ။ု

ဗဟုသုတ

ဗီယက်နမ်နိုင်ငံ ဆိုင်းဂုံမြို့ တိရိစ္ဆာန်ဥယာဉ်၌ ဖမ်းဆီးပြသထားသော ဆင်ကြီးတစ်ကောင်ကား တိရစ္ဆာန်ရုံအတွင်း၌ သောင်းကျန်းလျက်ရှိချေ၏။ဝန်ထမ်းများလည်း မည်သို့မျှ မထိန်းချုပ်နိုင်။မထိန်းချုပ်ရဲကြ။သို့နှင့် သတင်းက အာဏာပိုင်တို့ထံ ရောက်သွားရာ မြို့တော်အုပ်ချုပ်သည့် အာဏာပိုင်များက ဆင်ကြီးအား သေနတ်ဖြင့် ပစ်သတ်ရန် အမိန့်ပေးလိုက်၏။တိရစ္ဆာန်ရုံမှူးသည် ဆင်ကြီးကို ပစ်သတ်ရန်မှာ အတော်နှမြောလှ၏။ဆင်ကြီးမှာ အရွယ်အစားလည်းကြီးလှသည်။သို့နှင့် ဆိုင်းဂုံမြို့ထဲ ဆင်ဖမ်းပေးနိုင်မည့်သူများ ရှိမရှိ မေးမြန်းစေရာ မြန်မာပြည်မှ ထွက်ပြေးလာသော မင်းသားနှင့် အပေါင်းပါများ ဆိုင်းဂုံမြို့တွင် နေထိုင်လျက် ရှိရာ သည်မြန်မာမင်းသားနှင့် မြန်မာလူမျိုးများမှာ ဆင်နှင့်အကျွမ်းဝင်ကြသည်။သူတို့ခေါ်၍ ဖမ်းခိုင်းလျင် ရနိုင်မည်ဟု ပြောကြသဖြင့် တိရစ္ဆာန်ရုံမှူလည်း မြန်မာမင်းသားအား လာရောက်ခေါ်ဆောင်ကာ ဆင်ကိုဖမ်းဆီးပေးပါရန် မေတ္တာရပ်ခံ၏။အဆိုပါ မင်းသားကြီးလည်း သူ့ငယ်ကျွန်များနှင့် တိရစ္ဆာန်ရုံသို့ လိုက်ပါသွားပြီး ဆင်ကြီးအားမြင်လျင် ဗမာစကားဖြင့် ချော့မော့ပြောဆိုလိုက်လျင် ဆင်ကြီးလည်း မျက်ရည်များကျလာပြီး ငြိမ်သွား၏။မင်းသားကြီးလည်း ငယ်ကျွန်တစ်ယောက်အား ဆင်ပေါ်တက်စေကာ ဆင်ကို စီးစေ၏။ထိုအခါ လာရောက်ကြည့်ရှုနေသော ဆိုင်းဂုံမြို့သူမြို့သားများလည်း မြန်မာမင်းသားကြီးအား ဘုရင်ကြီး ဘုရင်ကြီးဟု အော်ဟစ်ခေါ်ဝေါ်ကြကုန်၏။မင်းသားကြီးကိုလည်း ထိုအခါမှစ၍ ဆိုင်းဂုံတစ်မြို့လုံးက ဘုရင်ကြီး ဟု ခေါ်ကြချေ၏။စာဆိုတော် စလေဦးပုည ဟောခဲ့သလို ထိုမင်းသားကြီးသည် ဘုရင်တော့ ဖြစ်ရှာပါ၏။စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့သဖြင့် မြန်မာပြည်တွင် ဘုရင်မဖြစ်ပဲ ဘုရင်ဟူသောဘွဲ့ကိုသာ ခံယူခဲ့ရချေသည်။သည်မင်းသားကြီးကို မိတ်ဆွေများ သိပါသလား။အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ နေကိမ်အကျယ်ချုပ်မှ လောင်ဒရီပင်းမင်းသမားကို ဘီရိုထဲထည့်ထားခဲ့ပြီး သူ၏အဝတ်အစားများကို ဝတ်ကာ လောင်ဒရီအဖိုးကြီး ဟန်ဆောင်ပြီး ဗြိတိသျှ အစောင့်အကျပ်များကြားမှ ထွက်ပြေးကာ ဗီယက်နမ်နိုင်ငံ ဆိုင်းဂုံသို့ ထွက်ပြေးခဲ့သော။ အိမ်ရှေ့စံ ကနောင်မင်သားကြီးကို လုပ်ကြံခဲ့သော မြင်ကွန်းမင်းသားကြီးပင် ဖြစ်တော့သည်။နောင်တွင် ဤမင်းသားကြီးကား အစာထဲတွင် လပေါင်းများစွာ အခပ်ခံရသော အဆိပ်ဖြင့် သေဆုံးရလေသည်။
(တက္ကသိုလ်တက်စဉ်က စာကြည့်တိုက်မှ ရှာဖွေ ဖတ်ရှုခဲ့ရသော မုံရွေးဆရာတော် ဦးဥတ္တမဗုဒ္ဓိ၏ မှတ်စုမှ ဖတ်ခဲ့မှတ်ခဲ့ဖူးသမျှ သတိယ၍ ဝေမျှပါ၏။)


ဘ၀ဇာတ်ခုံ

လွမ်းမိပါ၏ နောင်ကိုက်တော်
ကိုးတန်းအေင်သော် ဆယ်တန်း ကျောင်းလခ တစ်လ ၂၅ ကျပ် ပေးရ မည်ဖြစ်၍ ရွှေကျင်လိုက် သွားရာ ငှက်ဖျားနှိပ်စက်သဖြင့် ဆေးရုံ နှစ်ခါ ပြန်တက်ရ၏။ ကျောင်းတွေဖွင့် နေသော်လည်း ဆေးရုံက မဆင်းရ သေး။ ထိုနှစ်က ကျောင်းနှစ်လကျော် နောက်ကျမှ တက်ရ၏။ ဆယ်တန်း လည်းကျလေ၏။နောက်တစ်နှစ်ပြန် တက်စတွင် အရေး အခင်းဖြစ်သဖြင့် ကျောင်းအားလုံး တစ်နှစ်ကျော် ပိတ်ခံရပြန်၏။သို့နှင့် ကျနုပ်လည်း မိုးကောင်းမြို့သို့ စတင်ရောက်ရှိ သွားတော့သည်။မိုးကောင်းရောက်သော် အစ၌ ဈေးကုန်းရပ်၌ နေရ၏။ နောက်ပိုင်းတွင် နောင်ကိုက်တော် ရပ်ကွက် ဦးခင်အောင်+ဒေါ်ထွေးကြည် တို့ အိမ်မှာ အိမ်စောင့်ရင်း နေရ၏။ မိုးကောင်းမြို့ နေခဲ့ရသည့် လေးငါးနှစ်ကာလတွင် နောင်ကိုက်တော်၌ သာ နေထိုင်ခဲ့ရသည်။
ကျနုပ်ကား တန့်ဆည်မှာ မွေးသော် ငြားလည်း မိုးကောင်းမှာ ကြီးပြင်း ရသည်ဟု ဆိုရချေမည်။ မိုးကောင်း တစ်မြို့လုံး လှည့်ပတ်၍ လက်သမား လုပ်ခဲ့ရ၏။ကျနုပ်မှာ အလုပ်မခိုကပ် သဖြင့် အိမ်ရှင်တိုင်းက သဘောကျ ကြ၏။အိမ်ရှင်များ သဘောကျသော် လည်း ပတ်ဝန်းကျင်ကား အတော် နားငြီးပေမည်။တွံ့တေးသိန်းတန် သီချင်းကို ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဆိုတတ်သောကြောင့်တည်း။
သို့ကလို မိုးကောင်း၌ လက်သမား နှစ်ရှည်လများ လုပ်သော်ငြား ပိုက်ဆံက မစုမိချေ။ မိုးကောင်း စရောက်ရောက်ချင်း တစ်ရက် ၁၂ ကျပ်ရ၏။မိုးကောင်းနောက်ဆုံးအချိန်တွင် တစ်ရက် ၈၅ကျပ်ရ၏။ နောက်ဆုံး မိုးကောင်း၌ ဆက်နေလျင် ကျနုပ် တက်ချင်သည့် တက္ကသိုလ် တက်နိုင်ဖို့ လမ်းမမြင်သဖြင့် ဖားကန့် သို့ ဒုတိယ အကြိမ် ထွက်သွားရ ချေတော့သည်။ ဤအကြိမ်သည် အတော်ဆိုး၏။ ပိုက်ဆံလမ်းစားရိတ် မရှိသဖြင့် မိုးကောင်းကနေ ဖားကန့်ထိ ခြေလျင် လျောက်ခဲ့ရ၏။လမ်းတွင် သုံးည အိပ်ရ၏။ထိုအချိန်မှစ၍ မိုးကောင်း သည် ဖြတ်သွားဖြတ်လာ သာ ရှိတော့၏။
လွမ်းမိပါ၏ ယဉ်စီနီမာရုံ။ဖူးချင်ပါသေးသည် ရွှေသာလျောင်း ဘုရား။သတိယနေပါသည် ဈေးကုန်းရပ်က ဂရိတ်စာပေ။ မြင်ယောင်မိပါသေးသည် ကျွန်းတော တံတားပေါ်က ဂျပန်ခေတ်က စက်သေနတ် ကျည်ဆံ ရာများ။နန့်ရင်းရပ် အရှေ့ရပ်။ရွာသစ် ဖိုးချစ်ကုန်း နတ်ကြီးကုန်း အိုးကုန်း။
ဘူတာရွာနားက တံတား ကေအိုင်အေ မိုင်းလာခွဲတာလည်း မှတ်မိပါသေး၏။ ဈေးကုန်းရပ်က ဗွီဒီယိုမှာ ပျဉ်မငုတ်တို ဇာတ်လမ်းလေး ကြည့်ကောင်းနေ တုန်း ပေါ်တဆွဲလို့ ထွက်ပြေးခဲ့တော့ နောင်ကိုက်တော်ကို ဘယ်လိုပြန် ရောက်လာမှန်းတောင် မသိ ခွေးပြေး ဝက်ပြေး ပြေးခဲ့ ရတာ လည်း သတိယမိပါ၏။အိမ်ရောက်တော့ မျှော့ အကောင် သုံးလေးဆယ် တွယ်လာ တာကိုလည်း သတိယမိပါ၏။ တစ်နှစ်မှ တစ်ခါတက်ရသည့် ဝေပုလ္လ တောင်ကိုလည်း သတိယပါ၏။ နန့်ရင်းချောင်း မိုးကောင်းချောင်းကို သတိယမိ၏။
တက္ကသိုလ်တက်ဖို့ လျောက်လွှ့ာတင် ရန် ဖားန့်မှ ပြန်အလာ ယောက်ဖ လုပ်သူက သူ့အကြွေး ၁၉၀၀ မပေးသဖြင့် ရဲတိုင်တောင်းရာ ရထားထွက်ခါနီး ရဲနှစ်ယောက်လာပြီး လက်မှတ်ထိုးပေးခဲ့ရတာလည်း နာကျည်းစွာ သတိယမိပါ၏။ဘဝ၏ အရသာသည်ကား ခါးသီးလှချေ တကား။ကျနုပ်နှင့် လုပ်ခတူသူ အင်ပင်အိုင်ရွာမှ ဝင်းမြင့်နှင့် လုပ်အားခ ၈၅ ကျပ်ခြင်း တူသော်ငြားလည်း ကျနုပ် ၄ခုပြီးမှ သူ တစ်ခုတောင် မပြီးသေးတာလည်း သတိယမိပါ၏။ဤမျှလောက် လုပ်ကိုင်ပေးခဲ့ရသည်ကို မထောက်။ ထိုပုဂ္ဂိုလ်ထက် တစ်ရက် ၅ကျပ်မျှ ပိုပေးဦးတော့ သူ့ငွေ ၁၉၀၀ သည် ၃နှစ်ကျော် ရွာမပြန်ပဲ မခိုမကပ် လုပ်ပေးရသည်နှင့် စာသော် ဘာမျှ ပြောပလောက်သည်မဟုတ်ချေ။သို့နှင့် ကျနုပ်လည်း ထိုစဉ်က အိပ်ကပ်ထဲ ၃၀၀၀၀ ကျော်ရှိသည်ကို မပေးခဲ့ချေ။
သို့ဖြစ်၍ ရဲတိုင်တောင်းခံရသည်။
ဦးခင်အောင် ဒေါ်ထွေးကြည်မိသားစု ကိုလည်း သတိယပါ၏။ဦးလှရွှေ ဒေါ်ချစ်ပု ကျော်မိုးထက် အားမီးတို့ မိသားစုကိုလည်း သတိယပါ၏။ အန်တီညွန့် မဖြူပြာ တို့ကိုလည်း သတိယပါ၏။
ဘာပဲပြောပြောလေ ခဏတဖြုတ် ခိုလှုံခွင့် ပေးခဲ့တဲ့ မိုးကောင်းကို ကျေးဇူးတင်၏။ပြန်ရောက်ဖို့ကား အိပ်မက်ပမာမျှသာ။

ဘ၀ဇာတ်ခုံ

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ (၁၇)
ကျနုပ်ကား ငါးနှစ်သားမှ ၁၂နှစ်သား ထိ ဘုန်းကြီးကျောင်းသားဘဝဖြင့် ခုနစ်နှစ်ရှစ်ရှစ်ခန့် နေလာခဲ့ရသည်။ ဘုန်းကြီးကျောင်းကား ရွာ့အရှေ့ မြောက်ထောင့်၌ ရှိပြီး စာသင်ကျောင်း ကား ရွာ့ အရှေ့တောင်ထောင့်၌ ရှိလေသည်။
ကျနုပ်သည် ငယ်စဉ်က ကျောင်း အင်မတန်ပုန်း၏။ဤရွေ့ဤမျှ ကျောင်းပုန်းခဲ့ပါလျက် မဟာဘွဲ့ ရအောင် ပညာသင်ယူနိုင်ခဲ့ သည်မှာ လည်း အံ့သြစရာပင်။ ကျောင်းမည်မျှပုန်းပုန်း အတန်းထဲတွင် အဆင့် တစ်မှ မဆင်းချေ။
ကျနုပ် ဒုတိယတန်းတွင် သင်ကြားပေး သော ဆရာဦးစစ်ဝင်းကား အင်မတန် မှ အရိုက်သန်၏။သူရိုက်မှာကြောက်၍ ကျောင်းပုန်း ကျောင်းပုန်းလို့ အရိုက်ခံရနှင့် ချာလပတ်လည်နေ၏။
တစ်နေ့နေ့လည် ဆွမ်းစားပြီးချိန်တွင် ကျနုပ်နှင့် သောင်းပိုမှာ ကျောင်း မလိုက်ပဲ ဘုန်းကြီးကျောင်းတွင် ကျောင်းပုန်းဖို့ နေရစ်ခဲ့ကြ၏။ သို့သော် ကျနုပ်တို့ ကျောင်းပုန်းသည် ကို အိမ်သို့ ဘယ်သူက သတင်းပေး လိုက်သည်မသိ။ကျနုပ်၏ ဖခင်သည် ကြိမ်လုံးကိုင်ပြီး ကျောင်းပေါက်ဝသို့ လာနေချေ၏။
ကျနုပ်နှင့် သောင်းပိုမှာ ဘုန်းကြီး ကျောင်းပေါ် ဆော့နေရာမှ ကျနုပ်ဖခင်လာတာမြင်လျင် သောင်းပိုမှ ဟာ မင့်အဖေ လာနေပြီကွ တဲ့။သို့နှင့် ကျနုပ်လည်း ငါ သည်သေတ္တာထဲ ဝင်ပုန်းနေမယ်ကွာ။မင်းက သေတ္ထာ ပိတ်ပြီး ပြေးတော့ဟု ပြောလိုက်၏။ ကျနုပ်လည်း ကန့်လန့်ကာထားသော သေတ္တာထဲဝင်၍ ပက်လက်လှန်ကာ ခွေခွေကလေး နေ၏။သောင်းပိုလည်း သေတ္ထာပိတ်ကာ ပြေးချေ၏။
ဖခင်ကြီးကား ကျောင်းပေါ်ရောက်လျင် တခြားနေရာသို့ မရှာပဲ ကျနုပ် သေတ္ထာဆီသို့ တန်းလာကာ သေတ္တာအား ဖွင့်ပြီးသော် ကျနုပ်အား ကြိမ်လုံးနှင့် အသားကုန်ရိုက်ချေ၏။ ကျနုပ်လည်း သေတ္တာထဲမှာ ခုန်ချ ထွက်ပြေးပြီး ကျောင်းတိုင်ကို ကားယားခွကာ ကျောင်းအောက်သို့ လျောချ ထွက်ပြေး၏။ဖခင်ကြီးကား ကျနုပ်ကဲ့သို့ လျောမဆင်းနိုင်သဖြင့် ကျောင်းပေါ်၌ ကျန်ရစ်၏။ကျနုပ်လည်း ကျောင်းမြောက်ဘက်သို့ ထွက်ပြေးခဲ့ တော့သည်။ထိုနေ့မှစ၍ အိမ်ကိုလည်း ထမင်းစားမပြန်ပဲ ဆယ့်လေးငါးရက် ခန့် ဆွမ်းကျန်ဟင်းကျန်များကို သိုမှီး စားသောက်နေတော့၏။ဖခင်ကြီးရိုက်သဖြင့် နှုတ်ခမ်းခွဲကာ သွေးများ ထွက်လာသည်ကို သတိယမိတော့ သည်။ု